“တပည့်တော် ကသာမြို့ကိုရောက်တော့ ကသာမြို့ သိ င်္ဂီရပ် ကိုညိုဝင်းက ပြဿနာတစ်ခု လျှောက်ထားတယ်ဘုရာ့”
“ဘယ်လို ပြဿနာလဲကွယ့်”
“ပြဿနာက အခြားမဟုတ်ပါဘူး၊ မန်လည်ဆရာတော်ဘုရား ရေးသားတော်မူတဲ့ မဃဒေဝလင်္ကာသစ်ကို သူကြည့်ရှုလေ့လာတဲ့အခါ
စာပိုဒ် ၄၂၅-မှာ-
“ရှင်နှင့်မတော်၊ ပစ္စည်းမျှော်၍၊ မလျော်လျောက်ပတ်၊ မြေကြန်တက်က၊ နက္ခတ်ပညာ၊ စေပါဒူတ၊ အင်္ဂဝိဇ္ဇာ၊ တိရစ္ဆာဖြင့်၊ ယုတ်မာဝမ်းရေး၊ သက်မွေးကြငြား၊ လေ့ကျက်မှားသည်၊ ငုံ့စား,မော်စား၊ အမျှော်စားနှင့်၊ ထောင့်စားခေါ်ရိုး၊ ရဟန်းဆိုးတို့၊ စားမျိုးလေးဖြာ” ဆိုတဲ့ အစားလေးမျိုးကို တွေ့ပါသတဲ့၊
ရဟန်းဆိုးတို့ စားမျိုးလေးဖြာ လို့ ဖွဲ့ဆိုထားတဲ့အတိုင်း
သည်အစားလေးမျိုးဟာ ရဟန်းကောင်းတို့ စားတာမဟုတ်မှန်းတော့သိတယ်၊ ငုံ့စား, မော်စား, အမျှော်စား, ထောင့်စားဆိုတာ ဘာကိုဆိုလိုမှန်း မသိဘူးတဲ့၊ သူ့ရဲ့အမေးကို တပည့်တော် မှတ်လာခဲ့တယ်၊ အဲဒါ ဆရာတော် အဖြေပေးပါဦး”
“သည်ပြဿနာက သူ့စာထဲမှာ အဖြေပါပြီးသားပဲကိုးကွယ့်”
“ဘယ်လို ပါသလဲဘုရာ့”
“ရှင်နှင့်မတော်၊ ပစ္စည်းမျှော်၍ဆိုတဲ့အတိုင်း ရဟန်းဖြစ်ပါလျက်နှင့် ရဟန်းတော်နှင့်မသ င့်တော် လာဘ်လာဘကိုမျှော်သော (၁) မြေကြန်အတက်၊ (၂) နက္ခတ်အတက်၊ (၃) အစေအပါးခံခြင်း၊ (၄) အင်္ဂဝိဇ္ဇာအတက်များဖြင့် အသက်မမွေးကောင်းဘူး၊ (၁)မြေကြန်အတက်နှင့်အသက်မွေးလျှင် ငုံ့စားတယ်လို့ခေါ်တယ်၊ (၂) နက္ခတ်အတက်ဖြင့် အသက်မွေးလျှင် မော့စားတယ်လို့ ခေါ်တယ်၊ (၃) အစေအပါးခံပြီး အသက်မွေးလျှင် အရပ်လေးမျက်နှာ မျှော်စားတယ်လို့ ခေါ်တယ်၊ (၄) အင်္ဂဝိဇ္ဇာအတက်ဖြင့် အသက်မွေးလျှင် အထောင့်လေးမျက်နှာကို လှည့်စားသူလို့ခေါ်သတဲ့၊ အဲဒါ အဖြေပဲပေါ့ကွယ်”
“လင်္ကာမှာ အင်္ဂဝိဇ္ဇာ တိရစ္ဆာဖြင့်လို့ ရေးထားပါတယ်၊ တိရစ္ဆာဆိုတာ တိရစ္ဆာန်နှင့်တူတယ်လို့ ပြောတာလားဘုရား”
“တိရစ္ဆာန်ဆိုတာ ‘တိရ-အစ္ဆာန’ ပုဒ်ပဲကွယ့်၊ တိရဆိုတဲ့ပုဒ်က ဖီလာကို ဟောတယ်၊ အစ္ဆာနဆိုတဲ့ပုဒ်က သွားတက်တက်လို့ဟောတယ်၊ တိရစ္ဆာန်သတ္တဝါဟာ လူလို မိုးပေါ်ကိုဦးခေါင်းထားပြီး တည့်တည့်မတ်မတ် မသွားတက်ဘူး၊ မိုးကိုကျောပေးပြီး ဖီလာသွားတက်တယ်၊ ဒါကြောင့် တိရစ္ဆာန်လို့ခေါ်တာတဲ့၊ ယခုလင်္ကာမှာပါဝင်တဲ့ တိရစ္ဆာန်ကလည်း မဂ်ဖိုလ်ဆီကို ဖြောင့်ဖြောင့်မသွားတက်ဘူး၊ မဂ်ဖိုလ်ရဲ့ဆန့်ကျင်ဘက် ဖီလာသွားတက်တယ်၊ မြေကြန်အတက်, နက္ခတ်အတက်, အင်္ဂဝိဇ္ဇာအတက်, အစေအပါးခံခြင်းများဟာ မဂ်ဖိုလ်နှင့် ဖီလာဆန့်ကျင်ဘက်ဖြစ်လို့ ‘အင်္ဂဝိဇ္ဇာ တိရစ္ဆာန်ဖြင့် ယုတ်မာဝမ်းရေး’ လို့ ဖွဲ့ဆိုထားခြင်း ဖြစ်တယ်ကွယ့်”
