ရေ၏ ပင်ကိုသဘောသည် ဖြူစင်၏။ သန့်ရှင်း ၏။ ထိုရေအတွင်းသို့ နို့ဆီနို့မှုန့်များ ထည့်လိုက်သော အခါ နို့ရေဖြစ်သွားသည်။ သောက်သုံးသူကို ခွန်အား ဖြစ်စေ၏။ နို့ဆီနို့မှုန့် များလျှင် များသလောက် ခွန်အားကို ဖြစ်စေနိုင်ပေသည်။ တစ်ဖန် ထိုရေအတွင်း သို့ နို့ဆီနို့မှုန့် မထည့်ဘဲ အဆိပ်ဆီ အဆိပ်မှုန့်များ ထည့်လိုက်သောအခါ အဆိပ်ရေဖြစ်သွား၏။ သောက် သုံးမိသူကို ဒုက္ခရောက်စေသည်။ အဆိပ်ဆီ အဆိပ် မှုန့်များလျှင် များသလောက် ဒုက္ခဆိုးကျိုးများရရှိစေ ပြီး နောက်ဆုံး အသက်ပင် ဆုံးရှုံးစေနိုင်၏။
ဤဥပမာကဲ့သို့ပင် . . .ဆန်းကြယ်သောအရာဟု အဓိပ္ပာယ်ရသော စိတ်သည် ပင်ကိုသဘောအားဖြင့် ဖြူစင်သန့်ရှင်း၏။ ရေနှင့်တူသော ထိုစိတ်၏အတွင်းသို့ နို့ဆီ နို့မှုန့်နှင့် တူသော အလောဘ အဒေါသ အမောဟ စသော ကုသိုလ်စေတသိက်များ ရော ထည့်လိုက်သောအခါ အလောဘစိတ် အဒေါသစိတ် အမောဟစိတ် စသော ကုသိုလ်စိတ်များ ဖြစ်သွား၏။ ထိုစိတ်တို့ကို လက်ခံမွေးမြူသူတို့သည် လူ နတ် နိဗ္ဗာန် သုံးတန်သောချမ်းသာကို ရရှိ၏။ ထိုစိတ်တွေ အားကောင်းလျှင် အားကောင်းသလောက် ကုသိုလ်တွေ များများရစေသည်။ နိဗ္ဗာန်ကို မြန်မြန်ရောက်စေသည်။ ဤစိတ်ကိုပင် အထက်တန်းစားစိတ်ဟုခေါ်၏။
ရေနှင့်တူသော ထိုစိတ်၏အတွင်းသို့ အဆိပ်ဆီ အဆိပ်မှုန့်နှင့်တူသော လောဘ, ဒေါသ, မောဟ, မာန စသော အကုသိုလ်စေတသိက်များ ရောထည့် လိုက်သောအခါ လောဘစိတ်, ဒေါသစိတ်, မောဟစိတ်, မာနစိတ်စသော အကုသိုလ်စိတ်များ ဖြစ်သွား သည်။ ထိုစိတ်တို့ကို လက်ခံမွေးမြူသူတို့သည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသော အပါယ်လေးပါးသို့ ကျရောက်ရသည်။ ဆင်းရဲဒုက္ခမျိုးစုံ ခံစားကြရသည်။ ထိုစိတ်တွေ အားကောင်းလျှင် အားကောင်းသလောက် အကုသိုလ်တွေ များများဖြစ်စေသည်။ အဝီစိကို မြန်မြန်ရောက်စေသည်။ ဤစိတ်ကိုပင် အောက်တန်းစား စိတ်ဟုခေါ်၏။
အထက်တန်းစားစိတ်ကို လက်ခံမွေးမြူသူသည် ပညာရှိသူတော်ကောင်း ဖြစ်၍ အောက်တန်းစားစိတ် ကို လက်ခံမွေးမြူသူကား ပညာမဲ့ မသူတော် ဖြစ်၏။ ရေနှင့်မီးကို အတူပေါင်းစည်းပြီးထား၍ မရသကဲ့သို့ သူတော်ကောင်းနှင့် မသူတော်သည်လည်း ဘယ်လိုမှ ပေါင်းစည်း၍ မရပေ။ ဆန့်ကျင်ဘက်ပြေးနေသော မြားနှစ်စင်းသည် ကြာလေ ဝေးလေ ဝေးသကဲ့သို့ သူတော်ကောင်းနှင့် မသူတော်သည်လည်း ကြာလေ ဝေးလေ ဝေးသွားကြတော့သည်။
ကောင်းကင်နှင့် မြေကြီး၊ နေထွက်ရာအရပ်နှင့် နေဝင်ရာအရပ်၊ သမုဒ္ဒရာဤဘက်ကမ်းနှင့် ဟိုဘက်ကမ်း။ဤအရာတွေဝေးကွာတာထက် သူတော်ကောင်း တရားနှင့် မသူတော်တရား(တစ်နည်း)အထက်တန်း စားစိတ်နှင့်အောက်တန်းစားစိတ်တို့ ဝေးကွာခြင်းက ပို၍ သာလွန်ပေသည်။ မြင်သာအောင် ပုံစံပြရသော် နိဗ္ဗာန်ရောက်သွားသော ဗုဒ္ဓဘုရားရှင်နှင့် အဝီစိကျသွားသော ဒေဝဒတ်တို့ကို ကြည့်၍သိနိုင်ပေသည်။
ဗုဒ္ဓသည် ပါရမီဖြည့်ကျင့်သည့်ကာလတစ်လျှောက်လုံး အများ၊ သူတစ်ပါးအတွက် စွန့်လွှတ်၊ ပေးဆပ်၊ အနစ်နာခံရင်း အထက်တန်းစားစိတ်ကို မွေးမြူခဲ့၏။ ထိုစိတ်ဓာတ်ဖြင့် တစ်ဆင့်ထက် တစ်ဆင့် မြင့်တက်သွားပြီး နောက်ဆုံး ဘုရားဖြစ်တော်မူကာ အမြင့်ဆုံး အချမ်းသာဆုံး နိဗ္ဗာန်သို့ ရောက်သွားခဲ့သည်။
ဒေဝဒတ်သည်ကား ဖြစ်ရာဘဝတိုင်း မိမိအတွက် ရယူသိမ်းပိုက်၏။ ဘယ်သောအခါမှ အနာမခံ၊ အသာစံ ရခြင်းကိုသာ နှစ်သက်သည်။ ဤကား အောက်တန်းစား စိတ်ဓာတ်၏လက်ချက်ပင်တည်း။ ဤစိတ်ဓာတ်ကပင် ဒေဝဒတ်ကို မသူတော်ဘဝရောက်စေခဲ့သည်။ အဝီစိထိ ကျစေခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘုရားရှင်ကို အထက်တန်းစား စိတ်ဓာတ်ပိုင်ရှင်တို့၏ဖခင်ဟု ဆိုနိုင်သကဲ့သို့ ဒေဝဒတ်ကိုလည်း အောက်တန်းစား စိတ်ဓာတ် ပိုင်ရှင်တို့၏ ရှေ့သွားခေါင်းဆောင်ဟု ဆိုနိုင်ပေသည်။
ဆန့်ကျင်ဘက်ခြေလှမ်းများ
လူတို့သည် အာရုံလမ်းမကြီးပေါ်၌ ကံခြေလှမ်းဖြင့် လျှောက်ကြသူချင်း အတူတူ ဖြစ်သော်လည်း အချင်းချင်းမတူသောအချက်ကား ရှိ၏။ ယင်းအချက်ကား တူရူဖြစ်၏။
အချို့ကား ငါကောင်းစားရေးသို့ မျက်နှာမူ၍ လျှောက်ကြ၏။ အချို့ကား လောကကောင်းစားရေးသို့ မျက်နှာမူ၍လျှောက်ကြ၏။ လမ်းကတော့ ဒီလမ်း၊ ခြေလှမ်းများကလည်း ဒီခြေလှမ်းများပင်။ သို့ရာတွင် မျက်နှာမူရာ ဘက်ချင်းကား မတူပါချေ။
တစ်ဦးက တောင်ဘက်သို့မျက်နှာမူလျှင် အခြား တစ်ဦးက မြောက်ဘက်သို့ မျက်နှာမူသည့်သဖွယ်ဖြစ် ပေ၏ ဟူ၍ ဦးရွှေအောင်က ‘အမြင်များ ပြောင်းလဲခြင်း’စာအုပ်တွင် ရေးသားထား၏။
လူ့လောကတွင် တချို့က အသာစံခြင်း၌ ပျော်မွေ့၏။ တချို့က အနာခံခြင်း၌ ပျော်မွေ့၏။ တချို့ က ရယူခြင်း၌ ကျေနပ်၏။ တချို့က ပေးဆပ်ခြင်း၌ ကျေနပ်၏။ တချို့က လောကကို မိမိအတွက် အသုံးချ၏။ တချို့က မိမိကို လောကအတွက် အသုံးချ၏။ တချို့က ဘယ်သူသေသေ ငတေမာလျှင် ပြီးရောဟု သဘောထား၏။ တချို့က ငါသေလျှင် သေပါစေ၊ အများချမ်းသာလျှင် ပြီးရောဟု သဘောထား၏။
ထို့ကြောင့် လျှောက်လှမ်းပုံခြေလှမ်းချင်းတူသော်လည်း မျက်နှာမူရာ အရပ်မျက်နှာချင်း မတူဟု ဆိုခြင်း ဖြစ်၏။
ဗာရာဏသီပြည်မှ ကုဋေလေးဆယ် ကြွယ်ဝ ချမ်းသာသော စည်းစိမ်ရှိသူ သူဌေးသားလေးဦးတို့၏ အောက်တန်းစားစိတ်ဓာတ်ကို ရှုပါ။
တစ်နေ့ ထိုသူဌေးသား လေးဦးတို့သည် ငါတို့ ပိုင်ဆိုင်ထားတဲ့ စည်းစိမ်တွေကို ဘယ်လိုအသုံးချကြမလဲ တိုင်ပင်ကြသောအခါ ‘လှူဒါန်း ပေးကမ်းမယ်၊ လိုအပ်သည့်နေရာတွေမှာ ထောက်ပံ့ကူညီမယ်’ ဤ သို့ တစ်ဦးမှ မပြောဘဲ မူးရူးပျော်ပါး သောက်စားကြဖို့ ပြောဆိုကြ၏။ နောက်ဆုံးသူဌေးသားကား သူ တစ်ပါးသားမယားများကို ပစ္စည်းဥစ္စာပေး၍ ပျော်ပါး ကြအံ့ဟု တိုင်ပင်သည်ရှိသော် ထိုအဆိုကို အားလုံးက သဘောတူလက်ခံလိုက်ကြသည်။
ထိုအချိန်မှစ၍ သူတစ်ပါးတို့၏သမီးပျိုများ၊ လင်ရှိ မယားများကို ပစ္စည်းပေး၍ ပျော်ပါးကြတော့သည်။ ကိုယ် ပျော်ရလျှင် ပြီးရော၊ ပျော်ပါးခံရသူ မိသားစု ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ကြ။ ဒူးနှင့်မျက်ရည် သုတ်ရတာတွေ လာမပြောနှင့်။ အိမ်ထောင်ရေးပြိုကွဲ ဒုက္ခရောက်တာတွေ လာငိုမပြနှင့်။ သူတို့ စိတ်မဝင်စား။ သူတို့ တကယ် စိတ်ဝင်စားသည်ကား ပျော်ဖို့ပါးဖို့။ ဤ စိတ်ဓာတ်ကိုမှ အောက်တန်းစားစိတ်ဟု မပြောလျှင် အဘယ်စိတ်ဓာတ်ကို ပြောဦးမည်နည်း။
အောက်တန်းစား စိတ်သည် အောက်တန်းကျ သောအကျိုးကိုပေး၏။ အနှစ်နှစ်သောင်းတိုင်တိုင် သူ တစ်ပါးသားမယားများနှင့်ပျော်ပါးနေခဲ့သော သူဌေး သားလေးဦးသည် ထိုဘဝမှစုတေသည်ရှိသော် မဟာ အဝီစိငရဲကြီး၌ ဘုရားနှစ်ဆူတို့၏တစ်ခုသောအကြား ကာလပတ်လုံး ခံကြရသည်။ ထိုအဝီစိငရဲမှလွတ်လာ ပြန်သော် မကောင်းမှုကြွံကင်း၏အစွမ်းဖြင့် လောဟ ကုမ္ဘီငရဲအိုး၌ အနှစ်သုံးသောင်းကြာမှ အိုး၏အောက် အပြင်သို့ ရောက်၏။ အနှစ်သုံးသောင်းကြာမှ ငရဲအိုး၏ အထက်မျက်နှာပြင်သို့ ရောက်၏။ ထိုမျက်နှာပြင်သို့ ရောက်သည့်အခါတိုင်း ဒု၊ သ၊ န၊ သော ဟူ၍ နောင်တကြီးစွာ တစ်ယောက်တစ်မျိုးစီ အော်ဟစ်နေကြတော့သည်။
အထက်တန်းစားစိတ်ဓာတ်ပိုင်ရှင်ကား မိမိတည်း ဟူသော အကြောင်းကြောင့် သူတစ်ပါးကို ဒုက္ခမဖြစ်စေချင်။ သူတစ်ပါးတွေ ဆင်းရဲဒုက္ခဖြစ်နေပြီဆိုလျှင်လည်း မိမိကိုယ်ကျိုးကိုစွန့်လွှတ်ဖို့ ဝန်မလေးတတ်ကြပေ။ နောက်ဆုံး မိမိ၏အသက်ကိုပင် စွန့်လွှတ်ရဲကြ၏။
ရွဲထွင်းသမားအိမ်သို့ နေ့စဉ် ဆွမ်းခြွံကသော တိဿမထေရ်၏အဖြစ်ကို ရှုပါလော့။
ထိုနေ့၌ ကောသလမင်းသည် တစ်ခုသော ပတ္တမြားရတနာကို ရွဲထွင်းသမားအိမ် ပို့စေ၍ ဤ ပတ္တမြားကို သွေး၍ ထွင်းပြီးလျှင် ပို့လိုက်ရမည်ဟု စေလွှတ်လိုက်၏။ ရွဲထွင်းသမားလည်း ဟင်းမျိုး အမဲသားကို စဉ်းခုတ်လှီးဖြတ်နေချိန်ဖြစ်သဖြင့် သွေးပေနေသော လက်ဖြင့်သာ ပတ္တမြားကိုယူ၍ ပခြုပ်၏ အထက်၌ တင်ထားပြီးလျှင် လက်ရေဆေးဖို့ အိမ်ထဲ ဝင်သွား၏။ ထိုအချိန် အိမ်တွင် မွေးစားထားသော ကြိုးကြာငှက်သည် သွေးအနံ့ကြောင့် ပတ္တမြားကို သားတစ်မှတ်၍ ကောက်မျိုလိုက်၏။ ဤအခြင်းအရာကို အိမ်သို့ရောက်နေသော တိဿမထေရ်က မြင်၏။
ရွဲထွင်းသမား ပြန်ထွက်လာ၍ ပတ္တမြားကို မမြင် လေသော် “ဘယ်သူယူသနည်း”ဟု မယားကို လည်းကောင်း၊ သားကိုလည်းကောင်း မေး၏။ အားလုံးက မယူကြကုန်ဟုဆို၏။ ထိုအခါ ရွဲထွင်းသမား ၏ သံသယက မထေရ်မြတ်အပေါ်ကျရောက်လာ၏။ မထေရ်ကို မေး၏။ မထေရ်မြတ်ကလည်း ငါမယူဆို၏။ သို့သော် ရွဲထွင်းသမားက မယုံကြည်။ မထေရ်မြတ်ကို အတင်းအကြပ် စွပ်စွဲလေတော့သည်။ ထို့နောက် စစ်မေး၍ မရသည့်အဆုံးတွင် ‘မထေရ်မြတ်ကို နှိပ်စက် ညှဉ်းပန်း၍ မေးအံ့’ဟု သူ၏ဇနီးဖြစ်သူ အတန်တန် တောင်းပန်သည့်ကြားမှ မထေရ်မြတ်၏ ဦးခေါင်းကို ကြိုးဖြင့် ရစ်ပတ်၍ ရိုက်နှက်လေသည်။
မထေရ်မြတ်၏ ဦးခေါင်းတော်မှလည်းကောင်း၊ နားရွက်တို့မှလည်းကောင်း သွေးများ ယိုစီးကျလာ၏။ မျက်စိတို့လည်း ပြုတ်ထွက်လုမတတ် ဖြစ်ကုန်၏။ ပြင်းစွာသော ဆင်းရဲဝေဒနာနှိပ်စက်လျက် မထေရ်မြတ် မြေသို့လဲကျသွား၏။ ဤမျှ ရိုက်နှက်နှိပ်စက်နေသော်လည်း မထေရ်မြတ်သည် ပတ္တမြားကို ကြိုးကြာ မျိုသည် ဟု လုံးဝ မပြောပေ။ အဘယ်ကြောင့်နည်း။ ဤသို့ပြောလျှင် ကြိုးကြာ အသတ်ခံရမည် စိုးသောကြောင့် ဖြစ်သည်။ တစ်နည်း မိမိတည်းဟူသော အကြောင်းကြောင့် သူတစ်ပါးကို ဒုက္ခမရောက်စေလိုသော အထက်တန်းစားစိတ်ဓာတ်ကြောင့်ဖြစ်သည်။
သို့သော် ကံဆိုးရှာသော ကြိုးကြာက သွေးအနံ့ ကြောင့် လဲကျနေသော မထေရ်မြတ်အနီး လာလတ် ၍ သွေးကို သောက်၏။ ထိုအခါ ဒေါသပေါက်ကွဲနေ ဆဲဖြစ်သော ရွဲထွင်းသမားက ကြိုးကြာငှက်ကို ခြေထောက်ဖြင့် အားကုန်ကန်ကျောက်ပစ်လေသည်။ ထို ဒဏ်ချက်ဖြင့် ကြိုးကြာငှက် သေ၍ ပက်လက်ဖြစ်နေလေသည်။ ထိုအခြင်းအရာကို မြင်ရသော မထေရ်မြတ်က -
“ဒါယကာ၊ ဦးခေါင်း၌ရစ်၍ချည်ထားသောကြိုးကို ငါ့အား ဖြည်ပေးပါ၊ ပြီးတော့ ကြိုးကြာငှက် သေသလော၊ မသေသလော ကြည့်ပေးပါ” ဟု ဆိုလေ၏။ ထိုအခါ ဒေါသပေါက်ကွဲဆဲ ရွဲထွင်းသမားက
“ကြိုးကြာ သေပြီ၊ အရှင်ဘုရားလည်း ဤကဲ့သို့ သေရလတ္တံ့”ဟု ကြိမ်းမောင်းလေ၏။
ထိုအခါကျမှ မထေရ်မြတ်က -
“ဒါယကာ၊ ဤကြိုးကြာငှက်သည် ပတ္တမြားကို မျို၏။ ထို့ကြောင့် ဤကြိုးကြာငှက်သည် အကယ်၍ မသေသည် ဖြစ်အံ့၊ ငါသည် သေသော်လည်း သင့်အား မပြော၊ ကြိုးကြာငှက်သေ၍သာ သင့်အား ပြော၏”ဟု ဆိုလိုက်ရာ ရွဲထွင်းသမားလည်း ကြိုးကြာ ငှက်သေကောင်၏ဝမ်းကို အလျင်စလို ဖောက်ခွဲကြည့် သည်ရှိသော် ပတ္တမြားကိုမြင်ရ၍ အံ့ဩထိတ်လန့်ခြင်း ဖြစ်ရလေတော့သည်။ မထေရ်၏ခြေရင်း၌ ဝပ်တွား ဆည်းကပ်လျက် -
“အရှင်ဘုရား၊ တပည့်တော်အား သည်းခံတော်မူပါ။ မသိခြင်းကြောင့် တပည့်တော် ပြုမိပါသည် ဘုရား”ဟု ဝမ်းနည်းစိုးရိမ်စွာ လျှောက်လေသည်။
ပညာမဲ့ မသူတော်သည် မိမိ၏ ကြီးမားသော အပြစ်ကို မမြင်၊ သူတစ်ပါး၏ အပြစ်သေးသေးငယ်ငယ် ကလေးတွေကို ရှာကြံ၍မြင်တတ်သည်။ ပညာရှိ သူတော်ကောင်းသည်ကား ကြီးမားသော သူတစ်ပါး ၏အပြစ်ကို မမြင်၊ မိမိ၏ အပြစ်သေးသေးငယ်ငယ် ကလေးတွေကိုသာ ရှာကြံ၍ မြင်ပြီး ပြုပြင်နေတတ်သည်။
ယခုလည်း ကြည့်ပါ။ တိဿမထေရ်သည် မိမိ အား ရိုက်နှက်ပုတ်ခတ်ခဲ့သော ရွဲထွင်းသမား၏အပြစ် ကို မမြင်။ ရိုက်နှက်ပုတ်ခတ်ခံရသော မိမိ၏အပြစ်ကိုသာ မြင်လေသည်။ ထို့ကြောင့် -
“ဒါယကာ၊ သင့်အား အပြစ်မရှိပါ။ အိမ်အတွင်း သို့ ဝင်သော ငါ့အားသာလျှင် ဤအပြစ်သည် ဖြစ်ရ ပေ၏။ ဤနေ့မှစ၍ ငါသည် သူတစ်ပါးအိမ်အမိုးတွင်း သို့ မဝင်တော့အံ့။ ဤနေ့မှစ၍ ခြေတို့ကို သယ်ပိုး နိုင်ကုန်သေးသည်ရှိသော် အိမ်တံခါး၌ ရပ်လျက်သာလျှင် ဆွမ်းကို ခံယူတော့အံ့”ဟု မိန့်တော်မူ၍ ပိဏ္ဍပါတ် ဓုတင် ဆောက်တည်လေသည်။ များမကြာမီ ထို ဒဏ်ချက်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူလေသည်။
ဤကဲ့သို့ သူတစ်ပါးအပေါ် အပြစ် မမြင်တတ် သောစိတ်၊ ကိုယ်ကျိုးစွန့် အနစ်နာခံတတ်သောစိတ်၊ စွန့်လွှတ်စွန့်စားရဲသော စိတ်များသည် အထက်တန်း စားစိတ်များပင် ဖြစ်ပေသည်။
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
မုဒိတာ(ရွှေစည်မြေ)
No comments:
Post a Comment