Thursday, 23 April 2020

ခြေရာကောက်ခြင်း

  • လျှောက်လှမ်းခဲ့တဲ့ ဘဝလမ်းကို အသိဉာဏ်လေးနှင့်နောက်ပြန်ကြည့်တဲ့အခါဒီလမ်းတွေဟာသံသရာထဲမှာအနည်းဆုံးတော့ခေါက်မကလျှောက်ခဲ့ရပြီးပြီဆိုတာသိလိုက်ပြီ။
  • အရင်ကလည်းဒီလမ်းမှာဒီလိုဘဲလျှောက်ဖူးခဲ့ပါ၏။ဒီလိုဘဲပြောခဲ့ဖူးပါ၏ဒီလိုဘဲတွေးခဲ့ဖူးပါ၏။ဒီလိုဘဲကိလေသာဂျေးတွေပေခဲ့ဖူးပါ၏။ဒီလိုဘဲမှားခဲ့ဖူးပါ၏။
  • ယခုလည်းဒီလိုဘဲထပ်လျှောက်ထပ်ပြောထပ်တွေး၊ထပ်ပေထပ်မှားဆိုရင်ကိုယ်ညံ့ရာကျမည်။
  • ရရှိလာတဲ့အကျိုးတရားကိုချိတ်ဆက်ဆင်ခြင်ကြည့်တော့ပြုခဲ့ဖူးတဲ့အကြောင်းတရားအချို့ကိုမှီသလောက်ဉာဏ်အထွာလေးနဲ့,မိသည်။ 
  • "ဆရာဝန်အသိုင်းအဝိုင်းကဆရာဝန်လောင်းတစ်ယောက်၊အင်ဂျင်နီယာအသိုင်းအဝိုင်းကအင်ဂျင်နီယာလောင်းတစ်ယောက်ထပ်မံပေါက်ဖွားဖို့ကလွယ်ပါတယ်"ဟူသောဆရာတစ်ယောက်ရဲ့လမ်းညွှန်စကားနားထဲပြန်ကြားမိသည်။
  • ဘယ်အရာမဆိုသမရိုးကျမဟုတ်သောဖောက်ထွက်မှုသည်သာမာန်အင်အားနဲ့တော့ရမည်မထင်လေနဲ့။
  • ခိုင်မာမြဲမြံသောသတိတရားကိုလက်ကိုင်ထားပြီးကျော်ဖြတ်ဖို့အဖန်ဖန်အထပ်ထပ်နှလုံးသွင်းဆင်ခြင်မိလေသည်။
  • ဆက်လက်လှည့်လည်ကူးခက်ဖို့အားထုတ်ရင်မောရတာနှင့်စာလျှင်ဖြတ်ထွက်လွတ်မြောက်ရုန်းကန်ဖို့ကြိုးကုပ်ရင်မောရတာကိုတော့များစွာဝမ်းမြောက်နှစ်ခြိုက်မိလေတော့သည်။

အသျှင်ကောဝိဒသိရီ
၂၄ဧပြီ၂၀၂၀
နံနက်-:၂၅မိနစ်
"ယောနိသောမနသိကာရ"တရားတော်နာအပြီး။

Friday, 17 April 2020

သတိတရား အောင်လံတော်
    ကြားဖူးနေကျ စကာတစ်ခွန်းဟာ ကြာလာတဲ့အခါ ရိုးသွားသလို ဖြစ်တတ်ပါတယ်။ ထို့အတူ သိဖူးပြီးသာ အသိ တစ်ခုဟာလည်း ကြာရင် ရိုးအီလာပြီး ထုံပျင်းပျင်းဖြစ်သွားတတ်ပါတယ်။ နောက်ဆုံးတော့ ကိုယ်သိထားတဲ့ အသိအပေါ်မှာတာင် အနက်အဓိပ္ပါယ် မကောက်တတ်သလို ဖြစ်တတ်ပါတယ်။
    ဒီလို “ဖြစ်တတ်”တဲ့ သဘာဝတွေဟာ စိတ်သန္တာန်မှာ အမြဲမှီခို ယှက်ဖွဲ့နေလေ့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ဟာ အဆန်းကြိုက်တဲ့ သဘာဝရှိပေတာကိုး။
    ပြီးတော့လည်း အာရုံအသစ်ရဲ့နောက်ကို တကောက်ကောက်လိုက်မိ တတ်တာကိုး။
    စိတ်ရဲ့သဘာဝကိုက အာရုံအဟောင်းကို ပြန်လှည့်ကြည့်ချင်စိတ် မရှိဘူး။ အာရုံအသစ်တွေရဲ့ လက်ယပ်ခေါ်မှုနောက်ကိုသာ ဘာမှန်းညာမှန်း မသိဘဲနဲ့ လိုက်သွားနေချင်တာ။ တကယ်ဆိုရင် အာရုံအဟောင်းနဲ့ အသစ်ရဲ့ ကြားမှာ လျှို့ဝှက်တဲ့ ကွက်လပ်ကလေးတစ်ခု ရှိနေတယ်။
    အာရုံအဟောင်း ချုပ်ငြိမ်းလို့ အာရုံအသစ် ပေါ်လာရတာ။
    အာရုံအသစ် ပေါ်လာဖို့အတွက်လည်း အာရုံအဟောင်းက ချုပ်ငြိမ်းပေးရတာ။ အာရုံအသစ်တစ်ခုပေါ်လာတယ်။ မဆိုစလောက်ကလေး တည်မြဲသလိုရှိလိုက်တယ်။ ပြီးတော့ သူ့သဘောသတ္တိ သူဆောင်ပြီး ချုပ်ငြိမ်းသွားလိုက်တယ်။ ဖြစ်လာပုံ၊ ပျက်သွားပုံ၊ အစားထိုးလိုက်ပုံတွေဟာ သိပ်မြန်လွန်းတော့ ရိပ်မိဖို့ မလွယ်လှဘူး။
    မောဟဆိုတဲ့ မသိမှု အဝိဇ္ဇာဓာတ်ခံကလည်း ဖြစ်၊ ပျက်၊ အစားထိုး ရေစီးကြောင်းထဲမှာ အတူမျောပါနေလေတော့ သူက တစ်ချက်ဝင်လှည့်လိုက်တာနဲ့ အဟောင်းချုပ်ငြိမ်း အသစ်ပေါ်၊ အသစ်ပေါ်ဖို့ အဟောင်းချုပ်ငြိမ်းရတဲ့ အကြောင်းအကျိုးဆက်နွယ်မှု သဘာဝတရားတစ်ခုကို ရိပ်မိဖို့ရာ ခက်ခဲလှတယ်။
    ဒီတော့ကာ ဖြစ်ခဲ့ပြီးတဲ့ အဟောင်းနဲ့ ဖြစ်လာတဲ့ အသစ်ရဲ့ ကြားက ကွက်လပ်ကို မြင်ဖို့ရာ အလှမ်းဝေးလှတယ်။ ဥပါဒ်၊ ဌီ၊ ဘင်ဆိုတဲ့ ဖြစ်-တည်-ပျက် တစ်ခုနဲ့ နောက် ဥပါဒ်၊ ဌီ၊ ဘင်ဆိုတဲ့ ဖြစ်-တည်-ပျက် တစ်ခုကြားထဲမှာရှိတဲ့ ကွက်လပ်ကတော့ “ဘင်စွန်း”ပဲပေါ့။
    သည်နေရာမှာ ကျေးဇူးတော်ရှင် စွန်းလွန်းဆရာတော်ဘုရားကြီး ရွေးချယ်ခဲ့တဲ့ စကားလုံးက သိပ်ကိုတာသွားပါတယ်။
    “နိဗ္ဗာန်ကို မျက်မှောက်ပြုချင်ရင် ဘင်စွန်းကို မြင်အောင်ကြည့်ပေါ့”တဲ့။
    ပြောခဲ့၊ ဟောခဲ့တဲ့ ဆရာသမားတွေက သူတို့ရခဲ့တဲ့ ဉာဏ်ပေါ်မှာ ခြေစုံရပ်ပြီး ဟောကြားခဲ့ပေမယ့် နားထောင်နာယူတဲ့ တပည့်တွေက ဆရာသမားတွေ ချပြခဲ့တဲ့ ဉာဏ်တွေနဲ့ ဝေးတဲ့အရပ်က နားထောင်နေရလေတော့ တော်တော်နဲ့ နားထဲကို မဝင်နိုင်ဘူးပေါ့။
    နည်းနည်းရှေ့တိုးမိရင်တော့ မကြားတစ်ချက်၊ ကြားတစ်ချက်ပေါ့။ သည်ထက်ပိုပြီး ရှေ့ကိုတိုးလာရင်တော့ ပိုပြီး ကြားလာမှာပေါ့။ ဒါပေမယ့် ပီပီသသ ကြည်ကြည်မြမြကြားဖို့ကတော့ ရှေ့ကို ထပ်ပြီး တိုးသည်ထက် တိုးရပေမပေါ့။
    အသံသဲ့သဲ့ကြားရာကနေ အသံရှင်းရှုင်းကြားခွင့်ရပေမယ့် အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း သိဖို့ရာကလိုနေပြန်ရော။ ဒါကတော့ ဘဝသံသရာမှာ အထုံသန်၊ အာရုံပြု၊ ဆုတောင်း၊ တစိုက်မတ်မတ် ကျင့်ကြံခဲ့တဲ့ စရဏအရှိန်အဟုန်ရဲ့ သတ္တိနဲ့ အချိုးညီမျှနေပြန်ရော။
    ခုနကပြောခဲ့သလို ဝေးရာကနေ နီးလာဖို့အသံသဲ့သဲ့ကနေ အသံရှင်းရှင်းကြားနိုင်ဖို့က သတိပဋ္ဌာန်တရားအပေါ်မှာ ကိုယ့်ကျင့်ကြံအားထုတ်မှု အလုပ်တရားရဲ့ အရှိန်အဟုန်နဲ့သာ ချဉ်းကပ်နိုင်မှာပါ။ နီးနေပါပြီ။ အသံ ရှင်းရှင်းကြားနေပါပြီ။ အဓိပ္ပါယ် ရှင်းရှင်းလင်းလင်းသိနိုင်ဖို့ကတော့ “ပုဗ္ဗေစ ကတ ပုညတာ”က တကယ့်ကို အရေးပါလာပြီ။
    ဒါကြောင့်မို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မင်္ဂလသုတ်ထဲမှာ ရှေးက ပြုခဲ့ဖူးသော ကောင်းမှုကုသိုလ်ရှိခဲ့ခြင်းကို မင်္ဂလာတရားတစ်ပါးအဖြစ် တခုတ်တရ မိန့်မှာခဲ့တာပေါ့။
    ဒါကြောင့်မို့ နီးလာပြီ၊ အသံရှင်းရှင်းကြားရတာချင်း တူပေမယ့် “ဘင်စွန်း”ကို မြင်နိုင်၊ မျက်မှောက်ပြုနိုင်တဲ့ အဓိပ္ပါယ်ရှင်းရှင်းသိဖို့ကျတော့ ရှေးကပြုခဲ့တဲ့ ကုသိုလ် အားသာသူက အရင်ပန်းဝင်သွားစမြဲပါပဲ။
    အသေဝနပစ္စယောရဲ့ သတ္တိဟာ ဒီနေရာ အဖြေပေးပါပြီ။
    အဖန်တလဲလဲမှီဝဲ ထုံမွမ်းအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရားကို သံသရာထဲမှာ ခန္ဓာတွေ အဖန်တစ်ရာလဲခဲ့ပေမယ့် တစိုက်မတ်မတ် ယုံယုံကြည်ကြည်လုပ်ခဲ့တာကြောင့် ဟော .... အခုတော့ အားပြည့်ချိန်မှာ မျက်မှောက်လက်ငင်း အကျိုးပေးခဲ့ပါပြီ။
    တရားတော်ရဲ့ ဂုဏ်ကျေးဇူးကို အပြည့်အဝနားလည်သိမြင် ခံစားသွားနိုင်ခဲ့ပါပြီ။ တရားတော်ကပေးတဲ့ ငြိမ်းအေးမှုကိုလည်း ပညာရှိစာရင်းဝင်သည်အထိ ဆောင်ထား၊ သိမ်းထားနိုင်ခဲ့ပါပြီ။
    အာရုံတွေရဲ့ လူးလာတုံ့ပြန် လှုပ်ရှားကစားတတ်တဲ့ သဘာဝကိုလည်း ကိုယ်နဲ့မဆိုင် ဘေးကနေ ထိုင်ကြည့်နေရသလို ထိုင်ကြည့်တတ်လာပါပြီ။
    ဒီတော့မှ “သင်္ခါရတရားတွေဟာ ပျက်စီးတတ်တဲ့ သဘောရှိကုန်သည်။ မမေ့မလျော့ မပေါ့မဆတဲ့ သတိတရားနဲ့ နေရစ်ကြ” ဆိုတဲ့ ဘုရားရှင်ရဲ့ နောက်ဆုံး အဆုံးအမဟာ ကြားဖူးနေကျစကား၊ မြင်ဖူးနေကျစာ၊ သိပြီးသားစကားရပ် မဟုတ်တော့ဘဲ တကယ့်ကို နက်ရှိုင်းတဲ့ အဓိပ္ပါယ်တွေနဲ့ လေးနက်ပြည့်စုံနေတဲ့ တရားတော်ပါလားလို့ ဉာဏ်နဲ့သိမြင်လာပြီး စိတ်ရှင်းရှင်း၊ ဉာဏ်လင်းလင်းနဲ့ ကိလေသာ မကုန်မချင်း ရပ်နားခြင်းမရှိဘဲ ရှေ့သို့ တစ်လှမ်းချင်း တိုးရင်း၊ တိုးရင်းက သတိတရားရဲ့ အောင်လံတော်ကို ဆက်လက်လွှင့်ထူနေဖြစ်မယ်ဆိုတာ .........

