Friday, 20 December 2019
မြင့်မြတ်သူများ၏ စနစ်ကျသော ဒါနလုပ်ငန်း( ဖိုးဉာဏ် လောကနတ်)
ဒါန ဟူသည် ပေးကမ်းခြင်း ဖြစ်၏။ပေးကမ်းခြင်း၌ ရိုသေသော အခြင်းအရာ ပါသောအခါ ထို ပေးကမ်းခြင်းကို မြန်မာဝေါဟာဖြင့် စကားပြောင်း၍သုံးရလျှင် လှူဒါန်း ခြင်းဟုလည်းကောင်း၊ ချီးမြှောက် ထောက်ပံ့ခြင်းဟု လည်းကောင်း သုံးစွဲကြလေသည်။ မည်သို့ဖြစ်စေ ပေးကမ်းခြင်း ဒါနလုပ်ငန်းကို လုပ်ရာတွင် လုပ်ရပ်နှင့် ရည်ရွယ်ချက်သည် များစွာအရေးကြီး၏။ ဒါန လုပ်ငန်း၏လုပ်ရပ်ပိုင်းအရ အခြားသူအား ပေးကမ်းခြင်းဖြစ်ပြီး၊ ရည်ရွယ်ချက်အရ မိမိအကျိုးရရှိရေး ကို ဦးတည်သောအခါ လုပ်ရပ်နှင့် ရည်ရွယ်ချက်သည် တစ်ထပ်တည်း မကျချေ။
အမှန်အားဖြင့် လုပ်ရပ်ရော၊ ရည်ရွယ်ချက်ပါ တစ်ထပ်တည်း တစ်သားတည်း ကျမည် ဆိုပါက ဤကမ္ဘာလောက၌ ထိုလုပ်ရပ်မျိုးလောက် အကျိုးအာနိသင်ကြီးမား သောလုပ်ငန်းဟူ၍ မရှိနိုင်ကောင်း။ လုပ်ရပ်ကလည်း မှန်၊ ရည်ရွယ်ချက်ကလည်း ကောင်းသည့်အခါ နှစ်ပါးစုံသောအာနိသင်တို့ကြောင့် အကျိုးတရားသည် အတိုင်းအဆ မရှိနိုင်။ ချဲ့၍ဆိုရလျှင် လုပ်ရပ်က လည်း မှန်၊ အကျိုးလည်းရှိပြီး ရည်ရွယ်ချက်ကပါ ကောင်း၍ ဦးတည်ချက်လှပမည်ဆိုပါက ဘာမျှ ပြောစရာမရှိတော့။ အားလုံး ပြည့်စုံ၏။
ဒါနလုပ်ငန်းအရ အပိုင်း သုံးပိုင်း ရှိ၏။ ယင်းတို့မှာ အလှူ ပစ္စည်းပိုင်း၊ ထိုအလှူပစ္စည်းကို လက်ခံမည့်သူအပိုင်းနှင့်အလှူပစ္စည်း လှူမည့်သူအပိုင်းတို့ ဖြစ်သည်။ယင်း အပိုင်း သုံးပိုင်းပါမှ ဒါနလုပ်ငန်းသည် ပြီးမြောက်နိုင်၏။
အလှူပစ္စည်းပိုင်းအရ ဒါန လုပ်ငန်းကို လုပ်ရာတွင် ဝတ္ထုပစ္စည်း သည် တန်ဖိုးနည်းချင်လည်း နည်းနိုင်၏။ တန်ဖိုးကြီးချင်လည်း ကြီး နိုင်၏။ သို့သော် တန်ဖိုးကြီးခြင်း၊ တန်ဖိုး နည်းခြင်းသည် အဓိက မဟုတ်။ ဒါနပြုသောရည်ရွယ်ချက် ကသာ အရေးကြီး၏။ရည်ရွယ်ချက်အရ ဒါနပြုသူတို့သည် မိမိအကျိုး ရရှိရေးအတွက်သာ ဦးတည်မိလျှင် အတ္တကောင်းစားရေးသို့ ဦးတည် ရာရောက်၏။ အတ္တသို့ ဦးတည်မိ သည်နှင့်တစ်ပြိုင်နက် ထို ဦးတည်မှု မှန်သမျှသည် အတ္တကိုခင်တွယ်သော တဏှာ၏ အောက်၌ လည်းကောင်း၊ အတ္တရှိခြင်းကို အားပေးလျက် အမှန်ကို ဖုံးကွယေ်သာ အဝိဇ္ဇာ၏ အောက်၌ လည်းကောင်း တည်ရှိရာ ရောက်၏။ ထိုအခါ အကျိုးသည် ရသင့်သလောက် မရဘဲတဏှာနှင့်အဝိဇ္ဇာတို့က ဖျက်ဆီးခံရပြီးသော အြွကင်း အကျန် အကျိုးမျှကိုသာ ရနိုင် လေ၏။
ဒါနလုပ်ငန်းဟူသည် မြင့်မြတ် သူတို့ လုပ်သော လုပ်ငန်းမျိုး ဖြစ်၏။ ထို့ကြောင့် မည်သူမဆို ဒါန လုပ်ငန်းကိုလုပ်သည့်အခါ မြင့်မြတ် သူတို့လုပ်သောနည်းအတိုင်း လုပ် ဖို့လို၏။ မြင့်မြတ်သူတို့က ဒါနကို ပြုကြရာတွင် အလှူခံပုဂ္ဂိုလ်အရ သူတောင်းစားလည်း ဖြစ်ချင် ဖြစ်မည်။ ရှင်ဘုရင်လည်း ဖြစ်ချင်ဖြစ်မည်။ ဆရာတော်ကြီးလည်း ဖြစ်ချင်ဖြစ်မည်။ မည်သူဖြစ်ဖြစ်မြင့်မြတ် သူတို့သည် အလှူခံပုဂ္ဂိုလ်တို့အား တစ်တန်းတည်း တစ်စားတည်း ထား၏။ အားလုံး အလှူခံ ပုဂ္ဂိုလ်ချည်း ဖြစ်၏။ မိမိ၏ ဒါနလုပ်ငန်းကို ဖြစ်မြောက်အောင် ကူညီမည့်သူချည်း ဖြစ်၏။ တစ်တန်းတည်း တစ်စားတည်း ထားသည်ဆိုရာ၌ သူတောင်းစားနှင့် ရှင်ဘုရင်ကိုလည်း တစ်နေရာတည်း ထားသည်မျိုးကို ဆိုလိုခြင်းမဟုတ်။ ဆရာတော်ကြီး များကိုလည်း လူများနှင့် တန်းတူ ဆက်ဆံသည်ကို ဆိုသည် မဟုတ်။ ရိုသေ လေးစားမှုအားဖြင့်က သတ်သတ်၊ အလှူပစ္စည်းလှူရာ၌ အလှူခံပုဂ္ဂိုလ်များကို မိမိ၏ဒါနအား ချီးမြှောက်မည့်သူများအဖြစ် ကျေးဇူးရှင်သဖွယ် တစ်သားတည်းထားခြင်းကို ဆိုလိုခြင်းဖြစ်၏။
အလှူပစ္စည်းပိုင်းအရဆိုလျှင် ပေးကမ်းလှူဒါန်းမည့် ပစ္စည်းကို မြင့်မြတ်သူများက သန့်သန့်ရှင်းရှင်း ဖြစ်အောင် စီမံ၏။ ဆရာတော်ကြီး မို့ ဖွယ်ဖွယ်ရာရာ၊ ကိုရင်လေးမို့ သင့်လျော်သလို၊ သူတောင်းစားမို့ ပြီး, ပြီးရော မလုပ်။ လှူမှ လှူပြီ ဆိုလျှင် မည်သူ့ကိုမဆို အလှူ ပစ္စည်းအတွက် ကောင်းသည်ထက် ကောင်းအောင် စီမံ၏။ သုံးဆောင် ချင်သည်ထက် သုံးဆောင်ချင်ဖွယ် ဖြစ်အောင် မွမ်းမံ၏။ တန်ဖိုးနည်းခြင်း မနည်းခြင်းကို အဓိကမထား၊ ကောင်းကောင်းမွန်မွန်ဖြစ်ရေးကိုသာ အဓိကထား၏။ မြင့်မြတ်သူများသည် အလှူပစ္စည်းကို လှူဒါန်း ရာ၌ နေရာကိုလည်း ကြည့်၏။ ကာလကိုလည်း ကြည့်၏။ ပုဂ္ဂိုလ်ကိုလည်း ကြည့်၏။ မည်သည့်နေရာ မည်သည့်အချိန်၌ မည်သည့် ပုဂ္ဂိုလ်ကို လှူရမည် ဆင်ခြင်တတ်ခြင်းကို ဆိုခြင်းဖြစ်၏။
ထို့ပြင် လူသည် ကိုယ့်မိသားစုနှင့်ကိုယ် နေကြသည်ချည်း ဖြစ်၏။ ထိုသို့နေသောအခါ မိသားစု အရေး ဟူသည် ရှိသေး၏။ လူဖြစ်လျှင် လူ့တာဝန်အရ လောက၏တာဝန်ကိုလည်း ထမ်းရမည်ဖြစ်၏။ မိမိ၏ မိသားစုနှင့် ဆွေမျိုးများကိုလည်း နိုင်သလောက် စောင့်ရှောက်ရမည် ဖြစ်၏။ မိမိ၏ ဘဝ တိုးတက်ရာ တိုးတက်ကြောင်းကိုလည်း လုပ်ရမည်ဖြစ်၏။
ထို့ကြောင့် မြင့်မြတ်သူတို့သည် ပေးလှူခြင်း ဒါနလုပ်ငန်းကို ပြုသော် လည်း အလှူပစ္စည်းနှင့် ပတ်သက်၍ မနိုင်သည့် ဝန်ကို မထမ်း။ မိမိ တတ်နိုင်သလောက်သာ လှူ၏။လူအထင်ကြီးခံရစေရေးငှာ ေြွကး ပတ်လည်ဝိုင်းနေရလောက်အောင် လုပ်၍လည်း မလှူ။ အခြားသူတို့ ၏အလှူထက် သာအောင် လုပ်၍ လည်း မလှူ။ သို့သော် မြင့်မြတ် သူများသည် လိုအပ်လာလျှင်တော့ စည်းစိမ်ပြုတ်ချင် ပြုတ်ပါစေ။ကိုယ် အင်္ဂါအစိတ်အပိုင်းများကို စွန့်ချင် စွန့်ရပါစေ။ နောက်ဆုံး အသက်ပင် အသေခံရပါစေ၊ အားလုံးကိုစွန့်လွှတ် နိုင်၏။ မလိုအပ်သေးလျှင်သာ ဘာမှ မလုပ်ဘဲ နေချင်နေမည် ဖြစ်၏။
မြင့်မြတ်သူတို့သည် အလှူ ဝတ္ထုနှင့်ပတ်သက်လျှင် သန့်သန့် ရှင်းရှင်းဖြစ်အောင် လုပ်၏။ ဝတ္ထု ပစ္စည်းသန့်ရှင်းခြင်းဟူသည် နှစ်မျိုး ရှိ၏။ ယင်းတို့မှာ လှူမည့် ပစ္စည်း ဝတ္ထုကို အညစ်အကြေးကင်းကင်း ဖြစ်အောင်၊ သပ်သပ်ရပ်ရပ် ဖြူဖြူစင်စင် သန့်သန့်ရှင်းရှင်း ဖြစ်အောင် စီမံခြင်းနှင့် ထိုလှူမည့် ပစ္စည်းကို တရားသဖြင့် ရှာဖွေထားသဖြင့် မတရားသဖြင့် ရှာဖွေမှုမှ စင်ကြယ် သန့်ရှင်းခြင်းတို့ဖြစ်၏။ လောက၌ သူ့အသက်သတ်ခြင်းဖြင့် ရရှိလာသော စီးပွားဥစ္စာကို အသုံးပြု၍ ရောင်းဝယ် လဲလှယ်ထားသော