Friday, 20 December 2019
အတိတ်ကံနှင့် ပစ္စုပ္ပန်ကံ ( ဥက္ကလာမြင့်သန်းအောင်)
ကံဆိုသည်မှာ ကမ္မ ဟူသော ပါဠိမှဖြစ်လာသော ဝေါဟာရ ဖြစ် သည်။
(ကမ္မ = ကမ် = ကံ) အလုပ် ဟု အဓိပ္ပာယ်ရသည်။ ထိုအလုပ် သည် ကိုယ်ဖြင့်လုပ်သည့်အလုပ် (ကာယကံ)၊ နှုတ်ဖြင့် ပြောသည့် အလုပ်(ဝစီကံ)၊ စိတ်ဖြင့် ကြံစည် သည့်အလုပ်(မနောကံ) ဟူ၍ သုံးမျိုး ရှိသည်။ ထိုအလုပ် သုံးမျိုးကိုပင် ကံဟု ခေါ်သည်။ ထိုကံများမှာ လှုံ့ဆော်သည့်အကြောင်းတရားမရှိ ဘဲ အလိုအလျောက် ဖြစ်ပေါ်လာကြသည် မဟုတ်။ စိတ်နှင့် အတူ အမြဲ ယှဉ်တွဲဖြစ်ပေါ်နေသည့် စေတနာ စေတသိက်တရား၏ လှုံ့ဆော်ပေးမှုကြောင့် ဖြစ်ပေါ်လာ ကြခြင်း ဖြစ်သည်။
စေတနာသည် ကောင်းသည် ဆိုးသည် အမျိုးမျိုးသော ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတို့ကိုပြုလုပ်ရာ၌ လိုရင်းပဓာန အချက်အချာကျသော အကြောင်းတရား ဖြစ်သည်။ မည်သည့် အလုပ်ကိစ္စမဆို စေတနာ မပါလျှင် မအောင်မြင်နိုင်။ စေတနာ ပါရှိမှသာ ထမြောက် အောင်မြင်နိုင်သည်။ ထိုသို့ ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှု ဟူသော ကံတရား မှန်သမျှ စေတနာရှိမှ ဖြစ်ပေါ်လာ ကြရသောကြောင့် -
. . .ရဟန်းတို့၊ စေတနာကို ကံ ဟူ၍ ငါဘုရား ဟောတော်မူ၏။ စေတနာက စေ့ဆော် တိုက်တွန်း သောကြောင့် ကိုယ်မှု၊ နှုတ်မှု၊စိတ် မှုတို့ကို ပြုရ၏-ဟု အင်္ဂုတ္တိုရ်ပါဠိတော်၌ ဘုရားရှင် ဟောတော်မူခြင်း ဖြစ်သည်။
အမှန်အားဖြင့် ကံဆိုသည်မှာ ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတို့ကိုပင် ခေါ်သည်။ သို့သော် ထိုကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုများသည် စေတနာကြောင့်သာ ထမြောက် အောင်မြင်ကြရ သောကြောင့် အကျိုးတရားများဖြစ်သော ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတို့၏ ကံဟူသောနာမည်ကိုအကြောင်းရင်း စေတနာပေါ်တင်စား၍ ဖလူပစာ အားဖြင့် အကြောင်းရင်း စေတနာ ကိုပင် ကံဟု ဘုရားရှင်ဟောတော်မူခြင်းဖြစ်သည်။ ထို့ကြောင့် စေတနာထက်လျှင် ကံထက်၏။ စေတနာညံ့လျှင် ကံညံ့ရလေ၏။စင်စစ်အားဖြင့် ကံဆိုသည်မှာ အကျိုးတရားများကို ဖြစ်ပွား ပေါ်ပေါက်လာစေနိုင်သော အကြောင်းတရားပင် ဖြစ်လေသည်။