မြသန်းစံ
မခံစားရခြင်း၏ ချမ်းသာ စာစုမှ

Monday, 9 March 2020

မစ္ဆရိယ ငါးမျိုးနှင့် ရောက်လေရာဘဝ




ကိုယ်ရသလို သူတစ်ပါး မရစေလိုခြင်းကို မစ္ဆရိယလို့ ခေါ်တယ်။ မစ္ဆရိယငါးမျိုးရှိတယ်။ ယင်းတို့မှာ
၁။ အာဝါသမစ္ဆရိယ== အဆောက်အဦး ကောင်းကောင်းဖြင့် ကိုယ်သာနေလိုပြီး အခြားသူများကို မနေစေလိုခြင်း။
၂။ လာဘ မစ္ဆရိယ== ကိုယ်သာ လာဘ်လာဘ စီးပွားဥစ္စာ ပေါများလိုပြီး အခြားသူများကို မပေါများစေလိုခြင်း။
၃။ ကုသ မစ္ဆရိယ == ပေးကမ်းထောက်ပံ့နိုင်သော ဆွေမျိုးများ၊ ဒကာများအား အခြားသူများထံ
အသွားအလာ မရှိစေလိုခြင်း။
၎။ ၀ဏ္ဏ မစ္ဆရိယ == ကိုယ်ထက်သာသူ၏ ဂုဏ်ကျေးဇူးကို မချီးမွမ်းနိုင်ခြင်း။
၅။ ဓမ္မ မစ္ဆရိယ == တရားသဘောကို မိမိသိသလို သူတစ်ပါးကို မသိစေလိုခြင်း တို့ဖြစ်ပါတယ်။
ထိုငါးမျိုးတို့တွင်
(၁) အာဝါသမစ္ဆရိယနှင့် သေလျှင် ထိုစွဲလမ်းရာ အဆောက်အဦးထဲ၌ ဘီလူးသော်လည်းကောင်း၊ ပြိတ္တာသော်လည်းကောင်း ဖြစ်တတ်သည်။ သို့မဟုတ် လောဟကုမ္ဘီငရဲသို့ ကျတတ်သည်။

