Thursday, 9 January 2020

လူမထွက်တော့ဘူး အမေ ==================


ကိုရင်နိဂြောဓသည် မန္တလေးတိုင်း ပုဂံညောင်ဦးမြို့နယ် စပါးသင်ကျေးရွာမှ လာရောက်၍ သာမဏေကျော်စာပေများကို သင်ကြားနေသူဖြစ်သည်။အခြေခံပညာ (၈)တန်းအောင်မြင်ပြီး မိဘများက ရှင်ပြုအလှုလုပ်ပေးချိန်က စလို့ လူ မထွက်တော့ဘဲ မြို့တက်စာသင်ဖို့ရန် ရွာကျောင်းဘုန်းကြီးကို လျှောက်သောအခါ ရွာကျောင်းဘုန်းကြီးက ဒီ ချမ်းမြေ့ဇေယျာ သာမဏေကျော်တက္ကသိုလ်ကျောင်းက စည်းကမ်းကောင်းတယ်။သာမဏေကျော်
်စာပေများကို အခြေခံက စပြီး လုပ်ပေးတယ်။ စာမေးပွဲအောင်ဂေဇာတ်တွေမှာ ရှေ့တန်းက နေရာယူနိုင်တယ် ဟုဆိုကာ ပို့ထားခြင်းဖြစ်သည်။
ရွာကျောင်းဘုန်းကြီး ငယ်ရွယ်စဉ်က သာမဏေကျော်စာဝါများလိုက်ခဲ့ဖူးသည် ဟုသိရသည်။နောက်ဆုံး တတိယအဆင့် ရောက်သောအခါမှ ကိုရင်ဝတ်နဲ့ နေရတာ ပျင်းလို့ ဆိုပြီး လူထွက်ဖို့ ရွာပြန်လာသည်။ ရွာရောက်တော့ မိဘဆရာသမားများက လူထွက်ခွင့်မပေး။ရွာဘုန်းကြီးအမေ ဒေါ်မြခင်ဆို သူ့သားကိုရင် လူထွက်ဖို့့ပြန်လာတယ်ဆိုတာ ကြားပြီး မေ့လဲသွားလို့ ဆေးရုံကိုပင် တင်လိုက်ရသည်။နောက်တော့ ရွာကျောင်းထိုင်ဆရာတော်ကလည်း အကြောင်းအကျိုးပြပြီး လူမထွက်ဖို့ ဆိုဆုံးမသည်။ဒါယကာကြီးကလည်း မျက်ရည်တွေ ကျပြီး လူမထွက်ဖို့ရန် တောင်းပန်သည့်အတွက် လူမထွက်တော့ဘူးဟုဆုံးဖြတ်လိုက်ရသည်။
ဒါပေမဲ့ အဲဒီနှစ်မှာ စာမေးပွဲမဖြေဖြစ်တော့ဘဲ ရွာမှာဘဲ နေလိုက်ရသည်။ နောက်နှစ်ကျတော့ အသက်က (၂၀)ပြည့်သွားပြီမို့ သာမဏေကျော်ဖြေလို့ မရတော့အတွက်ပထမပြန်စာမေးပွဲများကိုဘဲ ဖြေဆိုရင်း ဓမ္မာစရိယအောင်တော့ ရွာမှာ ကျောင်းထိုင်နေတာဟု သိရသည်။
၂။
ရွာဘုန်းကြီးက သူ မအောင်မြင်ခဲ့သော သာမဏေကျော်စာမေးပွဲကို အောင်မြင်စေချင်သည်။သူလိုအပ်သော စာအုပ် သပိတ် သင်္ကန်း ထီး ဖိနပ် စတဲ့ အသုံးအဆောင်ပစ္စည်းများက အစ လိုအပ်ရင် သုံးဖို့ နဝကမ္မပါ ပြည့်စုံအောင် ထောက်ပံ့ပေးသည်။တစ်ခါတစ်လေ လူကြုံရှိရင် ပဲ ထန်းလျက် ငရုတ်သီးကြော် ငါးကြော် မုန့် စားစရာများနဲ့ စာတစ်စောင် ထည့်ပေးလေ့ရှိသည်။စာထဲမှာတော့ သူ့ကို လူမထွက်ဖို့ သာမဏေကျော်လင်္ကာရဘွဲ့ ရအောင်လုပ်ဖို့ ဒီထက် စွမ်းနိုင်ရင် အဘိဝံသစာမေးပွဲတိပိဋကစာမေးပွဲများကိုပါ ဖြေနိုင်အောင် ကြိုးစားဖို့ လိုအပ်တာ မှာဖို့ ကျန်းမာရေးဂရုစိုက်ဖို့ စုံစေ့အောင် ရေးပေးလေ့ရှိသည်။
ကိုရင်နိဂြောဓကလည်း ရွာဆရာဘုန်းကြီးမှာကြားဆုံးမသည့်အတိုင်း စာကြိုးစားပါသည်။သာမဏေကျော်အခြေပြုတန်းများဖြစ်သော အခြေခံတန်း စာစတန်း စာစုတန်းများကို တစ်တန်း ခြောက်လ အကျမရှိအောင်မြင်ခဲ့သည်။နောက် ပထမဆင့်အကြိုတန်းကို သင်ကြားပြီး ပထမဆင့်တက်ရောက်ခွင့်ရခဲ့လေသည်။ပင်ကိုယ်ဉာဏ်ကလည်း ကောင်းပြီး စာလည်းကြိုးစားလုပ်ခဲ့သည့်အတွက် ပထမဆင့် ဒုတိယဆင့်များကို နှစ်ချင်းပေါက် အောင်မြင်ခဲ့သည်။ပထမဆင့်တုန်းကဆို ရန်ကုန်အသင်းမှာ ပထမဂုဏ်ထူး သထုံအသင်း ပဲခူးအသင်းတို့တွင် ဒုတိယဂုဏ်ထူးများဖြင့် တစ်နိုင်ငံလုံး ပထမ ဒုတိယဂုဏ်ထူးများ ရခဲ့လေသည်။အခု တတိယဆင့်ကိုလည်း သေချာပေါက်အောင်မြင်လိမ့်မည်ဟု မိမိကိုယ့်ကို ယုံကြည်ထားလေသည်။ သို့သော် လူ့စိတ်ဆိုတာ ခန့်မှန်းရအခက်သား မဟုတ်လား။လုပ်မယ်တွေးပြီး မလုပ်တော့ဘူးလို့ ဆုံးဖြတ်တာ မလုပ်ဘူးလို့ တွေးပြီး လုပ်မိသွားတာမျိုး ရှိတယ် မဟုတ်လား။ လဟုပရိဝတ္တံ စိတ္တံ စိတ်ဆိုတာ အပြောင်းအလဲမြန်တယ် လို့ မြတ်စွာဘုရားကိုယ်တိုင် ဟောထားတာ မဟုတ်လား။အခုလည်း ကိုရင်ဝတ်စကနေ လူမထွက်တော့ဘဲ တစ်သက်လုံး ဘုန်းကြီးဝတ်ပြီးစာချဘုန်းကြီးလုပ်တော့မယ်လို့ ရည်ရွယ်ထားသူ ကိုရင်နိဂြောဓသည် တတိယဆင့်စာဝါများ နှစ်ဝက်လောက် သင်ကြားပြီးချိန်တွင်လူထွက်ချင်သောစိတ်များ ဖြစ်လာလေသည်။
၃။
ကိုရင်နိဂြောဓသည် ပြီးခဲ့သည့်နှစ်က ဒုတိယအဆင့်ကို အောင်မြင်ခဲ့သဖြင့် စာအောင်ဆု အတော်များများ ရခဲ့လေသည်။ နဝကမ္မ သုံးသိန်းကျော်ကျော် ရလေသည်။ စာမေးပွဲတွေ ဖြေပြီးလို့ ရွာကို ခေတ္တပြန်သွားသောအခါ ရွာဆရာဘုန်းကြီးက
တစ်သိန်းဆုချပြန်လေသည်။ နောက်ပြီး မိဘများနဲ့ ဆွေမျိုးမျာကလည်း လှုဒါန်းကြသဖြင့် ကိုရင်နိဂြောဓ ရွာမှ ပြန်ကြွသောအခါ၌ နဝကမ္မငါးသိန်းကျော်ခန့် ပါသွားလေသည်။ကိုရင်နိဂြောဓသည် ရွာမှ ကျောင်းတိုက်သို့ တိုက်ရိုက်မပြန်ပေ။ ရန်ကုန်မြို့တွင် ရှိသော ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ဝင်ရောက်တည်းခိုလေသည်။လက်ထဲတွင်ရှိသော နဝကမ္မများကို ဘယ်လို အသုံးချရမလဲ စဉ်းစားသောအခါ အပျင်းပြေသုံးစွဲရန် ဖုန်းတစ်လုံး ဝယ်သွားဖို့ တွေးမိလေသည်။
ကိုရင်နိဂြောဓသည် မိမိနေသောကျောင်းက စာသင်သားများ ဖုန်းသုံးစွဲခွင့်မရှိ။မသိအောင် ခိုးကိုင်တွယ်ပါက ပထမအကြိမ် ဖုန်းကို အပြီးသိမ်း၍ ဒုတိယအကြိမ်မိပါက ကျောင်းတိုက်မှ ထွက်ခွါသွားရမည်ဟု စည်းကမ်းသတ်မှတ်ထားသည်ကို မသိသည်တော့မဟုတ်။သိသည်သာ။ဒါပေမဲ့ သူများတွေဖုန်းသုံးသလို သုံးစွဲချင်စိတ်ကို မထိန်းချူပ်နိုင်တော့ဘဲ တန်ဖိုး ၂၃၀၀၀၀ ခန့်ရှိသော oppoအမျိုးအစား ဖုန်းတစ်လုံးကို ဝယ်ယူလိုက်လေသည်။အပျင်းပြေဆော့ဖို့ ဂိမ်း အပျင်းပြေကြည့်ဖို့ video များနဲ့ အပျင်းပြေနားထောင်ဖို့ သီချင်းများကို ထည့်သွင်းထားလိုက်လေသည်။လိုအပ်ရင် ဆက်သွယ်ဖို့ ဆင်းကတ်တစ်ခုကိုပါ ဝယ်ယူလိုက်လေသည်။ကျောင်းသို့ ရောက်သောအခါတွင် စာချနာယကများ မသိအောင် လစ်ရင်လစ်သလို ဇာတ်ကားကြည့် သီးချင်းနားထောင်ကာ ဖုန်းပြောတတ် ်လာလေသည်။facebook viber များကိုလည်း အသုံးပြုတတ်လာလေသည်။ ညသန်းခေါင်းယံအထိ ဖုန်းအသုံးပြုနေတတ်သဖြင့် အိပ်ရေးများ ပျက်လာလေသည်။ စာဝါတက်သောအခါ ၌လည်း အိပ်ငိုက်တတ်လာပေသည်။
လေ့ကျင့်ခန်းစာမေးပွဲမှာလည်း အရင်ကလို အမှတ်များများမရတော့ဘဲ အမှတ်အလွန်းနည်း၍ ကျရှုံးသော အပါတ်စဉ်များပင် ရှိလာလေသည်။ စာချနာယကများက ကိုရင်နိဂြောဓ စာမေးပွဲကျရှုံးတာကို မယုံကြည်နိုင်လောက် ်အောင် အံ့သြနေကြပေသည်။ကိုရင်နိဂြောဓ သည် မိမိကိုယ်ကို မပြုပြင်နိုင်။ ဖုန်းအသုံးပြုလွန်းသဖြင့် ရှိသမျှ ငွေများလည်း ကုန်သွားလေသည်။ရွာက မယ်တော်ကြီးထံ လှမ်းမှာရလေသည်။မယ်တော်ကြီးတော့ သားကိုရင်အဖြစ်ကို မသိ။မှာသော ငွေကို မှာသလောက် လှမ်းပို့ရှာလေသည်။ ဖုန်းအသုံးပြုစက အပျင်းပြေအတွက် ဆိုခဲ့သော်လည်း ဖုန်းအသုံးပြုကြတာ ကြာလာသောအခါ၌ကား ကိုရင်ဝတ်ပြီး စာသင်နေရတာ ပျင်းရိလာလေသည်။ လူထွက်ပြီး စီးပွါးရှာအိမ်ထောင်ပြုလို သောစိတ် ်များ ဖြစ်လာလေသည်။
တစ်ရက်တွင်ကား ကိုရင် နိဂြောဓသည် ညစာအံကျောင်းပြီးချိန် တစ်ယောက်သောသူနှင့် ဖုန်းပြောဖို့ ချိန်းဆိုထားသဖြင့် မည်သူမှ မမြင်နိုင်သော တစ်နေရာတွင် ဖုန်းပြောနေလေသည်။ ထိုအချိန်၌ပင် စာချနာယကတစ်ပါးက လမ်းလျှောက်ရင်း ထိုနေရာသို့ ရောက်လာပြီး ကိုရင်နိဂြောဓ ဖုန်းပြောနေတာကို တွေ့ကာ ဖုန်းကို သိမ်းယူသွားလေသည်။ စာချနာယကသည် ကိုရင်နိဂြောဓ ဖုန်းအသုံးပြုတာကို တားဆီးနိုင်ခဲ့သော်လည်း လူထွက်ချင်သောစိတ်ကိုကား မတားဆီးနိုင်တော့။အသုံးပြုနေသော ဖုန်းသိမ်းဆည်းခြင်းခံရသဖြင့် ပို၍ပင် စိတ်ညစ်ကာ လူထွက်ဖို့ ဆုံးဖြတ်ချက်ချပြီး ရွာက မယ်တော်ကြီးထံကို လူထွက်တော့မည့်အကြောင်း စာရေးပို့လိုက်လေသည်။
၄။
ကိုရင်နိဂြောဓ၏ မယ်တော်ကြီးသည် ကိုရင်နိဂြောဓစာကို ဖတ်ကာ ငိုကြွေးနေလေသည်။အဖေဖြစ်သူက ကိုရင်နိဂြောဓ ရ နှစ်သားအရွယ်မှာ နှလုံးရောဂါနဲ့ ဆုံးသွားခဲ့တာတော့ နောက်အိမ်ထောင်မပြုတော့ဘဲ မိန်းမသားတန်မဲ့ တစ်ယောက်တည်း ရုန်းကန်ကာ သားလေးကို ပြုစုခဲ့ရတာမို့ သားလေးကို ပြောမပြနိုင်လောက်အောင် ချစ်ပေသည်။လူ့ဘဝမှာ ပင်ပင်ပန်းပန်းနဲ့ ရုန်းကန်ရမှာ မလိုလား။ရှင် ရဟန်းဘဝနဲ့ဘဲ မြတ်စွာဘုရားဟောတော်မူတဲ့ တရားတော်များကို သင်ကြားကာ သာသနာပြုသူဖြစ်စေချင်သည်။မပင်မပန်းဘဲ ဘဝငြိမ်းချမ်းမှုကို တည်ဆောက်သူ ဖြစ်စေချင်သည်။မိမိကိုယ်တိုင်လည်း သားကိုရင်ဟောသော တရားကို နာယူချင်သည်။ဒါကြောင့်လည်း မရှိမဲ့ ရှိမဲ့ ငွေစု၍ အလှုလုပ်ကာ ကိုရင်ဝတ်ပေးခဲ့ခြင်းဖြစ်သည်။အခုလို သားကိုရင် လူထွက်မယ်ဆိုတာ သိရတော့ ဖြေမဆည်နိုင်အောင် ဝမ်းနည်းမိလေသည်။တကယ်သာ လူထွက်မယ်ဆိုရင်တော့ ဘယ်လောက်ခံစားရမလဲ မသိချေ။သားကိုရင်ကို လူမထွက်စေချင်ပေ။တရားပွဲတစ်ခုတွင် ဓမ္မကထိကဆရာတော်ဟောသွားသော ကဗျာလေးကို ယခုထိတိုင် သတိရနေသေးသည်။ကဗျာက အရှင်မဟာသီလဝံသ ရေးသော ကဗျာဟုသိရ၏။
မြတ်ရာရာကို လှမ်းပါလေ
************************
ယခုအခါ သာသနာမှု
လူဖြစ်ကိုမျှ ရခဲလှ၏။
လူမှသာမဏေ ဖြစ်ပေမြတ်ခြင်း
ပဥ္ဇင်းသံဃာ ဖြစ်တုံပါမှု
ဆိုရာမရှိ မြတ်ခေါက်ထိဟု
သိကြပါစေ သည်ထက်သည်သာ
မြတ်ရာရာကို လှမ်းပါလေ။
ကဗျာလေးကို စိတ်ထဲရွတ်ရင်း ဒီကဗျာထဲကလိုဘဲ မိမိ၏ သားကိုရင်ကို ကိုရင်ဘဝထက်မြတ်သော ရဟန်းဘဝကိုသာ ရောက်စေရစေချင်သည်။ကိုရင်ဘဝအောက် ယုတ်ည့ံသော လူ့ဘဝသို့ မရောက်စေချင်ပေ။ မြတ်သည်ထက် မြတ်သည်ကိုသာ လှမ်းစေချင်တဲ့အတွက် သားကိုရင်ကို အကြောင်းအကျိုးပြ ဖြောင်းဖျမည်ဟု ဆုံးဖြတ်ကာ စာတစ်စောင်ရေးသားပို့လိုက်လေသည်။
၅။
သို့
သားကိုရင် သားကိုရင် ဒီအရွယ်မှာ လူထွက်ချင်တဲ့စိတ်ဖြစ်တာ အမေနားလည်ပေမဲ့ အမေ စိတ်မကောင်းဘူးသားရယ်။မကောင်းကျောင်းပို့ လို့ ဆိုကြပေမဲ့ အမေကတော့ သားကို ကောင်းစေဖို့ ကျောင်းကို ပို့ခဲ့တာပါသားရယ်။သားနဲ့ ခွဲခွါနေရတဲ့ကာလမှာလည်း သားကို ဘယ်လောက်ထိ လွမ်းဆွတ်သတိရနေတယ်ဆိုတာ အမေသာ အသိဆုံးပါ။သားကို လွမ်းပေမဲ့ သားကိုရင်က မြတ်စွာဘုရားရဲ့ ပရိယတ်စာပေတွေကို သင်ယူကျက်မှတ်နေတယ်။မြင့်မြတ်တဲ့ သာသနာ့ဘောင်မှာ နေထိုင်နေတာဘဲ လို့တွေးကာ အလွမ်းစိတ်က်ို ဖြေသိမ့်ရပါတယ် သားရယ်။သားကို လူမထွက်ပါနဲ့ လို့တော့ မတားရက်ပါဘူး။သား စိတ်ဆင်းရဲမှာ စိုးလို့ပါ။ဒါပေမဲ့ သားရယ် အမေ့သဘောကတော့ သားကို သာသနာဘောင်မှာဘဲ နေထိုင်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သာသနာပြုဆရာတော်ကြီး ဖြစ်စေချင်တာပါ။တကယ်တော့ သား လူ့ဘဝဆိုတာ လွယ်မယောင်နဲ့ ခက် တိမ်မယောင်နဲ့ နက်တဲ့ ပုစ္ဆာတစ်ပုဒ်ပါ။ချမ်းသာသလိုနဲ့ ဆင်းရဲခြင်းသာ ရှိတဲ့ နေရာပါ သားရယ်။
လူ့ဘဝနဲ့ ရဟန်းဘဝ ဘယ်ဘဝက ပိုပြီး အဖိုးတန်သလဲ မွန်မြတ်သလဲ ဆိုတာ လေးလေးနက်နက်စဉ်းစားကြည့်ပါ သား။
မြတ်စွာဘုရားက ပဗ္ဗဇိတဘာဝေါ ဒုလ္လဘော ရှင် ရဟန်းဘဝဆိုတာ ရခဲပါတယ်တဲ့။ရခဲဆို ပါရမီဖြည့်စဉ် လေးအသချေင်္နှင့် ကမ္ဘာတစ်သိန်းကာလမှာတောင် ရဟန်းဘဝကို ကိုးကြိမ်သာ ရခဲတာ မဟုတ်လား သားရယ်။ ဘုရားဖြစ်မည့်ဘဝမှာလည်း တိုင်းပြည့်အုပ်ချူပ်မင်းလုပ်တဲ့ ဘဝကနေ ကြီးကျယ်ခမ်းနားတဲ့ စည်းစိမ်တွေကို စွန့်ပြီး တောထွက်ကာ ရဟန်းဝတ်ခဲ့တာ မဟုတ်လား။သားတော်ရာဟုလာလေးကိုလည်း အမွေတောင်းလာတော့ လောကီအမွေမပေးဘဲ ကိုရင်ဝတ်ပေးခဲ့တာ မဟုတ်လား။နောက်ပြီး လက်ယာတော်ရံ လက်ဝဲတော်ရံ မထေရ်ကြီးများဖြစ်ကြတဲ့ အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလ္လာန် တို့ကလည်း စည်းစိမ်ကြွယ်ဝ ချမ်းသာတဲ့ လူချမ်းသာဘဝများကနေ ရဟန်းဝတ်လာခဲ့တာ မဟုတ်လား။
အရှင်ယသ အမည်ရတဲ့ မထေရ်ကလည်း လူ့ဘဝတုန်းက မြတ်စွာဘုရားကဲ့သို့ပဲ ကြီးကျယ်ခမ်းနားတဲ့ စည်းစိမ်တွေကို ခံစားခဲ့ရပါတယ်။သူ့မှာ အနယ်နယ်အရပ်ရပ်က သူဌေးသားသူငယ်ချင်း ၄ ယောက်ရှိတယ်။သူတို့က အရှင်ယသ ရဟန်းဝတ်သွားတယ်လို့ ကြားရတော့ စဉ်းစားပါတယ်။ဒီလို ကြီးကျယ်တဲ့ စည်းစိမ်တွေကို စွန့်လွတ်ပြီး ရဟန်းဝတ်သွားတာကို ကြည့်ရင် ဒီ ရဟန်းဘဝဟာ ယုတ်ညံ့တဲ့ဘဝတော့ ဖြစ်မှာ မဟုတ်ဘူး။
အဲဒီလို စဉ်းစားပြီး သူတို့လည်း ရဟန်းဝတ်သွားတယ်တဲ့။
နောက်ပြီး အရှင်ယသရဲ့ သူငယ်ချင်း အယောက် ၅၄ ယောက်ကလည်း အဲဒီလိုတွေးပြီး ရဟန်းဝတ်သွားပြန်တယ်တဲ့။ဒါတွေ ဒါတွေကို ထောက်ဆတွေးကြည့်မယ်ဆိုရင် လူ့ဘဝထက် ရဟန်းဘဝက ပိုပြီးမြတ်တယ်ဆိုတာ အသိသာချည်းဘဲ မဟုတ်လား ။ဒါကြောင့် ဒီမြင့်မြတ်တဲ့ ရှင်ရဟန်းဘဝကို စွန့်ပြီး လူမထွက်စေချင်တာပါ သားရယ်။
နောက်ပြီး ရှင် ရဟန်းဘဝဆိုတာ လူ့ဘဝထက် ကုသိုလ်အရများပြီး နိဗ္ဗာန်အရောက်မြန်တဲ့ ဘဝပါ သားရယ်။လူ့ဘဝမှာ လုပ်ရတဲ့ အလုပ်တွေဆိုတာ များသောအားဖြင့် အကုသိုလ်ဖြစ်တဲ့ အလုပ်တွေပါ။ရှင်ရဟန်းဘဝမှာ လုပ်ရတဲ့ စာသင် စာချ စာကျက် စာအံ တရားဟောခြင်းစတဲ့ အလုပ်တွေကတော့ ကုသိုလ်ဖြစ်တဲ့ အလုပ်တွေချည်းပါဘဲ သားရယ်။ဒါကြောင့်လည်း ရှင် ရဟန်းဘဝကို စွန့်ပြီး လူမထွက်စေချင်တာပါ သားရယ်။
မနှစ်က သားပေးသွားခဲ့တဲ့ မဟာဂန္ဓာရုံဆရာတော်ကြီးစာအုပ်တွေကို အမေဖတ်ဖြစ်ပါတယ် သား။ အရမ်းလေးနက်တဲ့ မြတ်စွာဘုရားအဆုံးအမ တွေကို အမေတို့လို လူတွေနားလည်အောင် ရေးထားတော့ ဖတ်လို့ကောင်းတယ် သား။ သားကိုလည်း အမေ ကျေးဇူးတင်ပါတယ်။ ဆရာတော်ကြီးက မြတ်စွာဘုရားသည် သတ္တဝါများအပေါ် ကျေးဇူးကြီးတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ သတ္တဝါများက မြတ်စွာဘုရားဟောတော်မူတဲ့ တရားတော်တွေကြောင့်သာ ကောင်းတာကို ကောင်းမှန်းသိပြီး မကောင်းတာကိုလည်း မကောင်းမှန်းသိရတယ်။ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ် မကောင်းတာကို လုပ်ရင် မကောင်းကျိုးရမယ်ဆိုတာလည်း သိကြရတယ်။အသက်ရှင်စဉ် ကောင်းတာလုပ်ခဲ့ရင် သေတဲ့အခါ လူနတ်စတဲ့ ကောင်းမွန်သော ဘဝသို့ရောက်ရတယ်။အသက်ရှင်စဉ် မကောင်းတာ လုပ်ခဲ့ရင်တော့ သေတဲ့အခါ ငရဲ ပြိတ္တာစတဲ့ မကောင်းမွန်သော ဘဝရောက်ရမယ်လို့ သိကြရပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက
သတ္တဝါများအပေါ် ကျေးဇူးကြီးပါတယ်သား။
ဒီအကြောင်းအရာလေးကို ဆရာတော်ကြီးကဗျာစပ်ထားတယ် သား။ သားကို အမေ ရွတ်ပြမယ်နော်။
ဘုရားကျေးဇူး
------------
ဘုရားရှင်တော် မပွင့်ပေါ်လျှင်
လူတော်အများ စိတ်ကောင်းထားလည်း
ဤကားကုသိုလ် အကုသိုလ်နှင့်
ထိုထိုဘုံဘဝ မသိရ
များလှအပြစ်တွေ။
ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍
ဟောဖော်ညွန်ကြား မြတ်တရားကြောင့်
ဤကားကုသိုလ် အကုသိုလ်နှင့်
ထိုထိုဘုံဘဝ သိကြရ
များလှကျေးဇူးတွေ။
ကျေးဇူးတော်ရင် ဘုရားရှင်ကို
ဦးတင်မပြတ် ကျေးဇူးဆပ်ဖို့
အမြတ်ရတနာ သာသနာ၏
ဝန်တာနှစ်ခန်း ကိုယ်စီးထမ်း
ကြိုးပမ်းကြပါစို့။
ဒီလို ကျေးဇူးများတဲ့အတွက် ကျေးဇူးဆပ်သောအားဖြင့်လည်း ရှင်ရဟန်းမထွက်သင့်ဘူးသား။
မြတ်စွာဘုရားရဲ့ တရားတော်တွေကိုဘဲ မပျောက်ပျက် မပျက်စီးအောင် ကာကွယ်စောင့်ရှောက်သောအားဖြင့် စာသင်စာချအလုပ်မှာ ပျော်မွေ့သင့်ပါတယ် သားရယ်။စာသင်စာချအလုပ်ဆိုတာ အကြီးကျယ်အခမ်းနားဆုံးသော ပရဟိတအလုပ်ပါ။စာသင်စာချနေတဲ့ ရှင်ရဟန်းတော်များဟာ အမွန်မြတ်ဆုံးသော ပရဟိတလူသားတွေပါ။ဘာလို့လဲဆိုတော့ မြတ်စွာဘုရားရဲ့ တရားတော်များက တစ်ဘဝမက တစ်သံသရာလုံး ဘဝငြိမ်းချမ်းမှုကို ပေးနိုင်လို့ပါ သား။ဒီတရားတော်များကို စောင့်ရှောက်သောအားဖြင့် စာသင်စာချရင်း မွန်မြတ်သော ပရဟိတအလုပ်ကို လုပ်သင့်ပါတယ်။မြတ်စွာဘုရားကျေးဇူးတွေကို မမေ့ပါနဲ့ သားရယ်။
မြတ်စွာဘုရားလက်ထက်တော်အခါက ကိုရင်သာနုဆိုတာ ရှိတယ်တဲ့ သား။ကိုရင်သာနုကလည်း သားလိုဘဲ လူပျိုပေါက် အရွယ်ရောက်တဲ့အခါ လူထွက်ချင်လာတယ်။လူထွက်မည့်အကြောင်း အမေဖြစ်သူကို ပြောပြတော့ အမေက ငိုတယ်တဲ့။ကိုရင်သာနုက အမေ လောကမှာ သားသေရင် ငိုကြတယ်။သားပျောက်ရင်လည််း ငိုကြတယ်။အမေက ဘာလို့ ငိုတာလဲ လို့မေးတယ်။ဒီတော့ အမေဖြစ်သူက သား လောကမှာ သားသေရင် သားပျောက်ရင် အမေတွေက ငိုကြသလို ကာမဂုဏ်အာရုံတွေကို စွန့်ပစ်ပြီး ရှင်ရဟန်းပြုတဲ့သားက တဖန်လူပြန်ထွက်မယ်ဆိုရင် အမေတွေက ငိုကြပါတယ်။ဘာဖြစ်လို့ ငိုတာလဲဆိုတော့ ရှင် ရဟန်းဝတ်ပြီး လူထွက်သူဟာ အသက်ရှင်နေပါသော်လည်း ဂုဏ်အားဖြင့် သေသောသူဖြစ်သွားလို့ပါပဲ လို့ ဖြေတယ်တဲ့သားရယ်။သားကိုရင်ကိုလည်း ဂုဏ်အားဖြင့် သေမသွားစေချင်ဘူးသားရယ်။
အမေရေးတာတွေလည်း များသွားပါပြီ။အမေပြောတာတွေကို သားကိုရင်က သိပြီး ဖြစ်ရင်ဖြစ်မှာပါ။အမေက သားကိုရင်ကို ပညာရှိ သတိဖြစ်ခဲ ဆိုသလို ဖြစ်မှာစိုးလို့ ပြောပြတာပါ သားရယ်။ ရွေးချယ်မှုမမှားရအောင် အမေပြောတာတွေကိုတော့ လေးလေးနက်နက်တွေးပေးစေချင်ပါတယ်။လူထွက်သင့် လူမထွက်သင့်ဆိုတာ သေချာစဉ်းစားစေချင်ပါတယ် သား။
သားကိုရင် အမေ့စာကို ဖတ်ပြီးရင် စာရေးအကြောင်းပြန်ပါ။အမေ့ဆန္ဒဘယ်လိုဘဲ ဖြစ်နေပါစေ နောက်ဆုံးတော့ သားကိုရင်ဆန္ဒအတိုင်းဘဲ ဖြစ်စေရမှာပါ သားရယ်။
သားရဲ့ အမေ
၆။
ကိုရင်နိဂြောဓ၏ မယ်တော်ကြီးသည် ကိုရင်နိဂြောဓပေးလိုက်သော စာကို ဖတ်ဖို့ စိတ်လှုပ်ရှားနေပေသည်။ ကိုရင်နိဂြောဓပေးလိုက်သော စာကို ဖတ်ဖို့ ကိုင်ထားသော လက်များသည် စိတ်လှုပ်ရှားလွန်းသဖြင့် တုန်လှုပ်၍ နေလေသည်။ စာအိတ်ကို ဖွင့်၍ ဖတ်လိုက်သောအခါ၌ကား စာတစ်ကြောင်းမျှကိုသာ ရေးထားတာ တွေ့လိုက်ရပေသည်။ထို တစ်ကြောင်းတည်းသော စာကို ဖတ်ပြီးသောအခါ၌ကား ကိုရင်နိဂြောဓ၏ မယ်တော်ကြီးမျက်နှာသည် ဝမ်းသာပီတိများဖြင့် ပြည့်ကာ ဝင်းပသွားလေသည်။ စာထဲတွင်ကား လူမထွက်တော့ဘူးအမေ ဟူ၍ ရေးထားလေသတည်း
ပုလဲသားလေး at 6:48:00 PM

No comments:

Post a Comment