လူ့လောက၌ ကံသည် အလွန် အရေးကြီးသည်။ ကံကိုအကြောင်း ပြု၍ အကိရိယဝါဒ ခေါ် ကံမဲ့ဝါဒ၊ အဟေတုကဝါဒ ခေါ် အကြောင်းမဲ့ ဝါဒ၊ နတ္ထိကဝါဒခေါ် အကျိုးမဲ့ဝါဒ၊ ဣဿရနိမ္မာနဝါဒ ခေါ် ဖန်ဆင်း ဝါဒ၊ ပုဗ္ဗေကတဟေတုဝါဒ ခေါ် အတိတ်ကံဝါဒ စသော အယူဝါဒ အမျိုးမျိုး ပေါ်ပေါက်လျက် ရှိလေသည်။
ကံနှင့် ကံ၏အကျိုးတရားတို့ ကို အြွကင်းမဲ့ယုံကြည်ရခြင်းသည် ဗုဒ္ဓဘာသာဝင် ဖြစ်ဖို့ရန် ပထမ ဆုံးအခြေခံအချက်ကြီး ဖြစ်သည်။ ကောင်းမှုကံ၊ မကောင်းမှုကံ ဟူသည် ရှိ၏။ ကောင်းမှုကံသည် ကောင်းကျိုးပေးသကဲ့သို့ မကောင်း မှုကံသည် မကောင်းကျိုးပေးသည် ဟု ယုံကြည်စိတ်ရှိမှသာလျှင် ဗုဒ္ဓ ဘာသာဝင် ဖြစ်နိုင်သည်။ ဤကဲ့ သို့ ကံနှင့်ကံ၏အကျိုးတို့ကို သိမြင် ယုံကြည်ခြင်းမှာ မှန်ကန်သောအယူ အမြင်ဖြစ်သည်ဟု ဘုရားရှင် ဟောကြားတော်မူ၏။
ပါဠိအားဖြင့် ကမ္မဿကတာ သမ္မာဒိဋ္ဌိဟုခေါ်သည်။ ကံသာလျှင် မိမိကိုယ်ပိုင်ဥစ္စာရှိသည်ဟုယူသော အယူမှန်ဟု အဓိပ္ပာယ်ရ၏။
မြတ်စွာဘုရားသည် သတ္တဝါ တို့တွင် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိသည့်အကြောင်းကို တောဒေယျ ပုဏ္ဏား၏သားဖြစ်သူ သုဘလုလင် အား -
လုလင် . .သတ္တဝါတို့သည် ကံသာ ကိုယ်ပိုင်ဥစ္စာရှိကြ၏။ ကံက ပေးသော အမွေကို ခံယူကြရ၏။ ကံသာလျှင် ဆင်းရဲကြောင်း ချမ်းသာ ကြောင်း ဖြစ်၏။ကံသာလျှင် ဆွေမျိုး ဖြစ်၏။ ကံသာလျှင် အားကိုး အားထား ကိုးကွယ်ရာရှိ၏။ ကံသာလျှင် သတ္တဝါတွေကိုအယုတ်အမြတ် ဖြစ်အောင် ဝေဖန် ဖန်တီးပေး၏။ဟု ဥပရိပဏ္ဏာသပါဠိတော် စူဠကမ္မ ဝိဘင်္ဂသုတ်၌ ဟောကြားထားပါသည်။
ဤဘုရားဟော တရားတော် တွင် ကံကပေးသော အမွေကို ခံ ယူကြရ၏။ ကံသာလျှင် အားထား ကိုးကွယ်ရာရှိ၏ ဟူသော အချက် နှစ်ချက်အရ ရှေးမြန်မာပညာရှင် ကြီးများက ကံကို အမိအဖတို့နှင့် ခိုင်းနှိုင်းလျက် ကံသာအမိ ကံသာ အဖဟု ဆုံးမလမ်းညွှန်ခဲ့ခြင်း ဖြစ် လေသည်။ သားသမီး ဆိုသူများမှာ မိဘတို့ပေးသော အမွေကို ခံယူကြရသူများ ဖြစ်၏။ မိဘနှစ်ပါးသာ အားထားကိုးကွယ်ရာ ရှိ၏။ ထို့အတူ သတ္တဝါတို့မှာလည်း ကံက ပေးသော အမွေကို ခံယူကြရ၍ ကံသာလျှင် အားထားကိုးကွယ်ရာ ရှိကြ၏။ဤသို့ အမွေခံအမွေပေးခြင်း စသည်တို့ တူညီကြသောကြောင့် သတ္တဝါများ နှင့် သားသမီး၊ ကံနှင့် မိဘနှစ်ပါး တို့ကို နှိုင်းတု၍ ဖော်ပြသောစကားပုံ ကို ဆိုခဲ့ကြခြင်းဖြစ်သည်။
ဗုဒ္ဓဘာသာဝင်တို့သည် မိမိ တို့ကို အမွေပေးမည့် ကံ၊ မိမိတို့ ကိုးကွယ် အားထားရမည့် ကံ၏ အကြောင်းတို့ကိုနားလည်ထားသင့်ကြလေသည်။ မိမိတို့ လက်ခံ ယုံကြည်ထားသည့်ပုဗ္ဗေကတဟေတု ဒိဋ္ဌိခေါ် အယူမှားသို့ ရောက်သွားနိုင် သောကြောင့်ဖြစ်၏။
သုဘလုလင်အား ဟောကြား ခဲ့သည့် ဘုရားရှင်၏ကမ္မဝါဒ၌ ကံ ဆိုသည်မှာ လွန်ခဲ့သောဘဝများက ပြုလုပ်ခဲ့သည့် အတိတ်ကံများနှင့် ယခု လက်ရှိဘဝ၌ ပြုလုပ်သော ပစ္စုပ္ပန်ကံ နှစ်မျိုးစလုံးပင် ဖြစ်၏။ ဤကံနှစ်မျိုးစလုံးကို အားကိုး ယုံကြည်မှသာ အယူမှန်သော ကမ္မဿကတာသမ္မာဒိဋ္ဌိ ဖြစ်နိုင် သည်။
အချို့သော ဗုဒ္ဓဘာသာဝင် ကမ္မဝါဒီပုဂ္ဂိုလ်တို့သည် အတိတ်ကံကို အလွန်အစွဲသန်ကြ၏။ မည်သို့ သောအကြောင်းကိစ္စမဆို အတိတ်ကံကိုချည်း ပုံချကြသည်။ လက်ရှိ ဘဝ၌ ချမ်းသာမှု၊ ဆင်းရဲမှု၊ ကျန်းမာမှု၊ ရောဂါထူမှု၊ ပညာရှိမှု၊ ပညာမဲ့မှု စသော ဖြစ်ပျက်သမျှ အားလုံးတို့သည် ရှေးဘဝက ပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်ကြသည်ဟု အယူရှိကြသည်။
ထိုသို့သောပုဂ္ဂိုလ်များကား ကံ နှင့်ပတ်သက်ရာ၌ တစ်ဘက်စွန်း ရောက်သောပုဂ္ဂိုလ်များဖြစ်သည်။ ပစ္စုပ္ပန်အကြောင်းကံကို လုံးဝပယ်ထား၍ အတိတ်ကံအကြောင်း တစ်ခုကိုသာ လက်ခံ ယုံကြည်သော ကြောင့် ပစ္စုပ္ပန်အကြောင်း တစ်ဘက်ကိုပယ်သော အယူဝါဒ (ဧကပက္ခဟိနဝါဒ) ရှိသူများ ဖြစ်၏။ ထို အယူဝါဒရှိသူများသည် ဒိဋ္ဌိကြီး သုံးမျိုးတွင် ပုဗ္ဗေကတဟေတုဒိဋ္ဌိ ခေါ် မိစ္ဆာဒိဋ္ဌိများဖြစ်ကြောင်းကို တိကအင်္ဂုတ္တိုရ်ပါဠိတော်၊ တိတ္ထာ ယတနသုတ်၌ မြတ်စွာဘုရား ဟောကြားတော်မူပေသည်။ ပုဗ္ဗေ ကတဟေတုဒိဋ္ဌိ ဆိုသည်မှာ နိဂဏ္ဌတက္ကတွန်းတို့ကဲ့သို့ ဖြစ်ဖြစ်သမျှ ပြုပြုသမျှ ရှေးအတိတ်ကံကြောင့် ချည်း ဖြစ်သည်ဟု မှားယွင်းစွာယူမှု မျိုးဖြစ်သည်။
ပုဗ္ဗေ = ရှေးအတိတ်ဘဝများက
ကတ = ပြုခဲ့သော
ဟေတု= ကံ ဟူသောအကြောင်းကြောင့်ချည်းဖြစ်သည့်
ဒိဋ္ဌိ = အယူအမြင်
ပုဗ္ဗေကတဟေတုဒိဋ္ဌိ ဖြစ်သူသည် ရှေးကံက တိုက်တွန်းသော ကြောင့် သတ္တဝါတို့သည် သူတစ်ပါး အသက်ကို သတ်ကြရ၏။ သူတစ်ပါး ဥစ္စာကို ခိုးယူကြရ၏။ မမြတ်သော မေထုန်အကျင့်ကို ကျင့်ကြရ၏။လိမ်လည်ပြောဆိုကြရ၏။ကြမ်းတမ်း သော စကားကို ပြောဆိုကြရ၏။ အကျိုးမရှိ ပေါ့ပျက်သော စကားသာ ပြောဆိုကြရ၏။ သူတစ်ပါး စည်းစိမ်ကို မတရား ကြံစည်ကြရ၏။ညှဉ်းဆဲလိုသောစိတ် ရှိကြရ၏။ လွဲမှားသော အတ္တကို ယူကြရ၏ဟုတစ်ဘက်စွန်း ရောက်သော အယူကို ယူ၏။
ထိုသို့ယူဆသဖြင့် ပုဗ္ဗေကတ ဟေတုဒိဋ္ဌိအယူရှိသူများအဖို့ သူတော်ကောင်း ဖြစ်ကြောင်း၊ သူတော်ကောင်းတို့၏ တရားကို နာကြားခြင်း၊ အသင့်အတင့် နှလုံးသွင်းခြင်း၊ တရားအားလျော်စွာ ကျင့်ခြင်း စသည်တို့သည် အကျိုး မပွား အလကားတရားတို့သာ ဖြစ်သွားကြ၏။ အကြောင်းမှာ လူလိမ္မာ သူတော်ကောင်း ဖြစ်ခြင်း နှင့် လူမိုက် လူယုတ်မာ ဖြစ်ခြင်း တို့သည် ရှေးကပြုခဲ့သော ကံ အကြောင်းတရားများကြောင့်သာ ဖြစ်သည်။အခြား အကြောင်းတစ်ပါး မရှိဟု ယုံကြည်ထားသောကြောင့် ဖြစ်သည်။
ထို့ပြင် ပုဗ္ဗေကတဟေတုဒိဋ္ဌိဝါဒ ကို အမြတ်တနိုး အားကိုး ယုံကြည်သော သူတို့အား ပြုသင့် ပြုထိုက် သည့် ကောင်းမှုတို့ကို ပြုကျင့်ကြမည်။ မပြုသင့် မပြုထိုက်သည့် မကောင်းမှုတို့ကို ရှောင်ကြဉ်ကြမည် ဟူသော စိတ်ကောင်းဆန္ဒ၊ ဝီရိယတို့ မဖြစ်နိုင်ကြတော့ပေ။အဘယ်ကြောင့် ဆိုသော် ပြုထိုက်သည်ကိုပြုခြင်း၊ မပြုထိုက်သည်ကို ရှောင်ရှားခြင်း တို့မှာ စိတ်ကောင်း ဆန္ဒ, ဝီရိယ တို့ကြောင့် ဖြစ်သည် မဟုတ်။ရှေး အတိတ်ကံကြောင့်သာ ဖြစ်သည်ဟု ယုံကြည်ထားသောကြောင့် ဖြစ်သည်။
ဤသို့ ပုဗ္ဗေကတဟေတုအတ္တ ဝါဒ ရှိသူတို့သည် ပစ္စုပ္ပန်ကံကို လုံးဝမျက်ကွယ်ပြုထားသဖြင့် မျက်မှောက်၌ ကောင်းမှုကိစ္စများကို ဆောင်ရွက်လိုစိတ်နှင့် ဆောင်ရွက်မှုများမရှိသကဲ့သို့ မကောင်းသော ဒုစရိုက်များကို ရှောင်ရှားလိုစိတ်နှင့် ရှောင်ရှားမှုတို့မရှိတော့ဘဲ ဖြစ်မှု ပျက်မှု၊ ကောင်းမှုဆိုးမှုအားလုံးတို့မှာ အတိတ်ကံလက်ချက်ချည်းသာ ဟု အတိတ်ကံကိုချည်း ပုံချနေကြသဖြင့် တစ်ဘက်စွန်းရောက်၍ မှားသောအတ္တဝါဒဖြစ်သည်ဟု ဘုရားရှင် ဟောတော်မူထားလေသည်။
အတိတ်ကံကိုသာ ယုံကြည်၍ ပစ္စုပ္ပန်ကံများကို လုံးဝမျက်ကွယ်ပြုထားမည်ဆိုလျှင် ထိုပုဂ္ဂိုလ်သည် လူ့လောက၌ ကြာရှည်စွာရပ်တည် နိုင်မည် မဟုတ်ပေ။ အယုတ်ဆုံး အားဖြင့် ထမင်းစားနေစဉ်အခါ၌ပင် ထမင်းလုတ်ကို လက်ဖြင့် ယူ၍ ခံတွင်းသို့ထည့်ခြင်း အလုပ်ကို လည်း ပစ္စုပ္ပန်ကံဟု ဆိုရသည်။ သွားမှု၊ ရပ်မှု၊ ထိုင်မှု၊ လျောင်းမှု ဟူသော ဣရိယာပုထ် အလုပ်ကြီး သော်လည်း ပစ္စုပ္ပန်ကံ ဖြစ်သည်။ ဣရိယာပုထ်လေးပါးတို့ကို ပြောင်းလဲ လုပ်ကိုင်သဖြင့် ရရှိသော ကျန်းမာခြင်း စသည့်အကျိုးများကိုလည်း ပစ္စုပ္ပန်ကံ၏အကျိုးဟုဆိုရ၏ ဟု လယ်တီဆရာတော်ဘုရားကြီး မိန့်ကြားထား၏။
အမှန်စင်စစ် လောက၌ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ ချမ်းသာမှု၊ ဆင်းရဲမှု၊ ကျန်းမာမှု၊ ရောဂါရမှု- စသော ကောင်းကျိုး ဆိုးပြစ်များ သည် အတိတ်ဘဝက ပြုလုပ်ခဲ့သည့် အတိတ်ကံသက်သက်ချည်း မဟုတ်၊မျက်မှောက်ဘဝတွင် ဉာဏ် ဦးဆောင်သည့် ကြိုးစားအားထုတ်မှု ဝီရိယကြောင့် ဖြစ်ပေါ်လာသော ပစ္စုပ္ပန်ကံသည်လည်း အရေးပါသော အကြောင်းအရာတစ်ခု ဖြစ်သည်။
ပုဗ္ဗ ပုညံ၊ ကောင်းမှုကံလျှင်၊ အခံရှိထ၊ ရှေးကမ္မထက်၊ လုံ့လ ပညာ၊ နှစ်ဖြာပင့်ထောက်၊ သမ္မာလှောက်၍၊ မီးတောက်လေကူ၊ ဟူ၏ ပမာ၊ များမကြာခင်၊ ပညာဥစ္စာ၊ ကြီးပွားရာ၏-ဟူသော မန်လည် ဆရာတော်ဘုရားကြီး၏လမ်းညွှန် ချက်အတိုင်း ရှေးအတိတ်ကံကို မီး တောက် လေကူသည့်သဘောဖြင့် ပစ္စုပ္ပန်ကံက ကူညီမှ အကျိုးတရား ဖြစ်ပွားပေါ်ပေါက်နိုင်ပေ၏။ ပဝတ္တိ အခါ၌ အတိတ်ကံများမှာ ပစ္စုပ္ပန် ကံ၏အကူအညီ မရပါက အနည်း ငယ်မျှလောက်သာ အကျိုးပေးနိုင် ၏။များသောအားဖြင့် လုံးဝအကျိုး မပေးနိုင်တတ်ကြချေ။
ဤအကြောင်းနှင့် ပတ်သက် ၍ မဟာဇနကမင်းသားဇာတ်သည် ထင်ရှားသောသာဓက ဖြစ်သည်။ အလောင်းတော် မဟာဇနက မင်းသားသည် ပင်လယ်သမုဒ္ဒရာ၌ သင်္ဘောပျက်၍ အသက်ဘေးနှင့် ကြုံတွေ့ခဲ့ရ၏။ သို့သော် ခုနစ်ရက် ပတ်လုံး မလျှော့သောလုံ့လဝီရိယ ဖြင့် ကြိုးစားကူးခတ်ခဲ့ရာ မေခလာ နတ်သမီး ကယ်သဖြင့် အသက် ဘေးမှ လွတ်မြောက်ခဲ့သည့်အပြင် မူလ ရည်မှန်းချက်အတိုင်း မင်း အဖြစ်ကိုပင် ရရှိခဲ့သည်။
အလောင်းတော် ဇနကနှင့် အတူပါလာသောသင်္ဘောသားများ ကား ဉာဏ်၊ ဝီရိယတို့ဖြင့် ပစ္စုပ္ပန် ကံကို မပြုကြသဖြင့် သမုဒ္ဒရာရေ တွင်နစ်လျက် သေပွဲဝင်ကြရသည်။ ဤဇာတ်ဝတ္ထု၌ အလောင်းတော် မဟာဇနကမင်းသည် အတိတ်ကံကိုချည်း အားကိုးအားထားပြုခဲ့ပါမူ အခြားသင်္ဘောသားများနည်းတူ ပင်လယ်သမုဒ္ဒရာရေအလျဉ်ကြော ဝယ် နစ်မျော သေဆုံးဖွယ်ရာ ရှိ ၏။ ဉာဏ်၊ ဝီရိယတို့ဖြင့် ပစ္စုပ္ပန်ကံ ကူညီ၍သာ အသက်ဘေးမှလွတ် မြောက်လာရခြင်း ဖြစ်သည်။ ထီးနန်းအုပ်ချုပ် မင်းလုပ်ရခြင်းသည်ကား အတိတ်ကံ၏ကိစ္စဖြစ်သည်။
ပစ္စုပ္ပန်ကံ၏အကူအညီ မပါဘဲ အတိတ်ကံသက်သက်ကြောင့် ဖြစ်ပေါ်ရသော အကျိုးတရားများကား အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံတို့၌ ပဋိသန္ဓေလေးမျိုးတို့ တွင် တစ်မျိုးမျိုးဖြင့် ပဋိသန္ဓေနေ၍ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်၊ ငရဲသားများနှင့် လူ၊ နတ်၊ဗြဟ္မာ သတ္တဝါများ အသီးသီး ဖြစ်လာရ ခြင်းသည်လည်းကောင်း၊ ထိုသို့ဖြစ် ကြရာ၌လည်း မြင့်မြတ်သောအမျိုး ၌ ဖြစ်ခြင်း၊ ယုတ်ညံ့သောအမျိုး၌ ဖြစ်ခြင်းများသည် လည်းကောင်း၊ ပဋိသန္ဓေတည်နေချိန်မှစ၍ မျက်စိ၊ နား၊ နှာခေါင်း စသည်တို့၏ ပြည့်စုံမှု၊ ချွတ်ယွင်းမှုတို့သည် လည်းကောင်း၊ ပဋိသန္ဓေပညာ၏ ပြည့်စုံမှု၊ ချွတ်ယွင်းမှုတို့သည် လည်းကောင်း၊ ကြွင်းသော အင်္ဂါကြီးငယ်၊ တင့်တယ်သော ရုပ် လက္ခဏာတို့နှင့် ပြည့်စုံမှု၊ မပြည့်စုံမှု စသည်တို့သည် လည်းကောင်း၊ အတိတ်ဘဝက ပြုလုပ်ခဲ့သော ကောင်းမှုကံ မကောင်းမှုကံတို့ကြောင့် ဖြစ်ပေါ်လာသော အကျိုး တရားများသာ ဖြစ်သည်။
ထို့အပြင် ဇောတိက၊ ဇဋိလ၊ မေဏ္ဍက စသောသူဌေးတို့မှာ မြေကြီးမှ ပတ္တမြားပြာသာဒ်ထွက်ပေါ် ခြင်း၊ အတောင်ရှစ်ဆယ် ရှိသော ရွှေတောင်ပေါက်ခြင်း၊ ရတနာခုနစ်ပါးဖြင့်ပြီးသော ဆိတ်ရုပ်ကြီး ပေါ် လာခြင်းတို့သည် လည်းကောင်း၊ လောသကတိဿမထေရ်အား ပရိနိဗ္ဗာန်စံသည်အထိ ဆွမ်းဝအောင် ဘုဉ်းမပေးရခြင်း၊ အရှင်မဟာမောဂ္ဂလာန်မထေရ်အား ခိုးသား ငါးရာ သတ်၍ ပရိနိဗ္ဗာန်စံရခြင်း စသော ဝဋ်ကြွေးတို့သည် လည်းကောင်း ရှေးအတိတ်ကံ သက်သက်ကြောင့်ဖြစ်သော အကျိုးများ ဖြစ်သည်။
သတ္တဝါ တစ်ဦးတစ်ယောက် ပဋိသန္ဓေနေခိုက်မှာ မိဘတို့ ပိုင်ဆိုင် သော လယ်၊ ယာ၊ မြေ၊ ရွှေ၊ ငွေ၊ ရတနာ စသော ပစ္စည်းတို့ကို အမွေစားအမွေခံအဖြစ်ရရှိနိုင်ခြင်းသည်လည်း အတိတ်ကံက ပေးသောအကျိုးပင် ဖြစ်၏။ ပစ္စုပ္ပန်ကံ နှင့် တစ်စုံတစ်ရာမျှ မသက်ဆိုင်ချေ။ အချုပ်အားဖြင့် ပဋိသန္ဓေနေသည်နှင့် တစ်ပြိုင်နက် ထိုက်သင့်သမျှ ရရှိခံစားရသော အကျိုး ဟူသမျှကို အတိတ်ကံ၏အကျိုး ဟု မှတ်ယူရမည်။
သို့ရာတွင် လက်ရှိဘဝ၌ စီးပွား ဥစ္စာအဖြာဖြာနှင့် ပြည့်စုံခြင်း၊ ပညာတတ်မြောက်ခြင်း၊ အသက် ရှည်ခြင်း၊ အနာရောဂါကင်းခြင်း -စသော အကျိုးတရားများ ဖြစ်လာရခြင်းသည် အတိတ်ကံသက်သက် မဟုတ်ချေ။ လယ်ယာ ထွန်ယက် စိုက်ပျိုးခြင်း၊ တိရစ္ဆာန်များမွေးမြူ ခြင်း၊ ကုန်စည်ရောင်းဝယ်ဖောက်ကားခြင်း၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာ ရပ်များကို သင်ကြားခြင်း၊ ကိုယ် လက်လှုပ်ရှား ပြုလုပ်ခြင်း၊ မိမိနှင့် သင့်လျော်မည့် အစားအစာများကို သာမှီဝဲခြင်း၊စားသည့်အခါ၌လည်း အတိုင်းအရှည်ကြည့်၍ စားခြင်း၊ သင့်လျော်သည့် ဓာတ်စာဆေးဝါးများကိုစားခြင်း၊ ဣရိယာပုထ် မျှတအောင် နေထိုင်ခြင်း - စသော ပစ္စုပ္ပန်ကံ၏အထောက်အကူပြုမှု ကြောင့် ထိုအကျိုးတရားများ ဖြစ်ပွားလာရခြင်း ဖြစ်သည်။
ထို့အတူ လက်ရှိဘဝ၌ ပျက်စီး ဆုတ်ယုတ်မှု အမျိုးမျိုးတို့ ဖြစ်ပေါ်လာခြင်းသည်လည်း ပစ္စုပ္ပန် အကုသိုလ်ကံ၏အကူအညီရသောကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်၏။ အတိတ်ကံကို ယုံကြည်ပြီး မီးပုံထဲသို့ ခုန်ဆင်းလျှင် မီးလောင်ခံရမည်။ ကျားပေါသည့်တောထဲသို့သွားလျှင် လည်း ကျားဆွဲခံရမည်သာ ဖြစ်၏။
ထို့ကြောင့် -
ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊ဟောပြ သည်မှာ၊ အရင်းသာရှင့်၊
ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခ ပွားရန်၊ ဤလူ့ထံ၌၊
Óာဏ်ဝီရိယ၊ ပယောဂတည့်၊ ကာလဒေသ၊ ပုဂ္ဂလကို၊
နှိုင်းဆအပ်တုံ၊ ကံကိုယုံ၍၊ မီးပုံ အတွင်း၊ မဆင်းထိုက်စွာ၊ ကျားရဲရာလည်း၊ ကြမ္မာအကြောင်း၊ မရိုး ကောင်းရှင့်၊
သူဟောင်းရှေးက၊ ဆိုကုန်ကြ၏။
လုံ့လမထူ၊ ဉာဏ်မကူဘဲ၊ အယူတချောင်း၊ ကံတကြောင်းမျှ၊ မကောင်းလည်းကံ၊ ကောင်းလည်း ကံဟု၊
ကံကိုချည်းသာ၊ မကိုးရာဘူး၊ ပညာဉာဏ်ဖြင့်၊ သင့်မသင့်ကို၊
အခွင့်ရှု၍၊ အပြုလုံ့လ၊ ရှိအပ်စွတည်း။ ဟု မန်လည်ဆရာတော် ဘုရားကြီးက ဆုံးမတော်မူခဲ့ခြင်း ဖြစ်သည်။
ဤသို့ ကံ ဟူသော အရာ၌ အတိတ်ကံ တစ်မျိုးတည်းကိုသာ မယူဘဲ၊ အတိတ်ကံ၊ပစ္စုပ္ပန်ကံ နှစ်မျိုးလုံးကို ယူခြင်းသည်သာ ဗုဒ္ဓ ရှင်တော်မြတ်ဘုရား၏ကမ္မဝါဒဖြစ် သည်။
ထို့ကြောင့် ဗုဒ္ဓဘာသာ ကမ္မဝါဒီတို့သည် လက်ရှိဘဝ၌အတိတ် ပစ္စုပ္ပန် နှစ်တန်သော ကံကို အားကိုး ယုံကြည်မှသာ မဇ္ဈိမ ပဋိပဒါ လမ်းဖြောင့် လမ်းမှန်သို့ရောက်၍ သမ္မာဒိဋ္ဌိအယူရှိသော ဗုဒ္ဓဘာသာ လူမျိုးအစစ် ဖြစ်နိုင်ကြပေမည်။ ထိုသို့မဟုတ်ဘဲ ဖြစ်ဖြစ်သမျှ ပြုပြု သမျှမှာ ရှေးဘဝကပြုခဲ့သည့် ကံကြောင့်သာဟု ယူဆခဲ့ပါလျှင် နိဂဏ္ဌတက္ကတွန်းတို့ယူသော ပုဗ္ဗေကတဟေတုဒိဋ္ဌိသို့ ဝင်ရောက်သွားမည်ကို သတိပြုစရာ ကောင်းလှသည်။
အတိတ်က ပြုခဲ့သည့် ကံများ မှာ ကောင်းသည်ဖြစ်စေ၊မကောင်း သည်ဖြစ်စေ၊ အတိတ်ကံအတွက် ဆောင်ရွက်ဖွယ် စိုးစိမျှမရှိတော့ပြီ ဖြစ်၍ အတိတ်ကံကို ပဓာန မပြု၊ လျစ်လျူရှုထားပြီး ယခုလက်ရှိဘဝ၌ ပြုလုပ်၍ရနိုင်သော ပစ္စုပ္ပန်ကံ ကောင်းရန်အတွက်သာ ဉာဏ်နှင့် ယှဉ်၍ကြိုးစားအားထုတ်ကြရမည် ဖြစ်သတည်း။
ဥက္ကလာမြင့်သန်းအောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment