Friday, 6 September 2019

ပညတ္(၄)မ်ိဳး

ပညတ်(၄)မျိုး

သတ္တဝါတို့သည် အဖုံးလေးမျိုးဖုံးကွယ်ထားခြင်း ခံနေရသည်။ အထူးသဖြင့် လောကလူသားများ၏ စိတ်သန္တာန်တွင် ဖုံးကွယ်ခံထားရသည်။

ထိုအဖုံးလေးမျိုးမှာ-
၁။ နာမပညတ်ခေါ်သည့် အမည်ဖုံးနေခြင်း။
၂။ သန္တတိပညတ်ခေါ်သည့် အစဉ်အတန်းဖုံးနေခြင်း။
၃။ သမူဟပညတ်ခေါ်သည့် အပေါင်းအစုဖုံးနေခြင်း။
၄။ သဏ္ဍာနပညတ်ခေါ်သည့် အသွင်သဏ္ဍာန်ဖုံးနေခြင်းတို့ဖြစ်သည်။

လောကလူသားတို့သည် ထိုလေးမျိုးတို့ဖြင့် ဖုံးထားခြင်းခံနေရသောကြောင့် အမှန်တကယ် အရှိသဘာဝတရားကိုမမြင်နိုင်ဘဲဖြစ်နေကြသည်။ သဘာဝတရားဆိုသည်မှာ တစ်လောက လုံးရှိ မည်သည့်ဘာသာဝင်မဆို မည်သည့်လူမျိုးမဆို မည်သူတစ်ဦးတစ်ယောက်မဆို တွေ့ကြုံကြရမည့် သဘာဝတစ်ရားပင်ဖြစ်သည်။ ဥပမာ- သကြားစားသောသူသည် ချိုသော အရသာကို ခံစားမိသည်မှ အမှန်ဧကန်ပင်ဖြစ်သည်။ ကလေးမို့ ၊ လူကြီးမို့ မကွဲပြားပါ။ လူတိုင်းအတွက် ချိုပေမည်။

(၁)နာမပညတ်=အမည်အားဖြင့်ဖုံးကွယ်ခံလိုက်ရခြင်း။
လောက၌ အရာဝတ္ထုမှန်သမျှသည် အမှန်တကယ် ပရမတ်တွေချည်း ဖြစ်ကြ သည်။ပရမတ်ဆိုသည်မှာ အမှန်တကယ်ရှိသော တရားကိုဆိုလိုသည်။ ထိုပရမတ် သဘောတို့ဖြင့် နာမည် ခေါ်ဝေါ်၍ မဖြစ်၊စကားပြောဆို၍ မဖြစ်၊ ထိုသို့မဖြစ်သဖြင့် ငါသူတစ်ပါးယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ မောင်ဖြူမောင်မဲစသည်ဖြင့်နာမည် အသီးသီး တပ်ကြရပါသည်။ ကြာမြင့်လာသည့်အခါ သတ္တဝါများသည် မူလပရမတ်တရား အပေါ်တွင် စိတ်မရောက်ကြ၊ နာမည်တွင်သာ စိတ်စွဲသွားတတ်ကြသည်။ထိုအခါ နာမည်တွင် ရိုးရိုး စွဲရုံတင် မဟုတ်၊ နာမည်က ခိုက်သည်၊ နာမည်ကြောင့်အကျိုးပေးဆိုးသည်။ နာမည်ကြောင့်အဆင်မပြေမှုဖြစ်သည်စသည်ဖြင့် အစွဲထင်လာတတ်ကြသည်။ ထို့ကြောင့် နာမည်ပြောင်းခြင်း၊နာမည်ရွေးခြင်းများ ရှုပ်ထွေးကြ တော့သည်။ ဆိုလိုသည်မှာ မူလဖြစ်သည့် ခန္ဓာငါးပါး သို့မဟုတ်နာမ်ရုပ်တရားဟုခေါ်သည့် ပရမတ်ကို မမြင်ရလအောင် မောင်ဖြူ၊ မောင်မဲစသည့် နာမည်ပညတ်များကို ခေါ်ယူသုံးစွဲလာကြရာမှ အမှန်တကယ် အရှိ ပရမတ်တရားကို လူသားများအနေဖြင့် အချိန်ကြာလာတာနှင့် အမျှ ဖုံးကွယ်ထားလိုက်ခြင်းခံလိုက်ရခြင်းဖြစ်သည်။

(၂) သန္တတိပညတိ = အစဉ်အတန်းအားဖြင့်ဖုံးကွယ်ခံလိုက်ရခြင်း။

ပရမတ္တ သဘာ၀ အစစ်အမှန် တရားသည်တစ်ခု နှင့်တစ်ခု တစပ်တည်းမဟုတ်၊ အပြတ်တွေသာ ဖြစ်ကြသည်။သို့သော် တဆက်တည်းဟု ထင်ရလောက်အောင် ဖြစ်ပျက်မှုကမြန်လွန်းသဖြင့် တဆက်တည်း ထင်မှတ်နေတတ်ကြသည်။ ဆိုလိုသည်မှာ လူသားတစ်ဦးလမ်းလျှောက်သည့်အခါ အာရုံစိုက်ကြည့်မည်ဆိုလျှင် အနည်းဆုံး ကြွ ၊ လှမ်း ၊ ချ ဆိုသည့် အဆင့်များပါ၀င်သည်။ သို့သော်ထိုအဖြစ်အပျက်သည် မြန်ဆန်သည့်အတွက် သတိထားမှ သေချာသိနိုင်ပေမည်။ ရှေးခေတ် ရုပ်ရှင်ရုံများ၌ သုံးသော လည်၍ပြရသော ဖလင်ဓာတ်စက်ကြီးများနှင့်တူသည် တစ်ခန်းပြီးမှ တစ်ခန်းလာသည်။ သို့သော် မြန်လွန်းသည့်အတွက် လှုပ်သည်ထင်ရသည်။ အမှန်တကယ်မှာ တစ်ပုံချင်းပြနေခြင်းပင်။ ဥပမာအနေဖြင့်ပြောရလျှင် လူတစ်ယောက်သည်မီးစတစ်ခုကို မှောင်မိုက်သည့် ညဉ့်အခါအဝေးကနေ၍ စက်ဝိုင်းပုံသဏ္ဍာန်ဖြစ်အောင်မြန်နိုင်သမျှ မြန်မြန်လှည့်ပြလိုက် သည့်အခါ မသိသူများသည် မီးစက်ဝိုင်းဟုထင်ရသကဲ့သို့ ပရမတ်သဘော တရားများသည်လည်း အလွန်လျှင်မြန်စွာဖြစ်ပေါ်နေသည့်အတွက် ထို အမှန် တရားကို သန္တတိပညတ်က ဖုံးထားခြင်းဖြစ်သည်။

(၃)သမူဟပညတ် = အပေါင်းအစုအားဖြင့်ဖုံးအုပ်ခံထားရခြင်း။

ပရမတ် သဘာဝ၌ ရုပ်တရားသည် သူ့ ဘာသာပရမတ် သဘာဝ၌ ရုပ်တရားသည် သူ့ဘာသာသူ၊ သူ့ကလာပ်စည်းနှင့်သူတစ်ခုပြီးမှတစ်ခုဖြစ်နေသည်။ စိတ်လည်း ထို့အတူဖြစ်သည်။ တစ်စိတ်ပြီးမှတစ်စိတ်ဖြစ်နေသည်။ အပေါင်းအစု ဟူ၍မရှိပါပဲလျှက်အပေါင်းအစုဟူ၍ ထင်မှတ်နေကြသည်။ အထူးသဖြင့်ရုပ်အပေါ်၌ ရုပ်တုံးကြီး၊ ရုပ်ခဲကြီးဟု ထင်မှတ်နေခြင်းသည် သမူဟပညတ်ဖုံးထားခြင်း ဖြစ်သည်။ ဖုံးအုပ်ခံထားရခြင်းဖြစ်သည်။ အမှန်တကယ်မှာ မိမိတို့ ရရှိထားသော ဤကိုယ်ခန္ဓာဟု ဆိုအပ်သော အရာကြီးမှာ မြေဓာတ် ၊ ရေဓာတ် ၊ မီးဓာတ် ၊ လေဓာတ် ဟူသော ၄ ပါးတို့ပေါင်းစုနေခြင်းမျှသာဖြစ်သည်။

(၄)သဏ္ဍာနပညတ် = အသွင်သဏ္ဍာန်ဖုံးကွယ်ထားခြင်း။

ပရမတ္တသဘာဝ၌ ယောက်ျားသဏ္ဍာန်၊ မိန်းမသဏ္ဍာန်၊ခွေးသဏ္ဍာန်၊ နွားသဏ္ဍာန်၊ ငှက်သဏ္ဍာန်၊ ဦးခေါင်း သဏ္ဍာန်၊ လက်သဏ္ဍာန်စသည်ဖြင့်မရှိ။ ထိုသဏ္ဍာန်သည် ပရမတ္တသဘာဝ၏ တည်နေဟန်ကိုလိုက်၍ ခေါ်ဆိုနေခြင်းဖြစ်သည်။ အမှန်တကယ် အရင်းခံပရမတ်မှာမတ်မှာသဏ္ဍာန်အနေဖြင့်မရှိ။ ဥပမာ မြေမှုန့်များကိုစု၍ ရေဖြင့်နှယ်ပြီးသောအခါအမှုန့်များကို နွားရုပ် လုပ်လျှင် နွားရုပ် ခေါ်နိုင်သည်။ ဆင်ရုပ်လုပ်လျှင်ဆင်ရုပ်ခေါ်နိုင်သည်။ လူရုပ်လုပ်လျှင်လူရုပ်ခေါ်နိုင်သည်။ ကျားရုပ်လုပ်လျှင် ကျားရုပ်ခေါ်နိုင်သည်။ မိမိပြုလုပ်ချင်သည့် အရုပ်များကို ပြုလုပ်၍ ခေါ်နိုင်ကြသည်။ ဤသည်ကိုပင်သူ့တည်နေဟန်ကိုလိုက်၍ အမျိုးမျိုးခေါ်ဆိုနေခြင်း ဖြစ်သည်။ထို့အတူပင်ဖြစ်သည်။ ပရမတ်များကိုလည်းသူတို့၏တည်နေရာကို လိုက်၍ လူဟု ခေါ်ချင်ခေါ်ကြသည်။နတ်ဟုခေါ်ချင်ခေါ်ကြသည်။အိမ် ကျောင်းဇရပ်ဓမ္မာရုံ အသီးသီး ခေါ်ကြသည်။ သို့သော်မူလပရမတ်သည် လူလည်းမဟုတ်၊နတ်လည်းမဟုတ်၊အိမ်ကျောင်း ဇရပ်ဓမ္မာရုံလည်းမဟုတ်ပေ။ ကျောင်းဇရပ်ဓမ္မာရုံလည်းမဟုတ်ပေ။ သတ္တဝါတို့သည် ထိုသဏ္ဍာန်များကိုသာ မျက်မှန်းတန်းမိလျက်အချိန်ပေါင်းများစွာ ကမ္ဘာပေါင်းများစွာ အမှားကြာလာတော့အမှန်ဖြစ်သည်။ တကယ့်အစစ်အမှန်ပရမတ်များကိုမူ မမြင်ကြ တော့ဘဲသဏ္ဍာန်ပညတ်တို့အပေါ်၌ထင်မြင်စွဲလမ်း နေကြပေတော့သည်။ဤသဘောသည် ပရမတ်အမှန်ကို သဏ္ဍာန်ပညတ်က ဖုံးအုပ်ခံထားရခြင်းဖြစ်သည်။

ထိုသို့ဖုံးကွယ်ခြင်းတရားများမှ လျှင်မြန်စွာ လွတ်မြောက်နိုင်ကြပါစေကုန်သတည်း။

No comments:

Post a Comment