Thursday, 30 January 2020

သမ္မာဒိဋ္ဌိဉာဏ် (၅)မျိုး (အမြင်မှန်ဉာဏ် (၅)မျိုး)


    သမ္မာဒိဋ္ဌိဉာဏ် (၅)မျိုးဟူသည်  အမှန်ဆုံးသောအမြင် အမှန်ဆုံးသော အသိ ဖြစ်ပါသည်။ ထို (၅)မျိုးမှ တစ်ပါး အခြားခြားသော အမြင်အသိဟူသမျှတို့ကို ဘုရားရှင်ကိုယ်တော်မြတ်က အသိအမှန်ဟု မဟောကြားပါ။ ကိုယ်ထင်ရာ ကိုယ်မြင်နေကြသည်၊ ကိုယ်ထင်ရာ ကိုယ်သိနေကြသည်၊ ကိုယ်လိုရာ ကိုယ်ကြိုက်နေခြင်းများသာဖြစ်၍ တစ်ခုမျှ အမှန်ဟူ၍ မဆိုနိုင်ပါ။
    ထို့ကြောင့် သမ္မာဒိဋ္ဌိ အမြင်မှန် ဉာဏ်(၅)မျိုး အဓိပ္ပါယ်ကို တစ်မျိုးစီ တစ်မျိုးစီ ခွဲခြားမှတ်သားကြရန် ပြဆိုပါသည်။
၁။    ကမ္မဿကတ သမ္မာဒိဋ္ဌိဉာဏ်
၂။    ၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ်
၃။    မဂ္ဂ သမ္မာဒိဋ္ဌိဉာဏ်
၄။    ဖလ သမ္မာဒိဋ္ဌိဉာဏ်
၅။    ပစ္စဝေက္ခဏာ သမ္မာဒိဋ္ဌိဉာဏ်

၁။    ကမ္မဿကတ သမ္မာဒိဋ္ဌိဉာဏ်
    ကံနှင့် ကံ၏ အကျိုးကို ယုံကြည်သော အသိ အမြင်ဉာဏ်၊ ပစ္စုပ္ပန်လောက တမလွန်လောကရှိ၏ဟု ယုံကြည်သော အသိ အမြင်မှန်ဉာဏ်ကို ခေါ်ပါသည်။

၂။    ၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ်
    ရုပ်နာမ်ခန္ဓာ အာယတနဓါတ်အစရှိသော တရားတို့ကို မုချဧကန်အမှန်ရှိသည် ထိုတရားတို့ကို အနိစ္စ, ဒုက္ခ, အနတ္တ သဘောဆိုက်အောင် အသိမှန် အမြင်မှန်ဖြင့် ရှုမြင်ပွားများအားပါလျှင် ၀ိပဿနာဉာဏ်တည်းဟူသော ၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ရခြင်းကို ခေါ်ပါသည်။ ၀ိပဿနာဖြစ်မှ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ဖြစ်နိုင်ပါသည်။ ထို့ကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရလိုလျှင် ရှေးဦးစွာ ၀ိပဿနာဉာဏ်ပညာနှင့် ပြည့်စုံအောင် ကြိုးစားရပါမည်။ သံသရာဝဋ်ဆင်းရဲညွှတ်မှ လွတ်မြောက်လိုသူ ဟူဟူသမျှတို့သည် ဟုတ်တိုင်းမှန်စွာ သိတတ်သော ၀ိပဿနာပညာကို ရအောင်ကြိုးစားရပါမည်။

၃။    မဂ္ဂသမ္မာဒိဋ္ဌိဉာဏ်
    မဂ်ဉာဏ် မဂ်တရားရှိ၏ဟု ယုံကြည်သိမြင်ခြင်း၊ သစ္စာလေးပါးတရား မြတ်တရားကို ထိုးထွင်း သိမြင်ခြင်း၊ ၀ိပဿနာဉာဏ် အမြင်မှန်ရင့်သန်ပါသဖြင့် မဂ်ဉာဏ်ဖြစ်ပေါ်လာခြင်း၊ လောကီကို ကျော်ဖေါက် နိဗ္ဗာန်သို့ ဆိုက်ရောက်သော အသိမှန် အမြင်မှန် ဉာဏ်ကို မဂ္ဂသမ္မာဒိဋ္ဌိဉာဏ် ခေါ်ပါသည်။

၄။    ဖလသမ္မာဒိဋ္ဌိဉာဏ်
    မဂ်ဉာဏ်၏ အနန္တရ၌ အာနိသံသ ကျိုးဖလ ဖြစ်သည်။ မဂ်ဉာဏ်ရပြီးလျှင် အလိုအလျောက် သက်ဝင်သော ဉာဏ်ကို ဖလသမ္မာဒိဋ္ဌိဉာဏ်ခေါ်ပါသည်။ အထူးကြိုးစားအားထုတ်ရန်မလို၊ မဂ်အကျိုးဖြစ်၍ ရရှိပြီး နိဗ္ဗာန်အရသာကို ခံစားသော ဉာဏ်လည်းဖြစ်ပါသည်။

၅။    ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိဉာဏ်
    ဖိုလ်ဉာဏ်သို့သက်ဝင်ပြီးသော ဖိုလ်ပုဂ္ဂိုလ်သည် အဘယ်တရားစုကို ပယ်သတ်ပြီးဖြစ်သည်။ အဘယ်တရားစုကိုမူ မပယ်သတ်ရသေးဟု သိမြင်သော အမြင်မှန်ဉာဏ် (သို့မဟုတ်) မိမိရပြီးတရားကို ပြန်လည် ဆင်ခြင်သုံးသပ်သော ဉာဏ်ကို ခေါ်ပါသည်။ တစ်နည်းအားဖြင့် သိဖွယ်, မြင်ဖွယ်, ပယ်ရှင်းဖွယ်, ကျင့်ဖွယ်, ကြံဖွယ်, အားထုတ်ဖွယ် ကိစ္စဟူသမျှ ပြီးဆုံးကျွတ်လွတ်ပေပြီးဟု ဆင်ခြင်စိတ်ချ ဗျာပါရမရှိ ကြောင့်ကြမဲ့ ကိစ္စပြီး အေးကြီး အေးရသော ဉာဏ်ကို ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိဉာဏ်ဟု ခေါ်ပါသည်။

    အမြင်မှန်ဉာဏ် ငါးမျိုးအနက်၊ နံပါတ်(၁) ကမ္မဿကတ သမ္မာဒိဋ္ဌိဉာဏ်နှင့် နံပါတ်(၂) ၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ် ထိုဉာဏ်နှစ်ပါးသည် ပဓါနကျသည်၊ လိုရင်းဖြစ်၍ အရေးတကြီးသိရန် လိုအပ်သည်။ နောက်ဉာဏ်(၃)ပါးဖြစ်သော မဂ္ဂသမ္မာဒိဋ္ဌိဉာဏ်၊ ဖလသမ္မာဒိဋ္ဌိဉာဏ်၊ ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိဉာဏ်တို့မှာ အထူးကြိုးစားအားထုတ်ရန် မလိုသော အမြင်မှန် ဉာဏ်တို့ဖြစ်ပါသည်။
    အဓိပ္ပါယ်အားဖြင့် သောတာပတ္တိမဂ်ဉာဏ်ကို ရလိုလျှင် ၀ိပဿနာတရားကို ကြိုးစားမယုတ် အားထုတ်ရ၏။ ကြိုးစားအားထုတ်၍ ၀ိပဿနာဉာဏ် အမြင်မှန် ရှင်သန်ပါလျှင် သောတာပတ္တိ မဂ်ဉာဏ်ကို ရ၏။
    သောတာပတ္တိ မဂ်ဇော-မဂ်ဝီထိကျလျှင် ဖိုလ်ဉာဏ်သည် အလိုအလျောက် သက်ဝင်တော့၏။
    သောတာပတ္တိဖိုလ် ပုဂ္ဂိုလ်အဖြစ်ဖြင့် ရပြီး ရောက်ပြီး တရားကို ပြန်လည် ဆင်ခြင်သုံးသပ်သော ဉာဏ်သည် ပစ္စဝေက္ခဏာ သမ္မာဒိဋ္ဌိဉာဏ် ဖြစ်ပါသည်။ ထို့ကြောင့် နောက်ဉာဏ်သုံးပါးသည် ကြိုးစားအားထုတ်ရန်မလိုပေ။
    ကမ္မဿကတသမ္မာဒိဋ္ဌိဉာဏ်သည်လည်း ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ကြ၏။ နားလည်ကြ၏။ အကုသိုလ် မကောင်းမှုပြုလျှင် မကောင်းကျိုးတွေပေးမည်၊ ကုသိုလ်ကောင်းမှု ပြုလျှင် ကောင်းကျိုးတွေ ပေးမည်ဟု ယုံကြည်ပြီး ဖြစ်ကြသည်။ ထို့ကြောင့် -
    ကမ္မဉ္စ၊ ကံကိုလည်းကောင်း။ ကမ္မဖလဉ္စ၊ ကံ၏အကျိုးကိုလည်းကောင်း။ သဒ္ဓဟိတွာ ယုံကြည်ကြပါကုန်သည်ဖြစ်၍ တိသရဏေန သရဏဂုံသုံးပါးနှင့် သဟ၊ တကွ။ ပဉ္စသီလံ၊ ငါးပါးသော သီလတော်မြတ်ကို။ သမ္မာဓိယိတွာ၊ ကျင့်သုံးဆောက်တည်ပြီး၍ ဣမာနိ ဒါတဗ္ဗဝတ္ထုနိ၊ ဤအထူးထူးသော လှူဖွယ်ဝတ္ထုအစုစုတို့ကို။ အာယသ္မာတာနံ၊ အရှင်ဘုရားတို့အား။ ဒေမပူဇေမ၊ သဒ္ဓါကြည်ဖြူ ကပ်လှူပါ၏။ ပူဇော်ပါ၏။
    အလှူအတန်းပြုလုပ်တိုင်း ရေစက်ချကြ၏။ ကံ, ကံ၏အကျိုးကို တပည့်တော်တို့ ယုံကြည်ပါသည်ဟု ပဋိညာဉ်ခံပြီးသား တာဝန်ယူပြီးသား ဖြစ်နေ၏။ ကောင်းမှုကုသိုလ်ကံပြုလျှင် ကောင်းကျိုးချမ်းသာပေးလိမ့်မည်။ မကောင်းသောအကုသိုလ်ကံ ဒုစရိုက် ဒုရာဇီဝတွေလုပ််လျှင် အပါယ်လေးပါးလားမည်။ မကောင်းကျိုးတွေပေးမည်ဟု ယုံကြည်၏။ ဤသည်ပင် ကမ္မဿကတ သမ္မာဒိဋ္ဌိဉာဏ် အမြင်မှန်ရခြင်း ဖြစ်ပါသည်။
    ထိုဉာဏ်ကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့အနေဖြင့် အထူးသင်ကြားရသည်မဟုတ်ဘဲ၊ ငယ်စဉ်တောင်ကျေး ကလေးဘဝအရွယ်ကပင် မိဘ, ဆရာ တို့၏ အဆိုအဆုံးမ ရကြသဖြင့် အလိုလိုနားပြည့်လာကြသည်။ နားလျှံလာကြသည်၊ နားရည်ဝလာကြသည်၊ နားလည်ခွင့်ရကြသည်။
    အတော်အသင့် အရွယ်ရောက်သောအခါ ဆရာအရှင်တို့၏ သွန်သင်မှုကြောင့် ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်တော် တို့ကို ယုံကြည်သော အသိဉာဏ်ကို ရကြသည်။
    ဤသို့ ယုံကြည်သည်အားလျော်စွာ ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထကုသိုလ် တို့ကို မိမိတို့တတ်စွမ်းသည့် အလျောက်ပြုကြ၏။ မကောင်းသောဒုရာဇီ၀ အကုသိုလ်တရားတွေကို ပြုလျှင် မကောင်းကျိုးတွေရမည်။ အင်မတန်ကြောက်စရာကောင်းသည်ဟု ယုံကြည်သော အမြင်မှန်ဉာဏ်ကို ဗုဒ္ဓဘာသာဝင် မြန်မာတို့ အနေဖြင့် မပင်မပန်းပဲ အလွယ်တကူရယူနိုင်ခြင်း ဖြစ်ပါသည်။
    နောက်နောက်က ပါရမီဓါတ်ခံ ရင့်သန်သောကြောင့် ကာမာဝစရ ကုသိုလ်ကံကောင်းသောကြောင့် ဗုဒ္ဓဘာသာ အမှန်တရားထွန်းကားသော မြန်မာနိုင်ငံတွင် လူလာဖြစ်ကြရ၏။ ဖြစ်ပြန်တော့လည်း ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သည့် မိဘနှစ်ပါးတို့ထံ လာ၍ဖြစ်ကြရ၏။  မိမိတို့ရရှိသည့် အကြောင်းကံကောင်း အထောက်အပံ့ကို သာမည မမှတ်ထင်ပါနှင့်၊ အလွန့်အလွန် ကောင်းလှပါသည်။ ကံ, ကံ၏အကျိုးကိုယုံကြည်သော အမြင်မှန်ရသည်ကပင် တန်ဖိုးမဖြတ်နိုင်ပါ။ တန်ဖိုးလည်းထားကြပါ။ လူတိုင်းလူတိုင်း မရနိုင်ပါလားဟု ဟုတ်, မဟုတ် ကိုယ့်အမြင် အသိနှင့် ကမ္ဘာကို ဝေဖန်ကြည့်ကြပါကုန်။
    ကမ္မဿကတ သမ္မာဒိဋ္ဌိဉာဏ် အမြင်မှန်ကို မိမိတို့ လွယ်လွယ်ကူကူရသကဲ့သို့ လူမှန်တိုင်း လွယ်ကူသည်မဟုတ်ပါ။ ကမ္ဘာ့လူဦးရေ မည်မျှပင် များပြားသည်ဆိုစေကာမူ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံအတွင်း လက်တစ်ဆုပ်စာမျှလောက်သော လူနည်းစုသည်သာ ရကြပါသည်။ မြန်မာနိုင်ငံ အပြင်ဘက်ထွက်ကြည့်လိုက်လျှင် ဤအမြင်မှန် ဉာဏ်ရသူ အလွန်ရှားပါသည်။
    မနုဿတ္တဘာဝေါ ဒုလ္လဘောဟု ဟောတော်မူသည့်အတိုင်း လူ့ဘ၀ လူဖြစ်သူတိုင်း တန်ဖိုးအရှိဆုံးဖြစ်သော အမြင်မှန် ဉာဏ်(၅)မျိုး ရရန် အလွန်ခက်ခဲလှပါသည်။ (၅)မျိုးမဆိုထားဘိ နံပါတ်(၁) ကမ္မဿကတ သမ္မာဒိဋ္ဌိဉာဏ် အမြင်မှန်ဉာဏ်ရရန်ပင် မလွယ်ကူလှပါ။
    ဒုစရိုက်ကို သုစရိုက်အမှတ်နှင့် အမှားမှား အရမ်းရမ်းတွေ ကျင့်သူကကျင့်၊ မဟုတ်တာတွေကို အဟုတ်ထင် မမှန်တာကို အမှန်ထင် မကျင့်ကောင်းသည်တို့ကို ကျင့်ကောင်းသည်ထင်ပြီး ဖေါက်လွဲဖေါက်ပြန်တွေ ကျင့်သူက ကျင့်၊ တစ်ချို့လည်း ကံ, ကံ၏ အကျိုးဟူသည် အဓိပ္ပါယ်မရှိဘူး၊ အကြောင်းတရား ဆိုသည်လည်း မရှိဘူး၊ အကျိုးဆိုသည်လည်း မရှိဘူး၊ ဒီကနေပြီး ကောင်းတာတွေ လုပ်လျှင် နောက်ဘဝကောင်းကျိုးတွေ ပေးမည်ဆိုတာ ယုံကြည်စရာမရှိ၊ ဒီဘ၀ ဟိုဘ၀ နောက်ဘဝဟူသည် မရှိ၊ အတိတ် အနာဂါတ် ပစ္စုပ္ပန် ဘဝသုံးပါးဟူသည်မရှိ၊ ယခုဖြစ်ဆဲဘဝပဲ သေဆုံးလောင်တုံး စသော ၀ါဒဆိုးတွေလွှမ်းမိုးနေ၏။
    ဤသို့သော ၀ါဒဆိုးတွေနှင့် တိုးမိတိုက်မိကြလျှင် ကြောက်စရာ အလွန်ကောင်းပါသည်။ ကိုယ်ကျိုးနည်းကြမည်။ သံသရာမှာ ပေါ်စရာ အကြောင်း မရှိပါ။ ကံကောင်းထောက်မသောကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အဆိုပါ ၀ါဒဆိုးတွေ ဘေးမှ လွတ်ကြရ၏။ သာသနာတော်ကြီး ထင်ရှားရှိခိုက် လာပြီး ကြုံကြရ၊ ဆုံကြရသည်မှာ အများကြီးသက်သာခွင့်ရကြ၏။ အင်မတန်လည်း ၀မ်းသာစရာ ကောင်းပါသည်။
    ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ ရရှိကြသော ကမ္မဿကတသမ္မာဒိဋ္ဌိဉာဏ် အမြင်မှန်ကို အနှစ်ချုပ် ကြည့်လျှင် ---
    - ကုသိုလ်ကောင်းမှု ကံတွေပြုလျှင် ကောင်းသော အကျိုးတွေပေးမည်။
    - မကောင်းသော အကုသိုလ် ဒုစရိုက် ဒုရာဇီဝတရားတွေ ပြုလုပ်လျှင် မကောင်းသော အကျိုးတွေပေးမည်။ ဤသည်တို့ကား ဘုရားရှင် ကိုယ်တော်မြတ် မိန့်ဟောသော အမှန်ဆုံး အမြင်၊ အမှန်ဆုံး အသိ ဖြစ်ပါ၏။ အင်မတန်တိကျ မှန်ကန်သော အမြင်, အသိ, အယူ ဖြစ်သောကြောင့်လည်း ကမ္မဿကတသမ္မာဒိဋ္ဌိဉာဏ် အစစ်ဖြစ်ပါသည်။

၂။    ၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ် အမြင်မှန်ကို စစ်တမ်းထုတ်ကြည့်ကြစို့ --
    ရုပ်, နာမ်, ခန္ဓာ, အာယတန ဓါတ် အစရှိသောတေဘုမ္မက သင်္ခါရတရားတို့သည် အမြဲတစေ ချုပ်ပျက်ပြုန်းတီးနေကြကုန်၏။ အနိစ္စပဲ, ဒုက္ခပဲ, အနတ္တပဲ ဟု ရှုမှတ်ပွားများ အားထုတ်သောဉာဏ်ကို ၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ဟု ခေါ်ပါသည်။
    ထို ၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ် အမြင်မှန်ရရှိရေး အတွက် ရှေးဦးစွာ ရုပ်, နာမ်, ခန္ဓာ အာယတန ဓါတ် ပဋိစ္စသမုပ္ပါဒ် တရားတို့ကို ပြတ်သားအောင် သင်ကြားကြရမည်၊ လေ့လာဆည်းပူးနာယူ မှတ်သားကြရပါမည်။ သို့မှသာ ဘုရားရှင်ကိုယ်တော်မြတ် အကျဉ်းဆုံး၊ အတိုဆုံး၊ အထိရောက်ဆုံးသော “ ၀ယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္မာဒေထ” မှာတမ်းတော်စကားနှင့် လိုက်လျောညီထွေ ဖြစ်ပေလိမ့်မည်။
    ၀ယဓမ္မာ သင်္ခါရာ ပုဒ်၌ “သင်္ခါရ”၏ တရားကိုယ် တရားသားထုတ်လျှင် ရုပ်, နာမ်, ခန္ဓာ တည်းဟူသော တေဘုမ္မက တရားစုကို ရပါသည်။ ထိုတရားတို့သည် ချုပ်ပျက်ပြုန်းတီး ပျက်စီးတတ်သော သဘောရှိ၏ဆိုသော အဓိပ္ပါယ်ဖြစ်ပါသည်။ ထိုတရားတို့ကို ရှုမြင်ပွားများ အားထုတ်ကြ၊ မမေ့ကြနှင့်ဟု မှာကြားတော်မူပါသည်။
    ဘုရားရှင်ကိုယ်တော်မြတ်မှာကြားတော်မူသည့်အတိုင်း အထူးလေးစားကြရမည်။ သို့မှသာ ဘုရားရှင်ကိုယ်တော်မြတ်စကားကို နားထောင်ရာရောက်မည်။ လေးစားရာရောက်မည်။ နားထောင်လေးစားသည့်အလျောက်လည်း မိမိတို့၏ လိုအင်ဆန္ဒပြည့်ဝကြပါလိမ့်မည်။
    မိမိတို့ဆန္ဒက ဤသံသရာကြီးထဲ တစ်ဝဲလည်လည် ကျင်လည်နေရသည်မှာ အင်မတန်ငြီးငွေ့ဖွယ်ဖြစ်သည်။ အင်မတန်စက်ဆုပ်ဖွယ် ဖြစ်သည်။ သံသရာဝဋ် အတွင်းမှ ဒုက္ခတွေလုံး၀ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ရချင်၏၊ ရောက်ချင်၏၊ သို့မှသာ ဒုက္ခတွေ ကင်းငြိမ်းရာ သုခအစစ်ကြီးရကြမည်ဆိုသော ဆန္ဒဓါတ်ဖြစ်ပါသည်။
    ဘုရားကိုယ်တော်မြတ်မှာကြားတော်မူသော ၀ယဓမ္မာ သင်္ခါရာ ပုဒ်ကိုပင် ပါထေရ အဋ္ဌကထာကလည်း ထောက်ခံချက်ပေးသည့် အနေဖြင့် ---
    “မရဏမဉ္စေ နိပ္ပန္နဿ ကထာနာမ ယာဝဇီဝံ အနုဿရိတဗ္ဗာ”ဟု ဖွင့်ဆိုတော်မူပါသည်။
    မရဏမဉ္စေ၊ သေရာညောင်စောင်း လျောင်းစက်သော ပုဂ္ဂိုလ်၏။ ကထာနာမ၊ နောက်ဆုံးမှာကြားသော စကားမည်သည်ကား။ ယာဝဇီဝံ၊ အသက်ရှည်သမျှကာလပတ်လုံး၊ အနုဿရိတဗ္ဗာ၊ အမြဲတစေ အောက်မေ့ နေရာ၏။
    မသေမချင်းနားထောင်ရမည်၊ အသက်ထက်ဆုံး နားထောင်ရမည်။ မြေဝယ်မကျ နားထောင်ရမည်၊ တစ်သွေမတိမ်း လိုက်နာရမည်၊ သို့မှာသာလျှင် ဘုရားရှင်ကိုယ်တော်မြတ်၏ သားတော် သမီးတော် စာရင်းဝင် ဖြစ်ကြမည်။
    ဤသို့မဟုတ်ပဲ ဘုရားရှင်ကိုယ်တော်မြတ် မှာကြားသော စကားတော်က တစ်မျုုိး၊ ကိုယ်ထင်ရာ ကိုယ်လုပ်နေတာက တစ်မျိုးဆိုလျှင် မိမိနှင့် သာသနာသည် တစ်ခြားစီ ဖြစ်နေပါလိမ့်မည်။ ဘုရားရှင်ကိုယ်တော်မြတ်၏ အဆိုအဆုံးမကို မတည်ဘူး၊ နားမထောင်ဘူး၊ ဖီလာဆန့်ကျင်လုပ်နေသူ ဖြစ်နေပါလိမ့်မည်။
    ဘုရားရှင်ကို မမီလိုက်သော်လည်း သာသနာတော် ထင်ရှားရှိနေခိုက်တွင် ဘုရားရှင်ကိုယ်တော်မြတ်၏ အဆိုအဆုံးမကို လိုက်နာသည် ဖြစ်ပါက၊ ဘုရားရှင်ကိုယ်တော်မြတ်ကိုမီတာနှင့် အတူတူပင် ဖြစ်ပါသည်။ ထို့ကြောင့် မိန့်ကြားသော မှာတမ်းတော်နှင့် လိုက်လျောညီစွာ သင်ယူနာကြား မှတ်သားလေ့လာ ပွားများအားထုတ်ကြမှသာ တရားထူးရကြမည်။
    ဗုဒ္ဓဘာသာဝင်အများစုတို့မှာ (၁)နံပါတ် ကမ္မဿကတ သမ္မာဒိဋ္ဌိဉာဏ်ရကြသော်လည်း (၂)နံပါတ် ၀ိပဿနာဉာဏ် အမြင်မှန် ရကြပါ၏လားဟု  စစ်တမ်းထုတ်သော် လူ(၁၀၀)မှာ (၁၀)ယောက်ထက်မပိုသော အရေအတွက်မျှသာရကြ၏။
    သာသနာတော်ကြီးနှင့်လည်း ပက်ပင်းပါ တွေ့ကြုံကြရ၏။ အလွန်ရခဲသော လူအဖြစ်လည်းရနေကြ၏၊ ယင်းသို့ အခွင့်ကောင်း အခါကောင်းနှင့် ကြုံဆုံပါလျက်လည်း ပဓါနအကျဆုံးသော ၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ် မရနိုင်ကြသည်မှာ အင်မတန်ဝမ်းနည်းစရာ ဖြစ်ပါသည်။
    မည်သူက မယူနှင့်ဟု ပြော၍ မည်သူက မသင်နှင့်ဟု ပြော၍မဟုတ်၊ မိမိတို့ကိုယ်တိုင်က မလိုချင်၍ မယူသောကြောင့် မရကြခြင်းသာဖြစ်ပါသည်။  မည်သူတစ်ဦးတစ်ယောက်ကိုမျှ အပြစ်ဆိုရန် မရှိပါ။
    ဘုရားသာသနာတော်တွင်းမှာ သောတာပန်၊ ဖြစ်ချင်ဖြစ်နိုင်၏။ သကဒါဂါမ် ဖြစ်ချင်ဖြစ်နိုင်၏၊ အနာဂါမ် ရဟန္တာ ဖြစ်ချင် ဖြစ်နိုင်၏။ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို ရစေတတ် ရောက်စေတတ်သော၊ ရစေနိုင် ရောက်စေနိုင်သော ၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ကြီးကို ရယူနိုင်ပါသော်လည်း မယူပဲနေခြင်းသည် မယူသူ၏ တာဝန်သာဖြစ်ပါသည်။
    ရယူလိုသော် တရားပေးနိုင်သော လူဆရာ၊ ရဟန်းဆရာ၊ တရားဋ္ဌာနတွေ များသော ခေတ်ကောင်းအခါကောင်းကြီး ဖြစ်ပါသည်။ ပေတီးပေကတ် ကိုယ်နှင့် မဆိုင်သလို ပျော်ပျော်ပါးပါး မော်မော်ကြွားကြွား ကြောင့်ကြမဲ့ အချိန်ဖြုန်းနေကြသည်။ သင်ကြားရကောင်းမှန်းမသိ၊ ယူရကောင်းမှန်းမသိ၊ ဤအတိုင်းနေ ဤအတိုင်းသေကြလျှင်ကား မည်သို့ တရားရနိုင်ပါတော့အံ့နည်း။
    ၀ယဓမ္မာ သင်္ခါရာပုဒ် အဆိုအလာအရ ရုပ် နာမ် ခန္ဓာစသည့်တရားတို့ကို သင်ကြားတတ်မြောက်လိမ္မာ၍ ကြိုးစားပွားများအားထုတ်က ၀ိပဿနာသမ္မာဒိဋ္ဌိဉာဏ်ဖြစ်၍ (၃)နံပါတ် မဂ္ဂ သမ္မာဒိဋ္ဌိဉာဏ် အမြင်မှန်ကို ရနိုင်ပါသည်။
    မဂ္ဂ သမ္မာဒိဋ္ဌိ အမြင်မှန်ဉာဏ်ဖြစ်လျှင် (၄)နံပါတ် ဖလ သမ္မာဒိဋ္ဌိတည်းဟူသော ဖိုလ်ဉာဏ်ကို တစ်ချက်တည်းဝင်သွားပါသည်။ မဂ်ဇော မဂ်ဝီထိကျပြီးသည်၏ အခြားမဲ့ ဖိုလ်ဇော ဖိုလ်ဝီထိ ကျပါသည်။ မဂ်ဇောနောင် ဖိုလ်ဇော ဖြစ်ပါသည်။ မဂ်ပုဂ္ဂိုလ် အနေဖြင့် အချိန်အကြာကြီး တည်နေကောင်းသည် မဟုတ်မူ၍ မဂ်ဇောတစ်ကြိမ်သာလျှင် အခိုက်အတန့်ကလေး စောပြီး ဖိုလ် ပုဂ္ဂိုလ်ဖြစ်၍ အရိယာအစစ် ဖြစ်ပါတော့သည်။
    မဂ်ဉာဏ် ဖိုလ်ဉာဏ် ရပြီးသည်နောက် ရရှိပြီးတရားစုကို ဆင်ခြင်သုံးသပ်သော ဉာဏ်သည် ပစ္စဝေက္ခဏာ သမ္မာဒိဋ္ဌိဉာဏ်ဖြစ်ပါသည်။
    ထို့ကြောင့် မဂ္ဂသမ္မာဒိဋ္ဌိဉာဏ်၊ ဖလသမ္မာဒိဋ္ဌိဉာဏ် ပစ္စဝေက္ခ္စဏာသမ္မာဒိဋ္ဌိဉာဏ် ဤ (၃)မျိုးသည် လုပ်ရန်မလိုသော ဉာဏ်(၃)ပါးဖြစ်ပါသည်။ အမှန်တကယ် ကြိုးစားအားထုတ်ရန် လိုအပ်သော ဉာဏ်သည် ၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ဖြစ်ပါသည်။ ထိုဉာဏ်ကို ရအောင်ကြိုးစားအားထုတ်မှသာလျှင် ဘုရားရှင်ကိုယ်တော်မြတ်၏ မှာတမ်းတော်စကားနှင့် ကိုက်ညီ၍ ဘုရားရှင်အလိုတော်ကျ ဖြစ်ပါသည်။
    ဤသို့မဟုတ်ဘဲ မှာတမ်းတော်စကားကို ဘေးချိတ်ပြီး ကိုယ်ထင်ရာ ကိုယ်စခန်း သွားနေကြပါလျှင် ဘုရားရှင်၏ မဟာဂရုဏာတော်ကြီးကို မငဲ့ရာရောက်၏။ ဘုရားရှင်ကိုယ်တော်မြတ်ကို မချစ်ခင်ရာရောက်၏။ မလေးစားရာရောက်၏။ မမြတ်နိုးရာရောက်၏။ မရိုသေရာရောက်၏။
    ဘုရားရှင်ကိုယ်တော်မြတ်၏ ကျေးဇူးတော်တွေမှာ ဆပ်ပေး၍ မကုန်နိုင်ပါ။ ထိုကျေးဇူးတော်တွေကို တစ်ဖန်ဆပ်ပေးရာရောက်အောင် ဘုရားရှင်ကိုယ်တော်မြတ်၏ စကားတော်ကို တစ်သွေမတိမ်း လိုက်နာဆောင်ရွက်ကြရပါမည်။ လိုက်နာဆောင်ရွက်သည်ဆိုရာမှာလည်း အရိုးကြေကြေ အရေခန်းခန်း လုပ်ဆောင်ရန်မလိုပါ၊ သက်တောင့်သက်သာချမ်းချမ်းသာသာနှင့် ရယူနိုင်ပါသည်။
    ဤကား ရုပ်, ဤကား နာမ်, ဤကား ခန္ဓာ စသည်ဖြင့် သင်ကြားတတ်မြောက် လိမ္မာသဖြင့် ကိုယ်ပိုင် အသိဉာဏ် မှန်မှန်ကန်ကန် တိတိကျကျ ရလျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရနိုင်ပါသည်။
    ဤမျှ သက်သောင့်သက်သာလေးနှင့် ချပြနေသော လမ်းစဉ်ကိုမှ မလိုချင်သေးပါဘူး၊ မဟုတ်သေးပါဘူး ဆိုလျှင် မည်သည့်အခါမျှ တရားရမည့်သူ မဟုတ်တော့ပါ။ ဆင်ခြေဆင်လက် အမျိုးမျိုး ပေးပြီး ရှောင်ကွင်းနေသူသာဖြစ်ပါသည်။ တကယ်တရားရချင်သူ လိုချင်သူ မဟုတ် ကိုယ့်ဘဝကိုလည်း မြတ်နိုးဟန် မရှိသူသာ ဖြစ်ပေသည်။
    မိမိဘဝကို မိမိတန်ဖိုးထားသူ ချစ်မြတ်နိုးသူဖြစ်ပါက သင်ကြားပြသပေးသည့်အတိုင်း နာယူမှတ်သားလျက် အသိဉာဏ် ပြတ်သားသွားပါမူ လူဖြစ်ရကျိုးနပ်ပါသည်။ ဘဝမှာ သေပျော်နေပျော်ပြီဟု ကိုယ်ပိုင်အသိက ဆုံးဖြတ်ပေးပါလိမ့်မည်။
    ထို့ကြောင့် အမှုမဲ့ အမှတ်မဲ့နေပြီး အမှုမဲ့အမှတ်မဲ့နှင့် မသေကြပါနှင့်၊ သေသည် ဆိုရာတွင်လည်း တွေတွေဝေေ၀ ကြောက်ကြောက် လန့်လန့်နှင့် သေတာကတစ်မျိုး၊ မတွေမေ၀ မကြောက် မလန့်နှင့် သေတာက တစ်မျိုးဟု နှစ်မျိုး ရှိပါသည်။
    တွေတွေဝေေ၀ အကြောက်ကြောက် အလန့်လန့် သေရသူတို့သည် အပါယ်လေးပါးသို့ ရောက်တတ်၏။ မတွေမေ၀ ကြည်ကြည် လင်လင် သန့်သန့်ရှင်းရှင်း သေသူတို့သည် ကောင်းရာသုဂတိသို့ လားရောက်တတ်ပါသည်။ အဘယ်ကြောင့် ဆိုသော် ထိုသူ၌ အားကိုးအားထားပြုစရာ တရား ရထားသောကြောင့် ဖြစ်ပါသည်။
    အများသူငါ လူတကာတို့မှာလည်း မတွေမေ၀ သန့်သန့်ရှင်းရှင်း သေနိုင်ရန် တရားကောင်းတစ်ခု လက်ကိုင်ပြုနိုင်ရန် အရေးကြီးပါသည်။
    ၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ် တည်းဟူသော ရုပ်, နာမ်, ခန္ဓာ အာယတန ဓါတ် စသည့်တရားတို့ကို  မိမိကိုယ်ပေါ်တင်ပြီး ခွဲတတ်စိတ် ဝေဖန်တတ်ရန် အမှန်ပင် လိုအပ်ပါသည်။ ထိုတရားတို့ကို တတ်တိ လိမ္မာအောင် သင်ကြားရမည့် လမ်းစဉ်ဖြစ်ပါသည်။ ဘုရားရှင်ကိုယ်တော်မြတ်ဟောကြားသည့် အဘိဓမ္မာ ဒေသနာ အစစ်တွေဖြစ်ပါသည်။ အဘိဓမ္မယ(၇)ကျမ်းကို အဆီညှစ် အနှစ်ထုတ်လျှင် ၀ိပဿနာ တရားစစ် အခြေခံ ရုပ်တရား, နာမ်တရား နှစ်ပါးသာရှိပါသည်။ ထို ၀ိပဿနာ အခြေခံဉာဏ် အမြင်မှန်ရအောင် ကြိုးစားကြရမည် ဖြစ်ပါသည်။ (ကြိုးစားအားထုတ်နိုင်ကြပါစေ။)

ပခုက္ကူ ၀ိပဿနာသင်တန်း အရည်စစ်စာတန်းမှ

Thursday, 9 January 2020

လူမထွက်တော့ဘူး အမေ ==================


ကိုရင်နိဂြောဓသည် မန္တလေးတိုင်း ပုဂံညောင်ဦးမြို့နယ် စပါးသင်ကျေးရွာမှ လာရောက်၍ သာမဏေကျော်စာပေများကို သင်ကြားနေသူဖြစ်သည်။အခြေခံပညာ (၈)တန်းအောင်မြင်ပြီး မိဘများက ရှင်ပြုအလှုလုပ်ပေးချိန်က စလို့ လူ မထွက်တော့ဘဲ မြို့တက်စာသင်ဖို့ရန် ရွာကျောင်းဘုန်းကြီးကို လျှောက်သောအခါ ရွာကျောင်းဘုန်းကြီးက ဒီ ချမ်းမြေ့ဇေယျာ သာမဏေကျော်တက္ကသိုလ်ကျောင်းက စည်းကမ်းကောင်းတယ်။သာမဏေကျော်
်စာပေများကို အခြေခံက စပြီး လုပ်ပေးတယ်။ စာမေးပွဲအောင်ဂေဇာတ်တွေမှာ ရှေ့တန်းက နေရာယူနိုင်တယ် ဟုဆိုကာ ပို့ထားခြင်းဖြစ်သည်။
ရွာကျောင်းဘုန်းကြီး ငယ်ရွယ်စဉ်က သာမဏေကျော်စာဝါများလိုက်ခဲ့ဖူးသည် ဟုသိရသည်။နောက်ဆုံး တတိယအဆင့် ရောက်သောအခါမှ ကိုရင်ဝတ်နဲ့ နေရတာ ပျင်းလို့ ဆိုပြီး လူထွက်ဖို့ ရွာပြန်လာသည်။ ရွာရောက်တော့ မိဘဆရာသမားများက လူထွက်ခွင့်မပေး။ရွာဘုန်းကြီးအမေ ဒေါ်မြခင်ဆို သူ့သားကိုရင် လူထွက်ဖို့့ပြန်လာတယ်ဆိုတာ ကြားပြီး မေ့လဲသွားလို့ ဆေးရုံကိုပင် တင်လိုက်ရသည်။နောက်တော့ ရွာကျောင်းထိုင်ဆရာတော်ကလည်း အကြောင်းအကျိုးပြပြီး လူမထွက်ဖို့ ဆိုဆုံးမသည်။ဒါယကာကြီးကလည်း မျက်ရည်တွေ ကျပြီး လူမထွက်ဖို့ရန် တောင်းပန်သည့်အတွက် လူမထွက်တော့ဘူးဟုဆုံးဖြတ်လိုက်ရသည်။
ဒါပေမဲ့ အဲဒီနှစ်မှာ စာမေးပွဲမဖြေဖြစ်တော့ဘဲ ရွာမှာဘဲ နေလိုက်ရသည်။ နောက်နှစ်ကျတော့ အသက်က (၂၀)ပြည့်သွားပြီမို့ သာမဏေကျော်ဖြေလို့ မရတော့အတွက်ပထမပြန်စာမေးပွဲများကိုဘဲ ဖြေဆိုရင်း ဓမ္မာစရိယအောင်တော့ ရွာမှာ ကျောင်းထိုင်နေတာဟု သိရသည်။
၂။
ရွာဘုန်းကြီးက သူ မအောင်မြင်ခဲ့သော သာမဏေကျော်စာမေးပွဲကို အောင်မြင်စေချင်သည်။သူလိုအပ်သော စာအုပ် သပိတ် သင်္ကန်း ထီး ဖိနပ် စတဲ့ အသုံးအဆောင်ပစ္စည်းများက အစ လိုအပ်ရင် သုံးဖို့ နဝကမ္မပါ ပြည့်စုံအောင် ထောက်ပံ့ပေးသည်။တစ်ခါတစ်လေ လူကြုံရှိရင် ပဲ ထန်းလျက် ငရုတ်သီးကြော် ငါးကြော် မုန့် စားစရာများနဲ့ စာတစ်စောင် ထည့်ပေးလေ့ရှိသည်။စာထဲမှာတော့ သူ့ကို လူမထွက်ဖို့ သာမဏေကျော်လင်္ကာရဘွဲ့ ရအောင်လုပ်ဖို့ ဒီထက် စွမ်းနိုင်ရင် အဘိဝံသစာမေးပွဲတိပိဋကစာမေးပွဲများကိုပါ ဖြေနိုင်အောင် ကြိုးစားဖို့ လိုအပ်တာ မှာဖို့ ကျန်းမာရေးဂရုစိုက်ဖို့ စုံစေ့အောင် ရေးပေးလေ့ရှိသည်။
ကိုရင်နိဂြောဓကလည်း ရွာဆရာဘုန်းကြီးမှာကြားဆုံးမသည့်အတိုင်း စာကြိုးစားပါသည်။သာမဏေကျော်အခြေပြုတန်းများဖြစ်သော အခြေခံတန်း စာစတန်း စာစုတန်းများကို တစ်တန်း ခြောက်လ အကျမရှိအောင်မြင်ခဲ့သည်။နောက် ပထမဆင့်အကြိုတန်းကို သင်ကြားပြီး ပထမဆင့်တက်ရောက်ခွင့်ရခဲ့လေသည်။ပင်ကိုယ်ဉာဏ်ကလည်း ကောင်းပြီး စာလည်းကြိုးစားလုပ်ခဲ့သည့်အတွက် ပထမဆင့် ဒုတိယဆင့်များကို နှစ်ချင်းပေါက် အောင်မြင်ခဲ့သည်။ပထမဆင့်တုန်းကဆို ရန်ကုန်အသင်းမှာ ပထမဂုဏ်ထူး သထုံအသင်း ပဲခူးအသင်းတို့တွင် ဒုတိယဂုဏ်ထူးများဖြင့် တစ်နိုင်ငံလုံး ပထမ ဒုတိယဂုဏ်ထူးများ ရခဲ့လေသည်။အခု တတိယဆင့်ကိုလည်း သေချာပေါက်အောင်မြင်လိမ့်မည်ဟု မိမိကိုယ့်ကို ယုံကြည်ထားလေသည်။ သို့သော် လူ့စိတ်ဆိုတာ ခန့်မှန်းရအခက်သား မဟုတ်လား။လုပ်မယ်တွေးပြီး မလုပ်တော့ဘူးလို့ ဆုံးဖြတ်တာ မလုပ်ဘူးလို့ တွေးပြီး လုပ်မိသွားတာမျိုး ရှိတယ် မဟုတ်လား။ လဟုပရိဝတ္တံ စိတ္တံ စိတ်ဆိုတာ အပြောင်းအလဲမြန်တယ် လို့ မြတ်စွာဘုရားကိုယ်တိုင် ဟောထားတာ မဟုတ်လား။အခုလည်း ကိုရင်ဝတ်စကနေ လူမထွက်တော့ဘဲ တစ်သက်လုံး ဘုန်းကြီးဝတ်ပြီးစာချဘုန်းကြီးလုပ်တော့မယ်လို့ ရည်ရွယ်ထားသူ ကိုရင်နိဂြောဓသည် တတိယဆင့်စာဝါများ နှစ်ဝက်လောက် သင်ကြားပြီးချိန်တွင်လူထွက်ချင်သောစိတ်များ ဖြစ်လာလေသည်။
၃။
ကိုရင်နိဂြောဓသည် ပြီးခဲ့သည့်နှစ်က ဒုတိယအဆင့်ကို အောင်မြင်ခဲ့သဖြင့် စာအောင်ဆု အတော်များများ ရခဲ့လေသည်။ နဝကမ္မ သုံးသိန်းကျော်ကျော် ရလေသည်။ စာမေးပွဲတွေ ဖြေပြီးလို့ ရွာကို ခေတ္တပြန်သွားသောအခါ ရွာဆရာဘုန်းကြီးက
တစ်သိန်းဆုချပြန်လေသည်။ နောက်ပြီး မိဘများနဲ့ ဆွေမျိုးမျာကလည်း လှုဒါန်းကြသဖြင့် ကိုရင်နိဂြောဓ ရွာမှ ပြန်ကြွသောအခါ၌ နဝကမ္မငါးသိန်းကျော်ခန့် ပါသွားလေသည်။ကိုရင်နိဂြောဓသည် ရွာမှ ကျောင်းတိုက်သို့ တိုက်ရိုက်မပြန်ပေ။ ရန်ကုန်မြို့တွင် ရှိသော ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ဝင်ရောက်တည်းခိုလေသည်။လက်ထဲတွင်ရှိသော နဝကမ္မများကို ဘယ်လို အသုံးချရမလဲ စဉ်းစားသောအခါ အပျင်းပြေသုံးစွဲရန် ဖုန်းတစ်လုံး ဝယ်သွားဖို့ တွေးမိလေသည်။
ကိုရင်နိဂြောဓသည် မိမိနေသောကျောင်းက စာသင်သားများ ဖုန်းသုံးစွဲခွင့်မရှိ။မသိအောင် ခိုးကိုင်တွယ်ပါက ပထမအကြိမ် ဖုန်းကို အပြီးသိမ်း၍ ဒုတိယအကြိမ်မိပါက ကျောင်းတိုက်မှ ထွက်ခွါသွားရမည်ဟု စည်းကမ်းသတ်မှတ်ထားသည်ကို မသိသည်တော့မဟုတ်။သိသည်သာ။ဒါပေမဲ့ သူများတွေဖုန်းသုံးသလို သုံးစွဲချင်စိတ်ကို မထိန်းချူပ်နိုင်တော့ဘဲ တန်ဖိုး ၂၃၀၀၀၀ ခန့်ရှိသော oppoအမျိုးအစား ဖုန်းတစ်လုံးကို ဝယ်ယူလိုက်လေသည်။အပျင်းပြေဆော့ဖို့ ဂိမ်း အပျင်းပြေကြည့်ဖို့ video များနဲ့ အပျင်းပြေနားထောင်ဖို့ သီချင်းများကို ထည့်သွင်းထားလိုက်လေသည်။လိုအပ်ရင် ဆက်သွယ်ဖို့ ဆင်းကတ်တစ်ခုကိုပါ ဝယ်ယူလိုက်လေသည်။ကျောင်းသို့ ရောက်သောအခါတွင် စာချနာယကများ မသိအောင် လစ်ရင်လစ်သလို ဇာတ်ကားကြည့် သီးချင်းနားထောင်ကာ ဖုန်းပြောတတ် ်လာလေသည်။facebook viber များကိုလည်း အသုံးပြုတတ်လာလေသည်။ ညသန်းခေါင်းယံအထိ ဖုန်းအသုံးပြုနေတတ်သဖြင့် အိပ်ရေးများ ပျက်လာလေသည်။ စာဝါတက်သောအခါ ၌လည်း အိပ်ငိုက်တတ်လာပေသည်။
လေ့ကျင့်ခန်းစာမေးပွဲမှာလည်း အရင်ကလို အမှတ်များများမရတော့ဘဲ အမှတ်အလွန်းနည်း၍ ကျရှုံးသော အပါတ်စဉ်များပင် ရှိလာလေသည်။ စာချနာယကများက ကိုရင်နိဂြောဓ စာမေးပွဲကျရှုံးတာကို မယုံကြည်နိုင်လောက် ်အောင် အံ့သြနေကြပေသည်။ကိုရင်နိဂြောဓ သည် မိမိကိုယ်ကို မပြုပြင်နိုင်။ ဖုန်းအသုံးပြုလွန်းသဖြင့် ရှိသမျှ ငွေများလည်း ကုန်သွားလေသည်။ရွာက မယ်တော်ကြီးထံ လှမ်းမှာရလေသည်။မယ်တော်ကြီးတော့ သားကိုရင်အဖြစ်ကို မသိ။မှာသော ငွေကို မှာသလောက် လှမ်းပို့ရှာလေသည်။ ဖုန်းအသုံးပြုစက အပျင်းပြေအတွက် ဆိုခဲ့သော်လည်း ဖုန်းအသုံးပြုကြတာ ကြာလာသောအခါ၌ကား ကိုရင်ဝတ်ပြီး စာသင်နေရတာ ပျင်းရိလာလေသည်။ လူထွက်ပြီး စီးပွါးရှာအိမ်ထောင်ပြုလို သောစိတ် ်များ ဖြစ်လာလေသည်။
တစ်ရက်တွင်ကား ကိုရင် နိဂြောဓသည် ညစာအံကျောင်းပြီးချိန် တစ်ယောက်သောသူနှင့် ဖုန်းပြောဖို့ ချိန်းဆိုထားသဖြင့် မည်သူမှ မမြင်နိုင်သော တစ်နေရာတွင် ဖုန်းပြောနေလေသည်။ ထိုအချိန်၌ပင် စာချနာယကတစ်ပါးက လမ်းလျှောက်ရင်း ထိုနေရာသို့ ရောက်လာပြီး ကိုရင်နိဂြောဓ ဖုန်းပြောနေတာကို တွေ့ကာ ဖုန်းကို သိမ်းယူသွားလေသည်။ စာချနာယကသည် ကိုရင်နိဂြောဓ ဖုန်းအသုံးပြုတာကို တားဆီးနိုင်ခဲ့သော်လည်း လူထွက်ချင်သောစိတ်ကိုကား မတားဆီးနိုင်တော့။အသုံးပြုနေသော ဖုန်းသိမ်းဆည်းခြင်းခံရသဖြင့် ပို၍ပင် စိတ်ညစ်ကာ လူထွက်ဖို့ ဆုံးဖြတ်ချက်ချပြီး ရွာက မယ်တော်ကြီးထံကို လူထွက်တော့မည့်အကြောင်း စာရေးပို့လိုက်လေသည်။
၄။
ကိုရင်နိဂြောဓ၏ မယ်တော်ကြီးသည် ကိုရင်နိဂြောဓစာကို ဖတ်ကာ ငိုကြွေးနေလေသည်။အဖေဖြစ်သူက ကိုရင်နိဂြောဓ ရ နှစ်သားအရွယ်မှာ နှလုံးရောဂါနဲ့ ဆုံးသွားခဲ့တာတော့ နောက်အိမ်ထောင်မပြုတော့ဘဲ မိန်းမသားတန်မဲ့ တစ်ယောက်တည်း ရုန်းကန်ကာ သားလေးကို ပြုစုခဲ့ရတာမို့ သားလေးကို ပြောမပြနိုင်လောက်အောင် ချစ်ပေသည်။လူ့ဘဝမှာ ပင်ပင်ပန်းပန်းနဲ့ ရုန်းကန်ရမှာ မလိုလား။ရှင် ရဟန်းဘဝနဲ့ဘဲ မြတ်စွာဘုရားဟောတော်မူတဲ့ တရားတော်များကို သင်ကြားကာ သာသနာပြုသူဖြစ်စေချင်သည်။မပင်မပန်းဘဲ ဘဝငြိမ်းချမ်းမှုကို တည်ဆောက်သူ ဖြစ်စေချင်သည်။မိမိကိုယ်တိုင်လည်း သားကိုရင်ဟောသော တရားကို နာယူချင်သည်။ဒါကြောင့်လည်း မရှိမဲ့ ရှိမဲ့ ငွေစု၍ အလှုလုပ်ကာ ကိုရင်ဝတ်ပေးခဲ့ခြင်းဖြစ်သည်။အခုလို သားကိုရင် လူထွက်မယ်ဆိုတာ သိရတော့ ဖြေမဆည်နိုင်အောင် ဝမ်းနည်းမိလေသည်။တကယ်သာ လူထွက်မယ်ဆိုရင်တော့ ဘယ်လောက်ခံစားရမလဲ မသိချေ။သားကိုရင်ကို လူမထွက်စေချင်ပေ။တရားပွဲတစ်ခုတွင် ဓမ္မကထိကဆရာတော်ဟောသွားသော ကဗျာလေးကို ယခုထိတိုင် သတိရနေသေးသည်။ကဗျာက အရှင်မဟာသီလဝံသ ရေးသော ကဗျာဟုသိရ၏။
မြတ်ရာရာကို လှမ်းပါလေ
************************
ယခုအခါ သာသနာမှု
လူဖြစ်ကိုမျှ ရခဲလှ၏။
လူမှသာမဏေ ဖြစ်ပေမြတ်ခြင်း
ပဥ္ဇင်းသံဃာ ဖြစ်တုံပါမှု
ဆိုရာမရှိ မြတ်ခေါက်ထိဟု
သိကြပါစေ သည်ထက်သည်သာ
မြတ်ရာရာကို လှမ်းပါလေ။
ကဗျာလေးကို စိတ်ထဲရွတ်ရင်း ဒီကဗျာထဲကလိုဘဲ မိမိ၏ သားကိုရင်ကို ကိုရင်ဘဝထက်မြတ်သော ရဟန်းဘဝကိုသာ ရောက်စေရစေချင်သည်။ကိုရင်ဘဝအောက် ယုတ်ည့ံသော လူ့ဘဝသို့ မရောက်စေချင်ပေ။ မြတ်သည်ထက် မြတ်သည်ကိုသာ လှမ်းစေချင်တဲ့အတွက် သားကိုရင်ကို အကြောင်းအကျိုးပြ ဖြောင်းဖျမည်ဟု ဆုံးဖြတ်ကာ စာတစ်စောင်ရေးသားပို့လိုက်လေသည်။
၅။
သို့
သားကိုရင် သားကိုရင် ဒီအရွယ်မှာ လူထွက်ချင်တဲ့စိတ်ဖြစ်တာ အမေနားလည်ပေမဲ့ အမေ စိတ်မကောင်းဘူးသားရယ်။မကောင်းကျောင်းပို့ လို့ ဆိုကြပေမဲ့ အမေကတော့ သားကို ကောင်းစေဖို့ ကျောင်းကို ပို့ခဲ့တာပါသားရယ်။သားနဲ့ ခွဲခွါနေရတဲ့ကာလမှာလည်း သားကို ဘယ်လောက်ထိ လွမ်းဆွတ်သတိရနေတယ်ဆိုတာ အမေသာ အသိဆုံးပါ။သားကို လွမ်းပေမဲ့ သားကိုရင်က မြတ်စွာဘုရားရဲ့ ပရိယတ်စာပေတွေကို သင်ယူကျက်မှတ်နေတယ်။မြင့်မြတ်တဲ့ သာသနာ့ဘောင်မှာ နေထိုင်နေတာဘဲ လို့တွေးကာ အလွမ်းစိတ်က်ို ဖြေသိမ့်ရပါတယ် သားရယ်။သားကို လူမထွက်ပါနဲ့ လို့တော့ မတားရက်ပါဘူး။သား စိတ်ဆင်းရဲမှာ စိုးလို့ပါ။ဒါပေမဲ့ သားရယ် အမေ့သဘောကတော့ သားကို သာသနာဘောင်မှာဘဲ နေထိုင်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သာသနာပြုဆရာတော်ကြီး ဖြစ်စေချင်တာပါ။တကယ်တော့ သား လူ့ဘဝဆိုတာ လွယ်မယောင်နဲ့ ခက် တိမ်မယောင်နဲ့ နက်တဲ့ ပုစ္ဆာတစ်ပုဒ်ပါ။ချမ်းသာသလိုနဲ့ ဆင်းရဲခြင်းသာ ရှိတဲ့ နေရာပါ သားရယ်။
လူ့ဘဝနဲ့ ရဟန်းဘဝ ဘယ်ဘဝက ပိုပြီး အဖိုးတန်သလဲ မွန်မြတ်သလဲ ဆိုတာ လေးလေးနက်နက်စဉ်းစားကြည့်ပါ သား။
မြတ်စွာဘုရားက ပဗ္ဗဇိတဘာဝေါ ဒုလ္လဘော ရှင် ရဟန်းဘဝဆိုတာ ရခဲပါတယ်တဲ့။ရခဲဆို ပါရမီဖြည့်စဉ် လေးအသချေင်္နှင့် ကမ္ဘာတစ်သိန်းကာလမှာတောင် ရဟန်းဘဝကို ကိုးကြိမ်သာ ရခဲတာ မဟုတ်လား သားရယ်။ ဘုရားဖြစ်မည့်ဘဝမှာလည်း တိုင်းပြည့်အုပ်ချူပ်မင်းလုပ်တဲ့ ဘဝကနေ ကြီးကျယ်ခမ်းနားတဲ့ စည်းစိမ်တွေကို စွန့်ပြီး တောထွက်ကာ ရဟန်းဝတ်ခဲ့တာ မဟုတ်လား။သားတော်ရာဟုလာလေးကိုလည်း အမွေတောင်းလာတော့ လောကီအမွေမပေးဘဲ ကိုရင်ဝတ်ပေးခဲ့တာ မဟုတ်လား။နောက်ပြီး လက်ယာတော်ရံ လက်ဝဲတော်ရံ မထေရ်ကြီးများဖြစ်ကြတဲ့ အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလ္လာန် တို့ကလည်း စည်းစိမ်ကြွယ်ဝ ချမ်းသာတဲ့ လူချမ်းသာဘဝများကနေ ရဟန်းဝတ်လာခဲ့တာ မဟုတ်လား။
အရှင်ယသ အမည်ရတဲ့ မထေရ်ကလည်း လူ့ဘဝတုန်းက မြတ်စွာဘုရားကဲ့သို့ပဲ ကြီးကျယ်ခမ်းနားတဲ့ စည်းစိမ်တွေကို ခံစားခဲ့ရပါတယ်။သူ့မှာ အနယ်နယ်အရပ်ရပ်က သူဌေးသားသူငယ်ချင်း ၄ ယောက်ရှိတယ်။သူတို့က အရှင်ယသ ရဟန်းဝတ်သွားတယ်လို့ ကြားရတော့ စဉ်းစားပါတယ်။ဒီလို ကြီးကျယ်တဲ့ စည်းစိမ်တွေကို စွန့်လွတ်ပြီး ရဟန်းဝတ်သွားတာကို ကြည့်ရင် ဒီ ရဟန်းဘဝဟာ ယုတ်ညံ့တဲ့ဘဝတော့ ဖြစ်မှာ မဟုတ်ဘူး။
အဲဒီလို စဉ်းစားပြီး သူတို့လည်း ရဟန်းဝတ်သွားတယ်တဲ့။
နောက်ပြီး အရှင်ယသရဲ့ သူငယ်ချင်း အယောက် ၅၄ ယောက်ကလည်း အဲဒီလိုတွေးပြီး ရဟန်းဝတ်သွားပြန်တယ်တဲ့။ဒါတွေ ဒါတွေကို ထောက်ဆတွေးကြည့်မယ်ဆိုရင် လူ့ဘဝထက် ရဟန်းဘဝက ပိုပြီးမြတ်တယ်ဆိုတာ အသိသာချည်းဘဲ မဟုတ်လား ။ဒါကြောင့် ဒီမြင့်မြတ်တဲ့ ရှင်ရဟန်းဘဝကို စွန့်ပြီး လူမထွက်စေချင်တာပါ သားရယ်။
နောက်ပြီး ရှင် ရဟန်းဘဝဆိုတာ လူ့ဘဝထက် ကုသိုလ်အရများပြီး နိဗ္ဗာန်အရောက်မြန်တဲ့ ဘဝပါ သားရယ်။လူ့ဘဝမှာ လုပ်ရတဲ့ အလုပ်တွေဆိုတာ များသောအားဖြင့် အကုသိုလ်ဖြစ်တဲ့ အလုပ်တွေပါ။ရှင်ရဟန်းဘဝမှာ လုပ်ရတဲ့ စာသင် စာချ စာကျက် စာအံ တရားဟောခြင်းစတဲ့ အလုပ်တွေကတော့ ကုသိုလ်ဖြစ်တဲ့ အလုပ်တွေချည်းပါဘဲ သားရယ်။ဒါကြောင့်လည်း ရှင် ရဟန်းဘဝကို စွန့်ပြီး လူမထွက်စေချင်တာပါ သားရယ်။
မနှစ်က သားပေးသွားခဲ့တဲ့ မဟာဂန္ဓာရုံဆရာတော်ကြီးစာအုပ်တွေကို အမေဖတ်ဖြစ်ပါတယ် သား။ အရမ်းလေးနက်တဲ့ မြတ်စွာဘုရားအဆုံးအမ တွေကို အမေတို့လို လူတွေနားလည်အောင် ရေးထားတော့ ဖတ်လို့ကောင်းတယ် သား။ သားကိုလည်း အမေ ကျေးဇူးတင်ပါတယ်။ ဆရာတော်ကြီးက မြတ်စွာဘုရားသည် သတ္တဝါများအပေါ် ကျေးဇူးကြီးတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ သတ္တဝါများက မြတ်စွာဘုရားဟောတော်မူတဲ့ တရားတော်တွေကြောင့်သာ ကောင်းတာကို ကောင်းမှန်းသိပြီး မကောင်းတာကိုလည်း မကောင်းမှန်းသိရတယ်။ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ် မကောင်းတာကို လုပ်ရင် မကောင်းကျိုးရမယ်ဆိုတာလည်း သိကြရတယ်။အသက်ရှင်စဉ် ကောင်းတာလုပ်ခဲ့ရင် သေတဲ့အခါ လူနတ်စတဲ့ ကောင်းမွန်သော ဘဝသို့ရောက်ရတယ်။အသက်ရှင်စဉ် မကောင်းတာ လုပ်ခဲ့ရင်တော့ သေတဲ့အခါ ငရဲ ပြိတ္တာစတဲ့ မကောင်းမွန်သော ဘဝရောက်ရမယ်လို့ သိကြရပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက
သတ္တဝါများအပေါ် ကျေးဇူးကြီးပါတယ်သား။
ဒီအကြောင်းအရာလေးကို ဆရာတော်ကြီးကဗျာစပ်ထားတယ် သား။ သားကို အမေ ရွတ်ပြမယ်နော်။
ဘုရားကျေးဇူး
------------
ဘုရားရှင်တော် မပွင့်ပေါ်လျှင်
လူတော်အများ စိတ်ကောင်းထားလည်း
ဤကားကုသိုလ် အကုသိုလ်နှင့်
ထိုထိုဘုံဘဝ မသိရ
များလှအပြစ်တွေ။
ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍
ဟောဖော်ညွန်ကြား မြတ်တရားကြောင့်
ဤကားကုသိုလ် အကုသိုလ်နှင့်
ထိုထိုဘုံဘဝ သိကြရ
များလှကျေးဇူးတွေ။
ကျေးဇူးတော်ရင် ဘုရားရှင်ကို
ဦးတင်မပြတ် ကျေးဇူးဆပ်ဖို့
အမြတ်ရတနာ သာသနာ၏
ဝန်တာနှစ်ခန်း ကိုယ်စီးထမ်း
ကြိုးပမ်းကြပါစို့။
ဒီလို ကျေးဇူးများတဲ့အတွက် ကျေးဇူးဆပ်သောအားဖြင့်လည်း ရှင်ရဟန်းမထွက်သင့်ဘူးသား။
မြတ်စွာဘုရားရဲ့ တရားတော်တွေကိုဘဲ မပျောက်ပျက် မပျက်စီးအောင် ကာကွယ်စောင့်ရှောက်သောအားဖြင့် စာသင်စာချအလုပ်မှာ ပျော်မွေ့သင့်ပါတယ် သားရယ်။စာသင်စာချအလုပ်ဆိုတာ အကြီးကျယ်အခမ်းနားဆုံးသော ပရဟိတအလုပ်ပါ။စာသင်စာချနေတဲ့ ရှင်ရဟန်းတော်များဟာ အမွန်မြတ်ဆုံးသော ပရဟိတလူသားတွေပါ။ဘာလို့လဲဆိုတော့ မြတ်စွာဘုရားရဲ့ တရားတော်များက တစ်ဘဝမက တစ်သံသရာလုံး ဘဝငြိမ်းချမ်းမှုကို ပေးနိုင်လို့ပါ သား။ဒီတရားတော်များကို စောင့်ရှောက်သောအားဖြင့် စာသင်စာချရင်း မွန်မြတ်သော ပရဟိတအလုပ်ကို လုပ်သင့်ပါတယ်။မြတ်စွာဘုရားကျေးဇူးတွေကို မမေ့ပါနဲ့ သားရယ်။
မြတ်စွာဘုရားလက်ထက်တော်အခါက ကိုရင်သာနုဆိုတာ ရှိတယ်တဲ့ သား။ကိုရင်သာနုကလည်း သားလိုဘဲ လူပျိုပေါက် အရွယ်ရောက်တဲ့အခါ လူထွက်ချင်လာတယ်။လူထွက်မည့်အကြောင်း အမေဖြစ်သူကို ပြောပြတော့ အမေက ငိုတယ်တဲ့။ကိုရင်သာနုက အမေ လောကမှာ သားသေရင် ငိုကြတယ်။သားပျောက်ရင်လည််း ငိုကြတယ်။အမေက ဘာလို့ ငိုတာလဲ လို့မေးတယ်။ဒီတော့ အမေဖြစ်သူက သား လောကမှာ သားသေရင် သားပျောက်ရင် အမေတွေက ငိုကြသလို ကာမဂုဏ်အာရုံတွေကို စွန့်ပစ်ပြီး ရှင်ရဟန်းပြုတဲ့သားက တဖန်လူပြန်ထွက်မယ်ဆိုရင် အမေတွေက ငိုကြပါတယ်။ဘာဖြစ်လို့ ငိုတာလဲဆိုတော့ ရှင် ရဟန်းဝတ်ပြီး လူထွက်သူဟာ အသက်ရှင်နေပါသော်လည်း ဂုဏ်အားဖြင့် သေသောသူဖြစ်သွားလို့ပါပဲ လို့ ဖြေတယ်တဲ့သားရယ်။သားကိုရင်ကိုလည်း ဂုဏ်အားဖြင့် သေမသွားစေချင်ဘူးသားရယ်။
အမေရေးတာတွေလည်း များသွားပါပြီ။အမေပြောတာတွေကို သားကိုရင်က သိပြီး ဖြစ်ရင်ဖြစ်မှာပါ။အမေက သားကိုရင်ကို ပညာရှိ သတိဖြစ်ခဲ ဆိုသလို ဖြစ်မှာစိုးလို့ ပြောပြတာပါ သားရယ်။ ရွေးချယ်မှုမမှားရအောင် အမေပြောတာတွေကိုတော့ လေးလေးနက်နက်တွေးပေးစေချင်ပါတယ်။လူထွက်သင့် လူမထွက်သင့်ဆိုတာ သေချာစဉ်းစားစေချင်ပါတယ် သား။
သားကိုရင် အမေ့စာကို ဖတ်ပြီးရင် စာရေးအကြောင်းပြန်ပါ။အမေ့ဆန္ဒဘယ်လိုဘဲ ဖြစ်နေပါစေ နောက်ဆုံးတော့ သားကိုရင်ဆန္ဒအတိုင်းဘဲ ဖြစ်စေရမှာပါ သားရယ်။
သားရဲ့ အမေ
၆။
ကိုရင်နိဂြောဓ၏ မယ်တော်ကြီးသည် ကိုရင်နိဂြောဓပေးလိုက်သော စာကို ဖတ်ဖို့ စိတ်လှုပ်ရှားနေပေသည်။ ကိုရင်နိဂြောဓပေးလိုက်သော စာကို ဖတ်ဖို့ ကိုင်ထားသော လက်များသည် စိတ်လှုပ်ရှားလွန်းသဖြင့် တုန်လှုပ်၍ နေလေသည်။ စာအိတ်ကို ဖွင့်၍ ဖတ်လိုက်သောအခါ၌ကား စာတစ်ကြောင်းမျှကိုသာ ရေးထားတာ တွေ့လိုက်ရပေသည်။ထို တစ်ကြောင်းတည်းသော စာကို ဖတ်ပြီးသောအခါ၌ကား ကိုရင်နိဂြောဓ၏ မယ်တော်ကြီးမျက်နှာသည် ဝမ်းသာပီတိများဖြင့် ပြည့်ကာ ဝင်းပသွားလေသည်။ စာထဲတွင်ကား လူမထွက်တော့ဘူးအမေ ဟူ၍ ရေးထားလေသတည်း
ပုလဲသားလေး at 6:48:00 PM

Tuesday, 7 January 2020

သံသရာလမ်း ခရီးအစဉ်


    သံသရာလမ်း၊ ခရီးကြမ်း၌၊ ပင်ပန်းကြီးစွာ၊ လျှောက်၍လာလည်း။
    ခန္ဓာငါးပါး၊ ထိုတရားကို၊ ပိုင်းခြားတိတိ၊ နင်မသိလို့။
    မချိဟိုက်နွမ်း၊ အလွန်ပန်းခဲ့။
    စခန်းသင့်ရာ၊ နားလိုပါလည်း၊ ခွင့်ခါသူတောင်း၊ မရကောင်းတည့်။
    လမ်းကြောင်းအစဉ်၊ ဆုံးမမြင်သည်၊ သုံးအင်ဘဝ၊ ၀ဋ်ခင်းတည်း။ (ဆရာကြီး ဦးကြင်ရွှေ)

    သံသရာဟူသည် ရုပ်နာမ်ခန္ဓာ၊ အာယတန ဓာတ်တရားတို့ အစဉ်အားဖြင့် အမြဲမပြတ် ဆက်စပ်ဖြစ်ပေါ်နေခြင်းကို သံသရာခေါ်ပါသည်။

    ခန္ဓာနဉ္စ ပဋိပါဋိ၊ ဓာတု အာယတနာနိစ၊ အဗ္ဗောစ္ဆိန္နံ
    ၀တ္တမာနော သံသာရောတိ ပဝုစ္စတိ။ (ဓမ္မသင်္ဂဏီပါဠိတော်)
    ခန္ဓာနဉ္စ၊ ခန္ဓာတို့၏လည်းကောင်း။ အာယတနာနိစ၊ အာယတနတို့၏လည်းကောင်း။ ဓာတုနိစ၊ ဓာတ်တို့၏လည်းကောင်း။ ပဋိပါဋိ၊ အစဉ်အတိုင်း။ အဗ္ဗောစ္ဆိန္နံ၊ မပြတ်မလပ်။ ၀တ္တမာနော၊ ဖြစ်နေခြင်းကို။ သံသာရောတိ၊ သံသရာဟူ၍။ ပဝုစ္စတိ၊ ဆိုအပ်၏။
    ဤသို့ ဟောကြားတော်မူသော ဒေသနာတော်နှင့်အညီ၊ ကံလျှင် ရှေးသွားရှိသော (တစ်နည်း) စေတနာလျှင် ရှေးသွားရှိသော သံသရာ့လမ်းကြောင်းတွင် ရုပ်ကောင်၊ နာမ်ကောင်၊ ခန္ဓာကောင်၊ ပရမတ်ကောင် ဓာတ်ကောင် ၀ိပါက်ကောင်၊ အကျိုးကောင်တို့ လျှောက်နေကြသည်။
    မုချဆတ်ဆတ် ပရမတ္ထအနေမှာမူ၊ ၀ီထိစိတ်တလှည့် ဘဝင်စိတ်တစ်လှည့် ဥပါဒ်, ဌီ, ဘင် ခဏငယ်သုံးချက်အစဉ်ဖြင့် သံသရာအစမှ ယနေ့ကျအောင် ဆက်စပ်ဖြစ်လာခဲ့၏။ အဘယ်ဘဝကမျှ ပြတ်သည် ရပ်သည်မရှိ၊ နိဗ္ဗာနဓာတ်ချဉ်းကပ်မှသာ ရပ်ကြ ပြတ်ကြမည်။
    မိမိတို့ အဇ္ဈတ္တသန္တာန်၌ ရုပ်နာမ်ဓမ္မတို့ အမြဲတစေဖြစ်ပေါ်နေသည်ကြောင့် မိမိပင်လျှင် သံသရာဖြစ်ကြောင်း ကောင်းစွာသိရာ၏။ သံသရာဟူသည်ကို အခြားသောလွင်ပြင်ဌာနတို့၌ ရှာဖွေရန်မဟုတ်။ ရုပ်နာမ်ခန္ဓာတို့ သွားရာလမ်းဖြစ်သော ၀ီထိအစဉ်ကိုပင် သံသရာခေါ်ရပါသည်။
    သံသရာလမ်းဝယ် သူလျှောက်၊ ငါလျှောက်၊ ပုဂ္ဂိုလ်သတ္တဝါလျှောက်၊ လူနတ်ဗြဟ္မာသတ္တဝါတို့လျှောက်၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ အသူရကာယ် အပါယ်သတ္တဝါတို့လျှောက် စသည်တို့ ကား သမ္မုတိပညတ်အားဖြင့် ပြောဆိုခြင်းများသာဖြစ်၏။
    ပရမတ်ဉာဏ် အမြင်မှန်ဖြင့် ဖြည်ထွင်ကြည့်သော် ငါမရှိ၊ သူမရှိ၊ ပုဂ္ဂိုလ်သတ္တဝါမရှိ၊ အသက်လိပ်ပြာ အကောင်အထည် စသည်တို့ တစ်ခုမျှမရှိ။ ရုပ်နာမ်နှစ်ပါး (ခန္ဓာငါးပါး) သဘောတရားတို့သာလျှင် တစ်ခုပျောက်တစ်ခုရောက် အမြဲဆက်စပ်ဖြစ်ပျက်နေ၏။
    သံသရာလမ်းသည် လမ်းချောလမ်းကောင်း လမ်းမွန်မဟုတ်။ ထိုလမ်း လျှေက်လှမ်းရာဝယ် သက်သက်သာသာ ချမ်းချမ်းမြေ့မြေ့ ပြည့်ပြည့်ဝ၀ လျှောက်လှမ်းရသည်မဟုတ်။ ဘေးရန်အန္တရာယ်အသွယ်သွယ် ပြည့်လျှမ်းသော လမ်းကြမ်းကြီးပါတည်း။ အိုဘေးဆိုး၊ နာဘေးဆိုး၊ သေဘေးဆိုး အမျိုးမျိုးတို့၏ တိုးခြင်းတိုက်ခြင်းကို ခံကြရ၏။
    ရာဂ, ဒေါသ, မောဟ ဇာတိ, ဇရာ, မရဏ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ တည်းဟူသော တစ်ဆယ့်တစ်သီးသော မီးအပေါင်းတို့ တဟုန်းဟုန်းတဒီးဒီးတောက်လောင်နေသော လမ်းဆိုးလမ်းကြမ်းကြီးဖြစ်၏။ ထိုမီးလမ်းကြောင်းပေါ်၌ ပင်ပန်းကြီးစွာ လျှောက်လှမ်းလာကြရသည်ဖြစ်၍ သုခဟူ၍ မြူမျှမရှိ၊ ဒုက္ခအတိသာဖြစ်၏။
    ၆-ဒွါရ၊ ၆-တံခါး အာရုံ ၆-ပါးနှင့် တိုက်တိုင်းတိုက်တိုင်း၊ ၀ိညာဏဓါတ် ၆-ရပ် တဖျပ်ဖျပ် ဖြစ်ပေါ်၏။ တစ်နညး ၀ီထိ ၆-ပါးပေါ်ရ၏။ ၀ီထိတစ်ခေါက်လျှင် ကောင်းကျိုးဆိုးကျိုးကို ပေးစေတတ်သော ဇောစေတနာ ရ-လုံးပါ၏။
    ထို ဇောစေတနာတို့သည်ပင် လောဘမီး, ရာဂမီး, ထတောက်လိုက်၊ ဒေါသမီး မောဟမီးထတောက်လိုက်၊ သောကမီး ပရိဒေဝမီးထတောက်လိုက်၊ ဒုက္ခ ဒေါမနဿမီး ထတောက်လိုက်၊ ဥပါယာသ မီး ထတောက်လိုက်ဖြင့် မီး(၁၁)ပါးတို့ အစဉ်တောက်လောင်နေ၏။
    မူလ ပကတူပ အကြောင်းအရင်းကား၊ ဇာတိမီးက စပါ၏။ ဇာတိနောင် ပဝတ္ထိတစ်ဘဝလုံး ဇရာမီးလောင်၏။ (၉၆)ဖြာ ရောဂါ ဝေဒနာနှိပ်စက်ခြင်း၊ ဗျာဓိမီးလောင်၏။ ယင်းတို့အဆုံး မရဏမီးက လက်စတုံးလောင်မြိုက်၏။
    ထို မီး အပေါင်းသည် သံသရာလမ်းကြောင်းတည်းဟူသော ၀ိညာဏဓာတ် ၆-ရပ်ကိုမှီလျှက် အလျှံညီးညီး တဟုန်းဟုန်း တဒီးဒီးလောင်မြိုက်နေခြင်းဖြစ်၏။ ခန္ဓာကောင်ကို လောင်မြိုက်၏။ ပရမတ်ကောင် ဓါတ်ကောင်ကို လောင်မြိုက်၏။
    သမ္မုတိ ပညတ်အားဖြင့်၊ သူ့လောင်, ငါ့လောင် ပုဂ္ဂိုလ်လောင်, သတ္တဝါလောင်ဟု ဆိုရ၏။ ထို့ကြောင့် သံသရာလမ်းသည် အင်မတန် ကြောက်ဖွယ်သော မီးလမ်းကြောင်းကြီး ပါတည်း။
    သံသရာ့မီးလမ်းကြောင်း လျှောက်လှမ်းရသည်မှာ သက်သာကွက် အေးကွက် တစ်ချက်မျှမရှိ၊ ငိုတစ်ခါရယ်တစ်လှည့်ဖြင့် လျှောက်ကြရ၏။ ထို့ကြောင့် လူ့ဘုံဘ၀ လူ့လောကသည် ဇာတ်ပွဲနှင့်တမူတူ၏။ ဇာတ်ပွဲကရာတွင် ပထမပိုင်း၌ သောခန်း၊ ရယ်ခန်း ပျော်ခန်းရွှင်ခန်းများဖြင့် တအုန်းအုန်း တသောသော ပြုံးကြပျော်ကြ၏။ နောက်ပိုင်းရောက်သောအခါ မင်းသားကြည့်လည်း မျက်ရည်စက်လက်, မင်းသမီးကြည့်လည်းမျက်ရည်စက်လက် ငိုပွဲနှင့် ဇာတ်သိမ်းကြရ၏။
    ထို့အတူသာလျှင် သုဒ္ဓါ၀ါသငါးဘုံကိုထား၍၊ ကျန်သမျှ အခြားမည်သည့် ဘုံဘ၀ ရောက်ကြရသည်ဖြစ်စေ၊ ရှေ့ပိုင်းတွင် အဘယ်မျှသာယာသည် အဘယ်မျှ ချမ်းသာသည် ဆိုရစေကာမူ၊ နောက်ဆုံး ငိုပွဲနှင့် စခန်းသိမ်းကြရ၏။ ဇရာ, ဗျာဓိ, မရဏမီးတို့က ဆက်လျက်နေ၏။
    ဤ၌ ရင့်ကျက်မှုဇရာသည်ပင်လျှင် ဗျာဓိဟုဆိုရ၏။ အသက်အရွယ် အတော်ရင့်ရော်လာသောအခါ နာကျင်ကိုက်ခဲ၊ မထနိုင် မကြွနိုင်၊ မထိုင်နိုင် မထနိုင်၊ မလျှောက်နိုင် ဇရာနှိပ်စက်ခြင်းကြောင့် ညက်ညက်ကြေရ၏။ ထိုဇရာသည်ပင် ဗျာဓိဖြစ်သည်မှာ လွန်စွာထင်ရှား၏။ ဗျာဓိသည် ဇရာ၏ အန္တောဂတအဖြစ် သက်ဝင်နေ၏။ ဇရာသည် ဗျာဓိ၏ ကိုယ်စားလှယ်ဟု ဆိုရ၏။
    ထို့ကြောင့် ဇာတိနောက်ဖြစ်ပေါ်လာသော ပဝတ္တိတစ်ဘဝလုံးသည် ဇရာတရားချည်း ဖြစ်၏။ စင်စစ်ဇရာသည်  မရဏ၏ အချက်ပြတရား၊ အလံပြတရားဟုလည်း ဆိုရ၏။ ဇရာ၏ အဆုံး၌ မရဏနှင့် လုံးလုံးတွေ့ရသည်မှာ ဓမ္မတာပါတည်း။ သတ္တဝါတို့၏ အဆုံးတစ်နေ့သည် သေခြင်းသဘောတရားမှ တစ်ပါး အခြားမရှိပါချေ။
    သင်္ချာ သချေင်္ မရေမတွက်နိုင်သော အနမတဂ္ဂသံသရာလမ်း ခရီးကြမ်း၌ ပင်ပန်းကြီးစွာ လျှောက်လှမ်းလာသော်လည်း မဂ်ဉာဏ်ဖိုလ်ဉာဏ် ရရာရကြောင်း အားကိုးအားထားပြု လောက်သည့် တရားကောင်းတစ်ခုမျှ လက်ဆုပ်မိမိ တိတိကျကျ မရမသိ အားမထုတ်ခဲ့ကြပေ။ အကယ်၍ တစ်ခုသောဘဝက အားထုတ်ခဲ့ဘူးပါလျှင် ယခုလိုဘဝ၌ အရိယာအဖြစ် ရပ်တည်နိုင်ကြပေမည်။
    ခန္ဓာငါးပါး၊ ထိုတရားကို၊ ပိုင်းခြားတိတိ၊ နင်မသိလို့ ဆိုသည့်အတိုင်း ခန္ဓာငါးပါးတရားကို ပြတ်ပြတ်သားသား ပိုင်းပိုင်းခြားခြားသိသူဖြစ်ခဲ့ပါမူ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရ၍ အရိယာတွေ ဖြစ်ကြမည်။
    အနည်းအားဖြင့် မဂ်ဉာဏ်ဖိုလ်ဉာဏ်ရလို၍ ကျင့်သော မဂ္ဂ ပဋိပ္ပန္နပုဂ္ဂိုလ်အဖြစ် ရောက်ပြီဆိုလျှင် မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို အနှေးနှင့်အမြန် အမှန်ရနိုင်သူ ဖြစ်ပါလိမ့်မည်။
    သံသရာခရီးလမ်း လျှောက်လှမ်းခဲ့ကြသည်မှာ အဘယ်မျှရှည်ကြာခဲ့ကြပါသနည်း။ - အဘယ်မျှ ခရီးပေါက်ခဲ့ကြပါသနည်း။ လွန်ခဲ့သော အနမတဂ္ဂသံသရာမှ ရေတွက်၍ မကုန်ဆုံးနိုင်သော လွန်ခဲ့ပြီး အတိတ်သံသရာလမ်းကြီးကို လျှောက်လှမ်းခဲ့ကြပြီးဖြစ်၏။ ဆက်လက်လျှောက်လှမ်းရန် အနာဂတ်သံသရာ မည်မျှကျန်ပါသနည်း ဆိုကလည်း ဘယ်၍ဘယ်မျှ အမှန်းအတား ထားမရအောင် ကျန်သေး၏။ အနာဂတ်သံသရာ နိဗ္ဗာန် မရောက်မချင်း လျှောက်လှမ်းရဦးမည်ဖြစ်၏။
    ယခုရောက်ရှိနေသည်မှာ အလယ်တည့်တည့် သံသရာ၌ဖြစ်၏။ နောက်နောင် ဘဝပေါင်းများစွာ ရောက်ရှိငြားလည်း ထိုဆိုက်ရောက်ရာဘဝသည် သံသရာ၏ အလယ်တည့်တည့်ပင် ဆိုရမည်ဖြစ်၏။
    သံသရော ပုဗ္ဗကောဋိ နပညာယတိ .. .. ၊ ဟု ဟောတော်မူသည်နှင့်အညီ အန္ဓပုထုဇဉ် တစ်ယောက်၏ သံသရာအစွန်းအမြိတ်သည် လုံးဝထင်ကောင်းသည်မရှိ။ အလွန်ကြောက် မက်ဖွယ်ပါတည်း။
    ဘဝပေါင်းစုံ ဘုံပေါင်းစုံလည်း စုံခဲ့လှပြီ။ သုဒ္ဓါ၀ါသ ဘူးမရ ဆိုသည့် အရိယာမွန်တို့ စံပျော်ရာ သုဒ္ဓါ၀ါသငါးဘုံကို ကြဉ်ထား၍၊ မရောက်ခဲ့ဘူး၊ မဖြစ်ခဲ့ဘူးသော ဘုံဟူသည် မရှိပေ။ ယင်းသို့ ဘဝပေါင်း ဘုံပေါင်းစုံခဲ့ပါသော်လည်း ခန္ဓာငါးပါးတရားကို ပိုင်းခြားတိတိ မသိမမြင်ခဲ့သောကြောင့် မချိဟိုက်နွမ်း၊ အလွန်ပန်းခဲ့ကြလေပြီ။ ဖြစ်ရောက်ရာဘဝတိုင်း ဘယ်သောအခါကမျှ မချမ်းသာခဲ့ပါ။
    သံသရာရေးနှင့် တွေးဆသော် သေသည်၏ အခြားမဲ့ ဂတိငါးပါး၊ အဘယ်ဂတိလားရောက်ပါမည်နည်း၊ ကောင်းသေဂတိလားပါမူ တော်ပေစွ။ အကယ်၍ အပါယ်ဒုဂ္ဂတိ လားခဲ့သော် ကိုယ်ကျိုးနည်းရချည့်ဟု စိုးရိမ်ကြောင့်ကြမှုတို့ဖြင့် ရင်တွင်းတင်းကျပ်နေ၏။ သံသရာအရေးနှင့် တွေးသော် စိတ်မအေးရပါ။ တရားစစ် တရားမှန်မရ၊ အန္ဓပုထုဇဉ်ဘဝနှင့်နေကြရသော သတ္တဝါမှန်က ဤအတူချည်းဖြစ်၏။
    သေရေး၊ နေရေး ထိုနှစ်ရေးတွင် အန္ဓပုထုဇဉ်လိုင်းက သေရေးမတွေး၊ နေရေးကိုသာ တွေးသူများဖြစ်၏။ သေရေးတွေးသူ အချို့ရှိပါ၏။ သေလျှင် အပါယ်လေးပါးသို့ မတော်တဆလားလေမလား၊ သုဂတိရပ်ထံရောက်လေမလား တွေးတတ်၏။ ပြုထားသော ကုသိုလ်ကောင်းမှုတွေကတော့ မနည်းလှပါ။ အတော်လည်းစုံပါ၏။ သို့သော် ထိုကုသိုလ်ပြုထား ရှိထားသောကြောင့် သုဂတိရပ်ထံ အမှန်ရောက်ရမည်ဟု မိမိကိုယ်ကို စိတ်မချနိုင်ပြန်ပါ။ ဤဘဝမှ ထိုဘဝအကူး အထူးစိတ်ချမထားနိုင်ရကား အလွန်ပင်ပန်း မောဟိုက်နွမ်း၍ မချမ်းမသာဖြစ်ကြရပါသည်။
    ဤမျှတွင်မက လူဟူ၍ ဖြစ်ပြန်တော့လည်း သမုဒ္ဒရာ ၀မ်းတထွာ အူအင်္ဂါတိုက်ပွဲအတွက် ပြေးရလွှားရ၊ ရှာရဖွေရ လုပ်ကိုင်ရ၏။ အပူမရှောင် အအေးမရှောင်၊ ကောင်းမရှောင်၊ ဆိုးမရှောင် ဖြစ်သည့်နည်း၊ ရသည့်နည်းဖြင့် အသက်မွေးရ၏။
    ခိုးဝှက်လုယက်၊ လိမ်လည်လှည့်ဖျား၊ တိုက်ခိုက်သတ်ဖြတ်၊ အကုသိုလ်ဒုစရိုက် ဒုရာဇီဝမှု အမျိုးမျိုးဖြင့် အသက်မွေးရန် ရှာကြံရခြင်းလျှင် အကြောင်းအရင်းရှိသော ပရိယေသန မူလက ဒုက္ခကြောင့် နည်းနည်းမျှ မချမ်းသာပါ။
    ထို့ုပြင် ဆွေရေး မျိုးရေး၊ ကိုယ်ရေးကိုယ်တာ၊ သားရေး သမီးရေး၊ လင်ရေး မယားရေး၊ မိရေးဖရေး၊ ရပ်ရေးရွာရေး၊ အရေးပေါင်းစုံ အဖုံဖုံအဝဝ၊ ကိစ္စအထွေထွေ နေ့မအားညမအား၊ နင်လားငါလား စသည်အားဖြင့် မိမိတို့ရင်တွင်း၌ စူးဝင်နေသော စိုးရိမ်မကင်းကြောင့်ကြခြင်း ငြောင့်အစင်းပေါင်း ထောင်သောင်းမက များလှ၏။ သို့ဖြစ်သည်ကြောင့် မချိဟိုက်နွမ်း၊ အလွန်ပန်းခဲ့ကြပေပြီ။
    သို့ဖြစ်ငြားလည်း ဆင်းရဲသူဖြစ်စေ၊ ချမ်းသာသူဖြစ်စေ၊ ယခုလက်ရှိဘဝမှ သေချင်သူ စွန့်ချင်သူ တစ်ဦးမျှမရှိပါ။ မိမိတို့ဖြစ်ရာဘ၀ ရောက်ရာဘဝကို နှစ်သက်၏။ ခင်တွယ်၏။ မြတ်နိုး၏။ မစွန့်လို မခွါလိုသောဘဝတဏှာကြောင့် မသေပါရစေနှင့်ဦး နေခွင့်ပြုပါဟု သံသရာထံ ခွင့်တောင်းပန်၏။ မနေရပါ အချိန်စေ့လျှင် သေကြရသည်ချည်းဖြစ်၏။
    စခန်းသင့်ရာ၊ နားလိုပါလည်း၊ ခွင့်ခါသူတောင်း၊ မရကောင်းတည့် ဆိုသည့်အတိုင်း၊ လူ့ဘုံလူ့ဘဝရောက်ခိုက် လူ့ဘဝလူ့စည်းစိမ် သူဌေးသူကြွယ်၊ ပဒေသရာဇ် ဧကရာဇ်၊ စကြာဝတေး မန္ဓတ်စသည့် စည်းစိမ်၊ နတ်ဘ၀ နတ်ဘုရင် နတ်စည်းစိမ်၊ ဗြဟ္မာဘဝ၊ ဗြဟ္မာမင်း ဗြဟ္မာစည်းစိမ်၊ တရှိန်ရှိန်တဝင်းဝင်း တထိ်န်ထိန်တလင်းလင်း အချင်းခပ်သိမ်း စံစားနေရသဖြင့် အလွန်စခန်းသင့်နေပါသည်။ ထိုထိုဘဝစည်းစိမ်ချမ်းသာတို့ကို မစွန့်ရက် မစွန့်လို၊ မခွါရက် မခွွါလိုပါ။ သို့ဖြစ်သည်ကြောင့် မသေမကျေအမြဲနေပါရစေ၊ သံသရာ့ထံ တိုးလျှိုးတောင်းပန်း အသနားခံပါသော်လည်း၊ တစ်ကြိမ်တစ်ခါ တစ်ဘဝကမျှ ရခဲ့သည်မရှိ၊ စွန့်ကြ ခွါကြရ၏။
    လမ်းကြောင်းအစဉ်၊ ဆုံးမမြင်သည်၊ သုံးအင်ဘဝ၊ ၀ဋ်ခင်းတည်း။ ဟုဆိုခဲ့သည့်အတိုင်း သံသရာ့လမ်းကြောင်းအစဉ်သည် ဥပါဒ်, ဌီ, ဘင် သုံးအင်ခဏငယ် အစဉ်ဖြင့် အမြဲဆက်စပ် ဖြစ်ပျက်နေသည်ဖြစ်ရာ၊ ပြတ်သည်ရပ်သည် နားသည်မရှိ၊ ဆုံးစမမြင် သံသာခွင်၌ မြုပ်ချည်တစ်ခါ ပေါ်ချည်တစ်လှည့် အတောမသတ် အမျောမရပ် ကျင်လည်နေသော လမ်းကြောင်း အစဉ်ပါတည်း။
    ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝ၊ ဘဝသုံးအင် ဘုံသုံးခွင်၊ ဘဝသုံးထပ် ဘုံသုံးရပ်။ ကမ္မဝဋ်၊ ကိလေသာဝဋ်၊ ၀ိပါကဝဋ် ဟုဆိုအပ်သော ၀ဋ်သုံးပါး၊ ထိုဘဝသုံးပါး ၀ဋ်သုံးပါးတို့ကြား တဝဲလည်လည် မရပ်မတည် မျက်စိလည်မပျောက် အစဉ်လျှောက်နေသည်ဖြစ်၍ သံသရာတစ်ဖက်ကမ်း နိဗ္ဗာန်နန်းသို့ မလှမ်းမကပ်နိုင်ခဲ့ပါ။
    ရုပ်ဓမ္မ နာမ်ဓမ္မ ခန္ဓာငါးဝ၊ ပရမတ်သဘော ဓာတ်သဘောတစ်ခုကိုမျှ ပြက်ပြက်ထင်ထင် မမြင်မသိခဲ့ရကား၊ ၀ဋ်အနွယ် ကြီးကျယ်ရှည်လျား၊ (၁၁)ပါးသောမီးတို့ တညီးညီးတရှိန်ရှိန် တောက်လောင်နေသော သံသရာ့မီးပုံကြီးအတွင်းမှ အပြီးတိုင်မလွတ်နိုင် မကျွတ်နိုင်၊ မထွက်မြောက်နိုင်ခြင်း ဖြစ်ပါသည်။
(သတိသံဝေဂ ရ၍ တရားဘာဝနာအလုပ် ကြိုးစားမယုတ် အားထုတ်နိုင်၍ သံသရာဝဋ်မှ လွတ်မြောက်နိုင်ကြပါစေ။)

ပခုက္ကူဝိပဿနာသင်တန်း၊ အရည်စစ်စာတမ်း(ဒု)။

Monday, 6 January 2020

တစ်ရာနှင့် တစ်ရက်


(၁)
    “သီလမရှိသူရဲ့ အနှစ်တစ်ရာ အသက်ရှင်ရခြင်းထက် သီလရှိသူရဲ့ တစ်ရက်သာအသက်ရှင်ရခြင်းက အဆပေါင်းများစွာ ပိုပြီး မြင့်မြတ်ပါတယ်” (ဗုဒ္ဓ)

    ကာယကံ အမှားအယွင်းများ ရှောင်ကြဉ်မှု၊ ၀စီကံ အလွဲအချော်များ စောင့်ထိန်းမှုကို သီလလို့ ခေါ်ပါတယ်။ မပြုသင့်တဲ့ ကိုယ်မှုလုပ်ရပ်တွေ မပြု၊ မပြောသင့်တဲ့ နှုတ်ထွက်စကားတွေ မပြောဘဲ ကိုယ်နဲ့ နှုတ်ကို စောင့်စည်း ထိန်းသိမ်းနိုင်တဲ့သူဟာ သီလရှိတဲ့သူပါ။
    ကိုယ်အမှား၊ နှုတ်အမှား ပြုထားတဲ့သူ(သီလမရှိတဲ့သူ)ရဲ့ စိတ်အစဉ်ဟာ နောင်တတရားတွေနဲ့ ပူလောင်ကျွမ်းမြိုက်နေပါတယ်။ စိတ်ပူလောင်နေသူတစ်ယောက်ရဲ့ ကြံစည်တွေးခေါ်မှု၊ ဆုံးဖြတ်လုပ်ကိုင်မှုတွေဟာ အမှားတွေချည်း ဖြစ်နေမှာပါ။ ဒါမှမဟုတ် အမှားတွေ ရောနှောနေမှာပါ။
    ဒါနဆိုတာ မှန်ကန်တဲ့ လုပ်ရပ်တစ်ခုပါ။ ဒါပေမဲ့ သီလမရှိသူရဲ့ ဒါနဟာ ကြွက်ချေးရောနေတဲ့ ဆွမ်းဆန်လိုဖြစ်နေလို့ အကျိုးပေးမစင်ကြယ်နိုင်ပါဘူး။ သီလရှိသူရဲ့ ဒါနကတော့ အမွှေးသေတ္တာထဲက လှောင်ထားတဲ့ သလေးဆန်နဲ့အလားတူလို့ အကျိုးပေးလည်း စင်ကြယ်၊ အကျိုးရလည်း ကြီးကျယ်ခမ််းနားပါတယ်။
    သီလမရှိတော့ စိတ်မအေးချမ်း၊ စိတ်မအေးချမ်းတော့ စိတ်မတည်ငြိမ်၊ စိတ်မတည်ငြိမ်တော့ အသိဉာဏ်မထွက်၊ သီလပျက်ရင် သမာဓိရော၊ ပညာရော ဖြစ်ခွင့်မရှိတော့ပါဘူး။ သီလရှိရင်တော့ စိတ်အေးချမ်းတဲ့အတွက် သမာဓိရော၊ ပညာရော ပြည့်ပြည့်ဝ၀ အားကောင်းနိုင်ပါတယ်။
    ဒါကြောင့်လည်း မြတ်စွာဘုရားရှင်က “သတိပဋ္ဌာန်တရား ပွားများတဲ့သူဟာ သီလတည်းဟူသော မြေကြီးပေါ်မှာ ရပ်တည်ပြီး ပွားများရမယ်” လို့ မိန့်ကြားတော်မူခဲ့ပါတယ်။  သီလစောင့်ထိန်းရင်း ပွားများနေတဲ့ သတိပဋ္ဌာန် ၀ိပဿနာကသာ မဂ်လမ်း၊ ဖိုလ်လမ်း ဖြောင့်ပြီး နိဗ္ဗာန်ကို ဆိုက်ရောက်စေနိုင်မှာပါ။
    မေတ္တယျမြတ်စွာဘုရားကို ဖူးမြော်ချင်လို့ ၀ိပဿနာ အားမထုတ်သေးဘဲ နေတဲ့ မဟာသံဃရက္ခိတမထေရ် သေရာညောင်စောင်း လျောင်းနေတဲ့အချိန် အလုပ်အကျွေးရဟန်းငယ်က “အရှင်ဘုရား ပရိနိဗ္ဗာန်ပြုတော်မူတော့မယ်ဆိုတဲ့ သတင်းကြောင့် ၁၂-ယူဇနာ ပတ်ဝန်းကျင်က လူထောင်သောင်းများစွာ ကြိတ်ကြိတ်တိုး စုရုံးရောက်ရှိနေပါတယ်။ တကယ်လို့ ပုထုဇဉ်ဘဝနဲ့ အရှင်ဘုရားစုတေမှန်းသိသွားရင် သူတို့ စိတ်နှလုံး မသာမယာ ဖြစ်သွားကြပါလိမ့်မယ်ဘုရား” လို့ လျှောက်ထားတဲ့အတွက် လဲလျောင်းနေရာမှ ထူမတ်ခိုင်းပြီး ရဟန်းငယ်ကို အခန်းအပြင်ဘက် ခေတ္တထွက်နေစေပါတယ်။
    ရဟန်းငယ် အခန်းအပြင်ဘက်ရောက်တယ်ဆိုရင်ဘဲ မထေရ်မြတ်က လက်ဖျောက်တီးပြီး အခန်းထဲ ပြန်ဝင်ခဲ့ဘို့ အမှတ်သင်္ကေတ ပေးလိုက်ပါတယ်။ ရဟန်းကိစ္စပြီးသွားပြီ၊ ရဟန္တာဖြစ်သွားပြီဆိုတဲ့ သဘောပေါ့။
    “အရှင်ဘုရား၊ အခုလို သေကောင်ပေါင်းလဲ ဖြစ်နေတဲ့အချိန်မှာ ရဟန္တာဖြစ်အောင် မြန်မြန်ကြီးကျင့်နိုင်တာ ထူးဆန်းလှပါတယ်ဘုရား”
    “တကယ်တော့ ဒါဟာ မထူးဆန်းပါဘူး ငါ့ရှင်၊ ထူးဆန်းတာက ....... တပည့်တော်ဟာ ရဟန်းဖြစ်တဲ့အချိန်ကစပြီး ဘယ်အမှုမျိုးကိုမှ သတိဉာဏ်မပါဘဲ မှားမှားယွင်းယွင်း ချွတ်ချွတ်ချော်ချော် မပြုခဲ့ဖူးတာပါပဲ။ ရဟန်းဖြစ်ကတည်းက တပည့်တော်ရဲ့ သီလဟာ ထက်ဝန်းကျင်ဖြူစင်သန့်ရှင်းခဲ့ပါတယ် ငါ့ရှင်”
    ကိုယ့်ရဲ့ အကြွင်းမဲ့ဖြူစင်တဲ့ သီလကို ဆင်ခြင်ရင်း ဖြစ်ပေါ်လာတဲ့ ပီတိပါမောဇ္ဇ - နှစ်သက်ဝမ်းမြောက်မှုကို အခြေခံပြီး ၀ိပဿနာရှုပွားလိုက်တာ စက္ကန့်ပိုင်းအတွင်းမှာပဲ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်ခဲ့ပါတယ်။
    သီလနဲ့ တစ်ရက် အသက်ရှင်ရရင်တောင် မြတ်တယ်ဆိုမှတော့ အနှစ်တစ်ရာပတ်လုံး သီလနဲ့ အသက်ရှင်ရရင် ဘယ်လောက်များ ကြီးကျယ်မြင့်မြတ်လိုက်မလဲ .......။

(၂)
    “သမာဓိမရှိသူရဲ့ အနှစ်တစ်ရာ အသက်ရှင်ရခြင်းထက် သမာဓိရှိသူရဲ့ တစ်ရက်တာအသက်ရှင်ရခြင်းက အဆပေါင်းများစွာ ပိုပြီး မြင်မြတ်ပါတယ်” (ဗုဒ္ဓ)

    ကိုယ်လုပ်နေတဲ့အလုပ်၊ ကိုယ်ယူနေတဲ့ အာရုံအပေါ်မှာ စိတ်တည့်တည့်မတ်မတ် ထားနိုင်မှုကို သမာဓိလို့ ခေါ်ပါတယ်။ စိတ်မပျံလွင့်တဲ့သူ၊ စိတ်တည်ငြိမ်တဲ့သူ၊ ကိုယ်လောလောဆယ်လုပ်နေတဲ့ အလုပ်ထဲမှာ စိတ်အာရုံ အပြည့်အ၀ စူးစိုက်နှစ်မြှုပ်ထားနိုင်တဲ့သူဟာ သမာဓိရှိတဲ့သူပါ။
    ဘယ်အလုပ်ပဲလုပ်လုပ်၊ သမာဓိရှိမှ လှပသေသပ်ပါတယ်။ သမာဓိမရှိရင် ဖရိုဖရဲနဲ့ ပြန့်ကြဲပြီး ဘယ်အလုပ်မှ လှပသေသပ်မှု မရှိတော့ပါဘူး။ အောက်ထစ်ဆုံးပြယုဂ်အနေနဲ့ ပြောရရင် ဖိနပ်ကို စီစီရီရီ ညီနေအောင် ချွတ်တာဟာ သမာဓိရှိလို့ပါ။ ဖိနပ်နှစ်ဖက်ကို စီစီရီရီ ညီနေအောင် မချွတ်ဘဲ ဟိုတစ်ဖက် ဒီတစ်ဖက် ချွတ်တာ၊ ကွာကျဲနေအောင် ချွတ်တာဟာ သမာဓိမရှိလို့ပေါ့။
    သမာဓိမရှိရင် ကိုယ်လုပ်တဲ့ အလုပ်ထဲကနေ စွမ်းရည်သတ္တိ၊ ကောင်းကျိုးချမ်းသာ အပြည့်အ၀ မရပါဘူး။ အချိန်လည်းပိုကုန်၊ လူလည်း ပိုပင်ပန်းပါတယ်။ သမာဓိရှိရင်တော့ အချိန်မကုန်၊ လူမပန်းဘဲ အလုပ်ရဲ့စွမ်းရည်နဲ့ ကောင်းကျိုးကို အပြည့်အ၀ ခံစားခွင့်ရပါတယ်။
    သမာဓိဆိုတာ ကျောက်ဖျာနဲ့ တူပါတယ်။ ဉာဏ်ဆိုတာ ဓားနဲ့တူပါတယ်။ သမာဓိကျောက်ဖျာပေါ် တင်သွေးမှ ဉာဏ်ဓားက ထက်တာပါ၊ ဉာဏ်ထက်မှလည်း သိသင့်သိထိုက်တာတွေ သိပြီး လွတ်သင့်လွတ်ထိုက်တဲ့ ဒုက္ခတွေကနေ လွတ်မြောက်နိုင်ပါလိမ့်မယ်။
    မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဖို့ လေးလအလိုမှာ ပုထုဇဉ်ရဟန်း အတော်များများ ငိုကြယိုကြ ပူဆွေးကြ၊ စုဝေးကြ တိုင်ပင်ကြနဲ့ အချိန်ဖြုန်းနေပေမယ့် ဓမ္မာရာမ မထေရ်ကတော့ ငိုယိုပူဆွေးခြင်း၊ စုဝေးတိုင်ပင်ခြင်း လုံးဝမပြုလုပ်ဘဲ ကိုယ့်တရားကိုယ် အချိန်ပြည့် အားထုတ်နေပါတယ်။ “မြတ်စွာဘုရားရဲ့ ပရိနိဗ္ဗာန်အမီ ငါရဟန္တာဖြစ်စေရမယ်”ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။
    ဒါကို မကျေနပ်တဲ့ ရဟန်းတော်တွေက မြတ်စွာဘုရား သွားလျှောက်လို့ မြတ်စွာဘုရားရှင်က “ငါဘုရားကို တကယ်ချစ်ရင် ဓမ္မာရာမလို တကယ်ကျင့်ရမယ်”လို့ မိန့်ကြားပြီး ဂါထာတစ်ပုဒ်နဲ့ တရားဟောတော်မူပါတယ်။ တရားဂါထာအဆုံးမှာ ဓမ္မရာမမထေရ် ရဟန္တာဖြစ်သွားပါတယ်။
    သမာဓိရှိတဲ့သူဟာ အခြေအနေ၊ အချိန်အခါကို တွက်ချက်ပြီး “လောလောဆယ်ကိုယ်အလုပ်သင့်ဆုံးအလုပ်ဟာ ဘာလဲ” ဆိုတာကို တိတိကျကျ ဆုံးဖြတ်နိုင်စွမ်းရှိပါတယ်။ အပိုအလုပ်တွေနဲ့ လုံး၀ အချိန်ဖြုန်းလေ့မရှိသလို လုပ်သင့်တဲ့အလုပ်တိုင်းကိုလည်း တစ်ပြိုင်တည်း စုပြုံလုပ်လေ့မရှိပါဘူး။ ဦးစားပေးအလုပ်နဲ့ ဆိုင်းငံ့အလုပ်ကို ခွဲခြားနားလည်တဲ့အတွက် အလုပ်ရဲ့ အရည်အသွေးနဲ့ အလုပ်ရဲ့ စံချိန်ကို ထူးထူးခြားခြား အရာထင်အောင် မြှင့်တင်နိုင်ပါတယ်။
    သမာဓိနဲ့ တစ်ရက် အသက်ရှင်ရရင်တောင် မြတ်တယ် ဆိုမှတော့ အနှစ်တစ်ရာပတ်လုံး သမာဓိနဲ့ အသက်ရှင်ရရင် ဘယ်လောက်များကြီးကျယ်မြင့်မြတ်လိုက်မလဲ .......။

(၃)
    “ပညာမရှိသူရဲ့ အနှစ်တစ်ရာ အသက်ရှင်ရခြင်းထက် ပညာရှိသူရဲ့ တစ်ရက်တာ အသက်ရှင်ရခြင်းက အဆပေါင်းများစွာ ပိုပြီး မြင့်မြတ်ပါတယ်” (ဗုဒ္ဓ)

    အမှားအမှန်၊ အကောင်းအဆိုးကို အကြောင်းအကျိုးနဲ့ စနစ်တကျ သိမြင်နိုင်စွမ်းကို ပညာလို့ ခေါ်ပါတယ်။ တွေးသင့်၊ မတွေးသင့်၊ ပြောသင့်၊ မပြောသင့်၊ လုပ်သင့်၊ မလုပ်သင့်ကို ခွဲခြားနားလည်ပြီး နားလည်တဲ့အတိုင်းလည်း အမှန်နဲ့ အကောင်းတွေချည်း တွေး၊ ပြော လုပ်တဲ့သူဟာ ပညာရှိတဲ့သူပါ။
    မှတ်သားပညာ၊ စဉ်းစားပညာနဲ့ ရှုပွားပညာလို့ ပညာသုံးမျိုးရှိပါတယ်။ အရာရာကို မျက်စိဖွင့်၊ နားစွင်ပြီး လေ့လာမှတ်သား နာကြား ဖတ်ရှုရာက ရလာတဲ့ ဗဟုသုတ အသိကို “မှတ်သားပညာ”လို့ခေါ်ပါတယ်။ ဗဟုသုတအသိနဲ့ လက်တွေ့ခံစားချက်ကို အခြေခံပြီး ဆင်ခြင်သုံးသပ် စဉ်းစားတွေးတောရာက ရလာတဲ့ကိုယ်ပိုင်အသိကို “စဉ်းစားပညာ”လို့ခေါ်ပါတယ်။ သတိပဋ္ဌာန်နည်းလမ်းအတိုင်း  ပစ္စုပ္ပန်ကျကျ၊ ပရမတ်ဆိုက်ဆိုက် ရှုမှတ်ပွားများ အားထုတ်ရာက ရလာတဲ့ ၀ိပဿနာအသိ၊ မဂ်ဖိုလ်အသိကို “ရှုပွားပညာ” လို့ ခေါ်ပါတယ်။
    မှတ်သားပညာရော၊ စဉ်းစားပညာရော၊ ရှုပွားပညာရော၊ ပညာသုံးမျိုးလုံးရှိမှ ထိပ်တန်းပညာရှိ ဖြစ်နိုင်ပါတယ်။ ထိပ်တန်းအဆင့်အထိ မစွမ်းနိုင်ရင်လည်း သာမာန်ပညာရှိ တစ်ယောက်အနေနဲ့ မှတ်သားပညာနဲ့ စဉ်းစားပညာကတော့ ရှိကို ရှိရပါမယ်။ မှတ်သားပညာသာရှိပြီး စဉ်းစားပညာ မရှိတဲ့သူကို ပညာရှိလို့ မခါ်ပါဘူး။ ပညာတတ်လို့ပဲ ခေါ်ပါတယ်။
    လောကမှာ ပညာရှိတဲ့သူတွေသာ မိမိအကျိုးကိုရော၊ သူတစ်ပါးအကျိုးကိုရော သယ်ပိုးဆောက်ရွက်နိုင်ပါတယ်။ အထူးသဖြင့် အများအကျိုး သယ်ပိုးတဲ့နေရာမှာ ပညာဟာ မရှိမဖြစ် လိုအပ်ချက်ပါ။ မေတ္တာကရုဏာသာ ရှိပြီး ပညာမရှိရင် အများအကျိုးကို ဘယ်လိုနည်းနဲ့မှ သယ်ပိုးလို့ မရနိုင်ပါဘူး။
    ဗုဒ္ဓဘုရားရှင်ဟာ တစ်လောကလုံးမှာ ပညာဉာဏ်အကြီးမားဆုံးပုဂ္ဂိုလ်ဖြစ်လို့ တစ်လောကလုံးအကျိုးစီးပွားကို ဘယ်လူ၊ ဘယ်နတ် ဘယ်တန်ခိုးရှင်မှ မတုပနိုင်၊ မနှိုင်းယှဉ်နိုင်လောက်အောင် အဆုံးစွန်အထိ သယ်ပိုးရွက်ဆောင်တော်မူနိုင်ခဲ့တာပါ။
    ပညာနဲ့ တစ်ရက် အသက်ရှင်ရတာတောင် မြတ်တယ်ဆိုမှတော့ အနှစ်တစ်ရာပတ်လုံး ပညာနဲ့ အသက်ရှင်ရရင် ဘယ်လောကများ ကြီးကျယ်မြင့်မြတ်လိုက်မလဲ ..........။

(၄)
    “၀ီရိယနည်းသူရဲ့ အနှစ်တစ်ရာ အသက်ရှင်ရခြင်းထက် ၀ီရိယမြဲသူရဲ့ တစ်ရက်တာ အသက်ရှင်ရခြင်းက အဆပေါင်းများစွာ ပိုပြီး မြင့်မြတ်ပါတယ်” (ဗုဒ္ဓ)

    ကိုယ်လုပ်ရမယ့် အလုပ်ကို ဘာအကြောင်းကြောင့်မှ နောက်မဆုတ်ဘဲ ရဲရဲဝံ့ဝံ့ ပြုလုပ်တတ်တဲ့ အစွမ်းသတ္တိကို ၀ီရိယလို့ခေါ်ပါတယ်။ အလုပ်လုပ်ချင်စိတ်ကို လျော့ပါးပျက်စီးစေတတ်တဲ့ ဆန့်ကျင်ဖက် အကြောင်းတရားတွေကြောင့် ကိုယ့်အလုပ်အပျက်ခံတဲ့သူ၊ ပျင်းပျင်းရိရိ တွန့်တွန့်ဆုတ်ဆုတ် ဖြစ်နေတဲ့သူဟာ ၀ီရိယနည်းတဲ့သူပါ။ ဘယ်လိုအနှောက်အယှက် အဟန့်အတားမျိုးကိုမှ ဂရုမထားဘဲ ကိုယ့်အလုပ်ကိုယ် စိုက်လိုကမတ်တတ် လုပ်နေတဲ့သူ၊ နိုးနိုးကြားကြား ထထကြွကြွ အမြဲရှိတဲ့သူဟာ ၀ီရိယမြဲတဲ့သူပါ။
    ပင်ကိုယ်အစွမ်းအစ ဘယ်လောက်ရှိရှိ၊ ၀ီရိယမရှိရင် အရည်အသွေးကောင်းတွေ၊ ရလဒ်ကောင်းတွေ လုံးဝပေါ်ထွက်မလာနိုင်တဲ့အပြင် နဂိုရှိပြီးသား အစွမ်းအစတောင် အညွှန့်တုံးသွားနိုင်ပါတယ်။ ၀ီရိယမပါရင် အစွမ်းအစဟာ အစွမ်းအဆုံးအထိ မရာက်ဘဲ အစွမ်းအစ၊ သို့မဟုတ် အစွမ်းအလယ်မှာပဲ ရပ်တန့်ပြီးဆုံးသွားပါလိမ့်မယ်။
    တရားဘာဝနာနယ်ပယ်မှာတော့ သွားရင်းဖြစ်တဲ့ ကိလေသာကို သွားနေဆဲမှာပဲ ပယ်နိုင်တဲ့သူ၊ ရပ်ရင်း၊ ထိုင်ရင်း၊ လျောင်းရင်း ဖြစ်တဲ့ ကိလေသာကို ရပ်နေဆဲ၊ ထိုင်နေဆဲ၊ လျောင်းနေဆဲမှာပဲ ပယ်နိုင်တဲ့သူကို ၀ီရိယရှိသူလို့ခေါ်ပါတယ်။ အချိန်မရွေး၊ နေရာမရွေး ပွားများနေမှ၊ ကိုယ်အမူအရာမရွေး၊ စိတ်အခြေအနေမရွေး ရှုမှတ်နေမှ တရားအားထုတ်သူအစစ်၊ တရားဝီရိယရှိသူအစစ်လို့ ဆိုလိုပါတယ်။
    ဘိက္ခုနီမ ၀တ်ချင်ပေမယ့် ခင်ပွန်သည်က ခွင့်မပြုလို့ ၀တ်ခွင့်မရရှာတဲ့ ဝေသာလီသူ မငြိမ်းခိုင်(ထေရိကာ)ဟာ အိမ်မှုကိစ္စ၊ လူမှုကိစ္စတွေကို သတိပဋ္ဌာန်ဝိပဿနာအလုပ်နဲ့ တွဲပြီး အမြဲလုပ်လေ့ရှိတဲ့အတွက် တစ်နေ့ဟင်းရွက်ကြော်ရင်း လန်းရာ နွမ်းသွားတဲ့ ဟင်းရွက်တွေကိုသက်သေထားပြီး ခန္ဓာဉာဏ်စိုက် ရှုပွားလိုက်တာ ဟင်းရွက်ကြော်အိုး မီးဖိုပေါ်က မချသေးခင်မှာပဲ အနာဂါမ် ဖြစ်သွားခဲ့ပါတယ်။
    ၀ီရိယနဲ့ တစ်ရက် အသက်ရှင်ရတာတောင် မြတ်တယ်ဆိုမှတော့ အနှစ်တစ်ရာပတ်လုံး ၀ီရိယနဲ့အသက်ရှင်ရရင် ဘယ်လောက်များကြီးကျယ်မြင့်မြတ်လိုက်မလဲ ........။

(၅)
    “ဖြစ်ပျက်မမြင်သူရဲ့ အနှစ်တစ်ရာ အသက်ရှင်ရခြင်းထက် ဖြစ်ပျက်မြင်သူရဲ့ တစ်ရက်တာ အသက်ရှင်ရခြင်းက အဆပေါင်းများစွာ ပိုပြီး မြင့်မြတ်ပါတယ်” (ဗုဒ္ဓ)

    သက်ရှိ၊ သက်မဲ့တွေ သစ်ရာက ဟောင်းသွားတာ၊ ကောင်းရာက ဆိုးသွားတာ၊ တိုးရာက ရပ်သွားတာ၊ မတ်ရာက လဲသွားတာ၊ မြဲရာက တိမ်းသွားတာ၊ စိမ်းရာက နွမ်းသွားတာ၊ လန်းရာ ညှိုးသွားတာ၊ ဖြိုးရာက ကျသွားတာ၊ လှရာက ပုပ်သွားတာ၊ ဟုတ်ရာက ခွင်သွားတာ၊ ရှင်ရာက သေသွားတာတွေ အားလုံးဟာ ဖြစ်ပျက်တွေချည်းပါပဲ။
    သစ်ရွက်ကြွေတာလည်း ဖြစ်ပျက်၊ လူသေတာလည်း ဖြစ်ပျက်ပါ။ ပန်းကန်ကွဲတာလည်း ဖြစ်ပျက်၊ ချစ်သူလွဲတာလည်း ဖြစ်ပျက်ပါ။ ဒါပေမဲ့ အဲဒီဖြစ်ပျက်တွေက သံဝေဂဖြစ်ပျက်တွေပဲ ရှိပါသေးတယ်။ ၀ိပဿနာဖြစ်ပျက် မဟုတ်သေးပါဘူး။ သံဝေဂဖြစ်ပျက်က ပညတ်ကို အာရုံပြုပါတယ်။ ၀ိပဿနာဖြစ်ပျက် ပရမတ်ကို အာရုံပြုပါတယ်။
    ဒါပေမဲ့ သံဝေဂဖြစ်ပျက်ကလည်း စိတ်အေးချမ်းမှု၊ စိတ်ဓာတ်ခိုင်မာမှုကို ကျေးဇူးပြုတဲ့အတွက် မြင်အောင် ကြည့်တတ်၊ ဆင်ခြင်တတ်ဖို့လိုပါတယ်။ ဘဝလွတ်မြောက်မှုအထိ ဦးတည်ရင်တော့ သံဝေဂဖြစ်ပျက် မြင်ရုံလောက်နဲ့ ကျေနပ်မနေဘဲ ၀ိပဿနာဖြစ်ပျက်ပါ မြင်အောင် သတိပဋ္ဌာန်နည်းလမ်းအတိုင်း ရှုမှတ်ပွားများသွားရပါမယ်။
    သံဝေဂဖြစ်ပျက်ကို ၀ိပဿနာဖြစ်ပျက်ဘက် ဉာဏ်လှည့်လိုက်ရင်လည်း ဖြစ်ပျက်ကင်းရာ နိဗ္ဗာန်အထိ ဆိုက်ရောက်သွားနိုင်တာပါပဲ။
    ပဋာစာရီထေရီမ တစ်နေ့ ခြေထောက်ရေဆေးရင်း ပထမလောင်းတဲ့ရေ နည်းနည်းပဲစီးပြီး ရပ်သွားတာ၊ ဒုတိယလောင်းတဲ့ရေ ပထမထက် ပိုစီးပြီး ရပ်သွားတာ၊ တတိယလောင်းတဲ့ရေ ဒုတိယထက် ပိုစီးပြီး ရပ်သွားတာကို တစ်နေ့တစ်နေ့ အရွယ်သုံးပါးလုံး သေဆုံးနေကြတာနဲ့ ဆက်စပ်ပြီး သံဝေဂဖြစ်ပျက် ဆင်ခြင်ရာက ခန္ဓာဘက်ဉာဏ်လှည့်ပြီး ၀ိပဿနာဖြစ်ပျက်ရှုပွားလိုက်တာ ခြေဆေးခုံပေါ်မှာပဲ ရဟန္တာ ဖြစ်သွားခဲ့ပါတယ်။
    ဖြစ်ပျက်မြင်တဲ့ဉာဏ်နဲ့ တစ်ရက် အသက်ရှင်ရတာတောင်မြတ်တယ်ဆိုမှတော့ အနှစ်တစ်ရာပတ်လုံး ဖြစ်ပျက်မြင်တဲ့ဉာဏ်နဲ့ အသက်ရှင်ရရင် ဘယ်လောက်များ ကြီးကျယ်မြင့်မြတ်လိုက်မလဲ.....။

(၆)
    “မသေရာနိဗ္ဗာန်ကို မမြင်သူရဲ့ အနှစ်တစ်ရာ အသက်ရှင်ရခြင်းထက် မသေရာနိဗ္ဗာန်ကို မြင်သူရဲ့ တစ်ရက်တာအသက်ရှင်ရခြင်းက အဆပေါင်းများစွာ ပိုပြီး မြင့်မြတ်ပါတယ်။ (ဗုဒ္ဓ)

    “အိုနာသေရေး၊ ဒုက္ခဘေးတို့၊ ကင်းဝေးရာအမှန်၊ မြတ်နိဗ္ဗာန်” ဆိုတဲ့အတိုင်း နိဗ္ဗာန်ဆိုတာ အိုခြင်းကင်းတဲ့ဓာတ်၊ နာခြင်းကင်းတဲ့ဓာတ်၊ သေခြင်းကင်းတဲ့ဓာတ်၊ ဆင်းရဲခြင်းကင်းတဲ့ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ လိုရင်းကတော့ သေခြင်းကင်းတဲ့ဓာတ်ပေါ့။
    သေခြင်းကင်းတယ်ဆိုတာ ရှင်ခြင်း ကင်းလို့ပါ။ ရှင်ခြင်း ကင်းတယ်ဆိုတာလည်း ရုပ်နာမ်ခန္ဓာ မရှိလို့ပါ။ ရုပ်နာမ်ခန္ဓာမရှိမှတော့ အိုစရာလည်း မလို၊ နာစရာလည်း မလို၊ သေစရာလည်း မလို၊ ဆင်းရဲစရာလည်း မလိုတော့ပါဘူး။
    သေတယ်ဆိုတာ လိုရင်းကတော့ ပျက်တာပဲ။ ရုပ်နာမ်ခန္ဓာနဲ့ ဆက်စပ်နေတဲ့ ချမ်းသာမှန်သမျှ အပျက်မှာပဲ လမ်းဆုံးတဲ့အတွက် ချမ်းသာစစ်ချမ်းသာမှန် မဟုတ်ပါဘူး။ ချမ်းသာတု ချမ်းသာမှားတွေပါ။
    ပျက်ခြင်းကို မလိုချင်ရင် ဖြစ်ခြင်းမရှိအောင် ကြိုးစားရပါမယ်။ သေခြင်းကို မလိုချင်ရင် ရှင်ခြင်းမရှိအောင် အားထုတ်ရပါမယ်။ ပျက်မှ၊ သေမှ၊ ဒုက္ခလို့ မြင်တာထက် မပျက်ခင်၊ မသေခင် ဖြစ်နေ၊ ရှင်နေရတာကိုက ဒုက္ခပဲလို့ မြင်တာက မပျက်ခြင်း၊ မသေခြင်းနဲ့ ပိုပြီးနီးစပ်နိုင်ပါတယ်။
    အခက်အခဲ၊ အကြပ်အတည်းတွေနဲ့ ကြုံတွေ့ရလို့ “သေသွားတာပဲ အေးတယ်” ဆိုတဲ့ နှလုံးသွင်းနဲ့ ကိုယ့်ကိုယ်ကို သတ်သေပြီး အေးရာအေးကြောင်း ရှာသွားကြသူတွေရဲ့ စိတ်ကူးခံစားချက်နဲ့ ဆက်စပ်လေ့လာကြည့်ရင် ရုပ်နာမ်ခန္ဓာ မဖြစ်၊ မရှိ၊ မရှင်သန်တာဟာ ဘယ်လောက်ချမ်းသာတယ်ဆိုတာ ခန့်မှန်းသိနိုင်လောက်ပါတယ်။ (မဖြစ်ခြင်းရဲ့ သုခကို ပေါ်လွင်အောင်သာ ဥပမာပေးတာပါ။ ကိုယ့်ကိုယ်ကို သတ်သေသူတွေ ဒုက္ခငြိမ်းသွားတယ်လို့ မဆိုလိုပါဘူး။)
    ပျက်တတ်တဲ့ ရုပ်နာမ်ခန္ဓာ လုံးဝမရှိပေမယ့် ဘယ်တော့မှ မပျက်စီးဘဲ အစဉ်ထာဝရ တည်မြဲနေတဲ့ အငြိမ်းဓာတ်တစ်မျိုးတော့ နိဗ္ဗာန်မှာ အထင်အရှားရှိပါတယ်။
    ရင်သွေးသားငယ်ရဲ့ သေခြင်းတရားကြောင့် စိတ်သောကရောက်နေရရှာတဲ့ ကိသာဂေါတမီဟာ ဗုဒ္ဓ အဆုံးအမကြောင့် မသေခြင်းတရားကို လက်ဝယ်ဆိုက်ဆိုက် ရရှိလိုက်တဲ့အချိန်မှာတော့ သားငယ်ရဲ့ သေခြင်းအပေါ် စိတ်မပူပန်တော့တဲ့အပြင် မိမိကိုယ်တိုင်ရဲ့ သေခြင်းကနေလည်း အပြီးတိုင် လွတ်မြောက်သွားခဲ့ပါတယ်။

(၇)
    “လောကလွန်တရားမြတ်ကို မမြင်သူရဲ့ အနှစ်တစ်ရာ အသက်ရှင်ရခြင်းထက် လောကလွန်တရားမြတ်ကို မြင်သူရဲ့ တစ်ရက်တာ အသက်ရှင်ရခြင်းက အဆပေါင်းများစွာ ပိုပြီး မြင့်မြတ်ပါတယ်” (ဗုဒ္ဓ)

    လောကကို လွန်မြောက်သွားတဲ့ လောကလွန်တရား (လောကုတ္တရာတရား) ဆိုတာ မဂ်ဖိုလ်နိဗ္ဗာန်ကို ပြောတာပါ။ မဂ်လေးပါး၊ ဖိုလ်လေးပါးနဲ့ နိဗ္ဗာန်ကလွဲရင် ကျန်တဲ့အရာအားလုံး လောကီတွေချည်း၊ ကျန်တဲ့တရားအားလုံး လောကီတရားတွေချည်းပါပဲ။
    ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထကုသိုလ်၊ ၀ိပဿနာကုသိုလ်၊ ဒီကုသိုလ်အားလုံး လောကီကုသိုလ်တွေချည်းပါပဲ။ ပရိယတ္တိအလုပ်၊ ပဋိပတ္တိအလုပ်တွေဟာလည်း လောကီအလုပ်တွေချည်းပါပဲ။ ဗုဒ္ဓဘုရားရှင်ရဲ့ သဗ္ဗညုတဉာဏ်သည်ပင်လျှင် လောကီဉာဏ်ပါပဲ။
    လောကုတ္တရာတရားကို ရဖို့ လောကီအလုပ်နဲ့ပဲ ရင်းနှီးရပါတယ်။ ဒါန၊ သီလ၊ သမထ .... စတဲ့ ကုသိုလ်ကောင်းမှုတွေကို နိဗ္ဗာန်ဦးတည်ချက်နဲ့ တစ်ဖက်ကပြုရင်း သတိပဋ္ဌာန်ဝိပဿနာအလုပ်ကို တစ်ဖက်က ကိုယ်အမူအရာ ဘာပဲပြုပြု - ပြုနေစဉ်၊ စိတ်အခြေအနေ ဘာပဲဖြစ်ဖြစ် - ဖြစ်နေစဉ်၊ နေစဉ်တိုင်း နေစဉ်တိုင်းမှာ သတိဉာဏ်ရှေ့ထားပြီး ကြိုးကြိုးစားစား အားထုတ်သွားမယ်ဆိုရင် ၀ိပဿနာဉာဏ် အထွတ်အထိပ်ရောက်တဲ့နေ့ မဂ်ဖိုလ်နိဗ္ဗာန် - လောကုတ္တရာ တရားကို လက်ဝယ်မိမိ ရရှိလာပါလိမ့်မယ်။
    လောကီတရားထက် အဆင့်မြင့်တဲ့ လောကုတ္တရာ တရားဆိုတာ ကိုယ့်ဘဝကိုယ် ကျေနပ်နှစ်သိမ့်နေကြသူတွေနဲ့ လုံး၀ မဆက်ဆံ၊ လုံး၀ မထိုက်တန်တဲ့ အထွတ်အမြတ်တရားဖြစ်ပါတယ်။
    နှာတစ်ချေ၊ ချောင်းတစ်ဟန့်တောင် မဖြစ်ဖူးတဲ့ အရှင်ဗာကုလဟာ ခန္ဓာကိုယ်အနာရောဂါကင်းရှင်းရုံနဲ့ ကျေနပ်မနေဘဲ စိတ်အနာရောဂါ လို့ခေါ်တဲ့ ကိလေသာအနာရောဂါပါ ကင်းရှင်းအောင် ကြိုးစားအားထုတ်ခဲ့တဲ့အတွက် ချမ်းသာအားလုံးရဲ့ အထွတ်အမြတ်ဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို ထာဝရ ပိုင်ဆိုင်ခွင့် ရသွားခဲ့ပါတယ် ......။

    အနှစ်တစ်ရာပတ်လုံး မြင့်မြတ်တော်မူနိုင်ကြပါစေ။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
၃၀-၅-၀၄