“သည်လင်္ကာကို ဆရာတော်ကြီးဟာ သူ့စိတ်ကူးအတိုင်း ရေးတာလား၊ အမှီရှိလို့ ရေးတာလား ဘုရား”
“သည်လင်္ကာကို ဆရာတော်ကြီးက သူ့အထင်နှင့်ရေးတာမဟုတ်ပါဘူး၊ အမှီရှိလို့ရေးတာပေါ့ကွယ့်”
“ဘယ်ကျမ်းကို မှီပါသလဲ ဘုရား”
“ခန္ဓဂ္ဂ သာရိပုတ္တသံယုတ် သုစိမုခီသုတ်ကို မှီတာပဲကွယ့်”
“အဲသည်မှီရာ ကျမ်းရင်းအဆိုကို နာပါရစေဘုရား”
သုစိမုခီသုတ်
“အခါတစ်ပါး ရှင်သာရိပုတ္တရာဟာ နံနက်အချိန် ရာဇဂြိုလ်မြို့တွင်း ဆွမ်းခံဝင်တော်မူသတဲ့၊ ဆွမ်းခံပြီးတော့ နံရံတစ်ခုကိုမှီပြီး ဆွမ်းဘုဉ်းပေးနေတုန်း သုစိမုခီအမည်ရတဲ့ ပရိဗိုဇ်မဟာ ရှင်သာရိပုတ္တရာ ဆွမ်းဘုဉ်းပေးရာအနီး ချဉ်းကပ်လာပြီး သည်လိုပြက်ရယ်စကားပြောသတဲ့၊
‘အရှင်ရဟန်း၊ ဘယ့်နှယ့်၊ ငုံ့ပြီး ဆွမ်းစားပါသလား’ တဲ့၊
သည်တော့ ရှင်သာရိပုတ္တရာက ‘ငုံ့မစားပါဘူး’ လို့ ပြန်ပြောသတဲ့၊
‘ငုံမစားလျှင် မော့စားတာပါလား’လို့ ပြောပြန်တယ်၊
ရှင်သာရိပုတ္တရက ‘မော့လို့လည်း မစားဘူး’ လို့ ပြန်ဖြေတယ်၊
‘ငုံ့လို့လည်းမစား၊ မော့လို့လည်းမစားလျှင် အရပ်လေးမျက်နှာကို လှည့်စားပါးသလား’ လို့မေးပြန်တယ်၊ ‘အရပ်လေးမျက်နှာကိုလည်း လှည့်မစားဘူးလို့’ ပြန်ဖြေတော့
ပရိဗိုဇ်မက ‘သို့ဖြစ်လျှင် အထောင့်အရပ်ကို လှည့်စားပါသလား’ လို့ မေးပြန်တယ်၊
‘အထောင့်အရပ်ကို လှည့်မစားဘူး’ လို့ ပြန်ဖြေတော့
ပရိဗိုဇ်မက ‘သည်လိုဆို အရှင် ဘယ်သို့စားပါသလဲ’ လို့ မေးသတဲ့၊
“ရှင်သာရိပုတ္တရာက
‘နှမ-မြေကြန်အတက်ဖြင့် အသက်မွေးသူတို့ုကို အောက်သို့ ငုံ့စားသူလို့ဆိုအပ်တယ်၊
နက္ခတ်အတက်ဖြင့် အသက်မွေးသူတို့ကို အထက်သို့ မော့၍စားသူတို့လို့ဆိုအပ်တယ်၊
အစေအပါးအမှုဖြင့် အသက်မွေးသူတို့ကို အရပ်လေးမျက်နှာသို့လှည့်၍စားသူတို့လို့ ဆိုအပ်တယ်၊
အင်္ဂဝိဇ္ဇာအတက်ဖြင့် အသက်မွေးသူတို့ကို အထောင့်အရပ်သို့လှည့်၍စားသူတို့လို့ ဆိုအပ်တယ်၊
နှမ-ငါကား ဤလေးမျိုးဖြင့် အသက်မမွေး၊ တရားသဖြင့် ဆွမ်းရှာ၍ အသက်မွေးတယ်’ လို့ ပြန်လည် မိန့်ကြားတော်မူသတဲ့၊
သည်အခါ ပရိဗိုဇ်မဟာ ရဟန်းများအပေါ်ကြည်ညိုပြီး
‘ရဟန်းများကို ဆွမ်းလောင်းလှူကြပါ၊ ရဟန်းတော်များဟာ တရားနှင့်အလျော် အပြစ်မရှိသောအစာကိုသာ စားကြပါတယ်’ လို့ ရာဇဂြိုလ်မြို့အတွင်း လှည့်လည်ပြောကြားသတဲ့၊ ဒါဟာ လင်္ကာရဲ့ မှီရာကျမ်းရင်းအဆိုပဲကွယ့်”
“မှန်ပါ - လွန်စာ ဝမ်းမြောက်လှပါတယ် ဘုရား”
“သာဓု- သာဓု- သာဓု”
No comments:
Post a Comment