(၂) လာဘမစ္ဆရိယ နှင့်သေလျှင် ဘီလူးသော်လည်းကောင်း၊ ပြိတ္တာသော်လည်းကောင်း ဖြစ်တတ်
သည်။ သို့မဟုတ် ဘင်ပုပ်ငရဲသို့ ကျတတ်သည်။

(၃) ကုသမစ္ဆရိယကြောင့် ယခုဘ၀မှာပင် သွေးအန်ပြီးသေရတတ်သည်။ ဖြစ်ရာဘ၀တွင် လာဘ်လာဘ ရှားပါးတတ်သည်။

ဗုဒ္ဓလက်ထက်က ဘုရားအမည်ခံသိဉ္စည်းဆရာကြီးနှင့် နိဂဏ္ဍနာဋပုတ္တ တိတ္ထိဆရာကြီးနှစ်ဦးသည် သူတို့၏လက်ရင်း တပည့်များ ဗုဒ္ဓ၏သာဝက ဖြစ်သွားသောအခါ ကုလ မစ္ဆရိယ နိုပ်စက်မှုကြောင့် သွေးအန်၍ သေကြရတယ်။

( ၎) ၀ဏ္ဏ မစ္ဆရိယကြောင့် ဖြစ်ရာဘ၀တွင် အဆင်းမလှခြင်း ဖြစ်တတ်ပြီး။

(၅ ) ဓမ္မမစ္ဆရိယကြောင့် ဖြစ်ရာဘ၀တွင် ဆွံ့အခြင်း ဖြစ်တတ်သည်။
ဓမ္မ ဒဿနလေး တစ်ခုရှိတယ်။ “ရဟန္တာတိုင်းလည်း ဘုန်းမကြီး၊ ဘုန်းကြီးတိုင်းလည်း ရဟန္တာ မဟုတ်” ဟူသော ဒဿနလေးပင်ဖြစ်တယ်။ အရင်ကဆိုရင် ရဟန်းတစ်ပါး ဘုန်းကြီးရင် ရဟန္တာလို့ပင် ထင်တတ်ကြတယ်။ ကြည်ညိုသဒ္ဓါပွားများကြတယ်။ အမှန်ကားပုထုဇဉ်ဖြစ်ရင်လဲ ဒါနရှိခဲ့လျှင် ဣဿာမစ္ဆရိယကင်းခဲ့ရင် ဘုန်းကြီးတာပဲ။ ရဟန္တာပင်ဖြစ်ပါစေ ဣဿာမစ္ဆရိယ အားကြီးခဲ့သူများကား ဘုန်းကြီးဖို့ နေနေသာသာ ဆွမ်းပင် နပ်မှန်အောင် မဘုဉ်းပေးရဘဲ ပရိနိဗ္ဗာန်စံသွားသော ရဟန္တာများလဲရှိတယ်။

သာဓကပြောရရင် ဓမ္မပဒ အဌကထာမှာ “ လောသကတိဿမထေရ် ” ပင်ဖြစ်တယ်။ ဒါကြောင့်မို့ မိမိတို့တစ်တွေလည်း စားဝတ်နေရေးအတွက် သွားလာရုန်းကန်ရင်း ကိုယ့်ထက်သာတဲ့သူအပေါ် ၀မ်းမြောက်ဝမ်းသာ မုဒိတာ ဖြစ်ပြီး ကိုယ့်အောက်နိမ့်သူအပေါ် သနား ဂရုဏာ ထားနိုင်ကာ တစ်ဆင့်ပြီးတစ်ဆင့် ရရောက်နိုင်တဲ့ မဂ်ဉာဏ်၊ ဖိုဉာဏ် နိဗ္ဗာန်ကို မျက်မှောက်ပြု ခံစားနိုင်ကြတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ။ ။
{မေတ္တာရှင်(ရွှေပြည်သာ) ၏ မေတ္တာဖြင့်စီးပွားရှာခြင်းမှ ကောက်နုတ်ဖေါ်ပြပါသည်။}