ပစ္စည်းများကို လှူခြင်းလည်းရှိ၏။ ခိုးရာပါပစ္စည်းဖြင့် လှူခြင်းမျိုးလည်း ရှိ၏။ လိမ်လည်လှည့်ပတ်၍ ရလာသော ပစ္စည်းများကို လှူခြင်းမျိုး လည်း ရှိ၏။ အခြားမတရားသော စီးပွားရှာဖွေမှုမှ ရရှိလာသော ငွေကြေးတို့ဖြင့် လှူခြင်းမျိုးလည်း ရှိ ၏။ အမှန်အားဖြင့် ထိုလှူခြင်းမှန် သမျှသည် မြင့်မြတ်သူတို့၏လှူခြင်းမျိုး မဟုတ်။ ကိုယ်ကျင့်သိက္ခာကို အလေးမထားသော မိမိအကျိုးရရှိ ရေးကိုသာ မျှော်တတ်သည့်သူများ ၏လှူခြင်းမျိုးသာ ဖြစ်၏။
ထိုလှူခြင်းမျိုးဖြင့် လှူလျှင် အကျိုးကတော့ ဒါနလုပ်ငန်းအရ ရတော့ ရမည် ဖြစ်၏။ သို့သော် အလှူက မဖြူစင်သည့်အတွက် အကျိုးကလည်း မဖြူမစင်သာ ရမည်ဖြစ်၏။ မြင့်မြင့်မြတ်မြတ်တော့ ရမည် မဟုတ်။ လှူသော ဝတ္ထု ပစ္စည်းချင်းက တူသော်လည်း အကျိုးကို ဖြူဖြူစင်စင် ရချင်လျှင် မြင့်မြင့်မြတ်မြတ်ရချင်လျှင် လှူပုံ လှူနည်းကို ဖြူဖြူစင်စင်ဖြစ်အောင် လုပ်ဖို့လို၏။ မြင့်မြင့်မြတ်မြတ်ဖြစ် အောင်လုပ်ဖို့ လို၏။
မြင့်မြတ်သူတို့၏ ဒါနလုပ်နည်း သည် များစွာမှတ်သားဖွယ်ကောင်းပါ၏။ မြင့်မြတ်သူတို့သည် ဒါန လုပ်ငန်းကို လုပ်သောအခါ မိမိ၏ စိတ် အခြေအနေအရလည်း မိမိ အကျိုးကို မမျှော်။ အလှူခံပုဂ္ဂိုလ်၏ အရေးကိုသာ မျှော်၏။ မိမိ လှူသော ပစ္စည်းကို အလှူခံမည့်သူ အဆင်ပြေပြေ သုံးဆောင်ရလျှင် ကျေနပ် ၏။ ဘာကိုမှ မမျှော်ကိုး။ လှူမည် ဟု ဆုံးဖြတ်ထားလျှင် မည်သူက ဖျက်ဖျက် မပျက်ရလေအောင် ဖြစ်သည့်နည်းနှင့် ရအောင်လှူ၏။ ထို ဒါနလုပ်ငန်းနှင့်ပတ်သက်၍ အလှူပွဲ မပြီးဆုံးမချင်း ကိုယ်ကျင့်တရားကို ပြည့်ပြည့်ဝ၀ စောင့်ထိန်း၏။ အကြောင်းမှာ မြင့်မြတ်သူတို့သည် သူတို့လုပ်ငန်း မှန်သမျှကို ကိုယ်ကျင့် သိက္ခာမြင့်မားမှုအပေါ်တည်ဆောက် ထားလိုကြခြင်းကြောင့် ဖြစ်ပါ၏။ (အလှူပွဲ ပြီးသွားလျှင်တော့ ကိုယ်ကျင့်တရား ပျက်ပါစေဟု ရည်ရွယ်ခြင်း မဟုတ်။ သီလပြည့်စုံမှု ကိုသာ ဖော်ပြလိုရင်း ဖြစ်ပေသည်)
