Tuesday, 7 January 2020

သံသရာလမ်း ခရီးအစဉ်


    သံသရာလမ်း၊ ခရီးကြမ်း၌၊ ပင်ပန်းကြီးစွာ၊ လျှောက်၍လာလည်း။
    ခန္ဓာငါးပါး၊ ထိုတရားကို၊ ပိုင်းခြားတိတိ၊ နင်မသိလို့။
    မချိဟိုက်နွမ်း၊ အလွန်ပန်းခဲ့။
    စခန်းသင့်ရာ၊ နားလိုပါလည်း၊ ခွင့်ခါသူတောင်း၊ မရကောင်းတည့်။
    လမ်းကြောင်းအစဉ်၊ ဆုံးမမြင်သည်၊ သုံးအင်ဘဝ၊ ၀ဋ်ခင်းတည်း။ (ဆရာကြီး ဦးကြင်ရွှေ)

    သံသရာဟူသည် ရုပ်နာမ်ခန္ဓာ၊ အာယတန ဓာတ်တရားတို့ အစဉ်အားဖြင့် အမြဲမပြတ် ဆက်စပ်ဖြစ်ပေါ်နေခြင်းကို သံသရာခေါ်ပါသည်။

    ခန္ဓာနဉ္စ ပဋိပါဋိ၊ ဓာတု အာယတနာနိစ၊ အဗ္ဗောစ္ဆိန္နံ
    ၀တ္တမာနော သံသာရောတိ ပဝုစ္စတိ။ (ဓမ္မသင်္ဂဏီပါဠိတော်)
    ခန္ဓာနဉ္စ၊ ခန္ဓာတို့၏လည်းကောင်း။ အာယတနာနိစ၊ အာယတနတို့၏လည်းကောင်း။ ဓာတုနိစ၊ ဓာတ်တို့၏လည်းကောင်း။ ပဋိပါဋိ၊ အစဉ်အတိုင်း။ အဗ္ဗောစ္ဆိန္နံ၊ မပြတ်မလပ်။ ၀တ္တမာနော၊ ဖြစ်နေခြင်းကို။ သံသာရောတိ၊ သံသရာဟူ၍။ ပဝုစ္စတိ၊ ဆိုအပ်၏။
    ဤသို့ ဟောကြားတော်မူသော ဒေသနာတော်နှင့်အညီ၊ ကံလျှင် ရှေးသွားရှိသော (တစ်နည်း) စေတနာလျှင် ရှေးသွားရှိသော သံသရာ့လမ်းကြောင်းတွင် ရုပ်ကောင်၊ နာမ်ကောင်၊ ခန္ဓာကောင်၊ ပရမတ်ကောင် ဓာတ်ကောင် ၀ိပါက်ကောင်၊ အကျိုးကောင်တို့ လျှောက်နေကြသည်။
    မုချဆတ်ဆတ် ပရမတ္ထအနေမှာမူ၊ ၀ီထိစိတ်တလှည့် ဘဝင်စိတ်တစ်လှည့် ဥပါဒ်, ဌီ, ဘင် ခဏငယ်သုံးချက်အစဉ်ဖြင့် သံသရာအစမှ ယနေ့ကျအောင် ဆက်စပ်ဖြစ်လာခဲ့၏။ အဘယ်ဘဝကမျှ ပြတ်သည် ရပ်သည်မရှိ၊ နိဗ္ဗာနဓာတ်ချဉ်းကပ်မှသာ ရပ်ကြ ပြတ်ကြမည်။
    မိမိတို့ အဇ္ဈတ္တသန္တာန်၌ ရုပ်နာမ်ဓမ္မတို့ အမြဲတစေဖြစ်ပေါ်နေသည်ကြောင့် မိမိပင်လျှင် သံသရာဖြစ်ကြောင်း ကောင်းစွာသိရာ၏။ သံသရာဟူသည်ကို အခြားသောလွင်ပြင်ဌာနတို့၌ ရှာဖွေရန်မဟုတ်။ ရုပ်နာမ်ခန္ဓာတို့ သွားရာလမ်းဖြစ်သော ၀ီထိအစဉ်ကိုပင် သံသရာခေါ်ရပါသည်။
    သံသရာလမ်းဝယ် သူလျှောက်၊ ငါလျှောက်၊ ပုဂ္ဂိုလ်သတ္တဝါလျှောက်၊ လူနတ်ဗြဟ္မာသတ္တဝါတို့လျှောက်၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ အသူရကာယ် အပါယ်သတ္တဝါတို့လျှောက် စသည်တို့ ကား သမ္မုတိပညတ်အားဖြင့် ပြောဆိုခြင်းများသာဖြစ်၏။
    ပရမတ်ဉာဏ် အမြင်မှန်ဖြင့် ဖြည်ထွင်ကြည့်သော် ငါမရှိ၊ သူမရှိ၊ ပုဂ္ဂိုလ်သတ္တဝါမရှိ၊ အသက်လိပ်ပြာ အကောင်အထည် စသည်တို့ တစ်ခုမျှမရှိ။ ရုပ်နာမ်နှစ်ပါး (ခန္ဓာငါးပါး) သဘောတရားတို့သာလျှင် တစ်ခုပျောက်တစ်ခုရောက် အမြဲဆက်စပ်ဖြစ်ပျက်နေ၏။
    သံသရာလမ်းသည် လမ်းချောလမ်းကောင်း လမ်းမွန်မဟုတ်။ ထိုလမ်း လျှေက်လှမ်းရာဝယ် သက်သက်သာသာ ချမ်းချမ်းမြေ့မြေ့ ပြည့်ပြည့်ဝ၀ လျှောက်လှမ်းရသည်မဟုတ်။ ဘေးရန်အန္တရာယ်အသွယ်သွယ် ပြည့်လျှမ်းသော လမ်းကြမ်းကြီးပါတည်း။ အိုဘေးဆိုး၊ နာဘေးဆိုး၊ သေဘေးဆိုး အမျိုးမျိုးတို့၏ တိုးခြင်းတိုက်ခြင်းကို ခံကြရ၏။
    ရာဂ, ဒေါသ, မောဟ ဇာတိ, ဇရာ, မရဏ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ တည်းဟူသော တစ်ဆယ့်တစ်သီးသော မီးအပေါင်းတို့ တဟုန်းဟုန်းတဒီးဒီးတောက်လောင်နေသော လမ်းဆိုးလမ်းကြမ်းကြီးဖြစ်၏။ ထိုမီးလမ်းကြောင်းပေါ်၌ ပင်ပန်းကြီးစွာ လျှောက်လှမ်းလာကြရသည်ဖြစ်၍ သုခဟူ၍ မြူမျှမရှိ၊ ဒုက္ခအတိသာဖြစ်၏။
    ၆-ဒွါရ၊ ၆-တံခါး အာရုံ ၆-ပါးနှင့် တိုက်တိုင်းတိုက်တိုင်း၊ ၀ိညာဏဓါတ် ၆-ရပ် တဖျပ်ဖျပ် ဖြစ်ပေါ်၏။ တစ်နညး ၀ီထိ ၆-ပါးပေါ်ရ၏။ ၀ီထိတစ်ခေါက်လျှင် ကောင်းကျိုးဆိုးကျိုးကို ပေးစေတတ်သော ဇောစေတနာ ရ-လုံးပါ၏။
    ထို ဇောစေတနာတို့သည်ပင် လောဘမီး, ရာဂမီး, ထတောက်လိုက်၊ ဒေါသမီး မောဟမီးထတောက်လိုက်၊ သောကမီး ပရိဒေဝမီးထတောက်လိုက်၊ ဒုက္ခ ဒေါမနဿမီး ထတောက်လိုက်၊ ဥပါယာသ မီး ထတောက်လိုက်ဖြင့် မီး(၁၁)ပါးတို့ အစဉ်တောက်လောင်နေ၏။
    မူလ ပကတူပ အကြောင်းအရင်းကား၊ ဇာတိမီးက စပါ၏။ ဇာတိနောင် ပဝတ္ထိတစ်ဘဝလုံး ဇရာမီးလောင်၏။ (၉၆)ဖြာ ရောဂါ ဝေဒနာနှိပ်စက်ခြင်း၊ ဗျာဓိမီးလောင်၏။ ယင်းတို့အဆုံး မရဏမီးက လက်စတုံးလောင်မြိုက်၏။
    ထို မီး အပေါင်းသည် သံသရာလမ်းကြောင်းတည်းဟူသော ၀ိညာဏဓာတ် ၆-ရပ်ကိုမှီလျှက် အလျှံညီးညီး တဟုန်းဟုန်း တဒီးဒီးလောင်မြိုက်နေခြင်းဖြစ်၏။ ခန္ဓာကောင်ကို လောင်မြိုက်၏။ ပရမတ်ကောင် ဓါတ်ကောင်ကို လောင်မြိုက်၏။
    သမ္မုတိ ပညတ်အားဖြင့်၊ သူ့လောင်, ငါ့လောင် ပုဂ္ဂိုလ်လောင်, သတ္တဝါလောင်ဟု ဆိုရ၏။ ထို့ကြောင့် သံသရာလမ်းသည် အင်မတန် ကြောက်ဖွယ်သော မီးလမ်းကြောင်းကြီး ပါတည်း။
    သံသရာ့မီးလမ်းကြောင်း လျှောက်လှမ်းရသည်မှာ သက်သာကွက် အေးကွက် တစ်ချက်မျှမရှိ၊ ငိုတစ်ခါရယ်တစ်လှည့်ဖြင့် လျှောက်ကြရ၏။ ထို့ကြောင့် လူ့ဘုံဘ၀ လူ့လောကသည် ဇာတ်ပွဲနှင့်တမူတူ၏။ ဇာတ်ပွဲကရာတွင် ပထမပိုင်း၌ သောခန်း၊ ရယ်ခန်း ပျော်ခန်းရွှင်ခန်းများဖြင့် တအုန်းအုန်း တသောသော ပြုံးကြပျော်ကြ၏။ နောက်ပိုင်းရောက်သောအခါ မင်းသားကြည့်လည်း မျက်ရည်စက်လက်, မင်းသမီးကြည့်လည်းမျက်ရည်စက်လက် ငိုပွဲနှင့် ဇာတ်သိမ်းကြရ၏။
    ထို့အတူသာလျှင် သုဒ္ဓါ၀ါသငါးဘုံကိုထား၍၊ ကျန်သမျှ အခြားမည်သည့် ဘုံဘ၀ ရောက်ကြရသည်ဖြစ်စေ၊ ရှေ့ပိုင်းတွင် အဘယ်မျှသာယာသည် အဘယ်မျှ ချမ်းသာသည် ဆိုရစေကာမူ၊ နောက်ဆုံး ငိုပွဲနှင့် စခန်းသိမ်းကြရ၏။ ဇရာ, ဗျာဓိ, မရဏမီးတို့က ဆက်လျက်နေ၏။
    ဤ၌ ရင့်ကျက်မှုဇရာသည်ပင်လျှင် ဗျာဓိဟုဆိုရ၏။ အသက်အရွယ် အတော်ရင့်ရော်လာသောအခါ နာကျင်ကိုက်ခဲ၊ မထနိုင် မကြွနိုင်၊ မထိုင်နိုင် မထနိုင်၊ မလျှောက်နိုင် ဇရာနှိပ်စက်ခြင်းကြောင့် ညက်ညက်ကြေရ၏။ ထိုဇရာသည်ပင် ဗျာဓိဖြစ်သည်မှာ လွန်စွာထင်ရှား၏။ ဗျာဓိသည် ဇရာ၏ အန္တောဂတအဖြစ် သက်ဝင်နေ၏။ ဇရာသည် ဗျာဓိ၏ ကိုယ်စားလှယ်ဟု ဆိုရ၏။
    ထို့ကြောင့် ဇာတိနောက်ဖြစ်ပေါ်လာသော ပဝတ္တိတစ်ဘဝလုံးသည် ဇရာတရားချည်း ဖြစ်၏။ စင်စစ်ဇရာသည်  မရဏ၏ အချက်ပြတရား၊ အလံပြတရားဟုလည်း ဆိုရ၏။ ဇရာ၏ အဆုံး၌ မရဏနှင့် လုံးလုံးတွေ့ရသည်မှာ ဓမ္မတာပါတည်း။ သတ္တဝါတို့၏ အဆုံးတစ်နေ့သည် သေခြင်းသဘောတရားမှ တစ်ပါး အခြားမရှိပါချေ။
    သင်္ချာ သချေင်္ မရေမတွက်နိုင်သော အနမတဂ္ဂသံသရာလမ်း ခရီးကြမ်း၌ ပင်ပန်းကြီးစွာ လျှောက်လှမ်းလာသော်လည်း မဂ်ဉာဏ်ဖိုလ်ဉာဏ် ရရာရကြောင်း အားကိုးအားထားပြု လောက်သည့် တရားကောင်းတစ်ခုမျှ လက်ဆုပ်မိမိ တိတိကျကျ မရမသိ အားမထုတ်ခဲ့ကြပေ။ အကယ်၍ တစ်ခုသောဘဝက အားထုတ်ခဲ့ဘူးပါလျှင် ယခုလိုဘဝ၌ အရိယာအဖြစ် ရပ်တည်နိုင်ကြပေမည်။
    ခန္ဓာငါးပါး၊ ထိုတရားကို၊ ပိုင်းခြားတိတိ၊ နင်မသိလို့ ဆိုသည့်အတိုင်း ခန္ဓာငါးပါးတရားကို ပြတ်ပြတ်သားသား ပိုင်းပိုင်းခြားခြားသိသူဖြစ်ခဲ့ပါမူ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရ၍ အရိယာတွေ ဖြစ်ကြမည်။
    အနည်းအားဖြင့် မဂ်ဉာဏ်ဖိုလ်ဉာဏ်ရလို၍ ကျင့်သော မဂ္ဂ ပဋိပ္ပန္နပုဂ္ဂိုလ်အဖြစ် ရောက်ပြီဆိုလျှင် မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို အနှေးနှင့်အမြန် အမှန်ရနိုင်သူ ဖြစ်ပါလိမ့်မည်။
    သံသရာခရီးလမ်း လျှောက်လှမ်းခဲ့ကြသည်မှာ အဘယ်မျှရှည်ကြာခဲ့ကြပါသနည်း။ - အဘယ်မျှ ခရီးပေါက်ခဲ့ကြပါသနည်း။ လွန်ခဲ့သော အနမတဂ္ဂသံသရာမှ ရေတွက်၍ မကုန်ဆုံးနိုင်သော လွန်ခဲ့ပြီး အတိတ်သံသရာလမ်းကြီးကို လျှောက်လှမ်းခဲ့ကြပြီးဖြစ်၏။ ဆက်လက်လျှောက်လှမ်းရန် အနာဂတ်သံသရာ မည်မျှကျန်ပါသနည်း ဆိုကလည်း ဘယ်၍ဘယ်မျှ အမှန်းအတား ထားမရအောင် ကျန်သေး၏။ အနာဂတ်သံသရာ နိဗ္ဗာန် မရောက်မချင်း လျှောက်လှမ်းရဦးမည်ဖြစ်၏။
    ယခုရောက်ရှိနေသည်မှာ အလယ်တည့်တည့် သံသရာ၌ဖြစ်၏။ နောက်နောင် ဘဝပေါင်းများစွာ ရောက်ရှိငြားလည်း ထိုဆိုက်ရောက်ရာဘဝသည် သံသရာ၏ အလယ်တည့်တည့်ပင် ဆိုရမည်ဖြစ်၏။
    သံသရော ပုဗ္ဗကောဋိ နပညာယတိ .. .. ၊ ဟု ဟောတော်မူသည်နှင့်အညီ အန္ဓပုထုဇဉ် တစ်ယောက်၏ သံသရာအစွန်းအမြိတ်သည် လုံးဝထင်ကောင်းသည်မရှိ။ အလွန်ကြောက် မက်ဖွယ်ပါတည်း။
    ဘဝပေါင်းစုံ ဘုံပေါင်းစုံလည်း စုံခဲ့လှပြီ။ သုဒ္ဓါ၀ါသ ဘူးမရ ဆိုသည့် အရိယာမွန်တို့ စံပျော်ရာ သုဒ္ဓါ၀ါသငါးဘုံကို ကြဉ်ထား၍၊ မရောက်ခဲ့ဘူး၊ မဖြစ်ခဲ့ဘူးသော ဘုံဟူသည် မရှိပေ။ ယင်းသို့ ဘဝပေါင်း ဘုံပေါင်းစုံခဲ့ပါသော်လည်း ခန္ဓာငါးပါးတရားကို ပိုင်းခြားတိတိ မသိမမြင်ခဲ့သောကြောင့် မချိဟိုက်နွမ်း၊ အလွန်ပန်းခဲ့ကြလေပြီ။ ဖြစ်ရောက်ရာဘဝတိုင်း ဘယ်သောအခါကမျှ မချမ်းသာခဲ့ပါ။
    သံသရာရေးနှင့် တွေးဆသော် သေသည်၏ အခြားမဲ့ ဂတိငါးပါး၊ အဘယ်ဂတိလားရောက်ပါမည်နည်း၊ ကောင်းသေဂတိလားပါမူ တော်ပေစွ။ အကယ်၍ အပါယ်ဒုဂ္ဂတိ လားခဲ့သော် ကိုယ်ကျိုးနည်းရချည့်ဟု စိုးရိမ်ကြောင့်ကြမှုတို့ဖြင့် ရင်တွင်းတင်းကျပ်နေ၏။ သံသရာအရေးနှင့် တွေးသော် စိတ်မအေးရပါ။ တရားစစ် တရားမှန်မရ၊ အန္ဓပုထုဇဉ်ဘဝနှင့်နေကြရသော သတ္တဝါမှန်က ဤအတူချည်းဖြစ်၏။
    သေရေး၊ နေရေး ထိုနှစ်ရေးတွင် အန္ဓပုထုဇဉ်လိုင်းက သေရေးမတွေး၊ နေရေးကိုသာ တွေးသူများဖြစ်၏။ သေရေးတွေးသူ အချို့ရှိပါ၏။ သေလျှင် အပါယ်လေးပါးသို့ မတော်တဆလားလေမလား၊ သုဂတိရပ်ထံရောက်လေမလား တွေးတတ်၏။ ပြုထားသော ကုသိုလ်ကောင်းမှုတွေကတော့ မနည်းလှပါ။ အတော်လည်းစုံပါ၏။ သို့သော် ထိုကုသိုလ်ပြုထား ရှိထားသောကြောင့် သုဂတိရပ်ထံ အမှန်ရောက်ရမည်ဟု မိမိကိုယ်ကို စိတ်မချနိုင်ပြန်ပါ။ ဤဘဝမှ ထိုဘဝအကူး အထူးစိတ်ချမထားနိုင်ရကား အလွန်ပင်ပန်း မောဟိုက်နွမ်း၍ မချမ်းမသာဖြစ်ကြရပါသည်။
    ဤမျှတွင်မက လူဟူ၍ ဖြစ်ပြန်တော့လည်း သမုဒ္ဒရာ ၀မ်းတထွာ အူအင်္ဂါတိုက်ပွဲအတွက် ပြေးရလွှားရ၊ ရှာရဖွေရ လုပ်ကိုင်ရ၏။ အပူမရှောင် အအေးမရှောင်၊ ကောင်းမရှောင်၊ ဆိုးမရှောင် ဖြစ်သည့်နည်း၊ ရသည့်နည်းဖြင့် အသက်မွေးရ၏။
    ခိုးဝှက်လုယက်၊ လိမ်လည်လှည့်ဖျား၊ တိုက်ခိုက်သတ်ဖြတ်၊ အကုသိုလ်ဒုစရိုက် ဒုရာဇီဝမှု အမျိုးမျိုးဖြင့် အသက်မွေးရန် ရှာကြံရခြင်းလျှင် အကြောင်းအရင်းရှိသော ပရိယေသန မူလက ဒုက္ခကြောင့် နည်းနည်းမျှ မချမ်းသာပါ။
    ထို့ုပြင် ဆွေရေး မျိုးရေး၊ ကိုယ်ရေးကိုယ်တာ၊ သားရေး သမီးရေး၊ လင်ရေး မယားရေး၊ မိရေးဖရေး၊ ရပ်ရေးရွာရေး၊ အရေးပေါင်းစုံ အဖုံဖုံအဝဝ၊ ကိစ္စအထွေထွေ နေ့မအားညမအား၊ နင်လားငါလား စသည်အားဖြင့် မိမိတို့ရင်တွင်း၌ စူးဝင်နေသော စိုးရိမ်မကင်းကြောင့်ကြခြင်း ငြောင့်အစင်းပေါင်း ထောင်သောင်းမက များလှ၏။ သို့ဖြစ်သည်ကြောင့် မချိဟိုက်နွမ်း၊ အလွန်ပန်းခဲ့ကြပေပြီ။
    သို့ဖြစ်ငြားလည်း ဆင်းရဲသူဖြစ်စေ၊ ချမ်းသာသူဖြစ်စေ၊ ယခုလက်ရှိဘဝမှ သေချင်သူ စွန့်ချင်သူ တစ်ဦးမျှမရှိပါ။ မိမိတို့ဖြစ်ရာဘ၀ ရောက်ရာဘဝကို နှစ်သက်၏။ ခင်တွယ်၏။ မြတ်နိုး၏။ မစွန့်လို မခွါလိုသောဘဝတဏှာကြောင့် မသေပါရစေနှင့်ဦး နေခွင့်ပြုပါဟု သံသရာထံ ခွင့်တောင်းပန်၏။ မနေရပါ အချိန်စေ့လျှင် သေကြရသည်ချည်းဖြစ်၏။
    စခန်းသင့်ရာ၊ နားလိုပါလည်း၊ ခွင့်ခါသူတောင်း၊ မရကောင်းတည့် ဆိုသည့်အတိုင်း၊ လူ့ဘုံလူ့ဘဝရောက်ခိုက် လူ့ဘဝလူ့စည်းစိမ် သူဌေးသူကြွယ်၊ ပဒေသရာဇ် ဧကရာဇ်၊ စကြာဝတေး မန္ဓတ်စသည့် စည်းစိမ်၊ နတ်ဘ၀ နတ်ဘုရင် နတ်စည်းစိမ်၊ ဗြဟ္မာဘဝ၊ ဗြဟ္မာမင်း ဗြဟ္မာစည်းစိမ်၊ တရှိန်ရှိန်တဝင်းဝင်း တထိ်န်ထိန်တလင်းလင်း အချင်းခပ်သိမ်း စံစားနေရသဖြင့် အလွန်စခန်းသင့်နေပါသည်။ ထိုထိုဘဝစည်းစိမ်ချမ်းသာတို့ကို မစွန့်ရက် မစွန့်လို၊ မခွါရက် မခွွါလိုပါ။ သို့ဖြစ်သည်ကြောင့် မသေမကျေအမြဲနေပါရစေ၊ သံသရာ့ထံ တိုးလျှိုးတောင်းပန်း အသနားခံပါသော်လည်း၊ တစ်ကြိမ်တစ်ခါ တစ်ဘဝကမျှ ရခဲ့သည်မရှိ၊ စွန့်ကြ ခွါကြရ၏။
    လမ်းကြောင်းအစဉ်၊ ဆုံးမမြင်သည်၊ သုံးအင်ဘဝ၊ ၀ဋ်ခင်းတည်း။ ဟုဆိုခဲ့သည့်အတိုင်း သံသရာ့လမ်းကြောင်းအစဉ်သည် ဥပါဒ်, ဌီ, ဘင် သုံးအင်ခဏငယ် အစဉ်ဖြင့် အမြဲဆက်စပ် ဖြစ်ပျက်နေသည်ဖြစ်ရာ၊ ပြတ်သည်ရပ်သည် နားသည်မရှိ၊ ဆုံးစမမြင် သံသာခွင်၌ မြုပ်ချည်တစ်ခါ ပေါ်ချည်တစ်လှည့် အတောမသတ် အမျောမရပ် ကျင်လည်နေသော လမ်းကြောင်း အစဉ်ပါတည်း။
    ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝ၊ ဘဝသုံးအင် ဘုံသုံးခွင်၊ ဘဝသုံးထပ် ဘုံသုံးရပ်။ ကမ္မဝဋ်၊ ကိလေသာဝဋ်၊ ၀ိပါကဝဋ် ဟုဆိုအပ်သော ၀ဋ်သုံးပါး၊ ထိုဘဝသုံးပါး ၀ဋ်သုံးပါးတို့ကြား တဝဲလည်လည် မရပ်မတည် မျက်စိလည်မပျောက် အစဉ်လျှောက်နေသည်ဖြစ်၍ သံသရာတစ်ဖက်ကမ်း နိဗ္ဗာန်နန်းသို့ မလှမ်းမကပ်နိုင်ခဲ့ပါ။
    ရုပ်ဓမ္မ နာမ်ဓမ္မ ခန္ဓာငါးဝ၊ ပရမတ်သဘော ဓာတ်သဘောတစ်ခုကိုမျှ ပြက်ပြက်ထင်ထင် မမြင်မသိခဲ့ရကား၊ ၀ဋ်အနွယ် ကြီးကျယ်ရှည်လျား၊ (၁၁)ပါးသောမီးတို့ တညီးညီးတရှိန်ရှိန် တောက်လောင်နေသော သံသရာ့မီးပုံကြီးအတွင်းမှ အပြီးတိုင်မလွတ်နိုင် မကျွတ်နိုင်၊ မထွက်မြောက်နိုင်ခြင်း ဖြစ်ပါသည်။
(သတိသံဝေဂ ရ၍ တရားဘာဝနာအလုပ် ကြိုးစားမယုတ် အားထုတ်နိုင်၍ သံသရာဝဋ်မှ လွတ်မြောက်နိုင်ကြပါစေ။)

ပခုက္ကူဝိပဿနာသင်တန်း၊ အရည်စစ်စာတမ်း(ဒု)။

No comments:

Post a Comment