သမ္မာဒိဋ္ဌိဉာဏ် (၅)မျိုးဟူသည် အမှန်ဆုံးသောအမြင် အမှန်ဆုံးသော အသိ ဖြစ်ပါသည်။ ထို (၅)မျိုးမှ တစ်ပါး အခြားခြားသော အမြင်အသိဟူသမျှတို့ကို ဘုရားရှင်ကိုယ်တော်မြတ်က အသိအမှန်ဟု မဟောကြားပါ။ ကိုယ်ထင်ရာ ကိုယ်မြင်နေကြသည်၊ ကိုယ်ထင်ရာ ကိုယ်သိနေကြသည်၊ ကိုယ်လိုရာ ကိုယ်ကြိုက်နေခြင်းများသာဖြစ်၍ တစ်ခုမျှ အမှန်ဟူ၍ မဆိုနိုင်ပါ။
ထို့ကြောင့် သမ္မာဒိဋ္ဌိ အမြင်မှန် ဉာဏ်(၅)မျိုး အဓိပ္ပါယ်ကို တစ်မျိုးစီ တစ်မျိုးစီ ခွဲခြားမှတ်သားကြရန် ပြဆိုပါသည်။
၁။ ကမ္မဿကတ သမ္မာဒိဋ္ဌိဉာဏ်
၂။ ၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ်
၃။ မဂ္ဂ သမ္မာဒိဋ္ဌိဉာဏ်
၄။ ဖလ သမ္မာဒိဋ္ဌိဉာဏ်
၅။ ပစ္စဝေက္ခဏာ သမ္မာဒိဋ္ဌိဉာဏ်
၁။ ကမ္မဿကတ သမ္မာဒိဋ္ဌိဉာဏ်
ကံနှင့် ကံ၏ အကျိုးကို ယုံကြည်သော အသိ အမြင်ဉာဏ်၊ ပစ္စုပ္ပန်လောက တမလွန်လောကရှိ၏ဟု ယုံကြည်သော အသိ အမြင်မှန်ဉာဏ်ကို ခေါ်ပါသည်။
၂။ ၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ်
ရုပ်နာမ်ခန္ဓာ အာယတနဓါတ်အစရှိသော တရားတို့ကို မုချဧကန်အမှန်ရှိသည် ထိုတရားတို့ကို အနိစ္စ, ဒုက္ခ, အနတ္တ သဘောဆိုက်အောင် အသိမှန် အမြင်မှန်ဖြင့် ရှုမြင်ပွားများအားပါလျှင် ၀ိပဿနာဉာဏ်တည်းဟူသော ၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ရခြင်းကို ခေါ်ပါသည်။ ၀ိပဿနာဖြစ်မှ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ဖြစ်နိုင်ပါသည်။ ထို့ကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရလိုလျှင် ရှေးဦးစွာ ၀ိပဿနာဉာဏ်ပညာနှင့် ပြည့်စုံအောင် ကြိုးစားရပါမည်။ သံသရာဝဋ်ဆင်းရဲညွှတ်မှ လွတ်မြောက်လိုသူ ဟူဟူသမျှတို့သည် ဟုတ်တိုင်းမှန်စွာ သိတတ်သော ၀ိပဿနာပညာကို ရအောင်ကြိုးစားရပါမည်။
၃။ မဂ္ဂသမ္မာဒိဋ္ဌိဉာဏ်
မဂ်ဉာဏ် မဂ်တရားရှိ၏ဟု ယုံကြည်သိမြင်ခြင်း၊ သစ္စာလေးပါးတရား မြတ်တရားကို ထိုးထွင်း သိမြင်ခြင်း၊ ၀ိပဿနာဉာဏ် အမြင်မှန်ရင့်သန်ပါသဖြင့် မဂ်ဉာဏ်ဖြစ်ပေါ်လာခြင်း၊ လောကီကို ကျော်ဖေါက် နိဗ္ဗာန်သို့ ဆိုက်ရောက်သော အသိမှန် အမြင်မှန် ဉာဏ်ကို မဂ္ဂသမ္မာဒိဋ္ဌိဉာဏ် ခေါ်ပါသည်။
၄။ ဖလသမ္မာဒိဋ္ဌိဉာဏ်
မဂ်ဉာဏ်၏ အနန္တရ၌ အာနိသံသ ကျိုးဖလ ဖြစ်သည်။ မဂ်ဉာဏ်ရပြီးလျှင် အလိုအလျောက် သက်ဝင်သော ဉာဏ်ကို ဖလသမ္မာဒိဋ္ဌိဉာဏ်ခေါ်ပါသည်။ အထူးကြိုးစားအားထုတ်ရန်မလို၊ မဂ်အကျိုးဖြစ်၍ ရရှိပြီး နိဗ္ဗာန်အရသာကို ခံစားသော ဉာဏ်လည်းဖြစ်ပါသည်။
၅။ ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိဉာဏ်
ဖိုလ်ဉာဏ်သို့သက်ဝင်ပြီးသော ဖိုလ်ပုဂ္ဂိုလ်သည် အဘယ်တရားစုကို ပယ်သတ်ပြီးဖြစ်သည်။ အဘယ်တရားစုကိုမူ မပယ်သတ်ရသေးဟု သိမြင်သော အမြင်မှန်ဉာဏ် (သို့မဟုတ်) မိမိရပြီးတရားကို ပြန်လည် ဆင်ခြင်သုံးသပ်သော ဉာဏ်ကို ခေါ်ပါသည်။ တစ်နည်းအားဖြင့် သိဖွယ်, မြင်ဖွယ်, ပယ်ရှင်းဖွယ်, ကျင့်ဖွယ်, ကြံဖွယ်, အားထုတ်ဖွယ် ကိစ္စဟူသမျှ ပြီးဆုံးကျွတ်လွတ်ပေပြီးဟု ဆင်ခြင်စိတ်ချ ဗျာပါရမရှိ ကြောင့်ကြမဲ့ ကိစ္စပြီး အေးကြီး အေးရသော ဉာဏ်ကို ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိဉာဏ်ဟု ခေါ်ပါသည်။
အမြင်မှန်ဉာဏ် ငါးမျိုးအနက်၊ နံပါတ်(၁) ကမ္မဿကတ သမ္မာဒိဋ္ဌိဉာဏ်နှင့် နံပါတ်(၂) ၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ် ထိုဉာဏ်နှစ်ပါးသည် ပဓါနကျသည်၊ လိုရင်းဖြစ်၍ အရေးတကြီးသိရန် လိုအပ်သည်။ နောက်ဉာဏ်(၃)ပါးဖြစ်သော မဂ္ဂသမ္မာဒိဋ္ဌိဉာဏ်၊ ဖလသမ္မာဒိဋ္ဌိဉာဏ်၊ ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိဉာဏ်တို့မှာ အထူးကြိုးစားအားထုတ်ရန် မလိုသော အမြင်မှန် ဉာဏ်တို့ဖြစ်ပါသည်။
အဓိပ္ပါယ်အားဖြင့် သောတာပတ္တိမဂ်ဉာဏ်ကို ရလိုလျှင် ၀ိပဿနာတရားကို ကြိုးစားမယုတ် အားထုတ်ရ၏။ ကြိုးစားအားထုတ်၍ ၀ိပဿနာဉာဏ် အမြင်မှန် ရှင်သန်ပါလျှင် သောတာပတ္တိ မဂ်ဉာဏ်ကို ရ၏။
သောတာပတ္တိ မဂ်ဇော-မဂ်ဝီထိကျလျှင် ဖိုလ်ဉာဏ်သည် အလိုအလျောက် သက်ဝင်တော့၏။
သောတာပတ္တိဖိုလ် ပုဂ္ဂိုလ်အဖြစ်ဖြင့် ရပြီး ရောက်ပြီး တရားကို ပြန်လည် ဆင်ခြင်သုံးသပ်သော ဉာဏ်သည် ပစ္စဝေက္ခဏာ သမ္မာဒိဋ္ဌိဉာဏ် ဖြစ်ပါသည်။ ထို့ကြောင့် နောက်ဉာဏ်သုံးပါးသည် ကြိုးစားအားထုတ်ရန်မလိုပေ။
ကမ္မဿကတသမ္မာဒိဋ္ဌိဉာဏ်သည်လည်း ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ကြ၏။ နားလည်ကြ၏။ အကုသိုလ် မကောင်းမှုပြုလျှင် မကောင်းကျိုးတွေပေးမည်၊ ကုသိုလ်ကောင်းမှု ပြုလျှင် ကောင်းကျိုးတွေ ပေးမည်ဟု ယုံကြည်ပြီး ဖြစ်ကြသည်။ ထို့ကြောင့် -
ကမ္မဉ္စ၊ ကံကိုလည်းကောင်း။ ကမ္မဖလဉ္စ၊ ကံ၏အကျိုးကိုလည်းကောင်း။ သဒ္ဓဟိတွာ ယုံကြည်ကြပါကုန်သည်ဖြစ်၍ တိသရဏေန သရဏဂုံသုံးပါးနှင့် သဟ၊ တကွ။ ပဉ္စသီလံ၊ ငါးပါးသော သီလတော်မြတ်ကို။ သမ္မာဓိယိတွာ၊ ကျင့်သုံးဆောက်တည်ပြီး၍ ဣမာနိ ဒါတဗ္ဗဝတ္ထုနိ၊ ဤအထူးထူးသော လှူဖွယ်ဝတ္ထုအစုစုတို့ကို။ အာယသ္မာတာနံ၊ အရှင်ဘုရားတို့အား။ ဒေမပူဇေမ၊ သဒ္ဓါကြည်ဖြူ ကပ်လှူပါ၏။ ပူဇော်ပါ၏။
အလှူအတန်းပြုလုပ်တိုင်း ရေစက်ချကြ၏။ ကံ, ကံ၏အကျိုးကို တပည့်တော်တို့ ယုံကြည်ပါသည်ဟု ပဋိညာဉ်ခံပြီးသား တာဝန်ယူပြီးသား ဖြစ်နေ၏။ ကောင်းမှုကုသိုလ်ကံပြုလျှင် ကောင်းကျိုးချမ်းသာပေးလိမ့်မည်။ မကောင်းသောအကုသိုလ်ကံ ဒုစရိုက် ဒုရာဇီဝတွေလုပ််လျှင် အပါယ်လေးပါးလားမည်။ မကောင်းကျိုးတွေပေးမည်ဟု ယုံကြည်၏။ ဤသည်ပင် ကမ္မဿကတ သမ္မာဒိဋ္ဌိဉာဏ် အမြင်မှန်ရခြင်း ဖြစ်ပါသည်။
ထိုဉာဏ်ကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့အနေဖြင့် အထူးသင်ကြားရသည်မဟုတ်ဘဲ၊ ငယ်စဉ်တောင်ကျေး ကလေးဘဝအရွယ်ကပင် မိဘ, ဆရာ တို့၏ အဆိုအဆုံးမ ရကြသဖြင့် အလိုလိုနားပြည့်လာကြသည်။ နားလျှံလာကြသည်၊ နားရည်ဝလာကြသည်၊ နားလည်ခွင့်ရကြသည်။
အတော်အသင့် အရွယ်ရောက်သောအခါ ဆရာအရှင်တို့၏ သွန်သင်မှုကြောင့် ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်တော် တို့ကို ယုံကြည်သော အသိဉာဏ်ကို ရကြသည်။
ဤသို့ ယုံကြည်သည်အားလျော်စွာ ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထကုသိုလ် တို့ကို မိမိတို့တတ်စွမ်းသည့် အလျောက်ပြုကြ၏။ မကောင်းသောဒုရာဇီ၀ အကုသိုလ်တရားတွေကို ပြုလျှင် မကောင်းကျိုးတွေရမည်။ အင်မတန်ကြောက်စရာကောင်းသည်ဟု ယုံကြည်သော အမြင်မှန်ဉာဏ်ကို ဗုဒ္ဓဘာသာဝင် မြန်မာတို့ အနေဖြင့် မပင်မပန်းပဲ အလွယ်တကူရယူနိုင်ခြင်း ဖြစ်ပါသည်။
နောက်နောက်က ပါရမီဓါတ်ခံ ရင့်သန်သောကြောင့် ကာမာဝစရ ကုသိုလ်ကံကောင်းသောကြောင့် ဗုဒ္ဓဘာသာ အမှန်တရားထွန်းကားသော မြန်မာနိုင်ငံတွင် လူလာဖြစ်ကြရ၏။ ဖြစ်ပြန်တော့လည်း ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သည့် မိဘနှစ်ပါးတို့ထံ လာ၍ဖြစ်ကြရ၏။ မိမိတို့ရရှိသည့် အကြောင်းကံကောင်း အထောက်အပံ့ကို သာမည မမှတ်ထင်ပါနှင့်၊ အလွန့်အလွန် ကောင်းလှပါသည်။ ကံ, ကံ၏အကျိုးကိုယုံကြည်သော အမြင်မှန်ရသည်ကပင် တန်ဖိုးမဖြတ်နိုင်ပါ။ တန်ဖိုးလည်းထားကြပါ။ လူတိုင်းလူတိုင်း မရနိုင်ပါလားဟု ဟုတ်, မဟုတ် ကိုယ့်အမြင် အသိနှင့် ကမ္ဘာကို ဝေဖန်ကြည့်ကြပါကုန်။
ကမ္မဿကတ သမ္မာဒိဋ္ဌိဉာဏ် အမြင်မှန်ကို မိမိတို့ လွယ်လွယ်ကူကူရသကဲ့သို့ လူမှန်တိုင်း လွယ်ကူသည်မဟုတ်ပါ။ ကမ္ဘာ့လူဦးရေ မည်မျှပင် များပြားသည်ဆိုစေကာမူ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံအတွင်း လက်တစ်ဆုပ်စာမျှလောက်သော လူနည်းစုသည်သာ ရကြပါသည်။ မြန်မာနိုင်ငံ အပြင်ဘက်ထွက်ကြည့်လိုက်လျှင် ဤအမြင်မှန် ဉာဏ်ရသူ အလွန်ရှားပါသည်။
မနုဿတ္တဘာဝေါ ဒုလ္လဘောဟု ဟောတော်မူသည့်အတိုင်း လူ့ဘ၀ လူဖြစ်သူတိုင်း တန်ဖိုးအရှိဆုံးဖြစ်သော အမြင်မှန် ဉာဏ်(၅)မျိုး ရရန် အလွန်ခက်ခဲလှပါသည်။ (၅)မျိုးမဆိုထားဘိ နံပါတ်(၁) ကမ္မဿကတ သမ္မာဒိဋ္ဌိဉာဏ် အမြင်မှန်ဉာဏ်ရရန်ပင် မလွယ်ကူလှပါ။
ဒုစရိုက်ကို သုစရိုက်အမှတ်နှင့် အမှားမှား အရမ်းရမ်းတွေ ကျင့်သူကကျင့်၊ မဟုတ်တာတွေကို အဟုတ်ထင် မမှန်တာကို အမှန်ထင် မကျင့်ကောင်းသည်တို့ကို ကျင့်ကောင်းသည်ထင်ပြီး ဖေါက်လွဲဖေါက်ပြန်တွေ ကျင့်သူက ကျင့်၊ တစ်ချို့လည်း ကံ, ကံ၏ အကျိုးဟူသည် အဓိပ္ပါယ်မရှိဘူး၊ အကြောင်းတရား ဆိုသည်လည်း မရှိဘူး၊ အကျိုးဆိုသည်လည်း မရှိဘူး၊ ဒီကနေပြီး ကောင်းတာတွေ လုပ်လျှင် နောက်ဘဝကောင်းကျိုးတွေ ပေးမည်ဆိုတာ ယုံကြည်စရာမရှိ၊ ဒီဘ၀ ဟိုဘ၀ နောက်ဘဝဟူသည် မရှိ၊ အတိတ် အနာဂါတ် ပစ္စုပ္ပန် ဘဝသုံးပါးဟူသည်မရှိ၊ ယခုဖြစ်ဆဲဘဝပဲ သေဆုံးလောင်တုံး စသော ၀ါဒဆိုးတွေလွှမ်းမိုးနေ၏။
ဤသို့သော ၀ါဒဆိုးတွေနှင့် တိုးမိတိုက်မိကြလျှင် ကြောက်စရာ အလွန်ကောင်းပါသည်။ ကိုယ်ကျိုးနည်းကြမည်။ သံသရာမှာ ပေါ်စရာ အကြောင်း မရှိပါ။ ကံကောင်းထောက်မသောကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အဆိုပါ ၀ါဒဆိုးတွေ ဘေးမှ လွတ်ကြရ၏။ သာသနာတော်ကြီး ထင်ရှားရှိခိုက် လာပြီး ကြုံကြရ၊ ဆုံကြရသည်မှာ အများကြီးသက်သာခွင့်ရကြ၏။ အင်မတန်လည်း ၀မ်းသာစရာ ကောင်းပါသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ ရရှိကြသော ကမ္မဿကတသမ္မာဒိဋ္ဌိဉာဏ် အမြင်မှန်ကို အနှစ်ချုပ် ကြည့်လျှင် ---
- ကုသိုလ်ကောင်းမှု ကံတွေပြုလျှင် ကောင်းသော အကျိုးတွေပေးမည်။
- မကောင်းသော အကုသိုလ် ဒုစရိုက် ဒုရာဇီဝတရားတွေ ပြုလုပ်လျှင် မကောင်းသော အကျိုးတွေပေးမည်။ ဤသည်တို့ကား ဘုရားရှင် ကိုယ်တော်မြတ် မိန့်ဟောသော အမှန်ဆုံး အမြင်၊ အမှန်ဆုံး အသိ ဖြစ်ပါ၏။ အင်မတန်တိကျ မှန်ကန်သော အမြင်, အသိ, အယူ ဖြစ်သောကြောင့်လည်း ကမ္မဿကတသမ္မာဒိဋ္ဌိဉာဏ် အစစ်ဖြစ်ပါသည်။
၂။ ၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ် အမြင်မှန်ကို စစ်တမ်းထုတ်ကြည့်ကြစို့ --
ရုပ်, နာမ်, ခန္ဓာ, အာယတန ဓါတ် အစရှိသောတေဘုမ္မက သင်္ခါရတရားတို့သည် အမြဲတစေ ချုပ်ပျက်ပြုန်းတီးနေကြကုန်၏။ အနိစ္စပဲ, ဒုက္ခပဲ, အနတ္တပဲ ဟု ရှုမှတ်ပွားများ အားထုတ်သောဉာဏ်ကို ၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ဟု ခေါ်ပါသည်။
ထို ၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ် အမြင်မှန်ရရှိရေး အတွက် ရှေးဦးစွာ ရုပ်, နာမ်, ခန္ဓာ အာယတန ဓါတ် ပဋိစ္စသမုပ္ပါဒ် တရားတို့ကို ပြတ်သားအောင် သင်ကြားကြရမည်၊ လေ့လာဆည်းပူးနာယူ မှတ်သားကြရပါမည်။ သို့မှသာ ဘုရားရှင်ကိုယ်တော်မြတ် အကျဉ်းဆုံး၊ အတိုဆုံး၊ အထိရောက်ဆုံးသော “ ၀ယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္မာဒေထ” မှာတမ်းတော်စကားနှင့် လိုက်လျောညီထွေ ဖြစ်ပေလိမ့်မည်။
၀ယဓမ္မာ သင်္ခါရာ ပုဒ်၌ “သင်္ခါရ”၏ တရားကိုယ် တရားသားထုတ်လျှင် ရုပ်, နာမ်, ခန္ဓာ တည်းဟူသော တေဘုမ္မက တရားစုကို ရပါသည်။ ထိုတရားတို့သည် ချုပ်ပျက်ပြုန်းတီး ပျက်စီးတတ်သော သဘောရှိ၏ဆိုသော အဓိပ္ပါယ်ဖြစ်ပါသည်။ ထိုတရားတို့ကို ရှုမြင်ပွားများ အားထုတ်ကြ၊ မမေ့ကြနှင့်ဟု မှာကြားတော်မူပါသည်။
ဘုရားရှင်ကိုယ်တော်မြတ်မှာကြားတော်မူသည့်အတိုင်း အထူးလေးစားကြရမည်။ သို့မှသာ ဘုရားရှင်ကိုယ်တော်မြတ်စကားကို နားထောင်ရာရောက်မည်။ လေးစားရာရောက်မည်။ နားထောင်လေးစားသည့်အလျောက်လည်း မိမိတို့၏ လိုအင်ဆန္ဒပြည့်ဝကြပါလိမ့်မည်။
မိမိတို့ဆန္ဒက ဤသံသရာကြီးထဲ တစ်ဝဲလည်လည် ကျင်လည်နေရသည်မှာ အင်မတန်ငြီးငွေ့ဖွယ်ဖြစ်သည်။ အင်မတန်စက်ဆုပ်ဖွယ် ဖြစ်သည်။ သံသရာဝဋ် အတွင်းမှ ဒုက္ခတွေလုံး၀ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ရချင်၏၊ ရောက်ချင်၏၊ သို့မှသာ ဒုက္ခတွေ ကင်းငြိမ်းရာ သုခအစစ်ကြီးရကြမည်ဆိုသော ဆန္ဒဓါတ်ဖြစ်ပါသည်။
ဘုရားကိုယ်တော်မြတ်မှာကြားတော်မူသော ၀ယဓမ္မာ သင်္ခါရာ ပုဒ်ကိုပင် ပါထေရ အဋ္ဌကထာကလည်း ထောက်ခံချက်ပေးသည့် အနေဖြင့် ---
“မရဏမဉ္စေ နိပ္ပန္နဿ ကထာနာမ ယာဝဇီဝံ အနုဿရိတဗ္ဗာ”ဟု ဖွင့်ဆိုတော်မူပါသည်။
မရဏမဉ္စေ၊ သေရာညောင်စောင်း လျောင်းစက်သော ပုဂ္ဂိုလ်၏။ ကထာနာမ၊ နောက်ဆုံးမှာကြားသော စကားမည်သည်ကား။ ယာဝဇီဝံ၊ အသက်ရှည်သမျှကာလပတ်လုံး၊ အနုဿရိတဗ္ဗာ၊ အမြဲတစေ အောက်မေ့ နေရာ၏။
မသေမချင်းနားထောင်ရမည်၊ အသက်ထက်ဆုံး နားထောင်ရမည်။ မြေဝယ်မကျ နားထောင်ရမည်၊ တစ်သွေမတိမ်း လိုက်နာရမည်၊ သို့မှာသာလျှင် ဘုရားရှင်ကိုယ်တော်မြတ်၏ သားတော် သမီးတော် စာရင်းဝင် ဖြစ်ကြမည်။
ဤသို့မဟုတ်ပဲ ဘုရားရှင်ကိုယ်တော်မြတ် မှာကြားသော စကားတော်က တစ်မျုုိး၊ ကိုယ်ထင်ရာ ကိုယ်လုပ်နေတာက တစ်မျိုးဆိုလျှင် မိမိနှင့် သာသနာသည် တစ်ခြားစီ ဖြစ်နေပါလိမ့်မည်။ ဘုရားရှင်ကိုယ်တော်မြတ်၏ အဆိုအဆုံးမကို မတည်ဘူး၊ နားမထောင်ဘူး၊ ဖီလာဆန့်ကျင်လုပ်နေသူ ဖြစ်နေပါလိမ့်မည်။
ဘုရားရှင်ကို မမီလိုက်သော်လည်း သာသနာတော် ထင်ရှားရှိနေခိုက်တွင် ဘုရားရှင်ကိုယ်တော်မြတ်၏ အဆိုအဆုံးမကို လိုက်နာသည် ဖြစ်ပါက၊ ဘုရားရှင်ကိုယ်တော်မြတ်ကိုမီတာနှင့် အတူတူပင် ဖြစ်ပါသည်။ ထို့ကြောင့် မိန့်ကြားသော မှာတမ်းတော်နှင့် လိုက်လျောညီစွာ သင်ယူနာကြား မှတ်သားလေ့လာ ပွားများအားထုတ်ကြမှသာ တရားထူးရကြမည်။
ဗုဒ္ဓဘာသာဝင်အများစုတို့မှာ (၁)နံပါတ် ကမ္မဿကတ သမ္မာဒိဋ္ဌိဉာဏ်ရကြသော်လည်း (၂)နံပါတ် ၀ိပဿနာဉာဏ် အမြင်မှန် ရကြပါ၏လားဟု စစ်တမ်းထုတ်သော် လူ(၁၀၀)မှာ (၁၀)ယောက်ထက်မပိုသော အရေအတွက်မျှသာရကြ၏။
သာသနာတော်ကြီးနှင့်လည်း ပက်ပင်းပါ တွေ့ကြုံကြရ၏။ အလွန်ရခဲသော လူအဖြစ်လည်းရနေကြ၏၊ ယင်းသို့ အခွင့်ကောင်း အခါကောင်းနှင့် ကြုံဆုံပါလျက်လည်း ပဓါနအကျဆုံးသော ၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ် မရနိုင်ကြသည်မှာ အင်မတန်ဝမ်းနည်းစရာ ဖြစ်ပါသည်။
မည်သူက မယူနှင့်ဟု ပြော၍ မည်သူက မသင်နှင့်ဟု ပြော၍မဟုတ်၊ မိမိတို့ကိုယ်တိုင်က မလိုချင်၍ မယူသောကြောင့် မရကြခြင်းသာဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ အပြစ်ဆိုရန် မရှိပါ။
ဘုရားသာသနာတော်တွင်းမှာ သောတာပန်၊ ဖြစ်ချင်ဖြစ်နိုင်၏။ သကဒါဂါမ် ဖြစ်ချင်ဖြစ်နိုင်၏၊ အနာဂါမ် ရဟန္တာ ဖြစ်ချင် ဖြစ်နိုင်၏။ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို ရစေတတ် ရောက်စေတတ်သော၊ ရစေနိုင် ရောက်စေနိုင်သော ၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ကြီးကို ရယူနိုင်ပါသော်လည်း မယူပဲနေခြင်းသည် မယူသူ၏ တာဝန်သာဖြစ်ပါသည်။
ရယူလိုသော် တရားပေးနိုင်သော လူဆရာ၊ ရဟန်းဆရာ၊ တရားဋ္ဌာနတွေ များသော ခေတ်ကောင်းအခါကောင်းကြီး ဖြစ်ပါသည်။ ပေတီးပေကတ် ကိုယ်နှင့် မဆိုင်သလို ပျော်ပျော်ပါးပါး မော်မော်ကြွားကြွား ကြောင့်ကြမဲ့ အချိန်ဖြုန်းနေကြသည်။ သင်ကြားရကောင်းမှန်းမသိ၊ ယူရကောင်းမှန်းမသိ၊ ဤအတိုင်းနေ ဤအတိုင်းသေကြလျှင်ကား မည်သို့ တရားရနိုင်ပါတော့အံ့နည်း။
၀ယဓမ္မာ သင်္ခါရာပုဒ် အဆိုအလာအရ ရုပ် နာမ် ခန္ဓာစသည့်တရားတို့ကို သင်ကြားတတ်မြောက်လိမ္မာ၍ ကြိုးစားပွားများအားထုတ်က ၀ိပဿနာသမ္မာဒိဋ္ဌိဉာဏ်ဖြစ်၍ (၃)နံပါတ် မဂ္ဂ သမ္မာဒိဋ္ဌိဉာဏ် အမြင်မှန်ကို ရနိုင်ပါသည်။
မဂ္ဂ သမ္မာဒိဋ္ဌိ အမြင်မှန်ဉာဏ်ဖြစ်လျှင် (၄)နံပါတ် ဖလ သမ္မာဒိဋ္ဌိတည်းဟူသော ဖိုလ်ဉာဏ်ကို တစ်ချက်တည်းဝင်သွားပါသည်။ မဂ်ဇော မဂ်ဝီထိကျပြီးသည်၏ အခြားမဲ့ ဖိုလ်ဇော ဖိုလ်ဝီထိ ကျပါသည်။ မဂ်ဇောနောင် ဖိုလ်ဇော ဖြစ်ပါသည်။ မဂ်ပုဂ္ဂိုလ် အနေဖြင့် အချိန်အကြာကြီး တည်နေကောင်းသည် မဟုတ်မူ၍ မဂ်ဇောတစ်ကြိမ်သာလျှင် အခိုက်အတန့်ကလေး စောပြီး ဖိုလ် ပုဂ္ဂိုလ်ဖြစ်၍ အရိယာအစစ် ဖြစ်ပါတော့သည်။
မဂ်ဉာဏ် ဖိုလ်ဉာဏ် ရပြီးသည်နောက် ရရှိပြီးတရားစုကို ဆင်ခြင်သုံးသပ်သော ဉာဏ်သည် ပစ္စဝေက္ခဏာ သမ္မာဒိဋ္ဌိဉာဏ်ဖြစ်ပါသည်။
ထို့ကြောင့် မဂ္ဂသမ္မာဒိဋ္ဌိဉာဏ်၊ ဖလသမ္မာဒိဋ္ဌိဉာဏ် ပစ္စဝေက္ခ္စဏာသမ္မာဒိဋ္ဌိဉာဏ် ဤ (၃)မျိုးသည် လုပ်ရန်မလိုသော ဉာဏ်(၃)ပါးဖြစ်ပါသည်။ အမှန်တကယ် ကြိုးစားအားထုတ်ရန် လိုအပ်သော ဉာဏ်သည် ၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ဖြစ်ပါသည်။ ထိုဉာဏ်ကို ရအောင်ကြိုးစားအားထုတ်မှသာလျှင် ဘုရားရှင်ကိုယ်တော်မြတ်၏ မှာတမ်းတော်စကားနှင့် ကိုက်ညီ၍ ဘုရားရှင်အလိုတော်ကျ ဖြစ်ပါသည်။
ဤသို့မဟုတ်ဘဲ မှာတမ်းတော်စကားကို ဘေးချိတ်ပြီး ကိုယ်ထင်ရာ ကိုယ်စခန်း သွားနေကြပါလျှင် ဘုရားရှင်၏ မဟာဂရုဏာတော်ကြီးကို မငဲ့ရာရောက်၏။ ဘုရားရှင်ကိုယ်တော်မြတ်ကို မချစ်ခင်ရာရောက်၏။ မလေးစားရာရောက်၏။ မမြတ်နိုးရာရောက်၏။ မရိုသေရာရောက်၏။
ဘုရားရှင်ကိုယ်တော်မြတ်၏ ကျေးဇူးတော်တွေမှာ ဆပ်ပေး၍ မကုန်နိုင်ပါ။ ထိုကျေးဇူးတော်တွေကို တစ်ဖန်ဆပ်ပေးရာရောက်အောင် ဘုရားရှင်ကိုယ်တော်မြတ်၏ စကားတော်ကို တစ်သွေမတိမ်း လိုက်နာဆောင်ရွက်ကြရပါမည်။ လိုက်နာဆောင်ရွက်သည်ဆိုရာမှာလည်း အရိုးကြေကြေ အရေခန်းခန်း လုပ်ဆောင်ရန်မလိုပါ၊ သက်တောင့်သက်သာချမ်းချမ်းသာသာနှင့် ရယူနိုင်ပါသည်။
ဤကား ရုပ်, ဤကား နာမ်, ဤကား ခန္ဓာ စသည်ဖြင့် သင်ကြားတတ်မြောက် လိမ္မာသဖြင့် ကိုယ်ပိုင် အသိဉာဏ် မှန်မှန်ကန်ကန် တိတိကျကျ ရလျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရနိုင်ပါသည်။
ဤမျှ သက်သောင့်သက်သာလေးနှင့် ချပြနေသော လမ်းစဉ်ကိုမှ မလိုချင်သေးပါဘူး၊ မဟုတ်သေးပါဘူး ဆိုလျှင် မည်သည့်အခါမျှ တရားရမည့်သူ မဟုတ်တော့ပါ။ ဆင်ခြေဆင်လက် အမျိုးမျိုး ပေးပြီး ရှောင်ကွင်းနေသူသာဖြစ်ပါသည်။ တကယ်တရားရချင်သူ လိုချင်သူ မဟုတ် ကိုယ့်ဘဝကိုလည်း မြတ်နိုးဟန် မရှိသူသာ ဖြစ်ပေသည်။
မိမိဘဝကို မိမိတန်ဖိုးထားသူ ချစ်မြတ်နိုးသူဖြစ်ပါက သင်ကြားပြသပေးသည့်အတိုင်း နာယူမှတ်သားလျက် အသိဉာဏ် ပြတ်သားသွားပါမူ လူဖြစ်ရကျိုးနပ်ပါသည်။ ဘဝမှာ သေပျော်နေပျော်ပြီဟု ကိုယ်ပိုင်အသိက ဆုံးဖြတ်ပေးပါလိမ့်မည်။
ထို့ကြောင့် အမှုမဲ့ အမှတ်မဲ့နေပြီး အမှုမဲ့အမှတ်မဲ့နှင့် မသေကြပါနှင့်၊ သေသည် ဆိုရာတွင်လည်း တွေတွေဝေေ၀ ကြောက်ကြောက် လန့်လန့်နှင့် သေတာကတစ်မျိုး၊ မတွေမေ၀ မကြောက် မလန့်နှင့် သေတာက တစ်မျိုးဟု နှစ်မျိုး ရှိပါသည်။
တွေတွေဝေေ၀ အကြောက်ကြောက် အလန့်လန့် သေရသူတို့သည် အပါယ်လေးပါးသို့ ရောက်တတ်၏။ မတွေမေ၀ ကြည်ကြည် လင်လင် သန့်သန့်ရှင်းရှင်း သေသူတို့သည် ကောင်းရာသုဂတိသို့ လားရောက်တတ်ပါသည်။ အဘယ်ကြောင့် ဆိုသော် ထိုသူ၌ အားကိုးအားထားပြုစရာ တရား ရထားသောကြောင့် ဖြစ်ပါသည်။
အများသူငါ လူတကာတို့မှာလည်း မတွေမေ၀ သန့်သန့်ရှင်းရှင်း သေနိုင်ရန် တရားကောင်းတစ်ခု လက်ကိုင်ပြုနိုင်ရန် အရေးကြီးပါသည်။
၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ် တည်းဟူသော ရုပ်, နာမ်, ခန္ဓာ အာယတန ဓါတ် စသည့်တရားတို့ကို မိမိကိုယ်ပေါ်တင်ပြီး ခွဲတတ်စိတ် ဝေဖန်တတ်ရန် အမှန်ပင် လိုအပ်ပါသည်။ ထိုတရားတို့ကို တတ်တိ လိမ္မာအောင် သင်ကြားရမည့် လမ်းစဉ်ဖြစ်ပါသည်။ ဘုရားရှင်ကိုယ်တော်မြတ်ဟောကြားသည့် အဘိဓမ္မာ ဒေသနာ အစစ်တွေဖြစ်ပါသည်။ အဘိဓမ္မယ(၇)ကျမ်းကို အဆီညှစ် အနှစ်ထုတ်လျှင် ၀ိပဿနာ တရားစစ် အခြေခံ ရုပ်တရား, နာမ်တရား နှစ်ပါးသာရှိပါသည်။ ထို ၀ိပဿနာ အခြေခံဉာဏ် အမြင်မှန်ရအောင် ကြိုးစားကြရမည် ဖြစ်ပါသည်။ (ကြိုးစားအားထုတ်နိုင်ကြပါစေ။)
ပခုက္ကူ ၀ိပဿနာသင်တန်း အရည်စစ်စာတန်းမှ
No comments:
Post a Comment