မြင့်မြတ်သူတို့သည် မိမိ ပြုသောဒါနနှင့် ပတ်သက်၍ ပစ္စည်း ဝတ္ထုအပေါ် တွယ်တာမှုကို အပြတ် စွန့်ပယ်ထားကြ၏။ မိမိချစ်သောသူ များကိုတော့ တန်ဖိုးကြီးကြီးလှူပြီး မိမိနှင့်မပတ်သက်သောသူများကို ရိုးရိုးပစ္စည်းလှူ၍ မိမိမကြိုက်သည့် သူများကိုကား မလှူဘဲနေခြင်းမျိုး မဖြစ်အောင် သတိပြု၏။ မြင့်မြတ်သူတို့သည် လှူမည့်ဝတ္ထုပစ္စည်း၌ သာ တွယ်တာမှုကို စွန့်ပယ်ထားသည် မဟုတ်။ မိမိ ပြုသောဒါန ၏အကျိုးဆက်ကြောင့် ရရှိလာနိုင် သော သုဂတိအကျိုး၊ စည်းစိမ် ဥစ္စာအကျိုး စသည်တို့အပေါ်လည်း တွယ်တာမှုကို စွန့်ပယ်ထားကြပါ၏။ ဒါနကိုပြုလျှင် ပတ်ဝန်းကျင်က ဖြစ်စေ၊ အလှူခံပုဂ္ဂိုလ်တို့က ဖြစ်စေ ချီးမွမ်းမှုများလည်း ဆိုလာနိုင်၏။ ကျေးဇူးတင်ပါသည်ဟုလည်း ပြောလာနိုင်၏။ အလှူအတန်း ရက်ရောလိုက်တာ ဟု မိမိ ကြားအောင် ဖြစ်စေ၊ မကြားတကြား ဖြစ်စေ၊ ကွယ်ရာ၌ဖြစ်စေ ချီးကျူး တတ်ကြသည်။ သို့သော် ထိုချီးမွမ်းမှု များ စသည်တို့ကိုလည်း မသာယာ တတ်အောင် လေ့ကျင့်ထားကြပြီး ဖြစ်သည်။ အကယ်၍ သာယာမိလျှင်လည်း သာယာခြင်း ဟူသည် တဏှာပင် ဖြစ်သည့်အတွက် လိုချင် မက်မော၍ လှူသည့်သဘောမျိုး ရောက်သွားနိုင်သည်ကို သိသဖြင့် ထိုသာယာမှုကို ချက်ချင်းပင် ဖျောက်ဖျက်၏။
မြင့်မြတ်သူတို့သည် မိမိတို့လုပ်သော ဒါနလုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်း၌ မည်သို့မည်သို့လုပ်လျှင် အကောင်းဆုံး ဖြစ်မည်ကိုကျွမ်းကျင်ကြပါသည်။ ရရှိလာနိုင်သောအကျိုး၌လည်း နားလည်ထားကြပြီး ဖြစ်ပါ ၏။ မည်သည့် အချိန်၌ မည်သည့် ဝတ္ထုကို လှူလျှင် မိမိ ရွေးချယ်ထား သောပုဂ္ဂိုလ်အတွက်အသင့်လျော်ဆုံး ဖြစ်မည်ကိုလည်း ပိုင်နိုင်ကြပါ၏။ဒါန လုပ်ငန်းနှင့် ပတ်သက်၍ မည်သို့ သော စိတ်ထားကို ထား၍ မည်သို့ ဦးတည်ချက် ထားရမည်ကိုလည်း စနစ်တကျ သိမြင်ကြပါ၏။ အားလုံး ကျကျနန စီမံနိုင်၏။ ဟာကွက်ဟူ၍ ပြောစရာ မရှိလောက်အောင် လိမ္မာ ကြပါ၏။
မြင့်မြတ်သူတို့ ဒါနပြုကြပြီဆို လျှင် အားစိုက်မှုအရလည်း သာမန် လူတို့နှင့်မတူ။ စောစော ထရမည်ဆိုလည်း ပြဿနာမရှိ။ နေဝင် မိုးချုပ်ထိ လုပ်ရမည်ဆိုရင်လည်း လုပ်နိုင်၏။ ပင်ပင်ပန်းပန်း လုပ်ရလျှင်လည်း ကိစ္စမရှိ။ ဝီရိယ နည်း မှုကြောင့်တော့ မိမိ၏လုပ်ငန်းကို အပျက်မခံ၊အလုပ်မှန်သမျှကို စိတ်ဝင်တစား လုပ်၏။ ပျင်းပျင်းရိရိ မလုပ်ချင်လုပ်ချင်ဖြင့် လုပ်ခြင်း မျိုးမရှိ။ တက်တက်ြွကြွကဖြင့် ဒါနလုပ်ငန်းကို အားတက်သရော လုပ်ကိုင်ခြင်း ဖြစ်၏။ မည်သို့သော အခက်အခဲကိုတွေ့သည် ဖြစ်စေ၊ မိမိ၏ဒါနလုပ်ငန်းကို အောင်မြင် ပြီးမြောက်သည်အထိ စွမ်းစွမ်းတမံ အားထုတ်ကြခြင်းမှာ မြင့်မြတ်သူတို့၏ပုံသဏ္ဌာန်ပင် ဖြစ်ပါ၏။
ဒါနလုပ်ငန်းကို လုပ်ကြရာ တွင် အခက်အခဲများကိုလည်းတွေ့ နိုင်၏။စော်ကားမော်ကားအပြုအမူ များနှင့် စကားလုံးများဖြင့်လည်း ပြုမူခံရနိုင်၏။ အပြောအဆို ခံရ နိုင်၏။ မိမိထက် ရာထူးကြီးသူ၊ အသက်ကြီးသူ စသော အထက် လူကြီးတစ်ဦးဦး၏ မာန်မဲမှုမျိုး ကိုလည်း ခံရနိုင်၏။ အဆူအငေါက်ကိုလည်း ခံရနိုင်၏။ မိမိက ကောင်းရာ မွန်ရာ ဖြစ်သော ဒါန လုပ်ငန်းကို လုပ်နေပါသော်လည်း အကဲ့ရဲ့ခံချင် ခံရနိုင်၏။ ရှုံ့ချပြစ်တင် မှုမျိုးလည်း ကြုံရနိုင်၏။ မည်သို့ပင် ဖြစ်စေ မြင့်မြတ်သူတို့သည် မိမိတို့၏ ဒါနလုပ်ငန်းကို အထိခိုက်မခံကြ။ ပျက်ပြားမခံကြ။ အားလုံးကို သည်းခံ၍ မိမိ လုပ်စရာရှိသော အလုပ်ကိုသာ ပြီးမြောက်အောင် လုပ်၏။ သည်းခံသည် ဆိုသော်လည်း အထက်လူကြီးများမို့ မလွှဲ သာ၍ သည်းခံခြင်းမျိုးမဟုတ်။ လူကြီးများမို့ ပြောမကောင်းသဖြင့် အားနာ၍ သည်းခံခြင်းမျိုး မဟုတ်။ အမှန်အားဖြင့် အပြစ်မမြင်သော ခွင့်လွှတ် နားလည်ခြင်းမျိုးဖြင့် သည်းခံ၍ မိမိ၏ ဒါနလုပ်ငန်းကို ပြုကြခြင်း ဖြစ်ပါသည်။
ထို့ပြင် မြင့်မြတ်သူတို့သည် မိမိတို့ ရည်ရွယ်ထားသည့်အတိုင်း လှူ၏။ ပြောထားသည့်အတိုင်း ဖြစ် အောင် လုပ်၏။ အပြောတစ်မျိုး အလုပ်တစ်မျိုး အဖြစ်မခံကြ။မည်ရွေ့ မည်မျှလှူမည်ဟု လေကြီး လေကျယ်ပြော၍ တကယ်လှူသောအခါ၌ ပြောသလောက် မလှူဘဲ ဟန်လောက်သာ လှူခြင်းမျိုးမရှိ။ ဤရွေ့ဤမျှ လှူထားလျှင်လည်း ဤရွေ့ ဤမျှ လှူထားပါသည်ဟုသာ ဆို၏။ အပိုလည်း မပြော၊ အလိုလည်း မပြော။ မိမိက အချို့ နေရာ၌ မှားမှားယွင်းယွင်း လုပ်မိသွား၍ တစ်စုံတစ်ဦးက မှားယွင်းကြောင်း ပြောလာလျှင်လည်း အမှားကို မြတ်နိုးစွာဝန်ခံ၍ အမှန်ကိုပြင်၍ လုပ်နိုင်၏။ ငါသိပါတယ်ဟူသော မာန်ဖြင့်တင်း၍ အမှားကို ဆက်၍ မကျူးလွန်။ မိမိကိုမှားသည်ဟု ပြော သောကြောင့်လည်း မကျေနပ်ခြင်း မဖြစ်ဘဲ အမှန်ကိုဆိုလျှင် ရဲရဲဝံ့ဝံ့ လက်ခံနိုင်၏။ မိမိပြုသော ဒါန လုပ်ငန်းကို မှန်မှန်ကန်ကန်နှင့် အကျိုးရှိရှိ ဖြစ်စေဖို့ဆိုလျှင် ကိုယ်က မွေးလျှင် ကိုယ့်သားလောက်သာရှိ သော အရွယ်များက ပြောလာလျှင် လည်း ရိုရိုသေသေ နာခံမှတ်သား ၏။ မြင့်မြတ်သူများသည် အမှန် တရားကို ဤသို့ချစ်မြတ်နိုး၍ မိမိ၏ ဒါနလုပ်ငန်းကို အကောင်အထည် ဖော်ကြပါ၏။
မြင့်မြတ်သူတို့သည် ဒါန လုပ်ငန်းကို လုပ်ရာတွင် ခိုင်မာသော စိတ်ဓာတ်ဖြင့် လုပ်ငန်းမပြီးမချင်း စိတ်ဆုတ်နစ်မှုမျိုးမရှိ။ မည်သည့် အကြောင်းနှင့်မျှ မိမိ၏ဆုံးဖြတ်ချက် ကိုမပြင်။ ပြဿနာမြောက်မြားစွာ နှင့်ကြုံရသော်လည်း အဓိဋ္ဌာန်ကို မဖျက်။ မဖြစ် ဖြစ်အောင်လုပ်၏။ ထိုသို့လုပ်ရာတွင် တရားသော ဆုံးဖြတ်ချက်မျိုးကိုသာ ချ၏။ မလုပ် ခင်ကလည်း ပြီးမြောက်အောင်လုပ် မည်ဟု သန္နိဋ္ဌာန်ချထားပြီးဖြစ်၏။ လုပ်ဆဲ၌လည်း ယင်းသန္နိဋ္ဌာန်ကို ပျက်ပြားမသွားအောင် မိမိ၏စိတ် ကို အစဉ်မြှင့်တင်ခြင်းဖြင့် သတိပေး၏။
ထို့ပြင် မြင့်မြတ်သူတို့သည် အလှူခံပုဂ္ဂိုလ်အား ချစ်ခင်သော မျက်စိဖြင့်ကြည့်၍ မိမိတို့၏အလှူ ပစ္စည်းကို လှူကြခြင်းဖြစ်၏။ သူတောင်းစားကိုလည်း မေတ္တာထား နိုင်၏။ရန်သူကိုလည်း မေတ္တာထား ၍ လှူနိုင်၏။ အားလုံးအပေါ် တစ်သားတည်းသော မေတ္တာစိတ်ကို မွေးခြင်းဖြင့် အလှူဒါနကို ပြု၏။ စော်စော်ကားကားအပြောခံရသော် လည်း မေတ္တာမပျက်သောစိတ်ကို မွေး၏။ မိမိအနေနှင့် ထိုအလှူခံ တို့၏လိုအပ်မှုကို ဖြည့်ဆည်းလိုက် ရလျှင် ကျေနပ်ဝမ်းသာ၏။ ကဲ့ရဲ့မှု၊ ရှုံ့ချမှု၊ စော်ကားမှုများနှင့်ကြုံရလေ မေတ္တာစိတ်ကို ထက်ထက်သန်သန် ဖြစ်အောင် ကြိုးပမ်းလေ ဖြစ်၏။
အကယ်၍ အလှူကိုပြုနေစဉ် တစ်စုံတစ်ဦးကသော်လည်းကောင်း၊ အလှူခံပုဂ္ဂိုလ်ကိုယ်တိုင်ကသော် လည်းကောင်း မိမိအား စိတ်ကသိ ကအောက် ဖြစ်စေလျှင်လည်း စိတ် ပျက်ခြင်းမရှိ။ အကောင်းအဆိုးကြုံ လာသည့်အပေါ် တုန်လှုပ်မှု မဖြစ် စေရန် စိတ်ကို ဆောက်တည်၏။ မည်သူ့ထံမှလည်း ဘာမှမျှော်ကိုး ခြင်းမရှိ။ မိမိကို မည်သို့ပင် တိုက်ခိုက်သည် ဖြစ်စေ၊ မြှောက်ပင့်နေသည် ဖြစ်စေ၊ စိတ်ဆိုးခြင်း မရှိ၊ ဝမ်းမြောက်ခြင်း မရှိဘဲ မိမိ၏ ဒါန လုပ်ငန်းအပြီးသတ်နိုင်ရေးအတွက် သာ ဇောက်ချလုပ်ကိုင်၏။ စိတ် တစ်ခုလုံးကို လုပ်ငန်းအပေါ်၌သာ နှစ်၍ အခြားဘာကိုမျှ ဂရုမစိုက်ဘဲ မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်း ဖြစ်၏။
မိမိလုပ်သော ဒါနလုပ်ငန်းသည် ဘုရားအစရှိသော သူတော်စင် တို့လုပ်ကြသည့် အလုပ်မျိုးဖြစ် သဖြင့် တစ်ခုသောကာလတွင် ဘဝ နိရောဓ၏အထောက်အပံ့ကောင်း ဖြစ်မည်ကိုလည်း သဘောပေါက်၏။ သံသရာချမ်းသာကိုလည်း မမက်မော။ ရခြင်း၊ မရခြင်းကို လည်း စိတ်ဝင်စားခြင်း မရှိ။ လှူချင်၍ လှူခြင်းဖြစ်၏။ သို့သော် မိမိ ပြုသောဒါန၏ အကျိုးအာနိသင်ကို မိမိရမည်မှာ မုချဖြစ်သည်ကိုလည်း ပညာဖြင့် မြင်ထားပြီး ဖြစ်သည်။ လောက၌ ဘာတစ်ခုမျှ အမြဲမရှိသည်ကိုလည်း ဉာဏ်ဖြင့် ဆင်ခြင်၏။ နှလုံးသွင်း၏။ တစ်လောကလုံး အတိဒုက္ခ ဖြစ်သည်ကိုလည်း ဉာဏ်ဖြင့် ဆင်ခြင်၏။ နှလုံးသွင်း ၏။ လောကသဘာဝ အားလုံး အနတ္တဖြစ်သည်ကိုလည်း ဉာဏ်ဖြင့် ဆင်ခြင်၏။ နှလုံးသွင်း၏။
မြင့်မြတ်သော သူများသည် ဒါနကို ပြုရာတွင် မြင့်မြတ်သော ဒါနမျိုးဖြစ်အောင်, အဘက်ဘက်မှ ပြည့်စုံအောင် ဤသို့ ဖန်တီးကြပါ၏။ အတုယူဖွယ်ကောင်းလေစွ။
ဖိုးဉာဏ်(လောကနတ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment