Sunday, 29 December 2019

ကံပြုတဲ့နေရာမှာ ဘာအရေးကြီးဆုံးလဲဆိုရင် စေတနာပါ။ ဒါကြောင့် မြတ်စွာဘုရားက "စေတနာဟံ ဘိက္ခဝေ ကမ္မံဝဒါမိ၊ ရဟန်းတို့ စေတနာကို ကံလို့ ငါဘုရား ဟောတယ်"လို့ မိန့်ကြားထားတာပါ။ အဲဒီ စေတနာနဲ့ကံ၊ ကံနဲ့ စေတနာ ဘာထူးသလဲမေးရင် ပြုလုပ်ဆဲ အမှုတွေဟာ စေတနာပါ။ ပြီးပြီးသွားတာက ကံပါ။

ဥပမာ - ဝက်တစ်ကောင်ကို သတ်နေတယ်။ သတ်နေဆဲကာလဟာ စေတနာပါ။ သတ်ပြီးလို့ သေသွားတဲ့အခါ၊ သတ်ခြင်းကိစ္စ ပြီးသွားတဲ့အခါဟာ ကံပါ။ ဒီလိုပါပဲ ... ရဟန်းတစ်ပါးကို ဆွမ်းလောင်းနေဆဲဟာ စေတနာပါ၊ ဆွမ်းလောင်း ပြီးသွားတဲ့ အချိန်ဟာ ကံပါ။ ဒါကို ယောဆရာတော်ဘုရားရဲ့ "ပြုလုပ်ဆဲမှာ စေတနာ၊ ပြီးခါ ကံဟုသိ"ဆိုတဲ့ လင်္ကာလေးနဲ့ ကပ်မှတ်ထားလို့ ရပါတယ်။


ကောင်းမှု ပြုလုပ်ဆဲမှာပဲ ဖြစ်ဖြစ်၊ မကောင်းမှု ပြုလုပ်နေဆဲမှာပဲ ဖြစ်ဖြစ် စေတနာလေးတွေ ဆင့်ကဲဆင့်ကဲ ဖြစ်နေပါတယ်။ အဲဒီ စေတနာလေးတွေက အကြာကြီး တည်မနေပါဘူး။ ဥပါဒ်-ဌီ-ဘင် = ဖြစ် တည် ပျက် ဆိုပြီး ပျက်ပျက်သွားပါတယ်။ စာလို ပြောရင်တော့ ချုပ်ချုပ်သွားတာပါ။ ကောင်းတာ ပြုနေတဲ့အချိန်မှာ ကောင်းတဲ့ စေတနာလေးတွေက ဖြစ် တည် ပျက် ဆိုပြီး ခဏလေး တည်ပြီး ချုပ်ချုပ်သွား၊ အဲဒီလို ချုပ်သွားပေမယ့် ဘာလေးတွေ ကျန်ခဲ့သလဲဆိုတော့ ကမ္မသတ္တိလေးတွေပါ။

စေတနာလေးတွေ ချုပ်ချုပ်သွားလိုက်၊ ကမ္မသတ္တိလေးတွေ ကျန်ခဲ့လိုက်၊ ကြာလာတော့ ကမ္မသတ္တိလေးေတွေက များလာပါတယ်။ ကမ္မသတ္တိလေးတွေဟာ ကောင်းတာပြုခဲ့ရင် ကောင်းတဲ့ ကမ္မသတ္တိလေးတွေ၊ မကောင်းတာ ပြုခဲ့ရင် မကောင်းတဲ့ ကမ္မသတ္တိလေးတွေ ကျန်နေခဲ့ပါတယ်။ လူတစ်ယောက်ကို အကျိုးပေးတယ်ဆိုတာလည်း အဲဒီကမ္မသတ္တိလေးတွေက အကျိုးပေးတာပါ။
အဲဒီကမ္မသတ္တိလေးတွေက ချက်ချင်းထ အကျိုးပေးသလားဆိုတော့ ချက်ချင်းတော့ ထ အကျိုးမပေးသေးပါဘူး။ အကြောင်းတိုက်ဆိုင်တဲ့အခါမှသာ ထ အကျိုးပေးတာပါ။

ဒါကို စာမှာ ဘယ်လို ဥပမာပေးထားသလိုဆိုတော့ သရက်သီးမှည့်ကို စားပြီး သွားတဲ့အခါ သရက်စေ့လေး ကျန်ခဲ့ပါတယ်။ အဲဒီ သရက်စေ့မှာ အပင်ပေါက်နိုင်တဲ့ ဗီဇသတ္တိလေး ရှိနေပါတယ်။ အပင်ပေါက်နိုင်တဲ့ ဗီဇသတ္တိလေးရှိနေတဲ့ သရက်စေ့ဟာ မြေကြီးနဲ့လည်း ထိတွေ့ခွင့် ရမယ်၊ မိုးဥတုနဲ့လည်း ထိတွေ့ခွင့်ရမယ်ဆိုရင် သရက်ပင်လေး ထပေါက်လာပါတယ်၊ အဓိကတော့ မြေကြီးရယ်၊ မိုးဥတုရယ်နဲ့ ကြုံကြိုက်ဖို့ပါပဲ။ အဲဒီ အင်္ဂါနှစ်ချက်နဲ့ မညီသေးရင် သရက်စေ့လေးဟာ အပင်ပေါက်နိုင်တဲ့ သတ္တိလေး ရှိနေပေမယ့် မပေါက်နိုင်သေးပါဘူး။

အဲဒီ သရက်သီးမှည့်နဲ့ သရက်စေ့လေးရဲ့ ဥပမာ အတိုင်းပါပဲတဲ့။ သရက်သီးမှည့်ကို စားနေဆဲ စားနေတဲ့ အချိန်ဟာ စေတနာပါတဲ့၊ စားပြီး အပင်ပေါက်နိုင်တဲ့ သရက်စေ့ ကျန်ခဲ့တာဟာ ကမ္မသတ္တိပါတဲ့။
သရက်စေ့ဟာ ချက်ချင်းထပြီး အပင်မပေါက်နိုင်သေးဘဲ မြေကြီး မိုးဥတုနဲ့ ထိတွေ့ခွင့်ရမှ အပင်ပေါက်နိုင်သလို လူတစ်ယောက်ရဲ့ ကမ္မသတ္တိဟာလည်း ချက်ချင်း အကျိုးမပေးနိုင်သေးပါဘူး။

ကောင်းတဲ့ ကမ္မသတ္တိတွေက ယောနိသောမန သိကာရ-ဆိုတဲ့ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတဲ့အခါ၊ ကလျာဏမိတ္တ-ဆိုတဲ့ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ ဆရာကောင်း-စတဲ့ မိတ်ဆွေကောင်းနဲ့ တွေ့ဆုံတဲ့အခါမှ ထအကျိုး ပေးတာပါ။

ဒီလိုပါပဲ ... မကောင်းတဲ့ ကမ္မသတ္တိလေးတွေကလည်း အယောနိသောမနသိကာရ အကုသိုလ်ဖြစ်အောင် နှလုံးသွင်းတဲ့အခါ ပါပမိတ္တ မိတ်ဆွေဆိုး မိတ်ဆွေယုတ်နဲ့ တွေ့ဆုံတဲ့အခါကျမှ ထအကျိုးပေးမှာပါ။
အဲဒီတော့ ကိုယ့်သန္တာန်မှာ ရှိနေတဲ့ ကမ္မသတ္တိတွေဟာ ချက်ချင်းတော့ ထအကျိုးမပေးသေးပါဘူး။ ခြောက်လကြာမှ အကျိုးပေးချင် ပေးမယ်၊ ဆယ်နှစ်ကြာမှ အကျိုးပေးချင် ပေးမယ်၊ နောက်ဘဝကျမှပဲ အကျိုးပေးချင် ပေးမယ်။ နှစ်ဘဝမြောက်၊ သုံးဘဝမြောက်၊ ဆယ်ဘဝမြောက် ကျမှလည်း အကျိုးပေးချင် ပေးမယ်။ ပေးမှာတော့ ဧကန်မုချပါ။

ကောင်းတဲ့ ကမ္မသတ္တိပဲ ဖြစ်ဖြစ်၊ မကောင်းတဲ့ ကမ္မသတ္တိပဲ ဖြစ်ဖြစ် ကိုယ့်သန္တာန်မှာ ကမ္မသတ္တိ မြောက်သွားပြီဆိုရင်တော့ ဘဝတစ်ခုမှာ ဧကန်မုချ အကျိုးပေးတော့မှာပါ။ အကျိုးပေး နီးတာနဲ့ ဝေးတာပဲ ကွာမှာပါ။

ကောင်းတာပြုပြီး အကျိုးမပေးသေးလို့ ဘာမှ စိတ်အားလျော့စရာ မလိုသလို၊ မကောင်းတာ ပြုပြီး အကျိုးမပေးသေးဘူး ဆိုပြီး ကံကို အထင်သေးနေလို့လည်း မရပါဘူး။

ကံဆိုတာ ပြုပြီးသွားရင် ကမ္မသတ္တိ မြောက်သွားတာဆိုတော့ ကောင်းတဲ့ ကံအတွက် ပြဿနာ မရှိပေမယ့် မကောင်းတဲ့ ကံအတွက်ကျတော့ မပြုခင် သေချာစဉ်းစားဖို့ လိုပါတယ်။ ဘဝတွေက ကျင်လည်ရဦး မှာပါ။ တစ်ဘဝထဲနဲ့ မပြီးသေးပါဘူး။ တစ်ဘဝထဲနဲ့ ပြီးပြတ်အောင် လုပ်နိုင်ရင်တော့ တစ်မျိုးပေါ့လေ။
ဘာပဲလုပ်လုပ် ကံဆိုတာ လုပ်ပြီးရင် ကမ္မသတ္တိကတော့ မြောက်သွားတာပါပဲ။ မလုပ်ခင် သေချာစဉ်းစားဖို့ပဲ လိုတာပါပဲလေ။

ကျမ်းကိုး -
၁။ ဓမ္မပဒ အဋ္ဌကထာ (ဒု)တွဲ ဥဂ္ဂသေနဝတ္ထု။
၂။ မင်းကွန်းဆရာတော်ကြီး၏ ဓမ္မဒေသနာ ပေါင်းချုပ် အတွဲ (၁)။

အရှင် ရာဇိန္ဒ (ရဝေနွယ်၊ အင်းမ) ၁၉၆၉ ~

Tuesday, 24 December 2019

နိဗ္ဗာန်၏ ဂုဏ်တော်တချို့


ခယဂုဏ်တော်။    ။ ထိုနိဗ္ဗာနဓာတ် တရားမြတ်ကို သောတာပတ္တိမဂ်ဖြင့် မြင်လိုက်သည်နှင့် တပြိုင်နက် ရာဂစသော ကိလေသာ အချို့သည်လည်းကောင်း၊ ထိုကိလေသာရှိသူတိုင်း (၇-ဘ၀ နောက်ရရှိမည့်) ရုပ်နာမ်တို့သည်လည်းကောင်း ကုန်ခန်းကြရတော့၏။ အထက်မဂ်များကို ရသောအခါလည်း ဤနည်းအတိုင်း ကိလေသာအပူတွေ ကုန်ရပေသည်။ ထို့ကြောင့် သန္တိဖြစ်သော ထိုနိဗ္ဗာန်သည် ကိလေသာတို့၏လည်းကောင်း၊ ရုပ်နာမ်တို့၏လည်းကောင်း ကုန်ခန်းကြောင်း ခယဂုဏ်နှင့် ပြည့်ပါသည်။

၀ိရာဂဂုဏ်တော်။    ။ တပ်မက်ခြင်း သဘောကို ပါဠိလို ‘‘ရာဂ’’ဟုခေါ်၏။ ထိုရာဂသည် ရုပ်နာမ်ခန္ဓာ အပေါ်၌လည်းကောင်း၊ ခန္ဓာနှင့်စပ်သော ပညတ်အပေါ်၌လည်းကောင်း ဖြစ်ရသော တရားတည်း၊ ရုပ်နာမ်တို့၏ ကုန်ကြောင်းဖြစ်သော နိဗ္ဗာန်သည် ထိုရာဂနှင့် လုံးလုံးမစပ်တော့ရကား ‘‘၀ိရာဂ- ရာဂမရှိ’’ဟူသော ဂုဏ်နှင့်လည်း ပြည့်စုံပါသည်။

အမတဂုဏ်တော်။    ။ ‘‘သေခြင်း’’ ဆိုသည်မှာ တစ်ဘဝအတွက် နောက်ဆုံးပျက်ခြင်းတည်း၊ ထိုအပျက်ဟူသည်လည်း အဖြစ်ရှိပြီးမှ ပေါ်လာ၏၊ ပျက်ဖို့ရှေးရှုနေသော (ပျက်ဖို့ပြင်နေသော) သဘောကို ‘‘အိုခြင်း, ဆွေးမြေ့ခြင်း’’ဟု ခေါ်၏။ ပါဠိလို ဇာတိ, ဇရာ, မရဏ၊ မြန်မာလို ‘‘ဖြစ်ခြင်း, ရင့်ခြင်း, (အိုခြင်း) သေခြင်း (ပျက်ခြင်း)’’ဟူသော သဘောသည် ရုပ်တရား နာမ်တရားတို့၏ သဘောဖြစ်၏၊ ရုပ်နာမ်အားလုံး ကုန်ဆုံးပြီးသော ထိုနိဗ္ဗာန်သည် သေခြင်း ‘‘မတ’’ မရှိရကား အမတဂုဏ်နှင့်လည်း ပြည့်စုံသည်။

ပဏီတဂုဏ်တော်။    ။ နိဗ္ဗာနဓာတ် တရားမြတ်သည် ရဟန္တာ ပုဂ္ဂိုလ်များအတွက် (စား၍မဝနိုင်အောင် အရသာရှိသော အစာကဲ့သို့) မကြာမကြာအာရုံပြု၍ နေချင်စရာကောင်းလောက်အောင် အရသာရှိသော တရားတော်ဖြစ်၏။ ဗုဒ္ဓမြတ်စွာသည် (ဖလသမာပတ်ကို ၀င်စားကာ) ထိုနိဗ္ဗာန်ကို အာရုံပြု၍ မကြာမကြာ သီတင်းသုံးတော်မူလေ့ရှိ၏။ တရားဟောတော်မူတုန်းမှာပင် ပရိသတ်က သာဓု သာဓုခေါ်ပြီးမှ တရားကိုဆက်၍ ဟောတော်မူ၏။ နိဗ္ဗာန်တရားတော်သည် ရဟန္တာဖြစ်ပြီး ပုဂ္ဂိုလ်အတွက် ဤမျှလောက် အရသာရှိသော တရားထူးတရားမွန် ဖြစ်သောကြောင့် ပဏီတဂုဏ်နှင့်လည်း ပြည့်စုံပါသည်။

ယဒဇ္ဈဂါ (ယံ +အဇ္ဈဂါ)။    ။ ထိုနိဗ္ဗာန်တရားတော်ကို ဤ သာသနာတော်၌ ဗုဒ္ဓမြတ်စွာဘုရားသည် အစဆုံး သိတော်မူ, တွေ့မြင်တော်မူရ၏၊ တွေ့မြင်ရာဌာနနှင့် ကာလကား ဘုရားဖြစ်ရာ ဗောဓိရိပ်သာ၌ ကဆုန်လပြည့်ညဉ့် အရုဏ်တက်တော့မည့်ဆဲဆဲ အချိန်အခါတည်း။

နိရောဓသစ္စာ။    ။ ထိုအချိန်ဝယ် ဗုဒ္ဓမြတ်စွာသည် ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာဟူသော သစ္စာ ၄-ပါးကို ပိုင်းခြားထင်ထင် သိမြင်တော်မူ၏။ ထိုသို့သိမြင်တော်မူရာဝယ် ‘‘နိရောဓသစ္စာ’’ဟူသည် ဤ နိဗ္ဗာနဓာတ် တရားမြတ်ပင် ဖြစ်၏။ ထိုအချိန်၌ မျက်စိအောက်သို့ ရောက်နေသော အရာဝတ္ထုကို မြင်ရကဲ့သို့ ဗုဒ္ဓမြတ်စွာသည် မဂ်ဉာဏ်ဖြင့် ခယ, ၀ိရာဂ, အမတဂုဏ်အပေါင်းနှင့် ပြည့်စုံသော နိဗ္ဗာန်ဟူသော နိရောဓသစ္စာကို ထင်ထင်ရှားရှား မြင်တော်မူပါသည်။

ဥပမာဆောင် ထင်ရှားအောင်ပြပေအံ့ -
    အဏုမြူဓာတ်၏ စွမ်းအားကို ရှာဖွေကြသော လောကီ ပညာချွန်တို့သည် အလွန်ကြိုးစားသောအခါ ထို အဏုမြူအားကို တွေ့မြင်ကြရ၏။ ထိုတွေ့မြင်အပ်သော ထိုဓာတ်အားသည်  သူတို့တွေ့မှ ဖြစ်သည်မဟုတ်၊ နဂိုသဘာဝအတိုင်းရှိနေသော အားဖြစ်သကဲ့သို့လည်းကောင်း၊ လေးနက်သော ကျမ်းစာ၏ အဓိပ္ပာယ်ကို အမှန်သိအောင် စဉ်းစားကြသော စာပေပညာချွန်တို့သည် ရက်ပေါင်းများစွာ အတော်ကြိုးစားသောအခါ ထိုအဓိပ္ပာယ်ကို သိရ၏။ ထိုသိအပ်သော အကြောင်းအရာ အဓိပ္ပာယ်စာသည် ထိုအချိန်မှ ဖြစ်ရသည်မဟုတ်ပဲ နဂိုသဘာဝအတိုင်းပင် ရှိနေသကဲ့သို့လည်းကောင်း၊ တရားထူး ရအောင် အားထုတ်သော ယောဂီသူမွန်သည်လည်း နိဗ္ဗာန်နှင့်တကွ သစ္စာ ၄-ပါးကို သိရအောင် တရားအားထုတ်သာအခါ အလွန့်အလွန်ကြိုးစားမှ ထိုတရားကို သိရ၏။ ထိုသိအပ်သော နိဗ္ဗာန်တရားသည် ထိုအချိန်မှ ဖြစ်ပေါ်လာသောတရားမဟုတ်၊ သဘာဝအတိုင်း ရှိနေသော သန္တိသုခတရားသာဖြစ်ပါသည်။

သမံ နတ္ထိ။        ။ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်း လေးထောင် ဟူသော ပရိယတ်တရား၊ ကိလေသာတို့ကို သူ့နည်းသူ့ဟန်ဖြင့် ပယ်နိုင်သော စျာန်တရား၊ မြေလျှိုးမိုးပျံ ပုံသဏ္ဌာန်အမျိုးမျိုးကို ဖန်ဆင်းနိုင်ခြင်း စသောတန်ခိုးရှိသော အဘိညာဉ်တရား၊ ဆိုင်ရာကိလေသာကို အကြွင်းအကျန်မရှိအောင် ပယ်နိုင်သော မဂ်တရားဖိုလ်တရားတို့သည် ဆိုင်ရာအကျိုး အမျိုးမျိုးကို ပေးနိုင်ကြသော်လည်း၊ နိဗ္ဗာန်နှင့်တန်းတူသော တရားတစ်ပါးမျှ မရှိပါချေ။

ဒိဋ္ဌဓမ္မိက နိဗ္ဗာန်။    ။ ပရိနိဗ္ဗာန်စံတော်မမူမီ ဖလသမာပတ်ဝင်စားသောအခါ ဗုဒ္ဓမြတ်စွာ၏ စိတ်တော်၌ မကြာမကြာ ထင်ပေါ်နေသော နိဗ္ဗာန်ကို မျက်မှောက်ဘဝ၌ အာရုံပြုရသောကြောင့် ‘‘ဒိဋ္ဌဓမ္မိက နိဗ္ဗာန်’’ဟု ခေါ်၏။ ၀ိပါက်စိတ်များနှင့် ကမ္မဇရုပ်များကို “ဥပါဒိ”ဟုခေါ်၏။ ထို ဥပါဒိ ရှိစဉ်အခါ၌ အာရုံပြုရသောကြောင့် “သဥပါဒိသေသနိဗ္ဗာန်”ဟုလည်း ခေါ်သည်။

သမ္ပရာယိက နိဗ္ဗာန်။        ။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူပြီးသောအခါ တည်ရှိရစ်သော ထိုနိဗ္ဗာန်ကိုပင် “သမ္ပရာယိက နိဗ္ဗာန်”ဟု ခေါ်၏။ ၀ိပါက်နာမက္ခန္ဓာနှင့် ကဋတ္တာရုပ်ဟူသော ကမ္မဇရုပ် အကြွင်းအကျန် မရှိသောကြောင့် “မနုပါဒိသေသနိဗ္ဗာန်”ဟုလည်း ခေါ်သည်။ ထို့ကြောင့် “ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတော်မူပြီးသော်လည်း ဗုဒ္ဓမြတ်စွာ သိတော်မူအပ်ပြီးသော အသင်္ခတနိဗ္ဗာနဓာတ်သည်ကား ယနေ့တိုင်အောင် တည်ရှိနေသည်”ဟု မှတ်ပါ။ (ဣတိ၀ုတ္တကဋ္ဌကထာ ဒုက၊ ဒုဝဂ်၊ နိဗ္ဗာနဓာတုသုတ်အဖွင့်)

သုခ ၂-မျိုး။        ။  သုခသည် ဝေဒယိကသုခ, သန္တိသုခဟု နှစ်မျိုးရှိ၏။ ယခုခေတ်လူအများတို့ မြင်ရ, ကြားရ, နမ်းရ, စားသောက်ရ, တွေ့ထိရသောအခါ ဖြစ်ပေါ်လာသော ကိုယ်ချမ်းသာခြင်း၊ စိတ်ချမ်းသာခြင်းကို “ဝေဒယိတသုခ”ဟုခေါ်သည်၊ ထိုသို့ ခံစားမှုမရှိပဲ ဒုက္ခခပ်သိမ်း ငြိမ်းအေးခြင်းသဘောကို “သန္တိသုခ”ဟု ခေါ်သည်။

ဝေဒယိတသုခ။    ။ ခံစားမှုဟူသော ဝေဒယိတသုခသည် ခံစားစံစား၍ ကုန်ကုန်သွားသည့်အတွက် အသစ် အသစ် ရအောင် ပစ္စည်းဥစ္စာရှာရခြင်းစသော ဒုက္ခဖြင့် ထူထောင်ရ၏။ ထို အသစ် အသစ်ရအောင် ထူထောင်ရသော ဒုက္ခကား ခံစားရသော သုခနှင့် အဆမတန်ချေ၊ ထိုသို့ ဒုက္ခဖြင့် ထူထောင်ပြီးနောက် ပေါ်ပေါက်ရရှိသော သုခကလေးဖြင့် တင်းမတိမ်နိုင်ကြသောကြောင့် အပိုအမိုအကြွေးယူကာ မတရားထံစားမှုအတွက် အပါယ်သွား၍ သုခကြွေးတွေကို အတိုးနှင့်တကွ ဒုက္ခဖြင့် ဆပ်ကြရလေသည်။

သန္တိသုခ။        ။ ထိုကဲ့သို့ ခံစားမှုနှင့် မရောသော သန္တိသုခသဘောကား ရုပ်နာမ် သင်္ခါရတို့ ချုပ်ငြိမ်းသဖြင့် အေးမြငြိမ်းချမ်းခြင်း သဘောတည်း။ ထင်ရှားစေအ့ံ- လောကီအာရုံကာမဂုဏ်တွေ ပြည့်စုံလှသော သူဌေးတစ်ယောက်သည် နှစ်ခြိုက်စွာ အိပ်ပျော်နေစဉ် ခံစားဖို့ အာရုံများကို ပြင်ဆင်၍ အစေခံတို့က နှိုးလာသောအခါ “အအိပ်ဖျက်ရမည့်လား”ဟု ကြိမ်းဝါးမောင်းမဲမည်သာ၊ ထိုသူ၏ အိပ်နေစဉ်အခါ၌ ခံစားမှု အထင်အရှားမရှိ၊ သို့ပါလျက် နှစ်ခြိုက်စွာ အိပ်ရမှုကိုပင် ခံစားမှုသုခထက် နှစ်သက်၍ “အိပ်ရကောင်းလိုက်တာ”ဟု အမွှန်းတင်ကြသေး၏၊ ရုပ်နာမ်အားလုံးကင်း၍ ငြိမ်းချမ်းခြင်း သန္တိသုခကား “မည်မျှလောက် ကောင်းလိမ့်မည်”ဟု မှန်းဆသင့်တော့သတည်း။

နိရောဓသမာပတ်ဝင်စားခြင်း။    ။ စိတ်စေတသိက်နှင့် စိတ်ကြောင့်ဖြစ်သော ရုပ်များ၏ အသစ် မဖြစ်ပဲ ချုပ်ငြိမ်းနေအောင်ပြုနိုင်သော သမာပတ်ကို “နိရောဓသမာပတ်”ဟု ခေါ်၏။ အနာဂါမ် ရဟန္တာဖြစ်ပြီး စျာန်အကုန်ရပြီးပုဂ္ဂိုလ်သာ ထိုသမာပတ်ကို ၀င်စားနိုင်၏။ အနာဂါမ်, ရဟန္တာအရှင်မြတ်တို့သည် ရုပ်နာမ်ခန္ဓာကြီးကို လေးလံလှစွာသော ၀န်ထုပ်ကြီးကဲ့သို့ မှတ်ထင်တော်မူကြကုန်၏။ ထို့ကြောင့် ရုပ်နာမ်ခန္ဓာမှ ကင်းနိုင်သမျှကင်းဖို့ရာ နိရောဓသမာပတ်ကို ၀င်စားတော်မူကြ၏။ ထို သမာပတ်အတွင်း၌ ခံစားမှုလုံးဝမရှိ၊ နာမ်တရားနှင့် အချို့ရုပ်များ အသစ်မဖြစ်ပဲ ရပ်စဲနေခြင်းသာတည်း၊ ထိုရပ်စဲခြင်းသည်ပင် ချမ်းသာသေးလျှင် ရုပ်နာမ်အားလုံး ချုပ်ငြိမ်းနေသော နိဗ္ဗာန်သည် အဘယ်မှာ မချမ်းသာပဲ ရှိအံ့နည်း။

ထင်ရှားရှိသောနိဗ္ဗာန်။        ။ ထို သန္တိသုခ နိဗ္ဗာနဓာတ် တရားမြတ်သည် ဘာမျှမရှိသော (အဘာဝ) ပညတ်မဟုတ်ပါ၊ အများဆိုင် ဘုံပစ္စည်းကဲ့သို့ တစ်ပါးတည်းလည်း မဟုတ်ပါ၊ ကိုယ့်နိဗ္ဗာန်နှင့်ကိုယ် အသီးသီးရှိကြပါသည်။ ထို့ကြောင့်ပင် ရဟန္တာအရှင်တို့သည် ခန္ဓာကိုယ်ထင်ရှားရှိစဉ် မိမိသိအပ်သောနိဗ္ဗာန်ကို အာရုံပြုလျက် ဖလသမာပတ်ဝင်စား၍ နေလေ့ရှိကြပါသည်။ ထိုသမာပတ်ဝင်စားခိုက်၌ နိဗ္ဗာန်ကို အာရုံပြု၍နေရသည်မှာ အလွန်သုခ ရှိပါသည်တဲ့၊ ထို့ကြောင့်ပင် ထေရာထေရီ အလီလီတို့ ရွှေပြည်နိဗ္ဗာန်ဝင်စံခါနီးဝယ် ဥဒါန်းကျူးကာ ရုပ်နာမ်ခန္ဓာဝန်ကြီးကို အပြီးသတ် ပစ်ချတော်မူကြပါသည်။

အမရပူရ မဟာဂန္ဓာရုံဆရာတော်
အရှင်ဇနကာဘိ၀ံသ၏
အခြေပြုပဋ္ဌာန်းတရားတော်မှ


    ရတနသုတ်ပါဠိတော်

    ခယံ ၀ိရာဂံ အမတံ ပဏီတံ၊
    ယဒဇ္ဈဂါ သကျမုနိ သမာဟိတော။
    န တေန ဓမ္မေန သမတ္ထိ ကိဉ္စိ၊
    ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။
    ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

    သန္တံ၊ ဖြစ်ပျက်မစပ် အငြိမ်းဓာတ်ဖြင့် မပြတ်ပုံသေ အေးမြပေထသော။ ခယံ၊ ရုပ်နာမ်ဆူဆူ အပူခပ်သိမ်း ကုန်ငြိမ်းကြောင်းလည်း ဖြစ်ပေထသော။ ၀ိရာဂံ၊ ရုပ်နာမ်အဆက် အကုန်ပျက်သဖြင့် မတပ်မက်ကြောင်းလည်း ဖြစ်ပေထသော။ အမတံ၊ ဇရာမရဏ ရှာမရအောင် ကာလပုံသေ အမြူတေလည်း ဖြစ်ပေထသော။ ပဏီတံ၊ အရသာရှိ စားဖွယ်၏သို့ သိ၍မ၀ မွန်မြတ်ပေထသော။ ယံ ဓမ္မံ၊ အသင်္ခတ နိဗ္ဗာနဓာတ် အကြင်တရားတော်မြတ်ကို။ သမာဟိတော၊ ဘာဝနာကမ္မဋ္ဌာန်း လွန်ကြိုးပမ်းသဖြင့် စိတ်စွမ်းတည်ဘိ သမာဓိရှိတော်မူသော။ သကျမုနိ သာကီနွယ်ဖွား ငါတို့ဘုရားသည်။ အဇ္ဈာဂါ၊ ဗောဓိအောင်မြေ ပလ္လင်ဗွေ၌ လေးထွေသစ္စာ သိသောအခါ၀ယ် ကောင်းစွာလှလှ ရတော်မူခဲ့လေပြီ။
    တေန ဓမ္မေန၊ အသင်္ခတ နိဗ္ဗာနဓာတ်သို့ ထို တရားတော်မြတ်နှင့်။ သမံ၊ တန်းတူထား၍ ရှုစားလောက်သော။ ကိဉ္စိ၊ တစ်မျိုးတစ်ခြား တရားဆိုင်ရာ တစ်စုံတစ်ခုသော ရတနာသည်။ န အတ္ထိ၊ လူ့ဘုံနတ်ရောက် အကုန်ပေါက်အောင် မွှေနှောက်ရှာဖွေ မရှိပါချေ။ ဓမ္မေ၊ အသင်္ခတ နိဗ္ဗာနဓာတ် တရားမြတ်၌။ ပဏီတံ၊ တရားများစွာ ရတနာထက် ကဲသာမြတ်မွန် တုဘက်လွန်သော။ ဣဒမ္ပိ ရတနံ၊ ရတနာဖြစ်ကြောင်း ကောင်းထက်ကောင်းသည့် ဂုဏ်ပေါင်းကိုခြုံ ဤ ခယဝိရာဂစသော ဂုဏ်တော်သည်။ အတ္ထိ၊ စင်စစ်ဧကန် အမှန်မသွေ ရှိပါပေ၏။ ဧတေန သစ္စေန၊ မှန်ကန်လှစွာ ဤ ၀စီ သစ္စာကြောင့်။ ပါဏီနံ၊ ဘေးရန်ခပ်သိမ်း အေးငြိမ်းကြလို များလူဗိုလ်တို့အား။ သုဝတ္ထိ၊ တင့်တယ်ဖို့ရန် အတန်တန်ဖြင့် ဘေးရန်ခပ်သိမ်း အေးငြိမ်းခြင်းသည်။ ဟောတု၊ စင်စစ်မသွေ ဖြစ်ပါစေသတည်း။
(အကျယ်ကို နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓတွင် ရှုပါ)

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိ၀ံသ၏ သံဝေဂလင်္ကာ

၁။    ငါတို့နေရာ, ဤကမ္ဘာ, တဏှာအုပ်စိုးသည်။
၂။    တဏှာစေရာ, မနေသာ, ဖွေရှာ ဆက်ရသည်။
၃။    ရသည့်ဥစ္စာ, ချစ်သူပါ, စွန့်ခွာ သွားရမည်။
၄။    တကဲ့အရေး, တကဲ့ဘေး, ဘယ်သွေး ဘယ်သား မကယ်ပြီ။
၅။    ငါနှင့်ရွယ်သူ, ငါ့အောက်လူ, ကြီးသူသေကြ, များလှပြီ။
၆။    ခဏမစဲ, အိုစမြဲ, ကိုယ်လဲသေဘက် နီးခဲ့ပြီ။
ရ။    ဇရာမီးတောင်, ကိုယ်ထည်းလောင်, သေအောင်မြိုက်တော့သည်။
ဂ။    မသေရခင်, သွားလမ်းစဉ်, ကြိုတင်ပြင်သင့်ပြီ။
၉။    ဒါနသီလာ, ဘာဝနာ, လမ်းသာ ထွင်လိမ့်မည်။
၁၀။    မဂ္ဂင်ယာဉ်ကြီး, အမြန်စီး, ခရီးထွက်တော့မည်။

ဆရာတော် ပျံလွန်တော်မူခါနီး ရေးသွားသည်ဟု ထင်ရပါသည်။

    အာသီသ

    စိရဋ္ဌိတတ္ထံ ဓမ္မဿ၊ ကရောန္တေန မယာ ဣမံ။
    သဒ္ဓမ္မဗဟုမာနေန၊ ယဉ္စ ပုညံ သမာစိတံ။
    သဗ္ဗဿ အာနုဘာဝေန၊ တဿ သဗ္ဗေပိ ပါဏိနော။
    သဒ္ဓမ္မရသသေဝိနော၊ ဘဝန္တု ဓမ္မရာဇဿ။

    ဓမ္မဿ၊ ဘုရားဟော်ဖော် တရားတော်၏။ စိရဋ္ဌိတတ္ထံ၊ ကြာမြင်စွာ တည်ခြင်းအကျိုးငှာ။ ဣမံ၊ ဤဓမ္မဒါနကောင်းမှုကို။ (ဤ အနန္တသဗ္ဗညုတဉာဏ်တော်ကြီးနှင့် အတုမဲ့ချမ်းသာမြတ် နိဗ္ဗာနဓာတ် တရားတော်မြတ်ကို ဉာဏ်မှီသမျှ အာရုံရပါစေခြင်း အကျိုးပြုစီမံအားထုတ်ရသော ကုသိုလ်ကို)။ ကရောန္တေန၊ ပြုသော။ မာယာ၊ ငါသည်။ သဒ္ဓမ္မဗဟုမာနေန၊ သူတော်ကောင်းတရား၌ များစွာမြတ်နိုးခြင်းရှိသည်။ (ဟုတွာ၊ ဖြစ်၍။) ယဉ္စ ပုညံ၊ အကြင် ပရဟိတအကျိုး သည်ပိုးဆောင်ကြောင်း ကောင်းမှု ကုသိုလ်ကိုလည်း။ သမာစိတံ၊ ကောင်းစွာ ဆည်းပူးအပ်ပေပြီ။ သဗ္ဗဿ၊ အလုံးစုံသော။ တဿ (ပုညဿ)၊ ထိုကောင်းမှုကုသိုလ်၏။ အာနုဘာဝေန၊ တန်ခိုးရှိန်စော် အာနုဘော်ကြောင့်။ သဗ္ဗေပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။ ပါဏိနော၊ လူ, နတ်, ဗြဟ္မာ သတ္တဝါ တို့သည်။ ဓမ္မရာဇဿ၊ တရားမင်း ဘုရား၏။ သဒ္ဓမ္မရသသေဝိနော၊ သူတော်ကောင်းတရား၏ အရသာ သုံးဖြာသော ဗောဓိဉာဏ်တွင် ထိုက်တန်သော ဗောဓိဉာဏ်ကို မှီဝဲနိုင်ကြကုန်သည်။ ဘဝန္တု၊ ဖြစ်ပါစေကုန်သတည်း။

    စိရံ တိဋ္ဌတု သဒ္ဓမ္မော၊ ကာလေ ၀ဿံ စိရံ ပဇံ။
    တပ္ပေတု ဒေဝေါ ဓမ္မေန၊ ရာဇာ ရက္ခတု မေဒိနိံ။

    သဒ္ဓမ္မော၊ ရှင်တော်ဘုရား ဟော်ဖော်ထားသည့် တရားတော်မြတ် ပိဋကတ်သည်။ စိရံ၊ ကျင့်သူရှိသော် ထောင်သောင်းကျော်အောင်။ တိဋ္ဌတု၊ ပါဠိအနက် မပျက်စုံညီ လဇ္ဖီပုဂ္ဂိုလ်တို့ သန္တာန်၌ တည်ပါစေသတည်း။ ဒေဝေါ၊ မိုးသည်။ ကာလေ၊ သင့်လျော်လျောက်ပတ် ကောင်းမြတ်သော အခါ၌ ၀ဿံ၊ ရွာဖြိုးလျက်။ စိရံ၊ ကြာမြင့်စွာ။ ပဇံ၊ သတ္တဝါအပေါင်းကို။ တပ္ပေတု၊ ၀မ်းသာရွှင်ပျို့နှစ်မြို့ပါစေသတည်း။ ရာဇာ၊ တိုင်းပြည်စောင့်ကြပ် မင်းဟု သမုတ်အပ်ကုန်သော အုပ်ချုပ်သူအပေါင်းသည်။ မေဒိနိံ၊ တမြေပြင်လုံးကို (၀ါ) မြေပြင်ထက်နေ လူဗိုလ်ခြေကို၊ ရက္ခတု၊ အမြဲချီးမြှောက် စောင့်ရှောက်နိုင်ပါစေသတည်း။
    ဗုဒ္ဓမြတ်စွာ၏ အဆုံးအမသာသနာတော်မြတ်ကြီးကို အမှီပြုလျက် သူတော်ကောင်းတရား တည်မြဲပျံ့နှံ့၍ သတ္တဝါအပေါင်း ချမ်းသာစေကြောင်းကြိုးစား အားထုတ်လျက်ရှိကြသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့သည် မိမိတို့ ကြိုးစားသလောက် ပြီးမြောက် အောင်မြင်ကြပါစေသတည်း။

အမရပူရ မဟာဂန္ဓာရုံဆရာတော်
အရှင်ဇနကာဘိ၀ံသ၏
(အခြေပြုပဋ္ဌာန်းတရားတော်မှ)
    အတုမဲ့ချမ်းသာမြတ် နိဗ္ဗာနဓာတ်, နိဗ္ဗာန်နှင့်ပတ်သက်၍ သံသယကင်းရှင်းစေခြင်းအကျိုးငှာ ရည်သန်၍ ဖော်ပြလိုက်ပါသည်။

ဘယ်တရားပို့တာ ကြိုက်သလဲ။ ရထားထွက်ခါနီးပြီ မိုးကုတ်ဆရာတော်ဘုရားကြီိး



    ကဲ ...... တရားနာတဲ့လူကလဲ ခန္ဓာကြည့်ပြီးနာရတယ်။ ဟောတဲ့ပုဂ္ဂိုလ်ကလဲ ခန္ဓာကြည့်ပြီးဟောမယ်။  ဘာဝနာပွားပြီးဟောတဲ့အတွက် ဘာဝနာပွားပြီးနာရမယ်။
    ခင်ဗျားတို့ဟာ တရားကပို့လိုက်လို့ ဒီလူ့ပြည်ရောက်လာတာ၊ အဲ ...တရားပို့လိုက်တာနဲ့ လူ့ပြည်ရောက်လာတာပဲ။
    ဒါကြောင့် ခင်ဗျားတို့ တရားသာ အမိ၊ တရားသာ အဖ ပါပဲ။ ဒီတော့ တရားပဲအားကိုးစရာရှိတော့တယ်လို့ သေသေချာချာမှတ်ပါ။ သာဓကလုံလောက်အောင်ရှင်းပြမယ်။
    မြတ်စွာဘုရားဟာ ဘုရားဖြစ်လာတော့ သြော် ...... ငါ အတုမရှိတဲ့ ဘုရားတော့ဖြစ်လာပြီ၊ ငါ့ထက်  သီလ၊ သမာဓိပညာအားဖြင့်သာတဲ့ ပုဂ္ဂိုလ်ရှိရင် ကိုးကွယ်ဆည်းကပ်ပူဇော်မယ်ဆိုပြီး ၃၁-ဘုံမှာ လျှောက်ပြီးကြည့်လိုက်တော့ သူထက်သာတဲ့ ပုဂ္ဂိုလ် တစ်ယောက်မှမမြင်ဘူး။ မမြင်တော့ ငါ ဘယ်နှယ့်ကြောင့် ဘုရားဖြစ်လာရပါလိမ့်မတုံးလို့ တွေးဆင်ခြင်လိုက်တော့ တရားကြောင့်(တရားအားထုတ်လို့) ဘုရားဖြစ်လာတာပဲ၊ တရားပဲ ကိုးကွယ်မှဖြစ်မယ်လို့ ဆုံးဖြတ်တော်မူတယ်။

    ဒါဖြင့် ခင်ဗျားတို့လဲ တရားကပို့လို့ ဒီ လူ့ပြည်ရောက်လာတာ၊ ဒီကနေ သေလွန်တဲ့ အခါမှာလည်း တရားပို့တဲ့ဆီ သွားရမှာပဲ။ ဒီတော့ ဘယ်တရားပို့တာ ကြိုက်တယ်ဆိုတာ တရားကိုရွေးရမယ်။ ဘုန်းကြီးက ဝေဖန်ပြမယ်။ တရားက ငါးမျိုးရှိတယ်။ “အကုသိုလ်တရား၊ ဒါနကုသိုလ်တရား၊ သီလကုသိုလ်တရား၊ သမထကုသိုလ်တရား၊ ၀ိပဿနာကုသိုလ်တရား”လို့ ငါးမျိုးရှိတယ်။ ဘယ်တရားပို့တာ ကြိုက်သလဲ။
    (၁) အကုသိုလ်တရားကတော့ အပါယ်လေးပါးပို့တယ်၊ ဒါကို ခင်ဗျားတို့ မကြိုက်ဘူး။

    (၂) ဒါနကုသိုလ်က လူ့ပြည်နဲ့ နတ်ပြည်ပို့တယ်၊ လူ့ပြည်နဲ့ နတ်ပြည်မှာ အိုဘေး၊ နာဘေး၊ သေဘေးတွေရှိတယ်ဆိုတော့ ဒါလဲ ကြိုက်စရာမဟုတ်ဘူး။

    (၃) သီလကုသိုလ်ကလဲ နတ်ပြည်စပြီး “အကနိဋ္ဌ” ဗြဟ္မာ့ဘုံထိအောင်ပို့တယ်၊ ဘယ်ဘုံပို့ပို့၊ အိုဘေး၊ နာဘေး၊ သေဘေးတွေရှိတော့ ဒါလဲကြိုက်စရာမဟုတ်ဘူး။ အိုနာသေ ဒုက္ခသစ္စာရှိတဲ့ဆီ သွားလို့မတော်ဘူး။

    (၄) သမထကုသိုလ်အားထုတ်တော့ သူက ဗြဟ္မာ့ဘုံ ၂၀-လုံးကိုပို့မယ်။ ဗြဟ္မာ့ဘုံတွေမှာ အသက်တမ်းကရှည်လွန်းတော့ သက်ဆိုးရှည်နေတာပဲ၊ ခန္ဓာဝန်ထမ်းပြီး အိုဘေး၊ နာဘေး၊ သေဘေးတွေနဲ့ အတူတူနေရတာဖြစ်လို့ ဒီတရားပို့တဲ့ဆီကိုလည်း ကြိုက်လို့မတော်ဘူး။ ဒီ လေးချက်ကို ခင်ဗျားတို့ မကြိုက်သင့်ဘူး။ နောက်ဆုံးဖြစ်တဲ့

    (၅) ၀ိပဿနာကုသိုလ် တရားကတော့ ဒုက္ခခပ်သိမ်းငြိမ်းရာ နိဗ္ဗာန်ပဲ ပို့မယ်။ ဒါကို ကြိုက်ရမယ်။

    ကိုင်း.. ဒါဖြင့် ခင်ဗျားတို့ တရားပို့လို့ ခု ဒီလူ့ပြည်ရောက်လာပြီ။ နောက်တစ်ခါ ဘယ်တရားပို့တဲ့ဆီ သွားမတုံး၊ သစ္စာသိတဲ့ ပုဂ္ဂိုလ်ဆိုရင် ဒုက္ခသစ္စာဆီ မသွားချင်တော့ဘူး။ ဒုက္ခသစ္စာမရှိတဲ့ဆီပဲ သွားချင်မယ်။ ဒါဖြင့် ဒုက္ခသစ္စာမရှိတဲ့ဆီသွားချင်တယ်ဆိုရင် ၀ိပဿနာကြိုးစား၊ မဂ်ဆိုက်အောင်လုပ်၊ မဂ်ကတော့ နိဗ္ဗာန်မှတစ်ပါး ဘယ်မှမပို့ဘူး။ ဒုက္ခထဲ မပို့တော့ဘူး။ ၀ိပဿနာ(မဂ်)ကတော့ ကိလေသာဝဋ်ကိုလဲ ဖြတ်တယ်၊ ကမ္မဝဋ်ကိုလဲ ဖြတ်တယ်၊ ကမ္မဝဋ်ပြတ်တော့ ၀ိပါကဝဋ်မလာတော့ဘူး။ ဒီတော့ ၀ိပဿနာ(မဂ်)ဟာ ၀ဋ်သုံးပါးကျွတ်တဲ့ဆီ ပို့တယ်။ ခင်ဗျားတို့ တရားပို့တဲ့ဆီ မရွေးတတ်မှာစိုးလို့ အခုလို ဝေဖန်ရှင်းပြနေရတာ။
    ဘယ်တရားက ဘယ်ပို့တယ်ဆိုတာ သိထားရမယ်။ တချို့တရားကပို့လိုက်တာ အပါယ်လေးပါးရောက်သွားတာပဲ။ တချို့တရားကပို့လိုက်တာ နတ်ပြည်ရောက်ပြီး ဂျွမ်းထိုးမှောက်ခုံ ဖြစ်ပြီး အပါယ်ပြန်ကျတယ်။ တချို့တရားကပို့လိုက်တာ ဗြဟ္မာ့ပြည်ရောက်ပြီး ဂျွမ်းထိုးမှောက်ခုံဖြစ်ပြီး အပါယ်ပြန်ကျတာပဲ။ ဒီတရားတွေကို ခင်ဗျားတို့ အားထားလို့ တော်ပါ့မလား။ မတော်ဘူး။ မတော်ဘူးဆိုတာ သစ္စာသိလို့ ထွက်လာတဲ့အသံပဲ။ အဲဒီလို သစ္စာသိတော့ ဘယ်နတ်ပြည် ဘယ်ဗြဟ္မာ့ပြည်ကိုမှ မသွားချင်တော့ဘူး။ ဘာဖြစ်လို့ “အို၊ နာ၊ သေ” ရှိနေလို့၊ ပထမ ပျော်သလိုလိုနဲ့ နောက် ဒုက္ခကြီးနဲ့ ဇာတ်သိမ်းရလိမ့်မယ်။ အဲ .... သစ္စာသိတဲ့ပုဂ္ဂိုလ်ကျတော့ အို နာ သေရှိတဲ့ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ကို မသွားချင်တော့ဘူး။ “အို နာ သေ” မရှိတဲ့ နိဗ္ဗာန်ပဲ သွားချင်မှာပဲ။
    ကုသိုလ်ဆိုတာ ၂-လမ်းရှိတယ်။ သစ္စာမသိပဲပြုလုပ်တဲ့ “ဒါန၊ သီလ၊ သမထ” ကုသိုလ်တွေကတော့ လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်ဆိုတဲ့ “အို နာ သေ”ရှိရာ ပို့လိမ့်မယ်။ အဲ ... ဒုက္ခမလိုချင်လို့ သစ္စာသိပြီးပြုတဲ့ “ဒါန၊ သီလ၊ သမထ” ကုသိုလ်တွေဟာ လမ်းဆုံးဖြစ်တဲ့ နိဗ္ဗာန်ကိုပို့ပေးတယ်။ အဲ .... “၀ိပဿနာ” ကတော့ ကိလေသာဖြတ်၊ ကံဖြတ်၊ အကျိုးပေးဖြတ်(၀ဋ်သုံးပါး) ဖြတ်လေတော့၊ ၀ဋ်ကျွတ်တဲ့နေရာ ပို့မှာပဲ။ ခင်ဗျားတို့က ပို့ပါလို့ ဆိုဖို့မလိုဘူး။ ဒါ တရားရွေးတတ်အောင် ပြောနေတာ၊ သစ္စာမသိတဲ့ ပုဂ္ဂိုလ်ကျတော့ တရားပို့တဲ့နေရာ မရွေးတတ်တော့ ဖြစ်သမျှအကြောင်း အကောင်းချည့်လို့ ပြောမှာပဲ။ ဖြစ်သမျှအကြောင်း အကောင်းချည့်ဆိုတာ ကံစီမံသလိုခံမယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ၊ သစ္စာသိတဲ့ပုဂ္ဂိုလ်ကျ ကံစီမံသလိုမခံဘူး။ ဉာဏ်စီမံသလိုခံလိမ့်မယ်။ ၀ိပဿနာဆိုတာ ဉာဏ်လမ်း၊ ဉာဏ်ကမှဖြစ်ပျက်မြင်တာ။ ဒီတော့ ဉာဏ်စီမံရာသွားပါ။ ကံစီမံတာက ၃၁-ဘုံ၊ ဉာဏ်စီမံတာက ၃၁-ဘုံ အပြင်ဘက်မှ နိဗ္ဗာန်၊ ရှင်းပြီလား။
    ဉာဏ်စီမံသလိုသွားမယ်ဆိုတော့ ဉာဏ်ကလဲ တခါခွဲရဦးမယ်။ ဉာဏ်ကလဲ “ကမ္မဿကတာဉာဏ်ကတစ်မျိုး၊ နာမရူပ ပရစ္ဆေဒဉာဏ်ကတစ်မျိုး၊ ပစ္စယပရိဂ္ဂဟဉာဏ်က တစ်မျိုး၊ ၀ိပဿနာဉာဏ်က တစ်မျိုး၊ မဂ်ဉာဏ်ကတစ်မျိုး” လို့ ငါးမျိုးရှိပြန်တယ်။
    (၁) ကမ္မဿကတတာဉာဏ် ။   ။“ကောင်းတာလုပ် ကောင်းကျိုးပေးတယ်”ဆိုတဲ့ ဒီဉာဏ်ကလေးလောက်လည်း အားကိုးလို့မဖြစ်သေးဘူး။ ဒီဉာဏ်က သုဂတိတော့ပို့လိုက်တာပဲ၊ ပို့ပေမယ့် ဒိဋ္ဌိတန်းလန်းပါသွားတယ်။ ငါလုပ်လို့ငါရတယ် ဆိုတော့ ဒိဋ္ဌိကပါသွားတယ်။ ဒီတော့ ဒိဋ္ဌိပါသွားတဲ့ ကမ္မဿကတာဉာဏ် ပို့ရာကိုလည်းမလိုက်နဲ့၊ ဒီဉာဏ်က ဒိဋ္ဌိတန်းလန်းနဲ့တက်သွားတော့ ပြန်ကျဦးမှာပဲ။ ဥပမာနဲ့ရှင်းပြမယ်။ အင်မတန်ကြီးတဲ့ ငှက်ကြီးတစ်ကောင်ကို  အဆိပ်လူးတဲ့ မြှားကလေးနဲ့ ပစ်လိုက်တော့ မြှားတံအဖျားက သေးသေးလေးဆိုတော့ အဆိပ်ကဗြုံးကနဲ ချက်ချင်းမပြန့်ဘူး။ မပြန့်သေးတော့ ငှက်ကြီးဟာပြန်တက်သွားတယ်။ ဒါပေမယ့် အဆိပ်မပြန့်ခင်တာ ပျံနိုင်တာ၊ အဆိပ်ပြန့်တော့ မပျံနိုင်တော့ဘူး။ ဘုံးကနဲပြန်ကျတယ်။ အဲဒီလိုပဲ ကမ္မဿကတာဉာဏ်ဟာ ဒိဋ္ဌိ=အဆိပ်မပြန့်ခင်သာတက်တယ်။ ဒိဋ္ဌိအဆိပ်ပြန့်တဲ့အခါကျတော့ ဘုံး ဆိုထိုးကျတာပဲ။ ကုသိုလ်မကုန်ခင်တာ အထက်တက်တာ။ ဒိဋ္ဌိအဆိပ်ပြန့်တာနဲ့ တပြိုင်နက် တချက်ထဲကျတာပဲ။ ကမ္မဿကတာဉာဏ်ဟာ ဒိဋ္ဌိကိုမဖြတ်နိုင်ဘူး။ ဒိဋ္ဌိအဆိပ်ပြန့်လာရင် အပါယ်လေးပါးပြန်ကျတာပဲ။ ဒီတော့ .... ဒီဉာဏ်ဟာ အားမကိုးလောက်သေးဘူး။
    (၂) နာမရူပ ပရိစ္ဆေဒဉာဏ် ။   ။ ဒါဖြင့် ဘယ်ဉာဏ်အားကိုးရမလဲလို့ မေးတော့၊ နာမရူပ ပရိစ္ဆေဒဉာဏ်ဆိုတာရှိတယ်။ ဒုတိယဉာဏ်တက်လာတယ်။ နာမ်နဲ့ရုပ်ကို ခွဲခြားသိတဲ့ ဒီဉာဏ်ကို အားကိုးပါ။ ဒီဉာဏ်ကို အားကိုးလိုက်တော့ “သြော်=သွားချင်တာက နာမ်၊ သွားတာကရုပ်၊ စားချင်တာကနာမ် စားတာကရုပ်”ဆိုတော့ နာမ်ရုပ်ကွဲတဲ့ ဉာဏ်ကလေးကို ရတယ်။ ဒီ ဉာဏ်ဟာ ခုနက “ကမ္မဿကတာ” ဉာဏ်ထက်တော့သာတယ်။ သာပေမယ့်လည်း ဒါကို တကယ်အားကိုးလောက်ပြီလို့မယူနဲ့ဦး။ ဘာပြုလို့တုံးဆိုတော့ သူက တစ်ဘဝသာ “စူဠသောတာပန်”ဖြစ်တယ်။ တစ်ဘဝသာ အပါယ်လွတ်တယ်။ နောက်ဘဝတွေမလွတ်သေးတော့ ဒီဉာဏ်လောက်နဲ့လဲ အားမကိုးနဲ့ဦး။ တစ်ဘဝသုဂတိသွားပြီး တစ်ဘဝအပါယ်လွတ်တာကလေးနဲ့ မကျေနပ်နဲ့ဦး။ နောက်ဘဝတွေ စိတ်မချရသေးဘူး။
    (၃) ပစ္စယပရိဂ္ဂဟဉာဏ်။   ။ ဒါဖြင့်ဘယ်ဉာဏ်ကို အားကိုးရမလဲ၊ “ပစ္စယပရိဂ္ဂဟဉာဏ်”ဆိုတာရှိတယ်။ ပစ္စယပရိဂ္ဂယဉာဏ်ဆိုတာ ပဋိစ္စသမုပ္ပါဒ်သိတဲ့ဉာဏ်ပဲ။ အဲဒီဉာဏ်က “အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်။ သင်္ခါရကြောင့် ၀ိညာဏ်ဖြစ်တယ်။ သြော် .... သံသရာကြီးထဲမှာ ဒီလို သူ့အကြောင်းနဲ့ သူ့အကျိုးနဲ့ ဖြစ်ပျက်နေတာပဲ၊ ပုဂ္ဂိုလ်သတ္တဝါဆိုတာမရှိဘူး။ အကြောင်းအကျိုးဆက်ဖြစ်နေတဲ့ ဓမ္မတွေသာ ရှိတယ်”လို့ သိတယ်။ ဒီဉာဏ်ကလည်း “စူဠသောတာပန်” အဆင့်ထဲမှာပဲ ရှိသေးတယ်။ ဒါကြောင့် ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ် နားလည်ရုံနဲ့လည်း သေပျော်ပြီလို့ မယူလိုက်နဲ့ဦး။ တစ်ဘဝအပါယ်လွတ်တာပဲ ရှိသေးတယ်။
    (၄) ၀ိပဿနာဉာဏ် ။    ။ ဒါဖြင့် ဘယ်ဉာဏ်အားကိုးရမလဲ။ “၀ိပဿနာဉာဏ်” ဆိုတာရှိတယ်။ ဒီဉာဏ်က လက္ခဏာရေး သုံးပါးသိတဲ့ဉာဏ်ပဲ။ ဒီဉာဏ်လောက်နဲ့လဲ မတင်းတိမ်နဲ့ဦး။ ဘာပြုလို့၊ သူက သုဂတိဘဝတွေလှည့်ဖြစ်ဦးမှာဆိုတော့၊ “ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ”ဆိုတဲ့ ဒုက္ခတွေနဲ့ တွေ့ရဦးမယ်။ သစ္စာသိတဲ့ပုဂ္ဂိုလ်အဖို့ တကယ်အကောင်းအစစ်ကြီးမဟုတ်သေးဘူး။
    (၅) မဂ်ဉာဏ် ။   ။ ဒါဖြင့် ၀ိပဿနာဉာဏ်ကနေ မဂ်ဉာဏ်လေးပါးရအောင်လုပ်လိုက်။ မဂ်ဉာဏ်လေးပါးဟာ ဆိုင်ရာကိလေသာကိုဖြတ်ပြီး ဆိုင်ရာဒုက္ခကို ချုပ်ငြိမ်းစေတယ်။ ဒုက္ခ လေးဆင့် လေးခါ ချုပ်အောင်လုပ်လိုက်၊ ဒုက္ခတစ်ဆင့် ချုပ်ငြိမ်းတာနဲ့ မကျေနပ်နဲ့ဦး။ နှစ်ခါချုပ်နဲ့လည်း မကျေနပ်နဲ့ဦး၊ သုံးခါချုပ်နဲ့လည်း မကျေနပ်နဲ့ဦး၊ လေးခါချုပ်အောင်လုပ်လိုက်၊ လေးခါချုပ်တော့ ဒီဘဝသေပြီးတဲ့နောက် မအို မသေအမြဲနေတဲ့ နိဗ္ဗာန်ရောက်တော့ ပဋိသန္ဓေလဲ မနေတော့ဘူး။ ပဋိသန္ဓေမနေလို့ ခန္ဓာငါးပါးမရှိလေတော့ အိုနာသေ ဒုက္ခတွေ အကုန်လုံးချုပ်ငြိမ်းသွားတယ်။ ဒါဖြင့် ဒီဉာဏ်ဟာ အကောင်းဆုံးဉာဏ်ပဲ၊ မဂ်ဉာဏ်ဟာ အကောင်းဆုံးပဲလို့မှတ်။
    ဒီတော့ ချုပ်လိုက်ရင် ဓမ္မ(တရား) ငါးမျိုးရှိတယ်။ ဒီ ဓမ္မငါးမျိုးထဲက ဉာဏ်ကနေ ဉာဏ်စဉ်ရွေးထုတ်လိုက်တာ ဒီဉာဏ်ငါးမျိုးရတယ်။ ဒီ ဉာဏ်ငါးမျိုး ခွဲထုတ်ပြတယ်။ ၀ိပဿနာဓမ္မတွေ အားကိုးရမယ် ဆိုငြားသော်လည်း၊ ဒါတွေကို တခါအဆင့်ဆင့် အယုတ်အညံရွေးထုတ်လိုက်တဲ့အခါကျတော့ မဂ်ဉာဏ်ဟာအကောင်းဆုံးဆိုတာ ပေါ်လာတယ်။ မဂ်ဉာဏ်မှတစ်ပါး အားကိုးစရာအစစ် မရှိတော့ဘူး။ ဒီတော့ မဂ်ဉာဏ်ရအောင် လုပ်ရလိမ့်မယ်။ မဂ်ဉာဏ်ကမှ ဒုက္ခတွေကို ချုပ်ငြိမ်းစေတာ။ အဲဒီတော့ ကိုယ်ခန္ဓာကြီးက ဒုက္ခသစ္စာ=ဖြစ်ပျက်။ ဒီဒုက္ခသစ္စာကြီး ချုပ်အောင်ကြိုးစားရမယ်။ ဒုက္ခချုပ်သွားရင်  တခါတည်းကိစ္စပြီးမယ်။ ဒါကြောင့် ခန္ဓာ(ဒုက္ခ) ဇာတ်သိမ်းရာရောက်တဲ့ မဂ်ဉာဏ်လေးခုကိုသာလျှင် အကြီးဆုံး အားကိုးထိုက်တဲ့ တရားပဲလို့ ဆိုပြီး ကြိုးစားပါ။
    ဘုန်းကြီးက မသိတာပြောမယ်၊ ခင်ဗျားတို့က ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ့်ခန္ဓာ ကြည့်ပါ။ ဘုန်းကြီးလဲ အသက်ကြီးပြီ၊ ခင်ဗျားတို့က ဘုန်းကြီးနဲ့ မှီလိုက်ရုံပဲရှိတော့ မြန်မြန်လုပ်လိုက်၊ ရထားက ထွက်ခါနီးနေပြီ မှီရုံကလေးရှိတယ်၊ ရထားထွက်လုနီးပြီဆိုတာ ရိပ်မိကြပြီလား။
    ( ဤ တရားကား ..... ဆရာတော်ဘုရားကြီး၏ နောက်ဆုံး တရားပေတည်း။)
မဂ်ဉာဏ်ရကြပါစေ။

မိုးကုတ်ဆရာတော်ဘုရားကြီး ၏ သြဝါဒတရားများ
(၁၃၂၄-ခု၊ သီတင်းကျွတ်လဆုတ် ၃-ရက်နေ့ည၌ဟောသည့် နောက်ဆုံးတရား)

Monday, 23 December 2019

ဥပေက္ခာစိတ်ထားနိုင်မှ ပတ်ဝန်းကျင်နဲ့အဆင်ပြေမယ်


    မြင့်မြတ်သူတို့စံအိမ်ရဲ့ နောက် အရည်အသွေးတစ်ခုကတော့ “ပတ်ဝန်းကျင်နဲ့ အဆင်ပြေခြင်း”ဆိုတဲ့ အရည်အသွေးပါပဲ။ မြင့်မြတ်သူတို့ရဲ့စံအိမ်ဆိုတာ ပတ်ဝန်းကျင်နဲ့အဆင်ပြေရမယ်။
    အိမ်ကြီးအိမ်ကောင်းနဲ့မို့ အပေါ်ယံကြည့်လိုက်လို့ရှိရင်တော့ ခမ်းနားကြီးကျယ်ပါရဲ့၊ ဒါပေမယ့် ဟိုဘက်အိမ်နဲ့လည်း ရန်ဖြစ်၊ ဒီဘက်အိမ်နဲ့လည်း ရန်ဖြစ်၊ ဟိုဘက်အိမ်နဲ့လည်းမတည့်၊ ဒီဘက်အိမ်နဲ့လည်းမတည့်၊ ဘာမဟုတ်တာနဲ့လည်း ပြဿနာလုပ်၊ ရန်ရှာ။

    အဲဒီလို ပတ်ဝန်းကျင်နဲ့ အဆင်မပြေဖြစ်နေတဲ့ အိမ်ဆိုရင်လည်း ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ဘယ်လောက်ပဲ ရာထူးအဆင့်မြင့်မြင့် အဲဒီအိမ်ကို မြင့်မြတ်သူတို့ စံအိမ်လို့ မခေါ်နိုင်တော့ပါဘူး။ အဲဒီအိမ်မှာ နေတဲ့လူတွေကို အဆင့်အတန်းရှိတဲ့လူတွေလို့ မခေါ်နိုင်တော့ပါဘူး။ ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင်နေနိုင်မှ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေလို့ ခေါ်နိုင်ပါတယ်။ ပတ်ဝန်းကျင်နဲ့ အဆင်ပြေတဲ့ အိမ်ကိုမှ မြင့်မြတ်တဲ့ စံအိမ်လို့ ခေါ်နိုင်ပါတယ်။

    အဲဒီလိုပါပဲ၊ စိတ်တည်းဟူသော အိမ်ဟာလည်း ပတ်ဝန်းကျင်နဲ့ အဆင်ပြေရပါမယ်။ စိတ်နဲ့အဆင်ပြေရမယ့် ပတ်ဝန်းကျင်ကတော့ အဆင်းမျိုးစုံ ရူပါရုံ၊ အသံမျိုးစုံ သဒ္ဒါရုံ၊ အနံ့မျိုးစုံ ဂန္ဓာရုံ၊ အရသာမျိုးစုံ ရသာရုံ၊ အတွေ့အထိမျိုးစုံ ဖောဋ္ဌဗ္ဗာရုံ၊ အတွေးအကြံ သဘောတရားမျိုးစုံ ဓမ္မာရုံဆိုတဲ့ အာရုံခြောက်ပါးပါပဲ။

    စိတ်ရဲ့ပတ်ဝန်းကျင်ဆိုတာ အဲဒီ အာရုံခြောက်ပါးပါပဲ။ စိတ်ဟာ အဲဒီ အာရုံခြောက်ပါးနဲ့ အဆင်ပြေအောင် ပေါင်းရမယ်။ စိတ်နဲ့ အာရုံခြောက်ပါးတည်းဟူသော ပတ်ဝန်းကျင်နဲ့ အဆင်ပြေတယ်ဆိုတာ အာရုံခြောက်ပါးကြောင့် စိတ်မှာ နှစ်သက်တဲ့ လောဘလည်းမဖြစ်၊ အမျက်ထွက်တဲ့ ဒေါသလည်းမဖြစ်၊ လောဘအစွန်း ဒေါသအစွန်း နှစ်ဖက်ကို မငြိကပ်ဘဲနဲ့ ဥပေက္ခာစိတ်နဲ့ သိရုံကလေး သိနေတာကို ပြောတာပါပဲ။

    မျက်စိနဲ့ အဆင်းတစ်ခုကို မြင်လိုက်ရလို့ ဒီအဆင်းဟာ နှစ်သက်စရာကောင်းတဲ့ အဆင်းပဲ၊ သာယာစရာကောင်းတဲ့အဆင်းပဲ ဆိုပြီးတော့ သာယာတပ်မက်ငြိကပ် တွယ်တာသွားလို့ရှိရင် လောဘဆိုတဲ့ အစွန်းကို ရောက်သွားတဲ့အတွက်ကြောင့် ပတ်ဝန်းကျင်နဲ့ အဆင်မပြေတော့ဘူး၊ ဒီအဆင်းကတော့ နှစ်သက်ဖွယ်မကောင်းတဲ့အဆင်းပဲ၊ မုန်းစရာကောင်းတဲ့အဆင်းပဲဆိုပြီးတော့ ဒေါသစိတ်တွေ ဖြစ်နေတယ်ဆိုလို့ရှိရင်လည်း ဒေါသစွန်းကို ရောက်သွားတဲ့အတွက်ကြောင့် ပတ်ဝန်းကျင်နဲ့ အဆင်မပြေဘူးလို့ ခေါ်ရပါတယ်။

    မြင်ရတဲ့အဆင်းနဲ့ ပတ်သက်ပြီးတော့ လောဘလည်းမဖြစ်၊ ဒေါသလည်းမဖြစ်၊ ချစ်တဲ့စိတ်လည်းမဖြစ်၊ မုန်းတဲ့စိတ်လည်းမဖြစ်၊ အလယ်အလတ်ဥပေက္ခာစိတ်နဲ့ မြင်ရုံမျှ၊ မြင်မှန်းသိရုံမျှ၊ အဲဒီလို နေနိုင်တယ်ဆိုရင် ဒါဟာ ပတ်ဝန်းကျင်နဲ့ အဆင်ပြေတာပါပဲ။
 
    မြင် မြင်ကာမျှ၊ ကြား ကြားကာမျှ၊ နံ နံကာမျှ၊ စား စားကာမျှ၊ ထိ ထိကာမျှ၊ သိ သိကာမျှ၊ အဲဒီလို “မျှ”ကလေးတွေနဲ့ပဲ နေသွားနိုင်တယ်ဆိုရင် ပတ်ဝန်းကျင်နဲ့ အဆင်ပြေတာပဲ။ အဲဒီလို ပတ်ဝန်းကျင်နဲ့ အဆင်ပြေဖို့ဆိုတာကလည်း အထူးလုပ်နေရတာ မဟုတ်တော့ဘူး။ စိတ်မှာ သတိအစောင့်အရှောက် ချထားလိုက်လို့ရှိရင် အဆင်ပြေသွားတော့တာပါပဲ။

    စိတ်မှာ သတိအစောင့်အရှောက်ချတယ်ဆိုတာ မြင်လို့ ရှိရင် မြင်တယ်၊ ကြားလို့ရှိရင် ကြားတယ်၊ နံလို့ရှိရင် နံတယ်၊ နံတယ်ဆိုတဲ့ အထဲမှာ မွှေးတာလည်းပါတယ်နော်။ စားလို့ရှိရင် စားတယ်၊ ထိလို့ရှိရင် ထိတယ်၊ သိလို့ရှိရင် သိတယ်လို့ အဲဒီလို ဒွါရခြောက်ပါးမှာ အာရုံခြောက်ပါး ထိခိုက်လာတိုင်း လာတိုင်း မြင်ကြားတွေ့သိကာမျှနဲ့ ပြီးဆုံးသွားအောင်၊ ရပ်တန့်သွားအောင် ရှုမှတ်တာပါပဲ မိမိရဲ့ စိတ်မှာ သတိအစောင့်အရှောက်ချထားရင် ပတ်ဝန်းကျင်နဲ့ အဆင်ပြေပြီးသား ဖြစ်တာပါပဲ။

    တစ်ခါတုန်းက မထေရ်ကြီးတစ်ပါး တရားပွဲတစ်ခုမှာ တရားသွားဟောတယ်။ မထေရ်ကြီးကလည်း တရားဟော အလွန်ကောင်းတဲ့ မထေရ်ကြီးပါပဲ။ “အဘယ”မထေရ်လို့ခေါ်တယ်။ အဲဒီတရားပွဲမှာ သူ့ကို တရားဟောကောင်းတော့ ဒကာ၊ ဒကာမတွေက ပူဇော်ကြ၊ ချီးကျူးကြ၊ အဲဒါကို တောထွက် ရဟန်းအိုကြီးတစ်ပါးက မနာလို၀န်တို ဖြစ်ပြီးတော့ တရားဟောဓမ္မကထိကမထေရ်ကြီးကို တရားဟောနေတုန်းမှာလည်း အောက်ကနေ အမျိုးမျိုးဆဲဆိုကြိမ်းမောင်းပြီးတော့ နေတယ်။
 
    “ဒီကိုယ်တော် ဘာတွေလျှောက်ပြီးတော့ ဟောနေတာလဲ၊ သူ့စိတ်ထင်တာတွေ လျှောက်ဟောနေတာပဲ”

    တရားပွဲပြီးတော့ ပြန်သွားတော့လည်း အဲဒီ ဆဲတဲ့ရဟန်းအိုကြီးနဲ့ တရားဟောတဲ့ “အဘယ”မထေရ်နဲ့က တစ်လမ်းတည်း အတူတူ သွားရတယ်။ နှစ်မိုင်လောက်ထိတော့ ခရီးအတူတူ သွားရတယ်။ တစ်လမ်းလုံးလည်းပဲ “အဘယ” မထေရ်ကြီးရဲ့ ရှေ့ကနေ အဲဒီရဟန်းအိုကြီးက အဘယမထေရ်ကြီးကို အမျိုးမျိုးဆဲဆိုကြိမ်းမောင်းပြီးတော့ သွားတယ်။

    အဘယမထေရ်ကြီးက ဘာမှ ပြန်မပြောပါဘူး။ နှစ်မိုင် လမ်းဆုံလမ်းခွလေးရောက်တော့ ဆဲတဲ့မထေရ်က ဘယ်ဘက်လမ်းသွားရမယ်။ အဘယမထေရ်က လက်အုပ်ကလေးချီပြီးတော့ အရှင်ဘုရား ကြွရမယ့်လမ်းက ဒီဘက်လမ်းပါဘုရားလို့ လမ်းလေးတောင် ညွှန်ပြလိုက်သေးတယ်။ ဒါပေမယ့် ရဟန်းအိုကြီးက မျက်စောင်းလေးတောင် ထိုးမကြည့်ပါဘူး။ ဘာသိဘာသာ မကြားသလိုနေပြီးတော့ သူ့လမ်းသူ ခြေဆောင့်ပြီးတော့ ထွက်သွားတယ်။

    တကယ်လို့သာ အဘယမထေရ်နဲ့ ကျောင်းချင်းတူတယ်ဆိုလို့ရှိရင် ဆက်ပြီးတော့ ဆဲဦးမှာပဲနော်။ လမ်းခွဲသွားပြီးတော့ ကျောင်းပြန်ရောက်၊ ခြေထောက်ကလေးဆေးပြီး ကွပ်ပျစ်ကလေးပေါ်မှာ အနားယူ အပန်းဖြေနေတဲ့အချိန်မှာ တရားပွဲမှာ ပါသွားတဲ့ အဘယမထေရ်ကြီးရဲ့ တပည့်က မေးတယ်။

    “အရှင်ဘုရား၊ အရှင်ဘုရားကို တရားဟောနေတုန်းမှာလည်း တစ်ချိန်လုံး ဆဲနေတယ်၊ အပြန်လမ်းတစ်လျှောက်လုံးလည်း တစ်ချိန်လုံး ဆဲနေတယ်။ အရှင်ဘုရားက ဘာမှပြန်မပြောဘဲ ငြိမ်နေတယ်၊ ပြန်မပြောဘဲ ငြိမ်နေတော့ အရှင်ဘုရားကို သူပြောတာဟုတ်လို့ ငြိမ်ခံနေတယ်လို့ ထင်သွားမှာပေါ့၊ အကြောင်းသင့်အကျိုးသင့်တော့ ပြန်ပြောဦးမှပေါ့။

    အဲဒီလိုပြောတော့ အဘယမထေရ်ကြီးက ........
    “ငါ့ရှင် ဆဲတဲ့တာဝန်က သူ့တာဝန်၊ သည်းခံတဲ့တာဝန်က ငါ့တာဝန်၊ ဆဲရမယ့်အလုပ်က သူ့အလုပ်၊ သည်းခံရမယ့် အလုပ်က ငါ့အလုပ်၊သူလည်း သူ့အလုပ် သူလုုပ်တယ်၊ ငါလည်း ငါ့အလုပ် ငါလုပ်တယ်၊ သည်းမခံနိုင်စရာလည်း ဘာအကြောင်းမှ မရှိပါဘူး။ ဘာလို့လဲဆိုတော့ တရားဟောနေစဉ်မှာရော၊ တရားပွဲပြီးသွားလို့ အပြန်လမ်းတစ်လျှောက်လုံးမှာရော အမှတ်လွတ်နေတဲ့ အချိန်ဆိုတာ ငါ့မှာ တစ်ချိန်မှ မရှိဘူး။

    အထူးသဖြင့် လမ်းမှာ ခြေလှမ်းတိုင်း အမှတ် မလွတ်ပါဘူးကွယ်၊ ခြေလှမ်းတိုင်းမှာ အမှတ်သတိလေးပါနေတဲ့ အတွက်ကြောင့် ဆဲတာ၊ ဆိုတာကို အေးအေးဆေးဆေး သက်သက်သာသာနဲ့ သည်းခံနိုင်ပါတယ်၊ အထူးတလည်ကြီး ဆင်ခြင်တွေးတောပြီးတော့ သည်းခံနေရတာ မဟုတ်ပါဘူး။

    အဘယမထေရ်ကြီး မိမိရဲ့ စိတ်အစဉ်မှာ သတိအစောင့်အရှောက် ချထားတဲ့အတွက်ကြောင့် ဆဲခြင်းဆိုတဲ့ ပတ်ဝန်းကျင်နဲ့ တွေ့ရပေမယ့် ပြန်လည်တုံ့ပြန်မနေတော့ဘူး၊ ဆဲဆိုခြင်းကြောင့် ဒေါသလည်း မဖြစ်ဘူး။

    တရားဟောကောင်းလိုက်တာလို့ လမ်းမှာပြန်လာတဲ့ တခြားမထေရ်တွေကလည်း ချီးကျူးကြတာပါပဲ။ အဘယမထေရ်ကြီး တရားဟောကောင်းလိုက်တာ၊ ဘယ်အချက်ကလေးကတော့ ဘယ်လိုမိတယ်၊ ဘယ်ဥပမာလေးကတော့ ဘယ်လိုမိတယ်၊ စသည်ဖြင့် အဘယမထေရ်ကြီးတရားဟော ကောင်းတဲ့အကြောင်းကို ချီးကျူးနေတဲ့ အသံကို ကြားနေပေမယ့်လည်း အဘယမထေရ်ကြီး သဘောကျ နှစ်သက်တဲ့ လောဘ မဖြစ်ပါဘူး။ သာယာတဲ့စိတ် မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စိတ်မှာ သတိအစောင့်အရှောက် ချထားလို့ပါ။ ဒါကြောင့် ဒီအရည်အသွေးဟာ အဓိကအကျဆုံးပဲ။

    မြတ်စွာဘုရားရှင်လက်ထက်တုန်းက လကုဏ္ဍကဘဒ္ဒိယ ဆိုတဲ့ မထေရ်တစ်ပါးရှိတယ်။ အဲဒီမထေရ်ကြီးက အရပ်ပုတယ်။ အတိတ််က ကံတစ်ခုရဲ့ အကျိုးဆက်အနေနဲ့ပေါ့။ အသက်ကတော့ ရှစ်ဆယ်ကျော်ပါပြီ။ အရပ်ကလေးပုနေတော့ ကိုရင်ငယ်လေးတွေ၊ ရဟန်းငယ်လေးတွေက မထေရ်ကြီးတွေ့တယ်ဆိုလို့ရှိရင် ပါးကလေးလိမ်ဆွဲလိုက်၊ ခေါင်းကလေးပုတ်လိုက်၊ ပါးစပ်ကလည်း “ဟာ ဘကြီး သာသနာ့ဘောင်ပျော်ရဲ့လား ဘာညာ”နဲ့ စကြတာပေါ့။ ကိုရင်တွေ ဦးပဉ္ဇင်းတွေက စပေမယ့် မထေရ်ကြီးက အပြုံးမပျက်ဘူး။ တည်တည်ငြိမ်ငြိမ်လေးပဲ၊ ဒေါသလည်း မထွက်ဘူး၊ စိတ်ဆိုးတဲ့ အမူအရာလည်း မပြဘူး။ အဲဒီသတင်းကို ရဟန်းတော်များက တရားပွဲမှာ ချီးကျူးနေတဲ့ အသံကြားတော့ မြတ်စွာဘုရားရှင်က ......
 
    “တစ်ခဲနက်ဖြစ်သော ကျောက်တောင်ကြီးဟာ အရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာက တိုက်ခတ်လာတဲ့ လေကြောင့် မတုန်မလှုပ်သလို အသိလိမ္မာဉာဏ်ပညာရှိတဲ့ ပုဂ္ဂိုလ်တွေဟာလည်း (မိမိရဲ့ စိတ်မှာ သတိအစောင့်အရှောက် အမြဲတမ်းချထားတဲ့ ပုဂ္ဂိုလ်တွေဟာလည်း) လာဘ်ရခြင်း၊ မရခြင်း၊ အခြံအရံရှိခြင်း၊ မရှိခြင်း၊ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်းဆိုတဲ့ လောကဓံတရားရှစ်ပါးတို့ကြောင့် ဘယ်သောအခါမှ တုန်လှုပ်ခြင်း မရှိကြပါဘူး”။

    “ပတ်ဝန်းကျင်နဲ့ အဆင်ပြေ”ဆိုတဲ့ နေရာမှာ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ သဘောတရားခေါ်တဲ့ အာရုံခြောက်ပါးနဲ့ ကြုံတိုင်းကြုံတိုင်း၊ ဆုံတိုင်းဆုံတိုင်း၊ လောဘ၊ ဒေါသအစရှိတဲ့ ကိလေသာသဘောတရားတွေ ဖြစ်ပွားမလာတာကလည်း တစ်ချက်၊ နောက်တစ်ခုက လောကဓံတရားရှစ်ပါးနဲ့ ကြုံတွေ့လာတဲ့အခါမှာ မတုန်လှုပ်ခြင်း၊ ဒါလည်းတစ်ချက်။

    ဘယ်လိုလောကဓံနဲ့ပဲ ကြုံတွေ့ကြုံတွေ့ မတုန်လှုပ်တော့ဘူးဆိုရင် အဲဒီလူရဲ့စိတ်ဟာ ပတ်ဝန်းကျင်နဲ့ အဆင်ပြေတဲ့စိတ်ဖြစ်နေပြီ၊ အဲဒီပုဂ္ဂိုလ်ရဲ့ စိတ်တည်းဟူသောအိမ်ဟာ ပတ်ဝန်းကျင်နဲ့ အဆင်ပြေတဲ့ အိမ်ကလေးဖြစ်နေပါပြီ။ လောကဓံဆိုတဲ့ ပတ်ဝန်းကျင်နဲ့ အဆင်ပြေဖို့ကလည်း “ဖြစ်တိုင်းမှတ်ရှု၊ သတိပြု၊ စောင့်မှုအစဉ်ထား” ရုံပါပဲ။

    မြင့်မြတ်သူတို့စံအိမ်ရဲ့ နောက်အရည်အသွေးတစ်ခုကတော့ “အမှားအယွင်းကင်းစင်ခြင်း”ဆိုတဲ့ အရည်အသွေးပါပဲ။ မြင့်မြတ်သူတို့ရဲ့အိမ်ဟာ အမှားအယွင်းကင်းစင်ပါတယ်။

    အိမ်ကြီးကတော့ ခမ်းနားကြီးကျယ်ပါရဲ့၊ လုပ်နေတာက မကောင်းမှုဒုစရိုက်တွေ၊ လူ့အသိုင်းအဝိုင်းက လက်မခံတဲ့အလုပ်တွေ၊ တရားဥပဒေနဲ့ မညီညွတ်တဲ့အလုပ်တွေ၊ အဲဒီလိုမှားယွင်းတဲ့အလုပ်တွေ လုပ်နေတယ်ဆိုရင်လည်းပဲ အဲဒီအိမ်ကြီးဟာ ကျက်သရေမရှိတော့ဘူး။ သမ္မာအာဇီဝကျတဲ့အလုပ်၊ ပတ်ဝန်းကျင်က လက်ခံချီးကျူးတဲ့အလုပ်ကို လုပ်နေမှ တန်ဖိုးရှိတယ်၊ ကျက်သရေရှိတယ်၊ ဒါကြောင့် အိမ်ဟာ အမှားအယွင်းကင်းတဲ့အိမ် ဖြစ်ရမယ်။

    မိမိရဲ့ စိတ်ဟာလည်း အမှားအယွင်းကင်းသော စိတ်ဖြစ်ရမယ်။ အမှားအယွင်းဆိုတာ မိစ္ဆာဒိဋ္ဌိတွေကို ပြောတာပါ။ မှားယွင်းတဲ့အယူတွေ ကင်းရမယ်။ မိစ္ဆာဒိဋ္ဌိတရားတွေကတော့ ခြောက်ဆယ့်နှစ်ပါးတောင်ရှိတယ်။ အဓိကအားဖြင့်တော့ သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိ။

    သဿတဒိဋ္ဌိဆိုတာက သေသွားလို့ရှိရင် ရုပ်ခန္ဓာကြီးကသာ ကျန်ခဲ့တာ၊ စိတ်ကလေးက နောက်ဘဝကူးပြီးတော့ နောက်ဘဝခန္ဓာမှာ ထပ်ပြီးတော့ ဆက်သွားတယ်၊ သေပြီးလို့ရှိရင် အသက်ကောင် လိပ်ပြာကောင်ကလေးက မသေဘဲ နောက်ဘဝအသစ်မှာ ပြန်ဆက်ရှင်သန်တယ်လို့ ယူဆနေတဲ့ အယူအဆဟာ သဿတဒိဋ္ဌိပဲ၊ ဒါလည်း မှားယွင်းသော အယူအဆပဲ။

    ဥစ္ဆေဒဒိဋ္ဌိဆိုတာက သေရင်ပြီးတာပဲ၊ သေရင်ပျက်တာပဲ၊ ဘဝဆိုတာ ပုခက်နဲ့ အခေါင်းကြားပဲရှိတယ်၊ သေပြီးရင် ဘာမှမဟုတ်တော့ဘူး။ ဒီအယူအဆက ဥစ္ဆေဒဒိဋ္ဌိ၊ ဒီဒိဋ္ဌိနှစ်ခုကင်းရမယ်၊ ဒီဒိဋ္ဌိနှစ်ခုရှိနေရင် မိမိရဲ့ စိတ်ဟာ မှားယွင်းနေတဲ့စိတ်ပဲ။ မိမိရဲ့စိတ်အိမ်ဟာ အမှားအယွင်းရှိသော အိမ်ဖြစ်နေပြီ။

    ၀ိပဿနာရှုပွားနေတဲ့ ယောဂီများကတော့ တရားရှုမှတ်လို့ ရုပ်တရား၊ နာမ်တရားရဲ့ အဖြစ်အပျက်ကို မြင်ပြီဆိုရင် ပျက်တာကို မြင်လို့ရှိရင် သဿတဒိဋ္ဌိစင်သွားတာပါပဲ။ “ရုပ်တရား၊ နာမ်တရား တွေဟာ ပျက်နေတာပါပဲလား၊ သေလို့ရှိရင် အသက်ကောင်၊ ၀ိညာဉ်ကောင်လေး၊ နာမ်တရားလေးက နောက်ဘ၀ လိုက်သွားတယ်ဆိုတာ ဘယ်ဟုတ်ပါ့မလဲ၊ အခု မသေသေးဘဲနဲ့တောင် ခဏခဏ ပျက် ပျက်ပြီးနေတာ” အဲဒီလိုအားဖြင့် အပျက်ကိုမြင်ရင် သဿတဒိဋ္ဌိ စင်သွားတယ်။

    အဖြစ်ကိုမြင်လို့ရှိရင် ဥစ္ဆေဒဒိဋ္ဌိစင်သွားတယ်၊ “ဖြစ်ပြီး ပျက်သွားရုံပဲလို့ ထင်တာ ဘယ်ဟုတ်ပါ့မလဲ၊ ပျက်ပြီးလည်း ထပ်ဖြစ်လာသေးတာပါလား”၊ ရုပ်နာမ်တွေ အသစ်အသစ် ထပ်ထပ်ပြီးဖြစ်တာကို မြင်တော့ ဥစ္ဆေဒဒိဋ္ဌိစင်သွားပါတယ်။ ဒါကြောင့် ၀ိပဿနာအလုပ်ကို ပိုင်ပိုင်နိုင်နိုင်ကြီး အားထုတ်လို့ ဒီအမှားအယွင်းနှစ်ခု ကင်းစင်သွားပြီးဆိုရင် မိမိရဲ့ စိတ်ဟာ မြင့်မြတ်သူတို့ရဲ့ စံအိမ်ဖြစ်သွားပါပြီ။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
မြင့်မြတ်သူတို့၏စံအိမ် - စာစုမှ၊

ငါသေသွားပြီ


    မြတ်စွာဘုရားရှင်လက်ထက်တုန်းက ဝေသာလီမြို့မှာ “သီဟာ”ဆိုတဲ့ အမျိုးကောင်းသမီးတစ်ဦး ရှိခဲ့ဖူးပါတယ်။ သီဟစစ်သူကြီးရဲ့ တူမပါ။ သီဟစစ်သူကြီးက ဒီတူမလေးကို တုန်နေအောင် ချစ်တဲ့အတွက် ဦးကြီးရဲ့ အသည်းလေးမို့ ဦးကြီးရဲ့ နာမည်အတိုင်း “သီဟာ”လို့ပဲ မှည့်ခေါ်ခဲ့ကြတာပါ။ မြန်မာလိုတော့ “မခြင်္သေ့”ပေါ့။ “ခြင်္သေ့မ”ပေါ့။

    နာမည်နဲ့လိုက်အောင် ထက်မြက်တဲ့ မခြင်္သေ့ဟာ တစ်နေ့ ဦးကြီးတော်ရဲ့အိမ် ဆွမ်းကျွေးအလှူမှာ မြတ်စွာဘုရားဟောတဲ့တရားကို နာရပြီး သဒ္ဒါတရားတွေ ထက်သန်လာတဲ့အတွက် မိဘထံ ခွင့်ပန်ကာ ရဟန်းပြုလိုက်ပါတယ်။

    ရဟန်းပြုပြီးတဲ့နောက် ၀ိပဿနာအလုပ်ကို ကြိုးကြိုးစားစား အားထုတ်ပေမယ့် သမာဓိ မရနိုင်ဘဲ စိတ်တွေပျံ့လွင့်နေခဲ့ပါတယ်။ ပြင်ပအာရုံအမျိုးမျိုးမှာ စိတ်တွေလျှောက်ပြေးပြီး ကိလေသာတွေ ဖြစ်နေတာပေါ့။ အထူးသဖြင့်တော့ ကာမရာဂရဲ့ နှိပ်စက်မှုဒဏ်ကို ခံနေရတာပါပဲ။

    အရွယ်ရောက်ခါစ ၁၆နှစ် သမီးဘဝမှာ သာသနာ့ဘောင် ၀င်လာတာဆိုတော့ သဒ္ဒါတရားနဲ့ သံဝေဂဉာဏ် ဘယ်လောက်ပဲ အားကောင်းကောင်း၊ အရွယ်က သွေးသားတက်ကြွနေတဲ့ အရွယ်ဆိုတော့ ရာဂကိလေသာရဲ့ လှည့်စားမှုစက်ကွင်းက ဘယ်လွတ်ကင်းနိုင်ပါ့မလဲ။

    “အရွယ်ကောင်းတုန်း လူပြန်ထွက်၊ ကာမဂုဏ်ခံစား၊ အသက်ကြီးမှ ရဟန်းပြန်ပြု၊ တရားအားထုတ်၊ အဲဒီလိုလုပ်ရင် ပိုကောင်းမယ် ထင်ပါရဲ့”

    ဒီအတွေးက ပျိုရွယ်သူ ရဟန်း၊ ရဟန်းမတွေရဲ့ စိတ်အစဉ်ထဲ ၀င်ဝင်လာတတ်တဲ့ အတွေးပါ။ နေက္ခမ္မဓာတ်ခံက အားကောင်းနေတော့ တကယ်လူထွက်မယ်ဆိုပြန်တော့လည်း မထွက်ချင်တော့ပြန်ပါဘူး။

    စိတ်အစဉ်ပေါ်လာသမျှ အာရုံတွေကို သုဘသညာ(အကောင်းထင်စိတ်)နဲ့ပဲ တုံ့ပြန်နေမိတဲ့အတွက် ရာဂကိလေသာတွေ ထကြွပြီး စိတ်အေးချမ်းခွင့် လုံးဝမရတဲ့ သီဟာထေရီမ နေ့နေ့ညည မစားနိုင် မအိပ်နိုင်နဲ့ ကြုံလှီပိန်ချုံးလာလိုက်တာ နဂိုက လှပတဲ့ရုပ်အဆင်းတွေပျောက်ပြီး ကမ္မဋ္ဌာန်းရုပ်ပေါက်လာပါတယ်။

    ခုနစ်နှစ်လုံးလုံး ရာဂကိလေသာရဲ့ နှိပ်စက်မှုဒဏ်ကို မရှုမလှ ခံရလို့ စိတ်အဆင်းရဲကြီး ဆင်းရဲနေတဲ့ သီဟာထေရီမဟာ မခံစားနိုင်တော့တဲ့အဆုံး ကိစ္စတုံးစီစဉ်ဖို့ ကြိုးတစ်ချောင်းယူပြီး လူသူမနီးတဲ့ သစ်ပင်တစ်ပင်ပေါ် တက်လိုက်ပါတော့တယ်။

    တရားအားထုတ်ပေမယ့် ဘာတရားမှ မရ၊ ကာမဂုဏ်ချမ်းသာလည်း ဆုံးရှုံး၊ တရားချမ်းသာလည်း လက်လွတ်၊ မဂ်ဖိုလ် မရရင် နေပါဦး၊ အနည်းဆုံး စိတ်အေးချမ်းမှုတော့ ရရမှာပေါ့။ အခုတော့ ရာဂကိလေသာနှိပ်စက်နေလို့ စိတ်အေးချမ်းမှုလေးတောင် မရဘူး။

    တရားချမ်းသာ မခံစားရလို့ လူပြန်ထွက်မယ်ဆိုရင်လည်း ရှက်စရာကြီး၊ ဟင့်အင်း ..... လူပြန်ထွက်တာထက်စာရင် ကိုယ့်ကိုယ်ကို သတ်သေလိုက်တာကမှ ပိုကောင်းဦးမယ်၊ တော်ပြီ ....ငါ လူ့ဘဝကြီးထဲ မနေချင်တော့ဘူး၊ ကြိုးဆွဲချပြီး သတ်သေလိုက်တော့မယ်။

    ကြိုးတစ်စကို သစ်ကိုင်းတစ်ခုမှာ ချည်၊ ကြိုးတစ်စကို ကွင်းလျှောလုပ်ပြီး လည်ပင်းမှာ စွပ်၊ သစ်ပင်ပေါ်က ခုန်ချဖို့ အလုပ်မှာပဲ အမြဲအားထုတ်နေကျ သတိပဋ္ဌာန်တရားက စိတ်အစဉ်မှာ ထင်ရှားလာပြီး ဖြစ်ပျက်မြင်တဲ့ ၀ိပဿနာဉာဏ်တွေ တရိပ်ရိပ် တက်လာပါတယ်။ ဉာဏ်ရင့်ချိန် ရောက်သွားတဲ့အတွက် ၀ိပဿနာဉာဏ်၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေ အဆင့်ဆင့်တက်သွားလိုက်တာ သစ်ပင်ပေါ်မှာတွင် ပဋိသမ္ဘိဒါဉာဏ်လေးပါးနှင့်တကွ ရဟန္တာဖြစ်သွားပါတယ်။ ရဟန္တာဖြစ်တယ်ဆိုရင်ပဲ သီဟာထေရီမရဲ့ လည်ပင်းက ကြိုးကွင်း အလိုလိုပြေလျှောကျသွားပါတော့တယ်။

(၂)
    ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုက သီဟာထေရီမကို တရားထူးတရားမြတ်ရဖို့ တွန်းအားတစ်ခုဖြစ်သွားခဲ့ပါတယ်။ “ကံကောင်းလို့ သတ်သေချင်စိတ်ဖြစ်တာ”လို့ ပြောရတော့မှာပါပဲ။ ကြိုးဆွဲချပြီး သတ်သေဖို့သာ မကြိုးစားခဲ့ရင် အခုလို တရားထူးရချင်မှရမှာလေ။ တရားထူးရဖို့ ဇာတ်လမ်းဇာတ်ကွက် ဖန်တီးလာပုံက အင်မတန်ဆန်းကြယ်ပါတယ်။

    ဒါကြောင့် ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ဖြစ်တိုင်း အဆိုးမဆိုလိုက်ပါနဲ့။ မကဲ့ရဲ့လိုက်ပါနဲ့။ “စိတ်ဓာတ်ပျော့ညံ့လိုက်တာ” လို့ အလွယ်တကူ အထင်မသေးလိုက်ပါနဲ့။ ကံကောင်းလို့ သတ်သေချင်စိတ်ဖြစ်တာ ဖြစ်ချင်ဖြစ်နေမှာလေ။ ကိုယ့်အတွက်၊ သို့မဟုတ် သူ့အတွက် ကံကောင်းခြင်းက သတ်သေချင်စိတ်နဲ့ အတူယှဉ်တွဲနေတာ ဖြစ်ချင်ဖြစ်မှာပေါ့။ တစ်ခါတစ်ရံ အဆိုးတွေဟာ ကောင်းဖို့ဖြစ်လာတာပါ။ တချို့အကောင်းတွေက အဆိုးတွေကို လမ်းခင်းပြီးမှ ရောက်လာတတ်ပါတယ်။

    ပုဗ္ဗာစိဏ္ဍဝသေန ......။ သီဟာထေရီ လည်ပင်းကို ကြိုးကွင်းစွပ်ပြီးကာမှ ၀ိပဿနာရှုဖြစ်သွားတာဟာ ‘ပုဗ္ဗာစိဏ္ဍ’လို့ ခေါ်တဲ့ ရှေ့ပိုင်းအလေ့အကျက်ရဲ့ အစွမ်းကြောင့်ပါ။ ကာမရာဂစိတ်တွေ လွှမ်းမိုးနှပ်စက်နေတဲ့ကြားက မရရအောင် ကြိုးစားကြိတ်မှိတ်ပြီး ရှုမှတ်ပွားများနေခဲ့တဲ့ ရှေးရှေးနေ့တွေ၊ ရှေးရှေးလတွေ၊ ရှေးရှေးနှစ်တွေက သတိပဋ္ဌာန်အလုပ်က ဉာဏ်ရင့်ချိန်ရောက်သွားတဲ့ ကြိုးကွင်းစွပ်ပြီးချိန်မှာ လာကယ်တင်သွားတာပါပဲ။

    ဒါကြောင့် ကုသိုလ်အလုပ်၊ တရားအလုပ်ဆိုတာ ပျော်ပျော်မပျော်ပျော် လုပ်နေရမှာပါ။ ကိလေသာဖြစ်နေရင်လည်း ဖြစ်နေတဲ့ကြားက ကုသိုလ်လုပ်ပါ။ တရားအားထုတ်ပါ။ ကုသိုလ်အလေ့အကျက်၊ တရားအလေ့အကျက် အားကောင်းနေရင် အခြေအနေဆိုးနဲ့ ကြုံတွေ့နေတဲ့အချိန်မှာတောင် အဲဒီကုသိုလ်၊ အဲဒီတရားက ကိုယ့်ကို ကောင်းကျိုးလာပြုပါလိမ့်မယ်။

(၃)
    အယောနိသောမနသိကာရာ၊ ကာမရာဂေနအဋ္ဋိတာ .......။ သီဟာထေရီမ ကာမရာဂရဲ့နှိပ်စက်မှုဒဏ်ခံရတာဟာ ‘အယောနိသောမနသိကာရ’ ကြောင့်ပါ။ ဒါဆို ကာမရာဂရဲ့ နှိပ်စက်မှုဒဏ် မခံရချင်ရင် “ယောနိသောမနသိကာရ”ရှိရမှာပေါ့။ အတိုပြောရင် “ယောနိသော”ရှိရမှာပေါ့။

    ယောနိသောက (၁) ဒါကို ဒီလိုတွေးခြင်းနဲ့ (၂) ဒါကို လုံး၀ မတွေးခြင်းလို့ နှစ်မျိုးရှိပါတယ်။ အကြောင်းအရာတစ်ခု၊ အဖြစ်အပျက်တစ်ခုကိုဘဲ ကိလေသာဖြစ်အောင်၊ အကုသိုလ်ဖြစ်အောင် မတွေးဘဲ ကိလေသာမဖြစ်တဲ့နည်း၊ ကုသိုလ်စိတ်တိုးပွားတဲ့နည်းနဲ့ တစ်မျိုးလှည့်တွေးတာကိုလည်း ယောနိသော (စိတ်ထားကောင်း)လို့ ခေါ်ပါတယ်။ ဒီအကြောင်းအရာ၊ ဒီအဖြစ်အပျက်ကို ကိလေသာမဖြစ်အောင်၊ ကုသိုလ်စိတ် တိုးပွားအောင် ဘယ်လိုမှ လှည့်တွေးမရတော့လို့ အဲဒီအကြောင်းအရာ၊ အဲဒီအဖြစ်အပျက်ကို လုံးဝမတွေးတော့ဘဲ မေ့ပစ်လိုက်တာ၊ တခြားအကြောင်းအရာ၊ တခြားအဖြစ်အပျက်ကိုပဲ ပြောင်းတွေးတာကိုလည်း ယောနိသော(စိတ်ထားကောင်း)လို့ ခေါ်ပါတယ်။

    အာရုံအနေနဲ့ ပြောရင် (၁) ဒီအာရုံကို ဒီလိုတွေးခြင်းနဲ့ (၂) ဒီအာရုံကို လုံး၀ မတွေးခြင်းလို့ ယောနိသော နှစ်မျိုးရှိပါတယ်။ “ဒီလိုတွေး”ဆိုတာ ကိလေသာဖြစ်အောင်၊ ကုသိုလ်စိတ် တိုးပွားအောင် တွေးတာကို ပြောတာပါ။ အာရုံကို မပြောင်းဘဲ အာရုံပြုနည်းကိုပဲ ပြောင်းလိုက်တာပေါ့။ “လုံးဝမတွေး” ဆိုတာကတော့ ဒီအာရုံကို လုံး၀ အာရုံမပြုတော့ဘဲ အခြားအာရုံ အသစ်တစ်ခုကို လှမ်းအာရုံပြုလိုက်တာပါ။ အာရုံကို ပြောင်းလိုက်တာပေါ့။

    ဥပမာ - ရာဂအနေနဲ့ပြောရမယ်ဆိုရင် ..... ရာဂဖြစ်စရာ အာရုံကို ရာဂမဖြစ်အောင် တွေးတာရယ်၊ ရာဂဖြစ်စရာအာရုံကို လုံးဝမတွေးတာရယ်လို့ ယောနိသော လုပ်ပုံနှစ်မျိုးရှိပါတယ်။

    ကိုယ်ချစ်တဲ့သူကို သတိရတယ်၊ သူနဲ့သာယာခဲ့တာတွေ၊ သူနဲ့ သာယာရမှာတွေ တွေးပြီး ရာဂဖြစ်တယ်။ ရာဂဖြစ်မှန်းသိလိုက်တယ်။ ရာဂမဖြစ်ချင်ဘူး၊ သာယာစရာတွေ မတွေးတော့ဘဲ သူ့ကိုမေတ္တာပို့လိုက်တယ်၊ သူ့ကိုကူညီခဲ့၊ လှူဒါန်းခဲ့တာတွေ ပြန်စဉ်းစားလိုက်တယ်။ ရာဂပျောက်သွားတယ်၊ ရာဂနေရာမှာ မေတ္တာဓာတ်တွေ၊ ဒါနကုသိုလ်စိတ်တွေ ၀င်လာတယ်၊ ဆက်တွေးလေ ကုသိုလ်စိတ်ပွားလေနဲ့ သူ့ကို သတိရတိုင်း သတိရတိုင်း မေတ္တာဓာတ်တွေ၊ ကုသိုလ်စိတ်တွေ တိုးပွားသည်ထက် တိုးပွားလာပါတယ်။ ဒါဟာ ရာဂဖြစ်စရာအာရုံကို ရာဂမဖြစ်အောင် တွေးတဲ့ ယောနိသော မနသိကာရပါ။ အာရုံကို ပြောင်းမပစ်ဘဲ အာရုံပြုပုံကို ပြောင်းပစ်လိုက်တာပါ။

    နောက်တစ်နည်းက ...... မေတ္တာဘယ်လိုပို့ပို့၊ ကူခဲ့၊ လှူခဲ့တာတွေ ဘယ်လောက်တွေးတွေး၊ ရာဂကငြိမ်းမသွားဘဲ သူ့အာရုံ ပေါ်လာတိုင်း ရာဂတွေပဲ တိုးတိုးလာတယ်၊ ရာဂလည်းမဖြစ်ချင်ဘူး၊ သူ့ကို လုံးဝအာရုံမပြုတော့ဘဲ ဘုရားကို အာရုံပြုလိုက်တယ်၊ ကိုယ်နဲ့အမြဲထိတွေ့နေတဲ့ ဘုရားရုပ်ပွားတော်ရဲ့မျက်နှာတော်ကို ပေါ်အောင်ဖေါ်လိုက်တယ်၊ ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား၊ သိစရာအားလုံးကို သိတော်မူသောမြတ်စွာဘုရား၊ ကိုယ်အနှစ်သက်ဆုံး ဘုရားဂုဏ်တော်ကို ပွားလိုက်တယ်၊ ရာဂငြိမ်းသွားတယ်၊ ဘုရားကို အာရုံပြုပြီး ဂုဏ်တော်ပွားတိုင်းပွားတိုင်း ဗုဒ္ဓါနုဿတိကုသိုလ်တွေ ဆက်ကာဆက်ကာ တိုးပွားသွားပါတယ်။ ဒါဟာ ရာဂဖြစ်စရာအာရုံကို လုံးဝမတွေးတဲ့ ယောနိသော မနသိကာရပါ။ နဂိုယူလက်စ ပထမအာရုံကို တခြားအာရုံအသစ်တစ်ခုနဲ့ အစားထိုးပြောင်းပစ်လိုက်တာပါ။

    အာရုံတစ်ခုခုကြောင့် ကိလေသာဖြစ်၊ အကုသိုလ်ဖြစ်ပြီး စိတ်ညစ်နေရင် “ဒါကိုဒီလိုတွေး”တဲ့ ယောနိသောနဲ့ဖြစ်ဖြစ်၊ “ဒါကို လုံးဝမတွေး”တဲ့ ယောနိသောနဲ့ဖြစ်ဖြစ်၊ တနည်းပြောရင် .... အာရုံပြုနည်းပြောင်းတဲ့ ယောနိသောနဲ့ဖြစ်ဖြစ်၊ အာရုံပြောင်းတဲ့ ယောနိသောနဲ့ဖြစ်ဖြစ်၊ အဆင်ပြေရာယောနိသော(စိတ်ထားကောင်း) လိုက်ပါ။ ကိလေသာနွမ်း၊ ကုသိုလ်လွှမ်းပြီးစိတ်ချမ်းသာသွားပါလိမ့်မယ်။

(၄)
    ကိလေသဒုက္ခေန ဒုက္ခိတာ .....။ ကိလေသာဖြစ်နေတယ်ဆိုတာ ဆင်းရဲဒုက္ခတစ်မျိုးကို ခံစားနေရာတာပါပဲ။ ကိလေသာခိုင်းတဲ့အလုပ်ကို မလုပ်လိုက်ရမချင်း ကိလေသာရဲ့ နှိပ်စက်မှုဒဏ် ခံနေရတာ အင်မတန်ပင်ပန်းဆင်းရဲပါတယ်။ ကိလေသာကလည်း သူခိုင်းတာ လုပ် မပေးမချင်း သူဖြစ်နေတဲ့စိတ်ကိုရော၊ သူဖြစ်နေတဲ့စိတ်ရဲ့တည်ရာ ခန္ဓာကိုယ်ကိုပါ အမျိုးမျိုးနှိပ်စက်ညှင်းပန်းတော့တာပါပဲ။

    ကိလေသာအလိုလိုက်ပြီး ကိလေသာခိုင်းတဲ့အလုပ် လုပ်လိုက်ပြီးခါစမှာတော့ ခေတ္တခဏ ကိလေသာငြိမ်းပြီး စိတ်သက်သာရာ ရသွားသလို ထင်ရပေမယ့် (ခန္ဓာကိုယ်လည်း သက်သာရာ ရသွားသလို ထင်ရပေမယ့်) အဲဒီကိလေသာအလုပ်နဲ့ ဆက်စပ်နေတဲ့ တခြားဆင်းရဲဒုက္ခတွေကတော့ ပတ်ပတ်လည်ဝိုင်းပြီး နှိပ်စက်နေကြတာပါပဲ။ ခေတ္တခဏ ငြိမ်းသလိုဖြစ်သွားတဲ့ ကိလေသာကလည်း အချိန်တန်တော့ ပြန်ဖြစ်ပြီး သူခိုင်းတဲ့အလုပ် မပြီးမချင်း စိတ်ကိုရော၊  ရုပ်ကိုပါ ထိုးဆွနှိပ်စက်ပြန်တာပါပဲ။ ခေတ္တခဏ ငြိမ်းသလို ဖြစ်သွားလိုက်၊ ပြန်ပေါ်လာပြီး နှိပ်စက်လိုက်နဲ့ ကိလေသာက လူကို နည်းအမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ ညှင်းပန်းနှိပ်စက်နေပါတယ်။

    စိတ္တေ အဝသဝတ္တိနီ ......။ ရာဂပဲဖြစ်ဖြစ်၊ ဒေါသပဲဖြစ်ဖြစ် ကိလေသာတစ်ခုခု နက်နက်ရှိုင်းရှိုင်းဖြစ်ပြီဆိုရင် စိတ်ဟာ ကိုယ့်ရဲ့ အလိုကို လုံးဝမလိုက်တော့ပါဘူး။ ကိုယ့်အလိုအတိုင်း မဖြစ်ဘဲ သူဖြစ်ချင်သလို ဖြစ်နေပါတယ်။ ကိုယ်က အိပ်ပျော်ချင်တယ်၊ စိတ်ကအိပ်မပျော်အောင် လုပ်တယ် .....၊ ရာဂဖြစ်နေလို့ ဒေါသဖြစ်နေလို့ အိပ်မပျော်ဘူးဆိုတာ စိတ်က ကိုယ့်အလိုကို မလိုက်တာပါပဲ။

    ရာဂနှိပ်စက်နေရင်၊ ဒေါသနှိပ်စက်နေရင် ကိုယ်လုပ်ရမယ့် အလုပ်ကိုလည်း အရည်အသွေးကောင်းအောင် မလုပ်နိုင်တော့ပါဘူး။ အလုပ်ရဲ့အရည်သွေးနဲ့ အလုပ်ရဲ့ ပမာဏ နှေးကွေးသွာပါတယ်။ ကိလေသာကြောင့် စိတ်က ကိုယ့်အလိုမပါတော့ဘူးဆိုမှဖြင့် ဆုံးရှုံးမှုတွေက တသီတတန်းကြီးပါပဲ။

    ၀ရံ မေ ဣဓ ဥဗ္ဗန္ဓံ၊ ဃဥ္စ ဟီနံ ပုနာစရေ ........။ “လူထွက်တာထက်စာရင် ကြိုးဆွဲချပြီး ကိုယ့်ကိုယ်ကို သတ်သေလိုက်တာကမှ ပိုကောင်းဦးမယ်”လို့ သီဟာထေရီမက တွေးပါတယ်။ မြင့်မြတ်တဲ့ရဟန်းဘ၀ ရောက်ပြီးခါမှ နိမ့်ယုတ်တဲ့ လူ့ဘဝထဲ ခုန်ဆင်းတာဟာ မိုက်မဲတဲ့လုပ်ရပ်တစ်ခုပဲလို့ ယူဆဟန်တူပါတယ်။ တရားဓမ္မချမ်းသာမရနိုင်တော့လို့ ကာမဂုဏ်ချမ်းသာ ဆင်းယူတာဟာ ရှက်စရာကောင်းလွန်းလို့ အရှက်ကို အသက်နဲ့ လဲပစ်တာ အကောင်းဆုံးပဲလို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ (အခုခေတ် ဒုလ္လဘဝတ်သူတွေ လူပြန်ထွက်ခါနီး ဘယ်လိုများတွေးကြသည်မသိ။)

    ပြီးတော့ ..... သူတော်ကောင်းဓာတ် အနှစ်တည်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ သဘောထားက ကိုယ့်ဆန္ဒထက် သူ့ဘဝကို ပိုပြီး ဦးစားပေးတဲ့သဘောရှိပါတယ်။ ကိုယ်စိတ်ချမ်းသာဖို့ထက် သူတစ်ပါး စိတ်ချမ်းသာဖို့က ပိုအရေးကြီးပါတယ်။ အများအကျိုးအတွက် ကိုယ့်အကျိုးကို စတေးဖို့ လုံး၀ ၀န်မလေးပါဘူး။ ကိုယ်လူထွက်လိုက်ရင် ကိုယ့်ကြောင့် ကိုယ့်မိသားစု၊ ကိုယ့်ဆွေမျိုး ပတ်ဝန်းကျင်အလယ်မှာ မျက်နှာပျက်ရမှာမျိုးကို လုံးဝမလိုလားတဲ့အတွက် လူထွက်ဖို့ လုံး၀ မစဉ်းစားတာဟာလည်း ဘာပဲဖြစ်ဖြစ်ကြည်ညိုစရာပါ။

(၅)
    သတ်သေချင်စိတ် ဖြစ်ပြီးမှ တရားထူးရမယ့်သူဟာ သတ်သေချင်စိတ် ဖြစ်ကိုဖြစ်မှာပါပဲ။ သေလုဆဲဆဲကျမှ တရားထူးရမယ့်သူဟာ သေလုဆဲဆဲ အခြေအနေကို ကြုံကိုကြုံရမှာပါပဲ။ သံသရာကျင်လည်စဉ်တုန်းက သူတစ်ပါးကို သတ်သေချင်စိတ်ဖြစ်အောင် လုပ်ခဲ့မိပြီးမှ စိတ်ပြောင်းပြီး သူတစ်ပါးသေလုဆဲဆဲအချိန်မှာ သူတစ်ပါးအကျိုးသယ်ပိုးခဲ့လို့၊ သူတစ်ပါးဆန္ဒ လိုက်လျောခဲ့လို့ ဖြစ်မှာပေါ့။ ပြုခဲ့တဲ့ ကံတရားတွေက ဆန်းကြယ်တော့ အကျိုးပေးတွေကလည်း ဆန်းကြယ်တာပါပဲ။

    ၀ိပဿနာဉာဏ် အထွတ်အထိပ်ရောက်ဖို့ဆိုတာ တွန်းအားပြင်းထန်တဲ့ အခြေအနေတစ်ခု (သံဝေဂဖြစ်စရာ အခြေအနေ၊ သို့မဟုတ် အတွေးသစ်စရာ အခြေအနေ) မရှိမဖြစ်လိုအပ်ပါတယ်။ ပါရမီဖြည့်ခဲ့ပုံတွေ၊ ကံပြုခဲ့ပုံတွေက မတူညီကြတော့ ကြုံတွေ့ရတဲ့ တွန်းအားပြင်းအခြေအနေတွေကလည်း တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တရားထူးတရားမြတ်ကို အရယူပေးမယ့် တွန်းအားပြင်း အခြေအနေဆိုရင်တော့ ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ဖြစ်တဲ့ အခြေအနေ၊ တကယ်ကို သတ်သေနေတဲ့ အခြေအနေပင်ဖြစ်ပါစေ ..... အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးမားပါတယ်။

    သတ်သေချင်စိတ်ဖြစ်တာ တစ်ခုတည်းကွက်ကြည့်ပြီး အထင်သေးလို့ မရပါဘူး။ ကဲ့ရဲ့လို့မရပါဘူး။ နောက်ဆက်တွဲရလဒ်က ကောင်းကျိုးတွေဖြစ်နေရင် သတ်သေချင်စိတ် ဖြစ်တာကိုပဲ ကျေးဇူးတင်ရပါဦးမယ်။ တရားထူးအထိ ရစေနိုင်တယ်ဆိုရင်တော့ ကျေးဇူးအထူးတင်ရမှာပေါ့။

    စိတ်ပညာရှင်တွေရဲ့ သုတေသနပြုချက်အရ လူတိုင်းလူတိုင်း တစ်သက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ ကိုယ့်ကိုယ်ကို သတ်သေလိုက်ချင်တဲ့စိတ် ဖြစ်ဖူးကြတယ်လို့ဆိုပါတယ်။ ဘဝဆိုတာ စိတ်ဆင်းရဲစရာတွေ၊ စိတ်ညစ်စရာတွေ ပတ်လည်ဝိုင်းနေတဲ့အရာမို့ တစ်ခါတစ်ရံ ဒီလိုစိတ် (သတ်သေချင်စိတ်) ဖြစ်တယ်ဆိုတာ သဘာဝတော့ကျပါတယ်။

    အများအားဖြင့် အဲဒီလို သတ်သေချင်စိတ်က အိပ်ချိန်မှာ ပိုဖြစ်တတ်ပါတယ်။ တခြားအချိန်မှာက ဘယ်လောက်ပဲ စိတ်ဆင်းရဲ ဆင်းရဲ၊ ဘယ်လောက်ပဲ စိတ်ညစ်ညစ်၊ မလုပ်မဖြစ်တဲ့ လုပ်စရာအလုပ်တွေက လုပ်နေရတာဆိုတော့ သတ်သေချင်စိတ် သိပ်ထင်ထင်ရှားရှား မဖြစ်သာပါဘူး။ အိပ်ချိန်မှာကျတော့ ဘာအလုပ်မှ မရှိတော့ပဲ အားသွားတဲ့အတွက် စိတ်ဆင်းရဲစရာတွေ၊ စိတ်ညစ်စရာတွေ တမင်မစဉ်းစားရဘဲ အလိုလို တသီတတန်းကြီး ပေါ်လာပြီး အိပ်မပျော်နိုင်ဖြစ်၊ စိတ်ဆင်းရဲလေ အိပ်မပျော်လေ၊ အိပ်မပျော်လေ စိတ်ဆင်းရဲလေနဲ့ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကို သတ်သေလိုက်ချင်တဲ့စိတ်တွေ ဖြစ်သွားတော့တာပါပဲ။

    အိပ်ရာကနိုးတော့လည်း အိပ်ရေးဝဝ၊ မဝ၀ အိပ်မပျော်ခင်က ဖြစ်ခဲ့တဲ့ သတ်သေချင်စိတ် သိပ်မရှိတော့ပါဘူး၊ သို့မဟုတ် လုံးဝမရှိတော့ပါဘူး။

    ဒီသဘောကို ကိုယ်က နားလည်ထားရင် အိပ်ချိန်မှာ အပိုအတွေးတွေ လုံး၀ မတွေးမိအောင် အလေ့အကျင့် လုပ်ထားရုံပါပဲ။ အခြေအနေအရ ကိုယ်မတွေးပေမယ့် အတွေးတွေက အလိုလိုပေါ်နေတယ်ဆိုရင်လည်း ဂုဏ်တော်ပွား၊ မေတ္တာပို့၊ ၀င်လေထွက်လေ ရှုပြီး အလိုလို အတွေးပျောက်သွားအောင် ကြိုးစားရမှာပေါ့။ တချို့ကလည်း တစ်၊ နှစ်၊ သုံး၊လေး ရေတွက်ရင်း အိပ်ပျော်အောင် လုပ်ကြတာပေါ့လေ။ ဘယ်လိုပဲလုပ်လုပ် အိပ်ပျော်သွားဖို့ပဲ အရေးကြီးပါတယ်။ သိပ်လိုအပ်လာရင်လည်း အိပ်ဆေးထသောက်လိုက်ပေါ့။

    အိပ်လို့ ပျော်ပျော်၊ မပျော်ပျော်၊ နိုးနေချိန်မှာ ကိုယ်လုပ်စရာရှိတာသာ လုပ်နေလိုက်ရင် သေချင်စိတ်ပျောက်သွားမှာပါ။ အရေးကြီးဆုံးက ကိုယ့်အလုပ်ကိုယ် လုပ်နေဖို့ပါပဲ။

    ကိုယ်လုပ်ချင်တာ မလုပ်ရရင် တချို့က သေပစ်လိုက်ချင်ကြပါတယ်။ သေသွားရင် ဘာမှ လုပ်လို့မရတော့ပါဘူး။ မသေသေးတဲ့အတွက် လုပ်ခွင့်ရသလောက်တော့ လုပ်လို့ရပါသေးတယ်။ သေရင်ပြီးပြီ။ ဘာဆို ဘာမှ လုပ်လို့မရတော့ဘူး။ ဒီတော့ သေပစ်လိုက်မယ့်အစား ကိုယ်လုပ်ချင်တဲ့ အလုပ်တစ်ခုကို လုပ်နိုင်စွမ်းရှိသလောက် အောင်မြင်အောင် လုပ်နေရုံပါပဲ။ ကိုယ့်အတွက် သို့မဟုတ် အများအတွက် အကျိုးပြုတဲ့ အဲဒီအလုပ်အောင်မြင်မှုနဲ့ ကျေနပ်နေလိုက်ရင် သေချင်စိတ် ပေါ်မှာ မဟုတ်တော့ပါဘူး။

    သေချင်စိတ်ဖြစ်တုန်းက သတ်သေလိုက်ရင် အခုဆို သေသွားပါပြီ။ ကိုယ့်ကိုယ်ကို သေသွားပြီလို့ သဘောထားလိုက်ရင် မသေချင်တော့ပါဘူး။ “ကိုယ့်ဘာသာကိုယ် သတ်မသေလည်း သူ့ဘာသူ ခဏနေ သေရင် သေသွားမှာပဲ” ......၊  “မသေမှာ မပူပါနဲ့၊ အချိန်မရွေး သေသွားနိုင်ပါတယ်၊ အချိန်မရွေး သေမှာပါ” လို့ လေးလေးနက်နက် ဆင်ခြင်လိုက်ရင်လည်း သတ်သေဖြစ်မှာ မဟုတ်တော့ပါဘူး။

    ကိုယ်ပတ်ဝန်းကျင်က ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားသူတွေကို သတိရလိုက်ရင်လည်း သေချင်စိတ်ပျောက်သွားနိုင်ပါတယ်။ အခုရက်ပိုင်း ဂျာနယ်တိုင်းမှာ ပလူပျံနေအောင်ပါနေတဲ့ ဒွေးရဲ့ နာရေးသတင်းတွေကို ထပ်တလဲလဲ ဖတ်ပြီး ထပ်တလဲလဲ ဆင်ခြင်လိုက်ရင် ကိုယ့်ကိုယ်ကို သတ်သေချင်စိတ် ပျောက်သွားပါလိမ့်မယ်။

    စာရေးသူတော့ ဒွေးသေတာကြည့်ပြီး ကိုယ်မလုပ်ချင်တဲ့ အလုပ်တွေ ဘာမှ မလုပ်ချင်တော့ပါဘူး။ ဒွေးလည်း သရုပ်ဆောင်အလုပ်က နားချင်ပေမယ့် ပရိတ်သတ်ကို ငဲ့ပြီး မနားခဲ့ရဘူးလေ။ သေမှပဲ နားလိုက်ရတော့တာ။ ဒွေးက အသက် (၄၁)မှာ သေသွားတယ်။ စာရေးသူက အခု အသက်(၄၀) ....။ တော်ပါပြီ ....... ကိုယ်မလုပ်ချင်ဘဲ ပရိတ်သတ်ကို ငဲ့ပြီး လုပ်နေရတဲ့အလုပ်တွေ နားလိုက်တော့မယ်၊ ကျေးဇူးအများကြီးတင်ပါတယ် ကိုသားကြီးရေ .......။

    ကိုယ့်ကိုယ်ကို သေသွားပြီလို့ သဘောထားလိုက်ရင် လုပ်ချင်သလောက်လေးပဲ လုပ်နေရတာ၊ လုပ်နိုင်သလောက်လေးပဲ လုပ်နေရတာအပေါ် ကျေနပ်အားရမှာပါ။ တိုတောင်းလှတဲ့ ဘဝလေးမှာ ကိုယ်လုပ်ချင်တာလေးလုပ်ပြီး စိတ်အေးချမ်းစွာ နေသွားရဖို့က အဓိကပါပဲ။

    ကိုယ်မလုပ်ချင်တဲ့ အလုပ်တွေ၊ ကိုယ်မလုပ်နိုင်တဲ့ အလုပ်တွေနဲ့ မနိုင်ဝန်ထမ်းပြီး ပင်ပန်းမနေသင့်ပါဘူး။ မနိုင်ဝန်ထမ်းရင် စိတ်ဖိစီးမှု များပြီး သတ်သေချင်စိတ်ဖြစ်သွားပါလိမ့်မယ်။ အလုပ်လောဘ မကြီးဖို့၊ ကုသိုလ်လောဘ မကြီးဖို့အရေးကြီးပါတယ်။ ကုသိုလ်လောဘ မကြီးဖို့ဆိုတာက “ဒါလည်း ကုသိုလ်ပဲ” ဆိုပြီး အကုန်လိုက် မလုပ်ဖို့ ပြောတာပါ။ ကုသိုလ်အလုပ်ကတော့ အမြဲလုပ်နေရမှာပါပဲ။ ကုသိုလ်စိတ်ကတော့ အမြဲဖြစ်နေရမှာပါပဲ။

    နောက်ဆုံးပေါ့လေ ..... ဘယ်လိုမှ စိတ်မထိန်းနိုင်တော့လို့ သတ်သေတော့မယ်ဆိုရင်လည်း “သေခါနီးလေး ၀ိပဿနာတော့ အားထုတ်လိုက်ဦးမယ်” ဆိုပြီး ကိုယ်ရှုမှတ်နေကျနည်းနဲ့ တရားလေးတော့ အားထုတ်ကြည့်လိုက်ပါဦး။ သီဟာထေရီမလို လူမသေဘဲ ကိလေသာသေပြီး ရဟန္တာဖြစ်မသွားဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ ရဟန္တာမဖြစ်လည်း သောတာပန်ပေါ့။ သောတာပန် မဖြစ်လည်း ဖြစ်ပျက်ဉာဏ်ပေါ့။ ဖြစ်ပျက်ဉာဏ်မရလည်း စိတ်အေးချမ်းမှုပေါ့။

    တရားအရသာတွေ့ပြီး စိတ်အေးချမ်းသွားပြီဆိုရင် သေချင်စိတ်ရှိမှာ မဟုတ်တော့ပါဘူး။ စိတ်အေးချမ်းနေပါလျက်နဲ့ “ဆုံးဖြတ်ပြီးသား၊ မပြင်တော့ဘူး” ဆိုပြီးတော့ တကယ် မသေချင်ဘဲ အတင်းမသေလိုက်ပါနဲ့နော်။ ရခဲတဲ့ လူ့ဘ၀ နှမြောစရာကြီး။ ပြီးတော့ ပါဏာတိပါတ အကုသိုလ်လည်း ဖြစ်ဦးမယ်လေ။ သူများကို သတ်မှ ပါဏာတိပါတ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို သတ်လည်း ပါဏာတိပါတနော်။

    တကယ်တော့လည်း လူသေဖို့ထက် ကိလေသာသေဖို့က ပိုအရေးကြီးပါတယ်။ ကိလေသာ သေရင် လူလည်း မသေချင်တော့ပါဘူး။ ကိလေသာ မသေလို့သာ လူက သေချင်နေတာပါ။

    တကယ်ဆို ကိလေသာ သေရင် လူမသေချင်တော့တာတောင် မဟုတ်ပါဘူး။ ကိလေသာ သေရင် လူမသေတော့တာပါ။ အရင်ဘဝက ကိလေသာတွေကြောင့် ဒီတစ်ဘဝတော့ သေဦးမယ် ....၊ ဒါပေမဲ့ နောင်ဘဝမရှိတော့တဲ့အတွက် သေစရာ “လူ” ဆိုတာကို မရှိတော့လို့ လူမသေတော့ပါဘူး။ ကိလေသာ သေရင် ရဟန္တာဖြစ်၊ ရဟန္တဖြစ်တော့ နောင်ဘ၀ မရှိ၊ နောင်ဘ၀ မရှိတော့ ဘယ်တော့မှ မသေ.......၊ ကိလေသာ သေလို့ နောင်ဘ၀ မဖြစ်တော့ရင် ဘယ်တော့မှ မသေရတော့ပါဘူး။ သေခြင်းတရားက အပြီးတိုင် လွတ်မြောက်သွားပါပြီ။

(၆)
    Death is not the greatest loss in life. The greatest loss is what dies inside us while we live. (Norman Cousins)

    “ဘဝမှာ သေခြင်းဆိုတာ အကြီးကျယ်ဆုံး ဆုံးရှုံးမှု မဟုတ်ပါဘူး။ အသက်ရှင်နေစဉ်မှာ အတွင်းက စိတ်ဓာတ်သေနေတာကမှ အကြီးကျယ်ဆုံးသော ဆုံးရှုံးမှု ဖြစ်ပါတယ်”
အပ္ပမာဒေန သမ္ပာဒေထ။

ဖြည့်စွက်။   ။ သေချင်ရင် သေလိုက်ပါ။ သေချင်စိတ်ဖြစ်နေရင် အခုပဲ သေလိုက်ပါ။ “သေလိုက်ပါ” ဆိုတာ တကယ်သတ်သေဖို့ ပြောတာမဟုတ်ပါဘူး။ “ငါသေသွားပြီ” လို့ စိတ်ထားလိုက်ဖို့ ပြောတာပါ။ “ငါသေသွားပြီ” ဆိုတာ သေလိုက်တာပဲပေါ့။ “ငါသေသွားပြီ .... ငါသေသွားပြီ” လို့ အကြိမ်ကြိမ် ဆင်ခြင်နှလုံးသွင်းနေလိုက်ပါ။ အရာအားလုံး အဆင်ပြေသွားပါလိမ့်မယ်။ အရာအားလုံး ပျော်စရာ ကောင်းသွားပါလိမ့်မယ်။

    ဒီအတိုင်း ဆင်ခြင်ရုံနဲ့ အားမရရင် အိပ်ရာပေါ်၊ သို့မဟုတ် ကြမ်းပြင်ပေါ် ပက်လက်လှန်၊ ခါးဆန့်၊ လက်ဘေးချပြီး လူသေကောင်လို စန့်စန့်ကြီးနေလိုက်ပါ။ “ငါသေသွားပြီ၊ သေသွားပြီ၊ ငါမရှိတော့ဘူး၊ မရှိတော့ဘူး” လို့ အကြိမ်ကြိမ် ဆင်ခြင်နှလုံးသွင်းနေလိုက်ပါ ......။

    သေပြီးရင်တော့ ပြန်မထဘဲ မနေနဲ့နော်။ စိတ်ရှင်းသွားရင်ပြန်ထပါ။ “စိတ်ညစ်နေတဲ့ ငါ မရှိတော့ဘူး၊ သတ်သေချင်စိတ်ဖြစ်နေတဲ့ ငါ မရှိတော့ဘူး၊ အခု ငါက လူအသစ်ဖြစ်သွားပြီ၊ အရင်ကဟာတွေ ငါနဲ့ ဘာမှ မဆိုင်တော့ဘူး” ဆိုတဲ့ ခံစားချက်လေး ထင်ရှားသွားပြီဆိုရင် စိတ်အေးချမ်းသွားပါလိမ့်မယ်။ လူသစ်၊ စိတ်သစ်နဲ့ လုပ်စရာရှိတာတွေ ဆက်လုပ်ပါတော့။

    စိတ်ညစ်နေလား ... ..? သေလိုက်။ “ငါသေသွားပြီ” လို့ ဆင်ခြင်လိုက်။ စိတ်ညစ်တာတွေ ပျောက်သွားပါလိမ့်မယ်။

    “ငါသေသွားပြီ” ဆိုမှတော့ ငါ့မှာရှိတဲ့ စိတ်ညစ်စရာတွေ၊ စိတ်ဆင်းရဲစရာတွေလည်း ငါနဲ့အတူ သေဆုံးသွားခဲ့ပြီပေါ့။ “ငါ” သေသွားပြီလို့ ယူရင်လည်း “ငါ”ဆိုတာ မရှိတော့တဲ့အတွက် ငါ စိတ်ညစ်တယ်၊ ငါ စိတ်ဆင်းရဲတယ်၊ ငါ့မှာ ဒီလိုဒုက္ခတွေရှိတယ်၊ ငါ့မှာ ဒီလိုအခက်အခဲတွေရှိတယ်ဆိုတာ ဘယ်မှာရှိပါတော့မလဲ။ “ငါသေသွားပြီ” လို့ ဆင်ခြင်ပြီး နောက်ပိုင်းကြုံတွေ့ရသမျှ ပျော်စရာအားလုံး၊ ပြုလုပ်ဖြစ်သမျှ အလုပ်အားလုံး အမြတ်တွေချည်းပါပဲ။ ဘာပျော်စရာမှ မကြုံတွေ့ရ၊ ဘာအလုပ်မှ မပြုလုပ်ဖြစ်ရင်လည်း အရှုံးလုံး၀ မရှိပါဘူး။

    အဆိုးဆုံးကို လက်ခံနိုင်သူအတွက် နောက်ထပ်ကြုံတွေ့စရာ “အဆိုး” ဆိုတာ မရှိနိုင်တော့ပါဘူး။
အပ္ပမာဒေန သမ္ပာဒေထ။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(အလင်းတန်းဂျာနယ်၊ စက်တင်ဘာ ၂၄၊ အောက်တိုဘာ ၁၊ ၂၀၀၇)

၀ိသုဒ္ဓိ (၇) ပါးနှင့် ဉာဏ်စဉ်များ တွဲစပ်ပုံ


၁။ ကိုယ်နှုတ်နှစ်ဝ၊ စင်ကြယ်က၊ သီလ ၀ိသုဒ္ဓိ။

၂။ နီဝရဏ၊ ကင်းစင်က၊ စိတ္တဝိသုဒ္ဓိ။
အပ္ပနာ၊ ဥပစာ၊ ခဏိကာ၊ သုံးဖြာ သမာဓိ၊
သမာဓိ တစ်ပါးပါး၊ ပြည့်စုံငြား၊ မှတ်သား စိတ္တဝိသုဒ္ဓိ။

၃။ စိတ်စင်ကြယ်လျင်၊ ရုပ်နာမ်တွင်၊ ဉာဏ်မြင် ရှင်းတော့သည်၊
ရုပ်နာမ်ပိုင်းခြား၊ သိမြင်ငြား၊ မှတ်သား ပထမဉာဏ်၊ ( နာမရူပ ပရိစ္ဆေဒဉာဏ် )
ရုပ်နာမ်သိမြင်၊ ဒိဋ္ဌိစင်၊ မည်တွင် ဒိဋ္ဌိ၀ိသုဒ္ဓိ။

၄။ ကြောင်းကျိုးပိုင်းခြား၊ သိမြင်ငြား၊ မှတ်သား ဒုတိယဉာဏ် (ပစ္စယ ပရိဂ္ဂဟဉာဏ် )
ကြောင်းကျိုးသိမြင်၊ ယုံမှားစင်၊ မည်တွင် ကင်္ခါ၀ိတရဏ ၀ိသုဒ္ဓိ။

၅။ မမြဲဆင်းရဲ၊ ငါ မစွဲ၊ သိမြဲ တတိယဉာဏ် (သမ္မသန ဉာဏ် )
အလင်းပီတိ၊ ငြိမ်းအေးဘိ၊ ၀ီရိ သဒ္ဓါမှန်၊
သုခံ ဉာဏ၊ သတိပြ၊ တ၀ ဥပေက္ခံ။
နိကန္တိပေါင်း၊ ညစ်ညူးကြောင်း၊  အကောင်းဤဆယ်တန် ( ၀ိပဿနုပက္ကိလေသ )

ဤဆယ်မျိုးအား၊ သာယာငြား၊ လမ်းမှားနေပြီမှန်။
မသာယာဘဲ၊ ရှုမှတ်မြဲ၊ မလွဲ လမ်းအမှန်၊
မှားမှန် နှစ်ဖြာ၊ သိမြင်တာ၊ မဂ္ဂါ မဂ္ဂဉာဏ်။ ( မဂ္ဂါမဂ္ဂ ဉာဏဒဿန ၀ိသုဒ္ဓိ )

၆။ ဉာဏ်မြင် သန့်စင်၊  ဖြစ်ပျက်မြင်၊ ဤတွင် စတုတ္ထဉာဏ်။ ( ဥဒယဗ္ဗယဉာဏ် )
ပျက်မြင်ပဥ္စမ၊ ကြောက်လျှင် ဆ၊  သတ္တ ပြစ်မြင် ဉာဏ်။ ( ဘင်္ဂ၊ ဘယ ၊  အာဒီနဝဉာဏ် )
ငြီးငွေ့ အဋ္ဌ၊ လွတ်လိုက၊  နဝမ ၀ိပဿ်ဉာဏ်။ (  နိဗ္ဗိဒါ၊ မုစ္စိတု ကမျတာဉာဏ် )

ပြန်ရှုသိက၊ ဒသမ ၊ ညီမျှ ရှုမှာ ဆယ့်တစ်မှန်။ ( ပဋိသင်္ခါ ၊ သင်္ခါရုပေက္ခာဉာဏ် )
ရှေ့နောက်လျော်က၊ နုလောမ၊  ဉာဏ ဆယ့်နှစ်မှန်။ ( အနုလောမ ဉာဏ် )
အကျင့်လမ်းစဉ်၊ သိအမြင် ၊ သန့်စင် ပဋိပဒါ။ ( ပဋိပဒါ ဉာဏဒဿန ၀ိသုဒ္ဓိ )

ရ။ ပုထုနွယ်ဖြတ်၊ အရိယာဇာတ်၊ ညွတ်လတ် ဆယ့်သုံး ဉာဏ်၊ ( ဂေါတြဘု ဉာဏ် )
ကိလေငြိမ်းသတ်၊ အငြိမ်းဓာတ်၊ ဆိုက်လတ် မဂ်ဖိုလ် ဉာဏ်။ ( မဂ်ဉာဏ် ၊ ဖိုလ်ဉာဏ် )
သစ္စာမြင်ကြ၊ လေးမဂ္ဂ၊ ဉာဏ ဒဿနာ။ ( ဉာဏဒဿန ၀ိသုဒ္ဓိ )

မဂ်ဖိုလ်ပြီးလျင်၊ ပြန်ဆင်ခြင် ၊ မည်တွင် ပစ္စဝေက္ခဏာ ။ ( ပစ္စဝေက္ခဏာ ဉာဏ် )

Saturday, 21 December 2019

ခန္ဓာကိုယ်ထဲ ဘောလုံးပွဲ ( တိပိဋက ယောဆရာတော် )


နမော ဇိနဿ
အတ္တာ ဟဝေ ဇိတံ သေယျော။
(ဓမ္မပဒ)
          ခန္ဓာကိုယ်ထဲ၊ ဘောလုံးပွဲ၊
          ဆင်နွှဲတတ်ပါစေ။
          စိတ်ဘောလုံးမှာ၊ ကန်စရာ၊
          ပတ်ချာလှည့်၍နေ။
          အဖြူအသင်း၊ အမည်းသင်း၊
          နှစ်သင်းယှဉ်ပြိုင်နေ။
          အဖြူအသင်း၊ ပေါ့ဆခြင်းကြောင့်၊
          ညံ့ဖျင်းသွားကာ၊ အမည်းသာ၊
          များစွာဂိုးသွင်းနေ။
          ဂိုးရှုံးပြန်က၊ အပူရ(အပါယ်ကျ)၊
          ဒုက္ခပင်လယ်ဝေ။
          အဖြူအသင်း၊
          စိတ်အားတင်းသော်၊ အနိုင်ပေါ်၊
          ရွှင်ပျော်အားတက်ပေ။
          အမည်းအသင်း၊ ဂိုးပြန်သွင်းက၊ လုံ့လကိုတွန်း၊
          သတိစွမ်း၊ဂိုးဖမ်းတတ်ပါစေ။
          ဒါနတစ်ဖြာ၊သိက္ခာ ၃-ပါး၊
          စွမ်းအားကို ညှစ်၊
          ကြိုးစားတက်ရင်း၊သတိခင်း၊
          ဂိုးသွင်းလိုက်ပါလေ။
          ဆင်းရဲမလို၊ ချမ်းသာလိုသူ၊
          အဖြူသင်းသာ၊နိုင်သင့်ပါ၊
          ကောင်းစွာကြိုးစားလေ။
          ကိုယ့်ကိုကိုယ်နိုင်၊ စွမ်းအားပိုင်၊
          ကြံ့ခိုင်မြင့်မြတ်ပေ။
          စွမ်းရည်ဒိုင်းဆု၊ ရအောင်လု၊
          ကောင်းမှုပိုင်ပါစေ။
          မိမိတို့ရဲ့ခန္ဓာအစဉ်မှာ နေ့စဉ် နေ့တိုင်း အဆိုးနှင့်အကောင်း        အားချင်းယှဉ်ပြိုင်လုနေရတာကိုပဲ ဥပမာစကားအနေနဲ့တင်စားပြီး ‘ခန္ဓာကိုယ်ထဲ ဘောလုံးပွဲ’လို့ ပြောတာပါ။ ခန္ဓာကိုယ်ထဲက အဆိုးနှင့် အကောင်းပြိုင်တဲ့ပွဲလို့ဆိုလိုပါတယ်။ လောကဘောလုံးပွဲဟာ မြင်ရသူကို တက်ြွကသွားစေတတ်တယ်။
          ‘ဘောလုံးပွဲ’ဆိုတဲ့ စကားဟာ ကြားရသူကို နိုးကြား ထက်သန် သွားစေနိုင်တယ်။သူများတွေ နှစ်သင်း ယှဉ်ပြိုင်နေကြတာကို  မြင်ရရင်လည်း ကိုယ်နှင့်ဆက်စပ် သက်ဆိုင်တဲ့ အသင်းကိုပဲ အနိုင်ရ စေချင်တယ်။ ဒါဆို ကိုယ်နှင့် မဆက်စပ် မသက်ဆိုင်တဲ့တစ်ဖက် အသင်းကို ရှုံးစေချင်တယ်ပေါ့။ ကိုယ့်ဘက်အသင်းနှင့် သူ့ဘက် အသင်း ယှဉ်ပြိုင်ရရင်လည်း ကိုယ့် ဘက် အသင်းကပဲ အနိုင်ရချင် တယ်။ ဒါဆို သူ့ဘက်အသင်းကို တော့ ရှုံးစေချင်တယ်ပေါ့။ ကိုယ့် ဘက် အသင်းအနိုင်ရဖို့ကိုလည်း သဲသဲမဲမဲ စွဲစွဲမြဲမြဲ ဇွဲလုံ့လအကုန်ထုတ် ကြိုးစားတတ်တယ်။
          စကားစပ်မိလို့ ပြောရဦးမယ်။ ဦးပဥ္စင်း ကျောင်းသားဘဝတုန်းက ယှဉ်ပြိုင်ခဲ့ရတဲ့ ဘောလုံးပွဲအကြောင်းပါ။ တစ်ချိန်တော့ ကိုယ့်ရဲ့ သတ္တမ တန်းအသင်းနှင့်ဟိုဘက်ဆဋ္ဌမတန်း အသင်းနှစ်သင်း ဘောလုံးယှဉ်ပြိုင် ကစားဖို့ ဆရာတွေက စီစဉ်ပေးကြပါ တယ်။ ဦးပဥ္စင်းဟာ ငယ်ငယ်တုန်း ကစ ကာယဗလ မဖွံ့ဖြိုးပါဘူး။ ပိန်ပိန်ပုပု သေးသေးကလေးပါ။ ကစားဖော်ကစားဖက် သတ္တမတန်း ကျောင်းသားတွေက ပြောကြတယ်။ ‘သာမောင် ပါရင်တော့ တို့ဘက်က ရှုံးပြီးသားပါကွာ၊ သာမောင်က စာသာ တော်တာပါကွာ၊ သူများနှင့် ကာယချင်းယှဉ်ရင်တော့ အပျော့ အညံ့သမားပါ’တဲ့။ကိုယ့်ဘက်မှာ ပိန်တိန်တိန် ပုတုတု ပိစိကွေး ကလေးတစ်ယောက် ပါလာတာ နဲ့များ အားလျှော့လိုက်ကြတာ။
          ဒီတော့ ကိုယ်ကလည်း အရေး ကြုံလာရင် သက်လုံကောင်းဖို့ စိတ် ခွန်အားကို အစွမ်းကုန် မြှင့်လိုက် ပါတယ်။
          “ေအောင်မယ် ငါ့ကိုများ၊ ပိစိ ကွေးကလေးဆိုပြီး အထင်သေးနေ ကြတာကိုး၊ ငါ့ရဲ့စိတ်ခွန်အားရော၊ ရုပ်ခွန်အားပါ အကုန်ထုတ်သုံးလိုက် ရင် ဘာလို့ ကိုယ့်ဘက်ကမနိုင်ဘဲ နေရမှာလဲ။ တာဝန် ရောက်လာမှ တော့ ကျေအောင်ထမ်းဆောင်ရုံပဲ” လို့ စိတ်ကိုအားတင်းပြီး အစွမ်းကုန် ကြိုးစား ကန်ပါတယ်။ ဒိုင်လူကြီး က အချက်ပေးလိုက်တယ်ဆိုရင်ပဲ မနားတမ်းကန်တော့တာပဲ။ ကိုယ့်ကို စိတ်မချ အားမရလို့ နောက် တန်းတွေမှာ မထားဘဲ ရှေ့တန်းမှာ တင်ထားကြတယ်။ ဒါကကို ကိုယ့် အစွမ်းပြဖို့ အခွင့်ကောင်း ဖြစ်နေ တယ်။
          ဟိုဘက်အသင်းက လှိမ့်ကန် လာတဲ့ဘောလုံးကိုလည်း အရဲစွန့်ပြီး တားဆီးတိုက်ဖျက်တယ်။ ဟိုဘက် အသင်းက တိုက်ဖျက် တားဆီး နေတဲ့ကြားထဲကပဲ သတိ, ဝီရိယ ကြီးကြီးထားပြီး လိမ္မာပါးနပ်      ဖျတ်လပ်စွာနဲ့ ဘောလုံးကို ဟိုဘက် အရောက် သယ်ဆောင်သွားတယ်။ အရှောင်အတိမ်းအကွေ့အကောက် နည်းတွေနဲ့ ကြိုးကြိုးစားစားလှိမ့် ကန်တယ်။ ဟိုဘက်အသင်းကလူတွေဟာ ကိုယ့်ထက် ရုပ်ခွန်အား သာလွန်ကြပေမဲ့ ကြိုးစားမှုကတော့ ကိုယ့်ကိုမီလိမ့်မယ် မထင်ပါဘူး။ ကိုယ်က တာဝန်စိတ်နဲ့ မဖြစ်မနေ သွက်သွက်လက်လက် ကြိုးစားတာကိုး။ ဒါကြောင့် ပွဲစလို့ မကြာမီ ကိုယ်က ဟိုဘက်ဂိုးကို တစ်ဂိုး သွင်းနိုင်သွားတယ်။
          ကိုယ်က တစ်ဂိုးသွင်းပြနိုင်ပြီလဲ ဆိုရော ပွဲကြည့်သူတွေရော၊ ကစားဖက်တွေကရော ဝိုင်းပြီး ကောင်းချီးပေးကြတော့တာပဲ။
          ‘‘ဟေ့ သာမောင်၊ မင်း မပိန် ဘူးကွ၊ ဝတယ်ဟေ့၊ မပုဘူးကွ၊ ရှည်တယ်ဟေ့။ မသေးဘူးကွ၊ကြီး တယ်ဟေ့။ ဘာလဲကွ-ယောက်ျား၊ နိုင်ရမယ်ဟေ့၊ ဆက်ကြိုးစားကွ” တဲ့။ တစ်ဂိုးရှုံးသွားတော့ ဟိုဘက် အသင်းက ပိုပြီး ကြိုးစားလာတာ တွေ့ရတယ်။ ကိုယ့်ဘက်အသင်းကလည်း နိုင်လက်စပေါ်လာတော့ ပိုနိုးကြားတက်ကြွလာတယ်။ ကိုယ် ကလည်း အရှိန်မပျက် ဆက် ကြိုးစားလိုက်တာ လူရှည်ကြီးတွေ ကြားထဲမှာ လူပုကလေး ညပ်ညပ် သွားပေမဲ့ စိတ်ဇွဲ ထက်သန်လွန်းလို့ နောက်တစ်ဂိုး ထပ်သွင်းလိုက်နိုင်ပြန်တယ်။ ဟိုဘက်အသင်းက တစ်ဂိုးမှ ပြန်မချေပနိုင်ပါဘူ။ ကိုယ်တစ်ယောက်တည်းပဲ ဂိုးသွင်း လိုက်တာ ကိုယ့်ရဲ့ သတ္တမတန်း အသင်းက ဆဋ္ဌမတန်းအသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
          ကိုယ်က ဘောလုံးပွဲ သိပ်ဝါသနာမပါလှပေမဲ့ ကျရာတာဝန်ကို ကျေပွန်အောင် မဖြစ်မနေ ထမ်းဆောင်ပေးနိုင်တဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက်ခဲ့ရပါတယ်။ အချိန်စေ့လို့ ဘောလုံးပွဲပြီးသွား တာနဲ့ ကစားဖက် သတ္တမတန်း ကျောင်းသားတွေက မိမိကို တစ်ယောက် တစ်လှည့် ပခုံးပေါ်တင် ထမ်းပြီး “သာမောင်ရာ၊ မင်း ဒီလောက် စွမ်းလိမ့်မယ်လို့ ငါတို့ မထင်မိခဲ့ဘူး။ မင်းကယ်လိုက်လို့ ငါတို့အတန်းက နှစ်ဂိုး- ဂိုးမရှိနဲ့ နိုင်သွားတာ။ မင်းရဲ့အစွမ်းကို ငါတို့ အားလုံး ချီးမွမ်းအံ့ဩတယ်ဟေ့” လို့ ဝိုင်းပြီး ချီးကျူးကြတော့တာပဲ။ သူတို့ ချီးမြှင့်တဲ့ဆုကလည်း ဒါပါပဲ။ ဒါက မှတ်မှတ်ရရ ကျောင်းသားဘဝ က ကိုယ့်ရဲ့ စွန့်စားမှုနဲ့အနိုင်ရခဲ့တဲ့ ဘောလုံးပွဲပါ။
          နေ့စဉ် အဆိုးနဲ့အကောင်း အားချင်းလုပြီးယှဉ်ပြိုင်နေရတဲ့ မိမိ ခန္ဓာထဲက ပြိုင်ပွဲမှာလည်း ကိုယ် နှင့်ဆိုင်တဲ့ ကိုယ်ပိုင်ပွဲအစစ်ဖြစ်တာကြောင့် ကိုယ်ကပဲ အမြဲနိုင်အောင် မဖြစ်မနေ ကြိုးစားနေဖို့ အထူး လိုအပ်မှာပါ။

ကိုယ့်ဘောလုံးပွဲ နိုင်အောင်နွှဲ
          ကိုယ့်ခန္ဓာကိုယ်ထဲက ပွဲကမှ တကယ့်ပွဲပါ။ ကိုယ့်ခန္ဓာက ဘောလုံး ကွင်းကြီးပေါ့။ ကိုယ့်စိတ်က ကန်စရာ ဘောလုံးဆိုပါတော့။ စိတ်ဘောလုံး က ခြေနဲ့ကန်ဖို့ မပြောနဲ့၊ လက်နဲ့ တောင် ကိုင်လို့ မရဘူး။ မျက်စိနဲ့ တောင် မြင်ရတာ မဟုတ်ဘူး။ ဝီရိယခြေထောက်နဲ့ ဒီဘက်က ကန် လိုက်ရင် ဟိုဘက်ကို ပတ်ချာလှည့် ပြေးသွားတယ်။ ဟိုဘက်က ကန် လိုက်ပြန်တော့ ဒီဘက်ကို ပတ်ချာ လှည့်ပြေးလာခဲ့ပြန်တယ်။  ဖမ်းလို့ ထိန်းလို့ တော်တော်ခက်ခဲသား။တစ်နေ့ကုန်လို့တောင် ကိုယ့်စိတ် ဘယ်ကိုရောက်နေမှန်း ဘယ်နေရာ နေမှန်း ဘာလုပ်နေမှန်း သိဖို့ သိပ် ခက်တယ်။ မြန်လိုက်တာလည်း မပြောနဲ့။
          သရဏဂုံလေး တစ်ခေါက် ဆုံးအောင်တောင် ရွတ်လို့ အဆင် မပြေချင်၊အမည်းသင်းက ဝင်ဖျက်၊ မေတ္တာလေးတစ်ခေါက်ပို့တာတောင် အစအဆုံး မချောမောချင်၊အမည်း သင်းဖျက်တာ ခံရတယ်။ ၅-မိနစ် ပြည့်အောင်တောင် ခန္ဓာÓာဏ်စိုက် ဝိပဿနာ ရှုလို့ မရချင်၊ အမည်း သင်းကဝင်ဖျက်လို့ ပျက်ပြယ်လည် သွားတယ်။ သတိက အမည်းကို အဖြူ ပြောင်းပေးနေရမှာပဲ။
          အကုသိုလ်အဆိုးဆိုတဲ့ အမည်း အသင်းက  တစ်ဘက်, ကုသိုလ် အကောင်းဆိုတဲ့ အဖြူသင်းက တစ်ဘက်၊ အဲဒီအသင်း နှစ်သင်းဟာ စိတ်ဘောလုံးကို အားချင်း ယှဉ်ပြိုင် လုနေကြပါတယ်။ အမည်းသင်းဘက်မှာ အတန်း (၃) တန်း ရှိပါတယ်။ ကိုယ်, နှုတ်နဲ့ လွန်ကျူးတဲ့ ဝီတိက္ကမကိလေသက ရှေ့တန်း၊ စိတ်ထဲမှာ ထြွကသောင်းကျန်းတဲ့ ပရိယုဋ္ဌာနကိလေသာ က အလယ် တန်း၊ မျိုးမပြုတ်သေးလို့အမြစ်တွယ်နေတဲ့ အနုသယကိလေသာ က နောက်တန်းပေါ့။
          ကွင်းထဲမှာ လှုပ်ရှားနေတဲ့ လောဘç ဒေါသ, မောဟ ဦးစီးတဲ့ ကိလေသာတွေဟာ အားကလည်းကောင်း၊ သံသရာရှည်ခဲ့လှပြီ ဆို တော့ သမ္ဘာကလည်း ရင့်၊ ရှုပ် လည်း ရှုပ်ပေါ့။မောဟက ဂိုးပေါက် ကစောင့်တဲ့ ဂိုးသမား၊ဂိုးပေါက်ကို မမြင်ရအောင် ဖုံးအုပ်ထားတယ်။ ရှုပ်ပွနေပေမဲ့ တစ်သင်းလုံးက ထောင်ထောင် မောင်းမောင်း အားကောင်း မောင်းသန်တွေပါ။
          အဖြူသင်းဘက်မှာလည်း အတန်း ၃-တန်းပဲ။ ရှေ့တန်းမှာ ဝိပဿနာပညာ သိက္ခာ၊ အလယ် တန်းမှာ သမာဓိသိက္ခာ၊ နောက် တန်းမှာတော့ သီလသိက္ခာပေါ့။ ကွင်းလယ်ထဲမှာ လှုပ်ရှားဖန်တီးနေ ကြတာက သဒ္ဒါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာဆိုတဲ့ ဗိုလ် (၅)ပါး တွေပါ။ ဂိုးပေါက်က စောင့်နေတဲ့ ဂိုးသမားက သတိပဲ။
          အဖြူသင်းနှင့် အမည်းသင်း အားချင်းယှဉ်ကြည့်ရင် အဖြူသင်း က အမည်းသင်းထက် အဆများ စွာ အားကောင်းပါတယ်။ကုသိုလ်ဆိုတာ အကုသိုလ်ကို ပယ်နိုင်တဲ့ ပဟာယကတရားပါ။ မီးကို ငြှိမ်း သတ်ပေးရတဲ့ ရေလိုပေါ့။ အမည်း အသင်းက အဖြူအသင်းလောက် အားမကောင်းပါဘူး။ အကုသိုလ်ဆိုတာ ကုသိုလ်နဲ့ပယ်သတ်ခံရတဲ့ ပဟာတဗ္ဗတရားပါ။ ရေနဲ့ငြှိမ်းသတ် ခံရတဲ့ မီးလိုပေါ့။
          လောကမှာ မီးလောင်ရင် ရေ နဲ့ ငြှိမ်းသတ်ရပေမဲ့ ရေက များ လည်း များမှ၊ လက်လည်း ဦးမှ မီးကိုနိုင်တာပါ။ မီးက များလို့    လက်ဦးသွားခဲ့ရင် မီးကပဲ ရေကို နိုင်တော့မှာပေါ့။ ရေက မီးကို အရှုံး ပေးရမှာပါ။ ပြီးတော့ လူ့ဆန္ဒက မီးကိုပဲ အနိုင်ပေးချင်တယ် ဆိုရင် လည်း မီးကပဲ ရေကိုနိုင်မှာပါ။ မီးဘက်က လူက ဝင်ကူလိုက်တာ ကိုး။ လက်တွေ့ အမြင်အားဖြင့် ကြည့်လိုက်ရင် မီးဖိုချောင်ထဲမှာ နေ့စဉ်ချက်ပြုတ်နေကြတာဟာ မီးက ရေကို အနိုင်ပေးနေတဲ့ ပွဲတွေပဲ။ မီးက ရေကို နိုင်မှပဲ ထမင်းဟင်း စားရမှာကိုး။
          အကုသိုလ်နှင့် ကုသိုလ်မှာ လည်း ဒီအတိုင်းပဲ။ အကုသိုလ်ကို ကုသိုလ်နဲ့ ပယ်သတ်ရပေမဲ့ ကုသိုလ် က များလည်းများမှ၊ လက်လည်း ဦးမှ အကုသိုလ်ကို အနိုင်ရမှာပါ။ အကုသိုလ်က များလို့ လက်ဦးသွားခဲ့ရင် အကုသိုလ်ကပဲ ကုသိုလ်ကို နိုင်တော့မှာပါ။ လူ့ဆန္ဒကအကုသိုလ်ကိုပဲ အနိုင်ပေးချင်တယ်ဆိုရင် လည်း အကုသိုလ်ကပဲ ကုသိုလ်ကို နိုင်နေတော့မှာပါ။ ပုထုဇဉ်ဆိုတာ ကိလေသာနှင့် အတူနေရတာကိုပဲ ပျော်စရာလို့ ထင်ချင် ထင်နေတတ် တာကိုး။
          အဖြူအသင်းက အမည်း အသင်းထက် အားကောင်းပေမဲ့ သတိလွတ်တိုင်း မေ့လျော့ပေါ့ဆမှုတွေ များလွန်းပါတယ်။ ပစ္စုပ္ပန် ကိုတန်ဖိုးမထားဘဲ ဟိုရွှေ့ဒီရွှေ့နဲ့လည်း အချိန်ဆွဲချင်တယ်။တကယ်   လုပ်တော့လည်း လေးလေးစားစား စိတ်ပါလက်ပါ မလုပ် ချင်ဘူး။     ပြီးစလွယ် အပေါ်ယံ ရှော်ရွှတ်ရွှတ်ပဲ လုပ်ချင်တယ်။ မေ့တော့ ဖျင်းလာ တယ်။ လျော့တော့ ညံ့လာတယ်။ ဒီတော့ အမည်းအသင်းက ခေါင်းထောင်ပြီး အနိုင်ကျင့်ချင်လာတယ်ပေါ့။
          အဖြူအသင်းက စိတ်မပါတပါ နဲ့ ပွဲစလာပြီဆိုရင် အမည်းအသင်း က ဝင်ဖျက်တော့တာပဲ။
          “ဟဲ့ အဖြူအသင်း။ မင်းလို လှုပ်တုတ် လှုပ်တုတ်ကို ငါတို့ မကြောက်ဘူးဟေ့။ ငါတို့က အခုမှ စတာ မဟုတ်ဘူး။ အစမထင် သံသရာကစ ထုံနေခဲ့ပြီဖြစ်လို့ သမ္ဘာ ရင့်နေပြီကွ။ ငါတို့က တစ်ချက်      နှစ်ချက်လောက် ကန်လိုက်ရင်ပဲ မင်းတို့ လဲကျပြီး ရှုံးကုန်မှာပါ”လို့ ဆိုပြီး လောဘ, ဒေါသ, မောဟ ခေါင်းဆောင်တဲ့ အမည်းသင်းက အဖြူအသင်းဘက်ကို လှိမ့်ကန်တော့တာပဲ။
          အဖြူအသင်းမှာ သတိ အား နည်းနေတော့ သဒ္ဓါ ဝီရိယ သမာဓိ ပညာတို့ကလည်း အားပျော့ကုန်တယ်။ အမည်းအသင်းရဲ့ကန်ချက် တွေကို ဘာတစ်ခုမှ မခုခံနိုင်တော့ ဘူး။သွင်းလာသမျှဂိုးတွေကိုလည်း သတိဂိုးသမားက မိအောင် မဖမ်းနိုင်တော့ဘူး။ ဒီတော့ အမည်းသင်းဘက်က အမည်းဂိုးတွေ တစ်ဂိုးပြီး တစ်ဂိုး အဆက်မပြတ်သွင်းချလိုက် တယ်။ သတ်တဲ့ ဂိုးတွေ၊ခိုးတဲ့ ဂိုးတွေ၊ မှားတဲ့ဂိုးတွေ၊ ဖောက်ပြန်တဲ့ ဂိုးတွေ၊ လိမ်ညာတဲ့ဂိုးတွေ၊ မူးရူး တဲ့ဂိုးတွေ၊ မိုက်ရိုင်းတဲ့ဂိုးတွေ၊  ပြဿနာအရှုပ်ဂိုးတွေ၊ ကမ်းကုန်အောင် မိုက်တဲ့ အဆိုးဂိုးတွေ ဆက်ကာဆက်ကာသွင်းတော့တာပဲ။
          အဖြူအသင်း ဂိုးတွေရှုံးတော့ အပူတွေရ၊ အပါယ်ကိုတောင်ကျပြီး ဒုက္ခတွေ အဆုံးအစမရှိ ပင်လယ် ဝေနေရတတ်ပါတယ်။ ကြံစည် သလို မပြီး၊ လုပ်သလို မအောင်မြင် အစစအရာရာမှာ ပူလောင်ဆင်းရဲ ပင်ပန်းနေတတ်တယ်။ ဒီတော့မှ အဖြူအသင်း သတိပြန်ရလာတတ် တယ်။ သတိက နှိုးဆော်ပေးလိုက် တော့ အဖြူတစ်သင်းလုံး နိုးကြား တက်ကြွလာရတယ်။
 အဖြူအသင်း ဂိုးပြန်သွင်း
          အဖြူအသင်း အားတက်လာ တာနဲ့ အမည်းသင်းကိုပြောတယ်။
          “ဟဲ့ အမည်းအသင်း၊ နင်တို့ က သမ္ဘာရင့်ဝါရင့်တွေ ဖြစ်ပေမဲ့ ဘာစည်းကမ်းမှ မရှိဘူးကွ၊ စိတ် ဘောလုံးကို အစီအစဉ်မရှိ၊ လမ်း ကြောင်းမရှိ၊ ဦးတည်ချက် မရှိဘဲ ထင်ရာလျှောက်ရမ်းကန်နေကြတာ၊ နင်တို့ အရမ်းသမားတွေကို ငါတို့ လုံးဝ မကြောက်ဘူးကွ၊ တကယ် စိတ်ပါလက်ပါ စည်းကမ်းတကျ ကန်ရင် ငါတို့က ဧကန်နိုင်ပြီးသားပါ”လို့ဆိုပြီး အမည်းအသင်းဘက်ကို မနားတမ်း အဆက်မပြတ် တရစပ်ကန်ချလိုက်တာ၊အဖြူအသင်းက အမည်းအသင်းကို ကောင်းမှုဂိုး တွေ အပြတ်နိုင်သွားတော့ ပျော်ရွှင် အားတက် ကြည်နူးလို့မဆုံးပေါ့။ ကုသိုလ်ရတာလောက် ဝမ်းသာစရာ ကောင်းတဲ့အရာ ဘာမှမရှိဘူး လေ။
          အဖြူအသင်းဘက်က သတိလွတ်လို့ မျက်ခြည် ပြတ်တာနဲ့ အမည်းအသင်းဘက်က အဖြူအသင်းဘက်ကို လှိမ့်ကန်လာပြန်တာပဲ။ သတိအားနည်းလာတော့ သဒ္ဓါ စတဲ့ အကောင်းတရားတွေ မှာ ခုခံတိုက်ဖျက်အား လျော့လာတယ်။ ဒီတော့ အမည်းသင်း ကန် အား ပြင်းထန်လာတာပေါ့။ အဖြူ သင်းဘက်မှာရှိတဲ့ ပညာရှေ့တန်းကို ဖြတ်ကျော်ထိုးဖောက်၊ သမာဓိ အလယ်တန်းကိုပါ ဖြတ်ကျော်တိုး ဝင်လာတယ်။ သီလနောက်တန်းကိုပါ ဖြတ်ကျော်ဖောက်ဖျက်ပြီး မကောင်းမှုဒုစရိုက်ဂိုးတွေ အဆက် မပြတ်သွင်းဖို့ အရှိန်နဲ့အဟုန်နဲ့ပြေးလာတယ်။
          အမည်းသင်းက သီလနောက် တန်းကိုပါ ဖောက်ဖျက်ဖြတ်ကျော် ဖို့ ပြေးလာတော့ သတိဂိုးသမားက -
          “ဟေ့ အမည်းသင်း၊ သီလမှ မရှိတော့ဘူးဆိုရင် ဒီလူဟာ ဘာမှ တန်ဖိုးမရှိတော့ဘူးကွ၊ အသေ အလဲ ခုခံကာကွယ်ရလိမ့်မယ်”ဆို ပြီး စိတ်ဘောလုံးကို တက်ဖမ်းလိုက်ပါတယ်။ ဝီရိယနှင့်တွဲပြီး ရှေ့တိုး ဖမ်းလိုက်တာပါ။ ဂိုးသမား အဖမ်းကောင်းလို့ အဖြူသင်းဘက်ကို အမည်းသင်း ဂိုးမသွင်းနိုင်တော့ပါဘူး။
          သတိဂိုးသမားက လောဘ၊ ဒေါသ၊ မောဟ ပါတဲ့ စိတ်ကို “လောဘ, ဒေါသ, မောဟပါတဲ့စိတ်ပဲ”လို့ အမိအရဖမ်းပြီး ‘ဘာပါတဲ့ စိတ်ပဲ ဖြစ်ဖြစ်၊ ဖြစ်ပြီး ပျက်သွားတာဖြစ်လို့ အနိစ္စချည်းပဲ”လို့ ဉာဏ် ဖော်ရှုလိုက်တယ်။ သတိက စိတ်ကို၊ သဒ္ဓါ ဝီရိယ သမာဓိ ပညာ စတဲ့ အကောင်းတရားတွေလက်ထဲ အချိတ်အဆက်မိသွားအောင် စိတ်ကိုထည့်အပ်လိုက်တယ်။ ဒီတော့မှ အဖြူသင်း အရှိန်ရလာပြီး အမည်း အသင်းဘက် ပြေးတက်လာတယ်။
အဖြူသင်းဟာ အရှိန်အဟုန် မြှင့် ပြီး ဝီတိက္ကမကိလေသာရှေ့တန်း၊ ပရိယုဋ္ဌာနကိလေသာအလယ်တန်း၊ အနုသယကိလေသာနောက်တန်းတွေကို အဆင့်ဆင့် ဖြတ်ကျော်လို့ ဒါနဂိုးတွေ သီလ သမာဓိ ပညာ ဆိုတဲ့ သိက္ခာ ၃-ပါးဂိုးတွေ တစ်ဂိုးပြီး တစ်ဂိုး အဆက်မပြတ်သွင်းလိုက်ပါတယ်။
          အမည်းသင်းဘက် ဂိုးသမား မောဟက ဂိုးပေါက်မမြင်ရအောင် ဖုံးအုပ်ကာကွယ်ထားပေမဲ့ အဖြူ သင်းဘက် သတိ, ဝီရိယ, သမာဓိ, ဉာဏ်တို့က သိပ်ကောင်းတော့ ဂိုးပေါက်ကို ထိုးဖောက်ပြီး ကောင်းမှု ဂိုးတွေရအောင် သွင်းနိုင်ပါတယ်။
          ဘယ်သူမဆို အပူဆင်းရဲကို မလိုချင်ကြဘူး။ ငြိမ်းအေးချမ်းသာမှုကိုပဲ လိုချင်ကြတယ်။ ဒါဆိုရင် အဖြူအသင်းက အမည်းအသင်းကို အမြဲအနိုင်ရနေအောင် သတိထား ပြီး မနေမနား ကြိုးစားနေရုံပေါ့။  ကိုယ့်ဟာကိုယ်အနိုင်ယူရတဲ့ပွဲဟာ လောကအောင်ပွဲတွေထဲမှာ အမြင့် မြတ်ဆုံးပဲ။ ဘယ်သူ့ထံမှ ပြန်မအပ်ရတဲ့ ပါရမီအနှစ်တရား စွမ်းရည် ဒိုင်းဆုကြီးကိုရမှပဲ စိတ်အေးရမယ် လေ။ ဆိုးလိုက်ကောင်းလိုက် ခဏ ခဏ ပြောင်းလဲနေတတ်တဲ့ ကိုယ် တစ်ယောက်တည်းကို နှစ်မျိုးခွဲပြီး ဘောလုံးပွဲလို့ စကားနဲ့ တင်စား ပြောဆိုတာပါ။
နည်းလမ်းမှန်မှ အောင်ပွဲရ
          နေပူချိန်မှာ၊ သစ်ရိပ်မှာ၊
          ခိုတာ အေးချမ်းလှ။
          မိဘဆရာ၊ အရိပ်မှာ၊
          ပိုကာ အေးချမ်းလှ။
          ဗုဒ္ဓမြတ်စွာ၊ သာသနာ၊
          ကြုံတာ ပိုအေးလှ။
          တရားရိပ်မွန်၊ ခိုလှုံပြန်၊
          ဧကန် အေးချမ်းလှ။
          ကောင်းဆိုးနှစ်ဖုံ၊ ယှဉ်ပြိုင်ပုံ၊
          အကုန်နားလည်ရ။
          ခန္ဓာကိုယ်ထဲ၊ ဘောလုံးပွဲ၊
          မလွဲအောင်နိုင်ကြ။
          ကိုယ့်စိတ်ကိုယ်တွန်း၊
          လုံ့လစွမ်း၊
          နည်းလမ်းမှန်မှ အောင်ပွဲရ။
                   ဆရာတော် ဦးနန္ဒဆိုတဲ့ ဘုန်းကြီး တစ်ပါးရှိတယ်။ မေတ္တာ, ကရုဏာလည်း အားကြီးတယ်။ ခန္တီ တရားလည်း အမြဲ လက်ကိုင်သုံးတယ်။ သိက္ခာလည်း ပြည့်ဝတယ်။ ကိုယ့်ထံ ရောက်လာသူ အားလုံး ဘဝနေနည်းတတ်အောင် သင်ပေးတယ်။ ခဏတစ်ဖြုတ်ရောက်လာ သူကိုလည်း အတိုလေးတွေ သင်ပေးလိုက်တယ်။ သာသနာနှင့် တကယ်တွေ့ခွင့်ရအောင် လုပ်ပေးလိုက်တယ်။ ဟုတ်တယ်လေ။ နေပူထဲ သွားနေရသူဟာ လမ်းဘေးက အရိပ်ကောင်းတဲ့ သစ်ပင်ရိပ် မှာ ခဏခိုလှုံလိုက်ရရင်ပဲ အတော် အေးသွားတာ။ သစ်ပင်ရိပ်ထက် မိဘရိပ်က ပိုအေးတယ်။ မိဘရိပ် ထက် မေတ္တာ ကရုဏာ သိက္ခာ ပြည့်ဝတဲ့ ဆရာသမားကောင်းရဲ့ အရိပ်ခိုရတာက ပိုအေးချမ်းတယ်။ ဆရာသမားရိပ်ထက် တရားရိပ် သာသနာရိပ်ဟာ အအေးချမ်းဆုံး ပါ။ တရားနှင့်သာသနာနှင့်တွေ့သူသာ ခုရော နောင်ပါ တကယ် စိတ်အေးကြရပါတယ်။
          တစ်နေ့တော့ ၁၀-နှစ်သား အရွယ် ကျောင်းသားလေး မောင်သောင်းနိုင်ကို ရှင်ပြုဖို့ ဆရာတော် ဦးနန္ဒထံ လာအပ်တယ်။ ဆရာတော်က ကျောင်းသားလေးရဲ့ ဝါသနာ စရိုက်ကို မသိမသာအကဲခတ်တယ်။ ကျောင်းသားလေး ဘောလုံးကန် ဝါသနာပါမှန်း ဆရာတော် သိသွားတယ်။ အဝတ်ကလေးကို လုံးလို့ပဲဖြစ်ဖြစ် သစ်သီးလေးတစ်လုံးလုံးကိုပဲဖြစ်ဖြစ် သူတစ်ယောက်တည်း ဘောလုံးလို ကန်ကန် ကစားနေတာ တွေ့ရတယ်။
          ဘောလုံးကန် ဝါသနာပါတဲ့ မောင်သောင်းနိုင်အတွက် ဆရာတော်က ကျောင်းသားလေးဘဝက အစ သာသနာ့အသိတွေသွင်းပေးပါတယ်။ သာမဏေဆိုင်ရာ သိသင့်တာတွေ သိအောင် သင်ပေးပြီးတာနဲ့ ကိုရင်ဝတ်ပေးလိုက်တယ်။ ရှင်သောမလို့ ဘွဲ့အမည်ပေးထားလိုက်တယ်။ ကိုရင် တစ်ပါးတည်းကို ဆရာတော်က စိတ်ပါလက်ပါ စာပေပို့ချ သင်ပြပေးတယ်။ မပျင်း မရိဆုံးမသွန်သင်လမ်းညွှန်မှုလည်း ပေးတယ်။ တစ်ပါးတည်း ရှိတော့ကော ဘာဖြစ်လဲ။ သာသနာဟာ သာသနာပဲ။ ပြန့်အောင် ဖြန့်ရမှာ ပဲလေ။
          နာရုံလေးနဲ့ အေးချမ်းစေတဲ့ တရား၊ ကျင့်လိုက်ရင် ကျင့်နိုင် သလောက် ငြိမ်းအေးချမ်းသာစေ နိုင်တဲ့တရား၊ တစ်ယောက်တည်းပဲ ဖြစ်ဖြစ် ဖြန့်ပေးရမယ်။ သူ့နောက် မှာ တရားကျေးဇူးပြုခံရမယ့် ပရိသတ်တွေ အများကြီး ရှိနေတယ်လေ။ လောကစီးပွားရေးသမားလို အလုပ်သမား ဘယ်နှယောက်ရှိရင် ဘယ်လောက်ရမယ်ဆိုတဲ့အတွက်မျိုးနဲ့တွက်လို့ မဖြစ်ဘူး။ အဲဒီ      တစ်ယောက်တည်းရဲ့ နောက်မှာ သာသနာ ပြန့်အားနှုန်းက အများကြီးပဲ။
          ဘောလုံးဝါသနာပါတဲ့ ကိုရင် လေးသောမကို ဆရာတော်ဦးနန္ဒ က ဘောလုံးနည်းပြသင်တန်းတွေ ပေးနေတယ်။
          “လာကွာ ကိုရင်လေး၊ တစ်နေ့ တစ်နေ့ စာတစ်ပုဒ်ပဲ ကျက်၊ ဘာမှ ဝန်မလေးဘူးကွ”
          စာကျက်ခိုင်းတယ်။ စာတက် ခိုင်းတယ်။ သင်ပြပေးတယ်။ ရိုက် လည်းမရိုက်၊ ဆူလည်းမဆူ၊ငေါက် လည်း မငေါက်၊ အားပေးစကား လေးတွေသာ ပြောပေးတယ်။
          “ကဲ-ကိုရင်လေး ကျက်ပြီးတဲ့ စာ ပြန်ပြပါဦးကွ”
          ကိုရင် စာတစ်ပုဒ် အလွတ်ပြန် ပြနိုင်တော့ -
          “ဟာ-ကိုရင်လေး သိပ်Óာဏ် ကောင်းတာပဲ။ စာခဏလေး ရပါ လားကွယ်”
          သာသနာဆိုတာ ဒီလို အားပေး မှ စည်ပင်မှာပေါ့.။
          “ကိုရင်ရယ်၊ တစ်နေ့ တစ်ပုဒ် တည်း ကျက်နေရင် သင်နေရင် ကိုယ့်ရဲ့ကံနှင့်ဉာဏ်ကို မထီမဲ့မြင် လုပ်ရာရောက်တယ်ကွ၊ ဟေ့-ကံ တွေ ဉာဏ်တွေ မင်းတို့ ဘယ်လောက်ပဲ ကောင်းကောင်း ငါ အကုန်ထုတ်မသုံးနိုင်ဘူး၊ ချန်ထားရလိမ့်မယ် လို့ မထီမဲ့မြင် လုပ်ရာ ရောက်တယ်”
          “တစ်နေ့ (၁၀)ပုဒ်၊ အပုဒ်(၂၀) ရနိုင်လောက်တဲ့ကံတွေ ဉာဏ်တွေ ပါလျက်သားနဲ့ တစ်ပုဒ်တည်းသာ ကျက်နေရင် ကျန်တဲ့ ကံကောင်း ဉာဏ်ကောင်းတွေကို မထီမဲ့မြင် လုပ်ပြီး ဖြုန်းပစ်တာနှင့် တူတယ် ကွ”
          ဘုန်းကြီးက အပြောလည်း ကောင်း၊စည်းရုံးရေးလည်းကောင်းတယ်။ ဒါ့ကြောင့် တစ်နေ့ (၁၀)ပုဒ် အပုဒ် (၂၀) တိုးတိုးကျက်တယ်။ ဆရာ အားပေးကောင်းတော့      စိတ်ဓာတ်ဖွံ့ဖြိုးစည်ပင်တာကိုး။
          ပြီးတော့ စာသိနဲ့မပြီးသေးလို့ အကျင့်ပါ ထည့်ပေးတယ်။ အိုးထဲ ပုံးထဲ ထည့်ထားတဲ့ စပါး၊ ပဲ၊ နှမ်း တွေဟာ အဖုံးအပိတ်မရှိရင် ပိုးဝင် ကိုက်တတ်သလို စာသိသာ ရှိပြီး အကျင့် မရှိရင် ကိလေသာပိုး ဝင်ကိုက်တာ ခံရတတ်တယ်။
          ဒါကြောင့် လုံခြုံအောင် ပဋိပတ် အဖုံးအပိတ်ပါ ထည့်ပေးတယ်။ ကိုရင်လေးသောမ ကျောင်းသား ဘဝက ဘောလုံးဝါသနာပါတယ် ဆိုတာ သိထားတော့ ဘုန်းကြီးက ဘောလုံးစကားနဲ့ သိမ်းသွင်းစည်းရုံး လိုက်တယ်။
          ဘုန်းကြီးက ညပိုင်း ရောက် တော့ -
          “လာဟေ့ ကိုရင်၊ ဘောလုံး ကန်ရအောင်ကွ”လို့ ခေါ်လိုက် တယ်။ ကိုရင်က -
          “ဟယ် ငါ ကိုရင်ဖြစ်နေပါပြီ။ ဘုန်းကြီးက ဘောလုံးကန်ဖို့ ခေါ် နေတယ်။ ဘယ်သူနှင့်ကန်ရမှာပါ လိမ့်။ ဘုန်းကြီးနှင့်သာ ကန်ရရင် တော့ ငါရှုံးမှာ”
          ကလေးဆိုတော့ ကလေးတွေး တွေးတာပေါ့။ ဘုန်းကြီးခေါ်တော့ ကိုရင် သွားတယ်။
          “လာ-ကိုရင်၊ တင်ပျဉ်ချိတ် ထိုင်စမ်းကွာ၊ ခါးလေး ဖြောင့်ဖြောင့် ထား၊ ခေါင်းလေး မတ်မတ်ထား၊ မျက်စိလေးလည်း မှိတ်ထား၊ နှာ သီးဖျားမှာ အသိစိတ်စိုက်ထား၊ဝင်လေ ဝင်လာရင် ဝင်တယ်လို့သိ၊ ထွက်လေ ပြန်ထွက်လာရင် ထွက် တယ်လို့ သိ၊ ဝင်တုန်းထွက်တုန်း လေး သိအောင် လုပ်နေရုံပဲကွ၊ ဘာမှမခက်ဘူး”
          ခန္ဓာဘောလုံးကန်နည်း သင်ပေးတယ်။
          ကိုရင်လေး တစ်ချက်နှစ်ချက် လောက်မှတ်၊ တစ်မိနစ် နှစ်မိနစ် လောက် မှတ်ပြီးတာနဲ့ -
          “ကဲ-ကိုရင်၊ တစ်ဂိုးနိုင်သွား ပြီ၊ တော်ပြီ”လို့ ပြောလိုက်တယ်။ ဘောလုံးသမားကို ဘောလုံးစကား နဲ့ ပြောတော့ အားတက်သွားတာ ပေါ့။ ညစဉ် နည်းနည်းစီ တိုးတိုး ခိုင်းတယ်။ ၅-မိနစ်ပြည့်ရင် ‘တစ် ဂိုးနိုင်ပြီ’လို့ ပြောတယ်။ နောက်ည တွေရောက်တော့ ၁၀-မိနစ်ပြည့် အောင် အမှတ်ခိုင်းပြီး ‘ဂိုးနိုင်ပြီ’ လို့ပဲ ပြောတယ်။ ကိုရင်က အနိုင် ဂိုးချည်း ရနေတော့ ပျော်နေတာ ပေါ့။
          တစ်နေ့တော့ ဘုန်းကြီးက စမ်းကြည့်တယ်။
          “လာဟေ့ ကိုရင်၊ ဘောလုံး ကန်ရအောင်၊ ကဲ-ထိုင်ကွာ၊ မနေ့ တုန်းကအတိုင်း မှတ်ကွာ”
          တစ်ခွန်းပဲ ပြောတယ်။ ကိုရင်လည်း မှတ်နေလိုက်တာ၊ နာရီဝက် လောက် ကြာသွားပေမဲ့ ဘုန်းကြီး က တစ်ခွန်းမှမပြောဘူး။ ခါတိုင်း ဆို (၅)မိနစ် (၁၀)မိနစ်လောက် ရှိရင် ဂိုးနိုင်ပြီလို့ပြောတယ်။ အခု ဆို ကြာလှပြီ၊ ဘာမှ မပြောဘူး။  ညောင်းလာပြီ။ ကိုက်လာပြီ။ ထုံ ကျဉ်လာပြီ။ တော်တော်အခံရခက် နေပြီ။
          “ဘုန်းကြီးဘုရား၊ ဘုန်းကြီး ဘုရား”
          ငိုသံပါလေးနဲ့ခေါ်လာတယ်။
          “ဟေ-ဘာလဲ ကိုရင်၊ အနား မှာရှိပါတယ်ကွယ့်”
          “တပည့်တော် ညောင်းလှပြီ ဘုရာ့”
          “ဟဲ့ - ကိုရင်၊ ဂိုးနိုင်ပြန်ပါပြီ ကောဟ”
          “မဟုတ်ဘူး ဘုရား၊ တပည့် တော် ဂိုးရှုံးပြီဘုရာ့”
          “ဘယ်နှဂိုးရှုံးတာလဲဟဲ့”
          “အများကြီးဘုရား”
          “အများကြီး မရှုံးစေနဲ့လေ။ တင်းထား တင်းထား ညောင်းတာ ညောင်းမှန်းသိရင် ဂိုးနိုင်တယ်ခေါ်တာပေါ့ကွ”
          “ကြည့်စမ်း ကိုရင်၊ နာရီဝက် ကလေး ထိုင်တာတောင် ဒုက္ခတွေ ပြလာပြီ၊ ဒီဒုက္ခက အခုမှ စတာ မဟုတ်ဘူး၊ ကြာလှပြီ၊ ပြောင်းလဲပြီး ဖုံးဖိထားလို့ မသိချင်ယောင် ဆောင်နေလို့ မသိရတာ၊ အခု ငြိမ ပြီး  အကဲခတ်ကြည့်လိုက်တော့ ပေါ်လာတာပဲ။ ဒီဒုက္ခတွေ လွတ်ဖို့၊ မလွတ်သေးခင် ခံနိုင်ရည်ရှိဖို့ တရား အလုပ်လုပ်တာကွဲ့၊ မလျှော့နဲ့ ယောက်ျားပီပီ တင်းတင်းရင်းရင်း ကြိုးစားစမ်းပါ”
          “ကိုရင် လောကဘောလုံးပွဲ ကိုသာ စိတ်ဝင်စားရမှာမဟုတ်ဘူး၊ ခန္ဓာဘောလုံးပွဲကိုလည်း စိတ်ဝင်စားမှ ဖြစ်မယ်။ ခန္ဓာကဘောလုံးကွင်း ကွဲ့၊ စိတ်က ဘောလုံး၊ကိလေသာ က အမည်းအသင်း၊ တရားကအဖြူ အသင်း၊ သဒ္ဓါ စတဲ့ တရား အဖြူ သင်းက ကိလေသာအမည်းသင်းကို နိုင်အောင်ကန်နိုင်မှ အပူငြိမ်းပြီး ဒုက္ခကိုပါ အနိုင်ယူ လွှမ်းမိုးသွားမယ်။ တစ်စတစ်စ အဖြူသင်းက ချည်း နိုင်နေအောင် နေ့တိုင်း တိုးတိုးပြီး ကြိုးစားပေးစမ်းပါကွယ်”
          ဘုန်းကြီးက  ကိုရင်လေးကို အသိရော အကျင့်ပါ စည်းရုံးပေးတယ်။ လမ်းညွှန် သွန်သင်ပေးတယ်။ တိုတို ချုံးပြောလိုက်တော့ ဆရာသမားကောင်းရဲ့အေးမြတဲ့ အရိပ်ကိုခိုလှုံခွင့်ရလို့ အသိအကျင့် ဘက်စုံ မြင့်သွားတယ်။ အရွယ်ရောက်တော့ ရဟန်းခံ၊ ကြီးလာတော့ ‘ဆရာတော်ကြီး ဦးသောမ၊ ဆရာတော်ကြီးဦးသော’နဲ့ စာလည်းတတ်၊ အနေအထိုင်လည်း ကောင်း၊ အကျင့်သိက္ခာလည်း     ပြည့်ဝ၊အဟောအပြော အသင်အပြ လည်း ကျွမ်းကျင်တဲ့ ထိပ်တန်း သာသနာပြုပုဂ္ဂိုလ်ကြီး ဖြစ်သွားတယ်။ ခန္ဓာဘောလုံးပွဲမှာ အနိုင်ရသွားတယ်ပေါ့။

တိပိဋကယောဆရာတော်

Friday, 20 December 2019

အထက်တန်းစားစိတ်နှင့်အောက်တန်းစားစိတ် (မုဒိတာ ရွှေစည်မြေ)


          ရေ၏ ပင်ကိုသဘောသည် ဖြူစင်၏။ သန့်ရှင်း ၏။ ထိုရေအတွင်းသို့ နို့ဆီနို့မှုန့်များ ထည့်လိုက်သော အခါ နို့ရေဖြစ်သွားသည်။ သောက်သုံးသူကို ခွန်အား ဖြစ်စေ၏။ နို့ဆီနို့မှုန့် များလျှင် များသလောက် ခွန်အားကို ဖြစ်စေနိုင်ပေသည်။ တစ်ဖန် ထိုရေအတွင်း သို့ နို့ဆီနို့မှုန့် မထည့်ဘဲ အဆိပ်ဆီ အဆိပ်မှုန့်များ ထည့်လိုက်သောအခါ အဆိပ်ရေဖြစ်သွား၏။ သောက် သုံးမိသူကို ဒုက္ခရောက်စေသည်။ အဆိပ်ဆီ အဆိပ် မှုန့်များလျှင် များသလောက် ဒုက္ခဆိုးကျိုးများရရှိစေ ပြီး နောက်ဆုံး အသက်ပင် ဆုံးရှုံးစေနိုင်၏။
          ဤဥပမာကဲ့သို့ပင် . . .ဆန်းကြယ်သောအရာဟု အဓိပ္ပာယ်ရသော စိတ်သည် ပင်ကိုသဘောအားဖြင့် ဖြူစင်သန့်ရှင်း၏။ ရေနှင့်တူသော ထိုစိတ်၏အတွင်းသို့ နို့ဆီ နို့မှုန့်နှင့် တူသော အလောဘ အဒေါသ အမောဟ စသော ကုသိုလ်စေတသိက်များ ရော ထည့်လိုက်သောအခါ အလောဘစိတ် အဒေါသစိတ် အမောဟစိတ် စသော ကုသိုလ်စိတ်များ ဖြစ်သွား၏။ ထိုစိတ်တို့ကို လက်ခံမွေးမြူသူတို့သည် လူ နတ် နိဗ္ဗာန် သုံးတန်သောချမ်းသာကို ရရှိ၏။ ထိုစိတ်တွေ အားကောင်းလျှင် အားကောင်းသလောက် ကုသိုလ်တွေ များများရစေသည်။ နိဗ္ဗာန်ကို မြန်မြန်ရောက်စေသည်။ ဤစိတ်ကိုပင် အထက်တန်းစားစိတ်ဟုခေါ်၏။
          ရေနှင့်တူသော ထိုစိတ်၏အတွင်းသို့ အဆိပ်ဆီ အဆိပ်မှုန့်နှင့်တူသော လောဘ, ဒေါသ, မောဟ, မာန စသော အကုသိုလ်စေတသိက်များ ရောထည့် လိုက်သောအခါ လောဘစိတ်, ဒေါသစိတ်, မောဟစိတ်, မာနစိတ်စသော အကုသိုလ်စိတ်များ ဖြစ်သွား သည်။ ထိုစိတ်တို့ကို လက်ခံမွေးမြူသူတို့သည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသော အပါယ်လေးပါးသို့ ကျရောက်ရသည်။ ဆင်းရဲဒုက္ခမျိုးစုံ ခံစားကြရသည်။ ထိုစိတ်တွေ အားကောင်းလျှင် အားကောင်းသလောက် အကုသိုလ်တွေ များများဖြစ်စေသည်။ အဝီစိကို         မြန်မြန်ရောက်စေသည်။ ဤစိတ်ကိုပင် အောက်တန်းစား စိတ်ဟုခေါ်၏။
          အထက်တန်းစားစိတ်ကို လက်ခံမွေးမြူသူသည် ပညာရှိသူတော်ကောင်း ဖြစ်၍ အောက်တန်းစားစိတ် ကို လက်ခံမွေးမြူသူကား ပညာမဲ့ မသူတော် ဖြစ်၏။ ရေနှင့်မီးကို အတူပေါင်းစည်းပြီးထား၍ မရသကဲ့သို့ သူတော်ကောင်းနှင့် မသူတော်သည်လည်း ဘယ်လိုမှ ပေါင်းစည်း၍ မရပေ။ ဆန့်ကျင်ဘက်ပြေးနေသော မြားနှစ်စင်းသည် ကြာလေ ဝေးလေ ဝေးသကဲ့သို့ သူတော်ကောင်းနှင့် မသူတော်သည်လည်း ကြာလေ ဝေးလေ ဝေးသွားကြတော့သည်။
          ကောင်းကင်နှင့် မြေကြီး၊ နေထွက်ရာအရပ်နှင့် နေဝင်ရာအရပ်၊ သမုဒ္ဒရာဤဘက်ကမ်းနှင့် ဟိုဘက်ကမ်း။ဤအရာတွေဝေးကွာတာထက် သူတော်ကောင်း တရားနှင့် မသူတော်တရား(တစ်နည်း)အထက်တန်း စားစိတ်နှင့်အောက်တန်းစားစိတ်တို့ ဝေးကွာခြင်းက ပို၍ သာလွန်ပေသည်။ မြင်သာအောင် ပုံစံပြရသော် နိဗ္ဗာန်ရောက်သွားသော ဗုဒ္ဓဘုရားရှင်နှင့် အဝီစိကျသွားသော ဒေဝဒတ်တို့ကို ကြည့်၍သိနိုင်ပေသည်။
          ဗုဒ္ဓသည် ပါရမီဖြည့်ကျင့်သည့်ကာလတစ်လျှောက်လုံး အများ၊ သူတစ်ပါးအတွက် စွန့်လွှတ်၊ ပေးဆပ်၊ အနစ်နာခံရင်း အထက်တန်းစားစိတ်ကို မွေးမြူခဲ့၏။ ထိုစိတ်ဓာတ်ဖြင့် တစ်ဆင့်ထက် တစ်ဆင့် မြင့်တက်သွားပြီး နောက်ဆုံး ဘုရားဖြစ်တော်မူကာ အမြင့်ဆုံး အချမ်းသာဆုံး နိဗ္ဗာန်သို့ ရောက်သွားခဲ့သည်။
          ဒေဝဒတ်သည်ကား ဖြစ်ရာဘဝတိုင်း မိမိအတွက် ရယူသိမ်းပိုက်၏။ ဘယ်သောအခါမှ အနာမခံ၊ အသာစံ ရခြင်းကိုသာ နှစ်သက်သည်။ ဤကား အောက်တန်းစား စိတ်ဓာတ်၏လက်ချက်ပင်တည်း။ ဤစိတ်ဓာတ်ကပင် ဒေဝဒတ်ကို မသူတော်ဘဝရောက်စေခဲ့သည်။ အဝီစိထိ ကျစေခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘုရားရှင်ကို အထက်တန်းစား စိတ်ဓာတ်ပိုင်ရှင်တို့၏ဖခင်ဟု ဆိုနိုင်သကဲ့သို့ ဒေဝဒတ်ကိုလည်း အောက်တန်းစား စိတ်ဓာတ် ပိုင်ရှင်တို့၏ ရှေ့သွားခေါင်းဆောင်ဟု ဆိုနိုင်ပေသည်။
ဆန့်ကျင်ဘက်ခြေလှမ်းများ
          လူတို့သည် အာရုံလမ်းမကြီးပေါ်၌ ကံခြေလှမ်းဖြင့် လျှောက်ကြသူချင်း အတူတူ ဖြစ်သော်လည်း အချင်းချင်းမတူသောအချက်ကား ရှိ၏။ ယင်းအချက်ကား တူရူဖြစ်၏။
          အချို့ကား ငါကောင်းစားရေးသို့ မျက်နှာမူ၍ လျှောက်ကြ၏။ အချို့ကား လောကကောင်းစားရေးသို့ မျက်နှာမူ၍လျှောက်ကြ၏။ လမ်းကတော့ ဒီလမ်း၊ ခြေလှမ်းများကလည်း ဒီခြေလှမ်းများပင်။ သို့ရာတွင် မျက်နှာမူရာ ဘက်ချင်းကား မတူပါချေ။
          တစ်ဦးက တောင်ဘက်သို့မျက်နှာမူလျှင် အခြား တစ်ဦးက မြောက်ဘက်သို့ မျက်နှာမူသည့်သဖွယ်ဖြစ် ပေ၏ ဟူ၍ ဦးရွှေအောင်က ‘အမြင်များ ပြောင်းလဲခြင်း’စာအုပ်တွင် ရေးသားထား၏။
                   လူ့လောကတွင် တချို့က အသာစံခြင်း၌       ပျော်မွေ့၏။ တချို့က အနာခံခြင်း၌ ပျော်မွေ့၏။ တချို့ က ရယူခြင်း၌ ကျေနပ်၏။ တချို့က ပေးဆပ်ခြင်း၌ ကျေနပ်၏။ တချို့က လောကကို မိမိအတွက် အသုံးချ၏။ တချို့က မိမိကို လောကအတွက် အသုံးချ၏။ တချို့က ဘယ်သူသေသေ ငတေမာလျှင် ပြီးရောဟု သဘောထား၏။ တချို့က ငါသေလျှင် သေပါစေ၊ အများချမ်းသာလျှင် ပြီးရောဟု သဘောထား၏။
          ထို့ကြောင့် လျှောက်လှမ်းပုံခြေလှမ်းချင်းတူသော်လည်း မျက်နှာမူရာ အရပ်မျက်နှာချင်း မတူဟု ဆိုခြင်း ဖြစ်၏။
          ဗာရာဏသီပြည်မှ ကုဋေလေးဆယ် ကြွယ်ဝ ချမ်းသာသော စည်းစိမ်ရှိသူ သူဌေးသားလေးဦးတို့၏ အောက်တန်းစားစိတ်ဓာတ်ကို ရှုပါ။
          တစ်နေ့ ထိုသူဌေးသား လေးဦးတို့သည် ငါတို့ ပိုင်ဆိုင်ထားတဲ့ စည်းစိမ်တွေကို ဘယ်လိုအသုံးချကြမလဲ တိုင်ပင်ကြသောအခါ ‘လှူဒါန်း ပေးကမ်းမယ်၊ လိုအပ်သည့်နေရာတွေမှာ ထောက်ပံ့ကူညီမယ်’ ဤ သို့ တစ်ဦးမှ မပြောဘဲ မူးရူးပျော်ပါး သောက်စားကြဖို့ ပြောဆိုကြ၏။ နောက်ဆုံးသူဌေးသားကား သူ တစ်ပါးသားမယားများကို ပစ္စည်းဥစ္စာပေး၍ ပျော်ပါး ကြအံ့ဟု တိုင်ပင်သည်ရှိသော် ထိုအဆိုကို အားလုံးက သဘောတူလက်ခံလိုက်ကြသည်။
          ထိုအချိန်မှစ၍ သူတစ်ပါးတို့၏သမီးပျိုများ၊ လင်ရှိ မယားများကို ပစ္စည်းပေး၍ ပျော်ပါးကြတော့သည်။ ကိုယ် ပျော်ရလျှင် ပြီးရော၊ ပျော်ပါးခံရသူ မိသားစု ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ကြ။ ဒူးနှင့်မျက်ရည် သုတ်ရတာတွေ လာမပြောနှင့်။ အိမ်ထောင်ရေးပြိုကွဲ ဒုက္ခရောက်တာတွေ လာငိုမပြနှင့်။ သူတို့ စိတ်မဝင်စား။ သူတို့ တကယ် စိတ်ဝင်စားသည်ကား ပျော်ဖို့ပါးဖို့။ ဤ စိတ်ဓာတ်ကိုမှ အောက်တန်းစားစိတ်ဟု မပြောလျှင် အဘယ်စိတ်ဓာတ်ကို ပြောဦးမည်နည်း။
          အောက်တန်းစား စိတ်သည် အောက်တန်းကျ သောအကျိုးကိုပေး၏။ အနှစ်နှစ်သောင်းတိုင်တိုင် သူ တစ်ပါးသားမယားများနှင့်ပျော်ပါးနေခဲ့သော သူဌေး သားလေးဦးသည် ထိုဘဝမှစုတေသည်ရှိသော် မဟာ အဝီစိငရဲကြီး၌ ဘုရားနှစ်ဆူတို့၏တစ်ခုသောအကြား ကာလပတ်လုံး ခံကြရသည်။ ထိုအဝီစိငရဲမှလွတ်လာ ပြန်သော် မကောင်းမှုကြွံကင်း၏အစွမ်းဖြင့် လောဟ ကုမ္ဘီငရဲအိုး၌ အနှစ်သုံးသောင်းကြာမှ အိုး၏အောက် အပြင်သို့ ရောက်၏။ အနှစ်သုံးသောင်းကြာမှ ငရဲအိုး၏ အထက်မျက်နှာပြင်သို့ ရောက်၏။ ထိုမျက်နှာပြင်သို့ ရောက်သည့်အခါတိုင်း ဒု၊ သ၊ န၊ သော ဟူ၍ နောင်တကြီးစွာ တစ်ယောက်တစ်မျိုးစီ အော်ဟစ်နေကြတော့သည်။
          အထက်တန်းစားစိတ်ဓာတ်ပိုင်ရှင်ကား မိမိတည်း ဟူသော အကြောင်းကြောင့် သူတစ်ပါးကို ဒုက္ခမဖြစ်စေချင်။ သူတစ်ပါးတွေ ဆင်းရဲဒုက္ခဖြစ်နေပြီဆိုလျှင်လည်း မိမိကိုယ်ကျိုးကိုစွန့်လွှတ်ဖို့ ဝန်မလေးတတ်ကြပေ။ နောက်ဆုံး မိမိ၏အသက်ကိုပင် စွန့်လွှတ်ရဲကြ၏။
          ရွဲထွင်းသမားအိမ်သို့ နေ့စဉ် ဆွမ်းခြွံကသော တိဿမထေရ်၏အဖြစ်ကို ရှုပါလော့။
          ထိုနေ့၌ ကောသလမင်းသည် တစ်ခုသော      ပတ္တမြားရတနာကို ရွဲထွင်းသမားအိမ် ပို့စေ၍ ဤ ပတ္တမြားကို သွေး၍ ထွင်းပြီးလျှင် ပို့လိုက်ရမည်ဟု စေလွှတ်လိုက်၏။ ရွဲထွင်းသမားလည်း ဟင်းမျိုး အမဲသားကို စဉ်းခုတ်လှီးဖြတ်နေချိန်ဖြစ်သဖြင့် သွေးပေနေသော လက်ဖြင့်သာ ပတ္တမြားကိုယူ၍ ပခြုပ်၏ အထက်၌ တင်ထားပြီးလျှင် လက်ရေဆေးဖို့ အိမ်ထဲ ဝင်သွား၏။ ထိုအချိန် အိမ်တွင် မွေးစားထားသော ကြိုးကြာငှက်သည် သွေးအနံ့ကြောင့် ပတ္တမြားကို သားတစ်မှတ်၍ ကောက်မျိုလိုက်၏။ ဤအခြင်းအရာကို အိမ်သို့ရောက်နေသော တိဿမထေရ်က မြင်၏။
          ရွဲထွင်းသမား ပြန်ထွက်လာ၍ ပတ္တမြားကို မမြင် လေသော် “ဘယ်သူယူသနည်း”ဟု မယားကို      လည်းကောင်း၊ သားကိုလည်းကောင်း မေး၏။ အားလုံးက မယူကြကုန်ဟုဆို၏။ ထိုအခါ ရွဲထွင်းသမား ၏ သံသယက မထေရ်မြတ်အပေါ်ကျရောက်လာ၏။ မထေရ်ကို မေး၏။ မထေရ်မြတ်ကလည်း ငါမယူဆို၏။ သို့သော် ရွဲထွင်းသမားက မယုံကြည်။ မထေရ်မြတ်ကို အတင်းအကြပ် စွပ်စွဲလေတော့သည်။ ထို့နောက် စစ်မေး၍ မရသည့်အဆုံးတွင် ‘မထေရ်မြတ်ကို နှိပ်စက် ညှဉ်းပန်း၍ မေးအံ့’ဟု သူ၏ဇနီးဖြစ်သူ အတန်တန်  တောင်းပန်သည့်ကြားမှ မထေရ်မြတ်၏ ဦးခေါင်းကို ကြိုးဖြင့် ရစ်ပတ်၍ ရိုက်နှက်လေသည်။
          မထေရ်မြတ်၏ ဦးခေါင်းတော်မှလည်းကောင်း၊ နားရွက်တို့မှလည်းကောင်း သွေးများ ယိုစီးကျလာ၏။ မျက်စိတို့လည်း ပြုတ်ထွက်လုမတတ် ဖြစ်ကုန်၏။ ပြင်းစွာသော ဆင်းရဲဝေဒနာနှိပ်စက်လျက် မထေရ်မြတ် မြေသို့လဲကျသွား၏။ ဤမျှ ရိုက်နှက်နှိပ်စက်နေသော်လည်း မထေရ်မြတ်သည် ပတ္တမြားကို ကြိုးကြာ မျိုသည် ဟု လုံးဝ မပြောပေ။ အဘယ်ကြောင့်နည်း။ ဤသို့ပြောလျှင် ကြိုးကြာ အသတ်ခံရမည် စိုးသောကြောင့် ဖြစ်သည်။ တစ်နည်း မိမိတည်းဟူသော အကြောင်းကြောင့် သူတစ်ပါးကို ဒုက္ခမရောက်စေလိုသော အထက်တန်းစားစိတ်ဓာတ်ကြောင့်ဖြစ်သည်။
          သို့သော် ကံဆိုးရှာသော ကြိုးကြာက သွေးအနံ့ ကြောင့် လဲကျနေသော မထေရ်မြတ်အနီး လာလတ် ၍ သွေးကို သောက်၏။ ထိုအခါ ဒေါသပေါက်ကွဲနေ ဆဲဖြစ်သော ရွဲထွင်းသမားက ကြိုးကြာငှက်ကို ခြေထောက်ဖြင့် အားကုန်ကန်ကျောက်ပစ်လေသည်။ ထို ဒဏ်ချက်ဖြင့် ကြိုးကြာငှက် သေ၍ ပက်လက်ဖြစ်နေလေသည်။ ထိုအခြင်းအရာကို မြင်ရသော မထေရ်မြတ်က -
          “ဒါယကာ၊ ဦးခေါင်း၌ရစ်၍ချည်ထားသောကြိုးကို ငါ့အား ဖြည်ပေးပါ၊ ပြီးတော့ ကြိုးကြာငှက် သေသလော၊ မသေသလော ကြည့်ပေးပါ” ဟု ဆိုလေ၏။ ထိုအခါ ဒေါသပေါက်ကွဲဆဲ ရွဲထွင်းသမားက
          “ကြိုးကြာ သေပြီ၊ အရှင်ဘုရားလည်း ဤကဲ့သို့ သေရလတ္တံ့”ဟု ကြိမ်းမောင်းလေ၏။
          ထိုအခါကျမှ မထေရ်မြတ်က -
          “ဒါယကာ၊ ဤကြိုးကြာငှက်သည် ပတ္တမြားကို မျို၏။ ထို့ကြောင့် ဤကြိုးကြာငှက်သည် အကယ်၍ မသေသည် ဖြစ်အံ့၊ ငါသည် သေသော်လည်း သင့်အား မပြော၊ ကြိုးကြာငှက်သေ၍သာ သင့်အား ပြော၏”ဟု ဆိုလိုက်ရာ ရွဲထွင်းသမားလည်း ကြိုးကြာ ငှက်သေကောင်၏ဝမ်းကို အလျင်စလို ဖောက်ခွဲကြည့် သည်ရှိသော် ပတ္တမြားကိုမြင်ရ၍ အံ့ဩထိတ်လန့်ခြင်း ဖြစ်ရလေတော့သည်။ မထေရ်၏ခြေရင်း၌ ဝပ်တွား ဆည်းကပ်လျက် -
          “အရှင်ဘုရား၊ တပည့်တော်အား သည်းခံတော်မူပါ။ မသိခြင်းကြောင့် တပည့်တော် ပြုမိပါသည် ဘုရား”ဟု ဝမ်းနည်းစိုးရိမ်စွာ လျှောက်လေသည်။
          ပညာမဲ့ မသူတော်သည် မိမိ၏ ကြီးမားသော အပြစ်ကို မမြင်၊ သူတစ်ပါး၏ အပြစ်သေးသေးငယ်ငယ် ကလေးတွေကို ရှာကြံ၍မြင်တတ်သည်။ ပညာရှိ သူတော်ကောင်းသည်ကား ကြီးမားသော သူတစ်ပါး ၏အပြစ်ကို မမြင်၊ မိမိ၏ အပြစ်သေးသေးငယ်ငယ် ကလေးတွေကိုသာ ရှာကြံ၍ မြင်ပြီး ပြုပြင်နေတတ်သည်။
          ယခုလည်း ကြည့်ပါ။ တိဿမထေရ်သည် မိမိ အား ရိုက်နှက်ပုတ်ခတ်ခဲ့သော ရွဲထွင်းသမား၏အပြစ် ကို မမြင်။ ရိုက်နှက်ပုတ်ခတ်ခံရသော မိမိ၏အပြစ်ကိုသာ မြင်လေသည်။ ထို့ကြောင့် -
          “ဒါယကာ၊ သင့်အား အပြစ်မရှိပါ။ အိမ်အတွင်း သို့ ဝင်သော ငါ့အားသာလျှင် ဤအပြစ်သည် ဖြစ်ရ ပေ၏။ ဤနေ့မှစ၍ ငါသည် သူတစ်ပါးအိမ်အမိုးတွင်း သို့ မဝင်တော့အံ့။ ဤနေ့မှစ၍ ခြေတို့ကို သယ်ပိုး နိုင်ကုန်သေးသည်ရှိသော် အိမ်တံခါး၌ ရပ်လျက်သာလျှင် ဆွမ်းကို ခံယူတော့အံ့”ဟု မိန့်တော်မူ၍ ပိဏ္ဍပါတ် ဓုတင် ဆောက်တည်လေသည်။ များမကြာမီ ထို ဒဏ်ချက်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူလေသည်။
          ဤကဲ့သို့ သူတစ်ပါးအပေါ် အပြစ် မမြင်တတ် သောစိတ်၊ ကိုယ်ကျိုးစွန့် အနစ်နာခံတတ်သောစိတ်၊ စွန့်လွှတ်စွန့်စားရဲသော စိတ်များသည် အထက်တန်း စားစိတ်များပင် ဖြစ်ပေသည်။
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

မုဒိတာ(ရွှေစည်မြေ)

အတိတ်ကံနှင့် ပစ္စုပ္ပန်ကံ ( ဥက္ကလာမြင့်သန်းအောင်)


          ကံဆိုသည်မှာ ကမ္မ ဟူသော ပါဠိမှဖြစ်လာသော ဝေါဟာရ ဖြစ် သည်။
          (ကမ္မ = ကမ် = ကံ) အလုပ် ဟု အဓိပ္ပာယ်ရသည်။ ထိုအလုပ် သည် ကိုယ်ဖြင့်လုပ်သည့်အလုပ် (ကာယကံ)၊ နှုတ်ဖြင့် ပြောသည့် အလုပ်(ဝစီကံ)၊ စိတ်ဖြင့် ကြံစည် သည့်အလုပ်(မနောကံ) ဟူ၍ သုံးမျိုး ရှိသည်။ ထိုအလုပ် သုံးမျိုးကိုပင် ကံဟု ခေါ်သည်။ ထိုကံများမှာ လှုံ့ဆော်သည့်အကြောင်းတရားမရှိ ဘဲ အလိုအလျောက် ဖြစ်ပေါ်လာကြသည် မဟုတ်။ စိတ်နှင့် အတူ အမြဲ ယှဉ်တွဲဖြစ်ပေါ်နေသည့်  စေတနာ စေတသိက်တရား၏ လှုံ့ဆော်ပေးမှုကြောင့် ဖြစ်ပေါ်လာ ကြခြင်း ဖြစ်သည်။
          စေတနာသည် ကောင်းသည် ဆိုးသည် အမျိုးမျိုးသော ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတို့ကိုပြုလုပ်ရာ၌ လိုရင်းပဓာန အချက်အချာကျသော အကြောင်းတရား ဖြစ်သည်။ မည်သည့် အလုပ်ကိစ္စမဆို စေတနာ မပါလျှင် မအောင်မြင်နိုင်။ စေတနာ ပါရှိမှသာ ထမြောက် အောင်မြင်နိုင်သည်။ ထိုသို့ ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှု ဟူသော ကံတရား မှန်သမျှ စေတနာရှိမှ ဖြစ်ပေါ်လာ ကြရသောကြောင့် -
          . . .ရဟန်းတို့၊ စေတနာကို ကံ ဟူ၍ ငါဘုရား ဟောတော်မူ၏။ စေတနာက စေ့ဆော် တိုက်တွန်း သောကြောင့် ကိုယ်မှု၊ နှုတ်မှု၊စိတ် မှုတို့ကို ပြုရ၏-ဟု အင်္ဂုတ္တိုရ်ပါဠိတော်၌ ဘုရားရှင် ဟောတော်မူခြင်း ဖြစ်သည်။
          အမှန်အားဖြင့် ကံဆိုသည်မှာ ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတို့ကိုပင် ခေါ်သည်။ သို့သော် ထိုကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုများသည် စေတနာကြောင့်သာ ထမြောက် အောင်မြင်ကြရ သောကြောင့် အကျိုးတရားများဖြစ်သော ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတို့၏ ကံဟူသောနာမည်ကိုအကြောင်းရင်း စေတနာပေါ်တင်စား၍ ဖလူပစာ အားဖြင့် အကြောင်းရင်း စေတနာ ကိုပင် ကံဟု ဘုရားရှင်ဟောတော်မူခြင်းဖြစ်သည်။ ထို့ကြောင့် စေတနာထက်လျှင် ကံထက်၏။ စေတနာညံ့လျှင် ကံညံ့ရလေ၏။စင်စစ်အားဖြင့် ကံဆိုသည်မှာ အကျိုးတရားများကို ဖြစ်ပွား ပေါ်ပေါက်လာစေနိုင်သော အကြောင်းတရားပင် ဖြစ်လေသည်။
          လူ့လောက၌ ကံသည် အလွန်  အရေးကြီးသည်။ ကံကိုအကြောင်း ပြု၍ အကိရိယဝါဒ ခေါ် ကံမဲ့ဝါဒ၊ အဟေတုကဝါဒ ခေါ် အကြောင်းမဲ့ ဝါဒ၊ နတ္ထိကဝါဒခေါ် အကျိုးမဲ့ဝါဒ၊  ဣဿရနိမ္မာနဝါဒ ခေါ် ဖန်ဆင်း ဝါဒ၊ ပုဗ္ဗေကတဟေတုဝါဒ ခေါ် အတိတ်ကံဝါဒ စသော အယူဝါဒ အမျိုးမျိုး ပေါ်ပေါက်လျက် ရှိလေသည်။
          ကံနှင့် ကံ၏အကျိုးတရားတို့ ကို အြွကင်းမဲ့ယုံကြည်ရခြင်းသည် ဗုဒ္ဓဘာသာဝင် ဖြစ်ဖို့ရန် ပထမ ဆုံးအခြေခံအချက်ကြီး ဖြစ်သည်။  ကောင်းမှုကံ၊ မကောင်းမှုကံ ဟူသည် ရှိ၏။ ကောင်းမှုကံသည် ကောင်းကျိုးပေးသကဲ့သို့ မကောင်း မှုကံသည် မကောင်းကျိုးပေးသည် ဟု ယုံကြည်စိတ်ရှိမှသာလျှင် ဗုဒ္ဓ ဘာသာဝင် ဖြစ်နိုင်သည်။ ဤကဲ့ သို့ ကံနှင့်ကံ၏အကျိုးတို့ကို သိမြင် ယုံကြည်ခြင်းမှာ မှန်ကန်သောအယူ အမြင်ဖြစ်သည်ဟု ဘုရားရှင် ဟောကြားတော်မူ၏။
          ပါဠိအားဖြင့် ကမ္မဿကတာ သမ္မာဒိဋ္ဌိဟုခေါ်သည်။ ကံသာလျှင် မိမိကိုယ်ပိုင်ဥစ္စာရှိသည်ဟုယူသော အယူမှန်ဟု အဓိပ္ပာယ်ရ၏။
          မြတ်စွာဘုရားသည် သတ္တဝါ တို့တွင် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိသည့်အကြောင်းကို တောဒေယျ ပုဏ္ဏား၏သားဖြစ်သူ သုဘလုလင် အား -
          လုလင် . .သတ္တဝါတို့သည် ကံသာ ကိုယ်ပိုင်ဥစ္စာရှိကြ၏။ ကံက ပေးသော အမွေကို ခံယူကြရ၏။ ကံသာလျှင် ဆင်းရဲကြောင်း ချမ်းသာ ကြောင်း ဖြစ်၏။ကံသာလျှင် ဆွေမျိုး ဖြစ်၏။ ကံသာလျှင် အားကိုး အားထား ကိုးကွယ်ရာရှိ၏။ ကံသာလျှင် သတ္တဝါတွေကိုအယုတ်အမြတ် ဖြစ်အောင် ဝေဖန် ဖန်တီးပေး၏။ဟု ဥပရိပဏ္ဏာသပါဠိတော် စူဠကမ္မ ဝိဘင်္ဂသုတ်၌ ဟောကြားထားပါသည်။
          ဤဘုရားဟော တရားတော် တွင် ကံကပေးသော အမွေကို ခံ ယူကြရ၏။ ကံသာလျှင် အားထား ကိုးကွယ်ရာရှိ၏ ဟူသော အချက် နှစ်ချက်အရ ရှေးမြန်မာပညာရှင် ကြီးများက ကံကို အမိအဖတို့နှင့် ခိုင်းနှိုင်းလျက် ကံသာအမိ ကံသာ အဖဟု ဆုံးမလမ်းညွှန်ခဲ့ခြင်း ဖြစ် လေသည်။ သားသမီး ဆိုသူများမှာ မိဘတို့ပေးသော အမွေကို ခံယူကြရသူများ ဖြစ်၏။ မိဘနှစ်ပါးသာ အားထားကိုးကွယ်ရာ ရှိ၏။ ထို့အတူ သတ္တဝါတို့မှာလည်း ကံက ပေးသော အမွေကို ခံယူကြရ၍ ကံသာလျှင် အားထားကိုးကွယ်ရာ ရှိကြ၏။ဤသို့ အမွေခံအမွေပေးခြင်း စသည်တို့ တူညီကြသောကြောင့် သတ္တဝါများ နှင့် သားသမီး၊ ကံနှင့် မိဘနှစ်ပါး တို့ကို နှိုင်းတု၍ ဖော်ပြသောစကားပုံ ကို ဆိုခဲ့ကြခြင်းဖြစ်သည်။
          ဗုဒ္ဓဘာသာဝင်တို့သည် မိမိ တို့ကို အမွေပေးမည့် ကံ၊ မိမိတို့ ကိုးကွယ် အားထားရမည့် ကံ၏ အကြောင်းတို့ကိုနားလည်ထားသင့်ကြလေသည်။ မိမိတို့ လက်ခံ ယုံကြည်ထားသည့်ပုဗ္ဗေကတဟေတု ဒိဋ္ဌိခေါ် အယူမှားသို့ ရောက်သွားနိုင် သောကြောင့်ဖြစ်၏။
          သုဘလုလင်အား ဟောကြား ခဲ့သည့် ဘုရားရှင်၏ကမ္မဝါဒ၌ ကံ ဆိုသည်မှာ လွန်ခဲ့သောဘဝများက ပြုလုပ်ခဲ့သည့် အတိတ်ကံများနှင့် ယခု လက်ရှိဘဝ၌ ပြုလုပ်သော ပစ္စုပ္ပန်ကံ နှစ်မျိုးစလုံးပင် ဖြစ်၏။ ဤကံနှစ်မျိုးစလုံးကို အားကိုး     ယုံကြည်မှသာ အယူမှန်သော ကမ္မဿကတာသမ္မာဒိဋ္ဌိ ဖြစ်နိုင် သည်။
          အချို့သော ဗုဒ္ဓဘာသာဝင် ကမ္မဝါဒီပုဂ္ဂိုလ်တို့သည် အတိတ်ကံကို အလွန်အစွဲသန်ကြ၏။ မည်သို့ သောအကြောင်းကိစ္စမဆို အတိတ်ကံကိုချည်း ပုံချကြသည်။ လက်ရှိ ဘဝ၌ ချမ်းသာမှု၊ ဆင်းရဲမှု၊ ကျန်းမာမှု၊ ရောဂါထူမှု၊ ပညာရှိမှု၊ ပညာမဲ့မှု စသော ဖြစ်ပျက်သမျှ အားလုံးတို့သည် ရှေးဘဝက ပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်ကြသည်ဟု အယူရှိကြသည်။
          ထိုသို့သောပုဂ္ဂိုလ်များကား ကံ နှင့်ပတ်သက်ရာ၌ တစ်ဘက်စွန်း ရောက်သောပုဂ္ဂိုလ်များဖြစ်သည်။ ပစ္စုပ္ပန်အကြောင်းကံကို လုံးဝပယ်ထား၍ အတိတ်ကံအကြောင်း တစ်ခုကိုသာ လက်ခံ ယုံကြည်သော ကြောင့် ပစ္စုပ္ပန်အကြောင်း တစ်ဘက်ကိုပယ်သော အယူဝါဒ (ဧကပက္ခဟိနဝါဒ) ရှိသူများ ဖြစ်၏။ ထို အယူဝါဒရှိသူများသည် ဒိဋ္ဌိကြီး သုံးမျိုးတွင် ပုဗ္ဗေကတဟေတုဒိဋ္ဌိ ခေါ် မိစ္ဆာဒိဋ္ဌိများဖြစ်ကြောင်းကို တိကအင်္ဂုတ္တိုရ်ပါဠိတော်၊ တိတ္ထာ ယတနသုတ်၌ မြတ်စွာဘုရား ဟောကြားတော်မူပေသည်။ ပုဗ္ဗေ ကတဟေတုဒိဋ္ဌိ ဆိုသည်မှာ နိဂဏ္ဌတက္ကတွန်းတို့ကဲ့သို့ ဖြစ်ဖြစ်သမျှ ပြုပြုသမျှ ရှေးအတိတ်ကံကြောင့် ချည်း ဖြစ်သည်ဟု မှားယွင်းစွာယူမှု မျိုးဖြစ်သည်။
ပုဗ္ဗေ =          ရှေးအတိတ်ဘဝများက
ကတ =         ပြုခဲ့သော
ဟေတု=        ကံ ဟူသောအကြောင်းကြောင့်ချည်းဖြစ်သည့်
ဒိဋ္ဌိ =  အယူအမြင်
          ပုဗ္ဗေကတဟေတုဒိဋ္ဌိ ဖြစ်သူသည် ရှေးကံက တိုက်တွန်းသော ကြောင့် သတ္တဝါတို့သည် သူတစ်ပါး အသက်ကို သတ်ကြရ၏။ သူတစ်ပါး ဥစ္စာကို ခိုးယူကြရ၏။ မမြတ်သော မေထုန်အကျင့်ကို ကျင့်ကြရ၏။လိမ်လည်ပြောဆိုကြရ၏။ကြမ်းတမ်း သော စကားကို ပြောဆိုကြရ၏။ အကျိုးမရှိ ပေါ့ပျက်သော စကားသာ ပြောဆိုကြရ၏။ သူတစ်ပါး စည်းစိမ်ကို မတရား ကြံစည်ကြရ၏။ညှဉ်းဆဲလိုသောစိတ် ရှိကြရ၏။ လွဲမှားသော အတ္တကို ယူကြရ၏ဟုတစ်ဘက်စွန်း ရောက်သော အယူကို ယူ၏။
          ထိုသို့ယူဆသဖြင့် ပုဗ္ဗေကတ ဟေတုဒိဋ္ဌိအယူရှိသူများအဖို့ သူတော်ကောင်း ဖြစ်ကြောင်း၊ သူတော်ကောင်းတို့၏ တရားကို နာကြားခြင်း၊ အသင့်အတင့် နှလုံးသွင်းခြင်း၊ တရားအားလျော်စွာ ကျင့်ခြင်း စသည်တို့သည် အကျိုး မပွား အလကားတရားတို့သာ ဖြစ်သွားကြ၏။ အကြောင်းမှာ လူလိမ္မာ သူတော်ကောင်း ဖြစ်ခြင်း နှင့် လူမိုက် လူယုတ်မာ ဖြစ်ခြင်း တို့သည် ရှေးကပြုခဲ့သော ကံ အကြောင်းတရားများကြောင့်သာ ဖြစ်သည်။အခြား အကြောင်းတစ်ပါး မရှိဟု ယုံကြည်ထားသောကြောင့် ဖြစ်သည်။
          ထို့ပြင် ပုဗ္ဗေကတဟေတုဒိဋ္ဌိဝါဒ ကို အမြတ်တနိုး အားကိုး ယုံကြည်သော သူတို့အား ပြုသင့် ပြုထိုက် သည့် ကောင်းမှုတို့ကို ပြုကျင့်ကြမည်။ မပြုသင့် မပြုထိုက်သည့် မကောင်းမှုတို့ကို ရှောင်ကြဉ်ကြမည် ဟူသော စိတ်ကောင်းဆန္ဒ၊ ဝီရိယတို့ မဖြစ်နိုင်ကြတော့ပေ။အဘယ်ကြောင့် ဆိုသော် ပြုထိုက်သည်ကိုပြုခြင်း၊ မပြုထိုက်သည်ကို ရှောင်ရှားခြင်း တို့မှာ စိတ်ကောင်း ဆန္ဒ, ဝီရိယ တို့ကြောင့် ဖြစ်သည် မဟုတ်။ရှေး အတိတ်ကံကြောင့်သာ  ဖြစ်သည်ဟု ယုံကြည်ထားသောကြောင့် ဖြစ်သည်။
          ဤသို့ ပုဗ္ဗေကတဟေတုအတ္တ ဝါဒ ရှိသူတို့သည် ပစ္စုပ္ပန်ကံကို လုံးဝမျက်ကွယ်ပြုထားသဖြင့် မျက်မှောက်၌ ကောင်းမှုကိစ္စများကို ဆောင်ရွက်လိုစိတ်နှင့် ဆောင်ရွက်မှုများမရှိသကဲ့သို့ မကောင်းသော ဒုစရိုက်များကို ရှောင်ရှားလိုစိတ်နှင့် ရှောင်ရှားမှုတို့မရှိတော့ဘဲ ဖြစ်မှု ပျက်မှု၊ ကောင်းမှုဆိုးမှုအားလုံးတို့မှာ အတိတ်ကံလက်ချက်ချည်းသာ ဟု အတိတ်ကံကိုချည်း ပုံချနေကြသဖြင့် တစ်ဘက်စွန်းရောက်၍ မှားသောအတ္တဝါဒဖြစ်သည်ဟု ဘုရားရှင် ဟောတော်မူထားလေသည်။
          အတိတ်ကံကိုသာ ယုံကြည်၍ ပစ္စုပ္ပန်ကံများကို လုံးဝမျက်ကွယ်ပြုထားမည်ဆိုလျှင် ထိုပုဂ္ဂိုလ်သည် လူ့လောက၌ ကြာရှည်စွာရပ်တည် နိုင်မည် မဟုတ်ပေ။ အယုတ်ဆုံး အားဖြင့် ထမင်းစားနေစဉ်အခါ၌ပင် ထမင်းလုတ်ကို လက်ဖြင့် ယူ၍ ခံတွင်းသို့ထည့်ခြင်း အလုပ်ကို လည်း ပစ္စုပ္ပန်ကံဟု ဆိုရသည်။ သွားမှု၊ ရပ်မှု၊ ထိုင်မှု၊ လျောင်းမှု ဟူသော ဣရိယာပုထ် အလုပ်ကြီး သော်လည်း ပစ္စုပ္ပန်ကံ ဖြစ်သည်။  ဣရိယာပုထ်လေးပါးတို့ကို ပြောင်းလဲ လုပ်ကိုင်သဖြင့် ရရှိသော ကျန်းမာခြင်း စသည့်အကျိုးများကိုလည်း ပစ္စုပ္ပန်ကံ၏အကျိုးဟုဆိုရ၏ ဟု လယ်တီဆရာတော်ဘုရားကြီး မိန့်ကြားထား၏။
                   အမှန်စင်စစ် လောက၌ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ ချမ်းသာမှု၊ ဆင်းရဲမှု၊ ကျန်းမာမှု၊ ရောဂါရမှု- စသော ကောင်းကျိုး ဆိုးပြစ်များ သည် အတိတ်ဘဝက ပြုလုပ်ခဲ့သည့် အတိတ်ကံသက်သက်ချည်း မဟုတ်၊မျက်မှောက်ဘဝတွင် ဉာဏ် ဦးဆောင်သည့် ကြိုးစားအားထုတ်မှု ဝီရိယကြောင့် ဖြစ်ပေါ်လာသော ပစ္စုပ္ပန်ကံသည်လည်း အရေးပါသော အကြောင်းအရာတစ်ခု ဖြစ်သည်။
          ပုဗ္ဗ ပုညံ၊ ကောင်းမှုကံလျှင်၊ အခံရှိထ၊ ရှေးကမ္မထက်၊ လုံ့လ ပညာ၊ နှစ်ဖြာပင့်ထောက်၊ သမ္မာလှောက်၍၊ မီးတောက်လေကူ၊ ဟူ၏ ပမာ၊ များမကြာခင်၊ ပညာဥစ္စာ၊ ကြီးပွားရာ၏-ဟူသော မန်လည် ဆရာတော်ဘုရားကြီး၏လမ်းညွှန် ချက်အတိုင်း ရှေးအတိတ်ကံကို မီး တောက် လေကူသည့်သဘောဖြင့် ပစ္စုပ္ပန်ကံက ကူညီမှ အကျိုးတရား ဖြစ်ပွားပေါ်ပေါက်နိုင်ပေ၏။ ပဝတ္တိ အခါ၌ အတိတ်ကံများမှာ ပစ္စုပ္ပန် ကံ၏အကူအညီ မရပါက အနည်း ငယ်မျှလောက်သာ အကျိုးပေးနိုင် ၏။များသောအားဖြင့် လုံးဝအကျိုး မပေးနိုင်တတ်ကြချေ။
          ဤအကြောင်းနှင့် ပတ်သက် ၍ မဟာဇနကမင်းသားဇာတ်သည် ထင်ရှားသောသာဓက ဖြစ်သည်။ အလောင်းတော် မဟာဇနက မင်းသားသည်  ပင်လယ်သမုဒ္ဒရာ၌ သင်္ဘောပျက်၍ အသက်ဘေးနှင့် ကြုံတွေ့ခဲ့ရ၏။ သို့သော် ခုနစ်ရက် ပတ်လုံး မလျှော့သောလုံ့လဝီရိယ ဖြင့် ကြိုးစားကူးခတ်ခဲ့ရာ မေခလာ နတ်သမီး ကယ်သဖြင့် အသက် ဘေးမှ လွတ်မြောက်ခဲ့သည့်အပြင် မူလ ရည်မှန်းချက်အတိုင်း မင်း အဖြစ်ကိုပင် ရရှိခဲ့သည်။
          အလောင်းတော် ဇနကနှင့် အတူပါလာသောသင်္ဘောသားများ ကား ဉာဏ်၊ ဝီရိယတို့ဖြင့် ပစ္စုပ္ပန် ကံကို မပြုကြသဖြင့် သမုဒ္ဒရာရေ တွင်နစ်လျက် သေပွဲဝင်ကြရသည်။ ဤဇာတ်ဝတ္ထု၌ အလောင်းတော် မဟာဇနကမင်းသည် အတိတ်ကံကိုချည်း အားကိုးအားထားပြုခဲ့ပါမူ  အခြားသင်္ဘောသားများနည်းတူ ပင်လယ်သမုဒ္ဒရာရေအလျဉ်ကြော  ဝယ် နစ်မျော သေဆုံးဖွယ်ရာ ရှိ ၏။ ဉာဏ်၊ ဝီရိယတို့ဖြင့် ပစ္စုပ္ပန်ကံ ကူညီ၍သာ အသက်ဘေးမှလွတ် မြောက်လာရခြင်း ဖြစ်သည်။ ထီးနန်းအုပ်ချုပ် မင်းလုပ်ရခြင်းသည်ကား အတိတ်ကံ၏ကိစ္စဖြစ်သည်။
          ပစ္စုပ္ပန်ကံ၏အကူအညီ မပါဘဲ အတိတ်ကံသက်သက်ကြောင့် ဖြစ်ပေါ်ရသော အကျိုးတရားများကား အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံတို့၌ ပဋိသန္ဓေလေးမျိုးတို့ တွင် တစ်မျိုးမျိုးဖြင့် ပဋိသန္ဓေနေ၍ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်၊ ငရဲသားများနှင့် လူ၊ နတ်၊ဗြဟ္မာ သတ္တဝါများ အသီးသီး ဖြစ်လာရ ခြင်းသည်လည်းကောင်း၊ ထိုသို့ဖြစ် ကြရာ၌လည်း မြင့်မြတ်သောအမျိုး ၌ ဖြစ်ခြင်း၊ ယုတ်ညံ့သောအမျိုး၌ ဖြစ်ခြင်းများသည် လည်းကောင်း၊ ပဋိသန္ဓေတည်နေချိန်မှစ၍ မျက်စိ၊ နား၊ နှာခေါင်း စသည်တို့၏ ပြည့်စုံမှု၊ ချွတ်ယွင်းမှုတို့သည် လည်းကောင်း၊ ပဋိသန္ဓေပညာ၏ ပြည့်စုံမှု၊ ချွတ်ယွင်းမှုတို့သည် လည်းကောင်း၊ ကြွင်းသော အင်္ဂါကြီးငယ်၊ တင့်တယ်သော ရုပ် လက္ခဏာတို့နှင့် ပြည့်စုံမှု၊ မပြည့်စုံမှု စသည်တို့သည် လည်းကောင်း၊ အတိတ်ဘဝက ပြုလုပ်ခဲ့သော ကောင်းမှုကံ မကောင်းမှုကံတို့ကြောင့် ဖြစ်ပေါ်လာသော အကျိုး တရားများသာ ဖြစ်သည်။
          ထို့အပြင် ဇောတိက၊ ဇဋိလ၊ မေဏ္ဍက စသောသူဌေးတို့မှာ မြေကြီးမှ ပတ္တမြားပြာသာဒ်ထွက်ပေါ် ခြင်း၊ အတောင်ရှစ်ဆယ် ရှိသော ရွှေတောင်ပေါက်ခြင်း၊ ရတနာခုနစ်ပါးဖြင့်ပြီးသော ဆိတ်ရုပ်ကြီး ပေါ် လာခြင်းတို့သည် လည်းကောင်း၊ လောသကတိဿမထေရ်အား     ပရိနိဗ္ဗာန်စံသည်အထိ ဆွမ်းဝအောင် ဘုဉ်းမပေးရခြင်း၊  အရှင်မဟာမောဂ္ဂလာန်မထေရ်အား ခိုးသား ငါးရာ သတ်၍ ပရိနိဗ္ဗာန်စံရခြင်း စသော ဝဋ်ကြွေးတို့သည် လည်းကောင်း ရှေးအတိတ်ကံ သက်သက်ကြောင့်ဖြစ်သော အကျိုးများ ဖြစ်သည်။
          သတ္တဝါ တစ်ဦးတစ်ယောက် ပဋိသန္ဓေနေခိုက်မှာ မိဘတို့ ပိုင်ဆိုင် သော လယ်၊ ယာ၊ မြေ၊ ရွှေ၊ ငွေ၊ ရတနာ စသော ပစ္စည်းတို့ကို အမွေစားအမွေခံအဖြစ်ရရှိနိုင်ခြင်းသည်လည်း အတိတ်ကံက ပေးသောအကျိုးပင် ဖြစ်၏။ ပစ္စုပ္ပန်ကံ နှင့် တစ်စုံတစ်ရာမျှ မသက်ဆိုင်ချေ။ အချုပ်အားဖြင့် ပဋိသန္ဓေနေသည်နှင့် တစ်ပြိုင်နက် ထိုက်သင့်သမျှ ရရှိခံစားရသော အကျိုး     ဟူသမျှကို အတိတ်ကံ၏အကျိုး ဟု မှတ်ယူရမည်။
          သို့ရာတွင် လက်ရှိဘဝ၌ စီးပွား ဥစ္စာအဖြာဖြာနှင့် ပြည့်စုံခြင်း၊ ပညာတတ်မြောက်ခြင်း၊ အသက် ရှည်ခြင်း၊ အနာရောဂါကင်းခြင်း -စသော အကျိုးတရားများ ဖြစ်လာရခြင်းသည် အတိတ်ကံသက်သက် မဟုတ်ချေ။ လယ်ယာ ထွန်ယက် စိုက်ပျိုးခြင်း၊ တိရစ္ဆာန်များမွေးမြူ ခြင်း၊ ကုန်စည်ရောင်းဝယ်ဖောက်ကားခြင်း၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာ ရပ်များကို သင်ကြားခြင်း၊ ကိုယ် လက်လှုပ်ရှား ပြုလုပ်ခြင်း၊ မိမိနှင့် သင့်လျော်မည့် အစားအစာများကို သာမှီဝဲခြင်း၊စားသည့်အခါ၌လည်း  အတိုင်းအရှည်ကြည့်၍ စားခြင်း၊ သင့်လျော်သည့် ဓာတ်စာဆေးဝါးများကိုစားခြင်း၊ ဣရိယာပုထ် မျှတအောင် နေထိုင်ခြင်း - စသော ပစ္စုပ္ပန်ကံ၏အထောက်အကူပြုမှု ကြောင့် ထိုအကျိုးတရားများ ဖြစ်ပွားလာရခြင်း ဖြစ်သည်။
          ထို့အတူ လက်ရှိဘဝ၌ ပျက်စီး ဆုတ်ယုတ်မှု အမျိုးမျိုးတို့ ဖြစ်ပေါ်လာခြင်းသည်လည်း ပစ္စုပ္ပန် အကုသိုလ်ကံ၏အကူအညီရသောကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်၏။ အတိတ်ကံကို ယုံကြည်ပြီး မီးပုံထဲသို့ ခုန်ဆင်းလျှင် မီးလောင်ခံရမည်။ ကျားပေါသည့်တောထဲသို့သွားလျှင် လည်း ကျားဆွဲခံရမည်သာ ဖြစ်၏။
          ထို့ကြောင့် -
          ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊ဟောပြ သည်မှာ၊ အရင်းသာရှင့်၊
          ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခ ပွားရန်၊ ဤလူ့ထံ၌၊
          Óာဏ်ဝီရိယ၊ ပယောဂတည့်၊ ကာလဒေသ၊ ပုဂ္ဂလကို၊
          နှိုင်းဆအပ်တုံ၊ ကံကိုယုံ၍၊ မီးပုံ အတွင်း၊ မဆင်းထိုက်စွာ၊ ကျားရဲရာလည်း၊ ကြမ္မာအကြောင်း၊ မရိုး ကောင်းရှင့်၊
          သူဟောင်းရှေးက၊ ဆိုကုန်ကြ၏။
          လုံ့လမထူ၊ ဉာဏ်မကူဘဲ၊ အယူတချောင်း၊ ကံတကြောင်းမျှ၊ မကောင်းလည်းကံ၊ ကောင်းလည်း ကံဟု၊
          ကံကိုချည်းသာ၊ မကိုးရာဘူး၊ ပညာဉာဏ်ဖြင့်၊ သင့်မသင့်ကို၊
          အခွင့်ရှု၍၊ အပြုလုံ့လ၊ ရှိအပ်စွတည်း။ ဟု မန်လည်ဆရာတော် ဘုရားကြီးက ဆုံးမတော်မူခဲ့ခြင်း ဖြစ်သည်။
          ဤသို့ ကံ ဟူသော အရာ၌ အတိတ်ကံ တစ်မျိုးတည်းကိုသာ မယူဘဲ၊ အတိတ်ကံ၊ပစ္စုပ္ပန်ကံ နှစ်မျိုးလုံးကို ယူခြင်းသည်သာ ဗုဒ္ဓ ရှင်တော်မြတ်ဘုရား၏ကမ္မဝါဒဖြစ် သည်။
          ထို့ကြောင့် ဗုဒ္ဓဘာသာ ကမ္မဝါဒီတို့သည် လက်ရှိဘဝ၌အတိတ် ပစ္စုပ္ပန် နှစ်တန်သော ကံကို အားကိုး ယုံကြည်မှသာ မဇ္ဈိမ ပဋိပဒါ လမ်းဖြောင့် လမ်းမှန်သို့ရောက်၍ သမ္မာဒိဋ္ဌိအယူရှိသော ဗုဒ္ဓဘာသာ လူမျိုးအစစ် ဖြစ်နိုင်ကြပေမည်။ ထိုသို့မဟုတ်ဘဲ ဖြစ်ဖြစ်သမျှ ပြုပြု သမျှမှာ ရှေးဘဝကပြုခဲ့သည့် ကံကြောင့်သာဟု ယူဆခဲ့ပါလျှင် နိဂဏ္ဌတက္ကတွန်းတို့ယူသော ပုဗ္ဗေကတဟေတုဒိဋ္ဌိသို့ ဝင်ရောက်သွားမည်ကို သတိပြုစရာ ကောင်းလှသည်။
          အတိတ်က ပြုခဲ့သည့် ကံများ မှာ ကောင်းသည်ဖြစ်စေ၊မကောင်း သည်ဖြစ်စေ၊ အတိတ်ကံအတွက် ဆောင်ရွက်ဖွယ် စိုးစိမျှမရှိတော့ပြီ ဖြစ်၍ အတိတ်ကံကို ပဓာန မပြု၊ လျစ်လျူရှုထားပြီး ယခုလက်ရှိဘဝ၌ ပြုလုပ်၍ရနိုင်သော ပစ္စုပ္ပန်ကံ ကောင်းရန်အတွက်သာ ဉာဏ်နှင့် ယှဉ်၍ကြိုးစားအားထုတ်ကြရမည် ဖြစ်သတည်း။

ဥက္ကလာမြင့်သန်းအောင်