Sunday, 1 December 2019

ဇာတက


ဇာတက-ဇာတ်-ဟူသောစကားမှာ ဇာတက-ဟူသောပါဠိမှ ဆင်းသက်လာခြင်းဖြစ်ပြီး အဖြစ်တော် ဖြစ်စဉ်ဟူ၍ အဓိပ္ပါယ်ရှိသည်။ ပါဠိလို ဇာတက-မှာ မြန်မာလိုအားဖြင့် ဗုဒ္ဓ၏ ဘုရားလောင်းဘ၀ အဖြစ်တော်စဉ်များကို ဖော်ပြဟောကြားထားရာ ကျမ်းပင် ဖြစ်သည်။ သို့ရာတွင်-
၁။ တေမိယဇာတကသည် ဘုရားအလောင်းတော် တေမိမင်းသား၏ ဘဝအဖြစ်တော်စဉ်။
၂။ ဇနကဇာတကမှာ ဘုရားအလောင်းတော် ဇနက မင်းသား၏ ဘဝအဖြစ်တော်စဉ်။
၃။ သုဝဏ္ဏသာမဇာတကမှာ ဘုရားအလောင်းတော် သုဝဏ္ဏသာမ၏ ဘဝအဖြစ်တော်စဉ်။
၄။ နေမိယဇာတကမှာ ဘုရားအလောင်းတော် နေမိမင်း၏ ဘဝအဖြစ်တော်စဉ်။

၅။ မဟောသဓဇာတကမှာ ဘုရားအလောင်းတော် မဟောသဓာ၏ ဘဝအဖြစ်တော်စဉ်။
၆။ ဘူရိဒတ္တဇာတကမှာ ဘုရားအလာင်းတော် ဘူရိဒတ်နဂါးမင်း၏ ဘဝအဖြစ်တော်စဉ်။
ရ။ စန္ဒကုမာရဇာတကမှာ ဘုရားအလောင်းတော် စန္ဒကုမာရမင်းသား၏ ဘဝအဖြစ်တော်စဉ်။
၈။ နာရဒဇာတကမှာ ဘုရားအလောင်းတော် နာရဒ၏ ဘဝအဖြစ်တော်စဉ်။
၉။ ၀ိဓူရဇာတကမှာ ဘုရားအလောင်းတော် ၀ိဓူရသုခမိန်၏ ဘဝအဖြစ်တော်စဉ်။
၁၀။ ဝေဿန္တရဇာတကမှာ ဘုရားအလောင်းတော် ဝေဿန္တရာမင်းကြီး၏ ဘဝအဖြစ်တော်စဉ်အားဖြင့် ၁၀ပါးကိုပင်  ဇာတ်တော်ကြီးဆယ်ဘွဲ့ဟု ခေါ်ဆိုကြခြင်း  ဖြစ်သည်။


( နုမှာငါးရာ ရင့်မှာတစ်ကျိပ်-)
ဗုဒ္ဓဘာသာတို့တွင် နုမှာငါးရာ ရင့်မာတကျိပ်-ဟု ဆိုရိုးစကားတခုရှိသည်။ အဓိပ္ပါယ်မှာ ဘုရားအလောင်းတော်၏ ပါရမီတော်များ၊ ဖြည့်ကျင့်တော်မူနေစဉ် ပါရမီတော်နုစဉ်ဘ၀ အဖြစ်တော်စဉ်များနှင့် ဘုရားဖြစ်ခါနီး ပါရမီတော်များ ရင့်ကျက်ချိန် အဖြစ်တော်စဉ်ဘဝများကို မှတ်သားသိရှိကြစေရန် ဆိုရိုးစကားပြုခဲ့ကြခြင်း ဖြစ်သည်။
ဘုရားရှင်သည် ပါရမီတော်များ ပြည့်ကာ သဗ္ဗညုတရွှေဉာဏ်တော်ရပြီး ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူသောအခါ ဘုရားအလောင်းတော် ဘဝတုန်းက အဖြစ်တော်စဉ်များကို အကြောင်းအားလျော်စွာ တပည့်သာဝက စသည်တို့အား ပြန်လည်၍ ဟောကြားတော်မူခဲ့သည်။ ဘုရားရှင် ပြန်လည်ဟောဖော်ခဲ့သော အတိတ်အလောင်းလျာ ဘဝအဖြစ်တော်စဉ်များကို ဇာတက အမည်ဖြင့် ပိဋကတော်တွင် ကျမ်းတစောင်ရှိသည်။

( ဇာတ်တော်တို့` အရေအတွက် )
ဇာတကကျမ်း၌ ၀တ္ထုပေါင်း ၅၄၇-ပုဒ်၊ ကဏ္ဍပေါင်း ၁၁-ခုရှိသည်။
ပထမကဏ္ဍကို ဧကနိပါတ (ဧကနိပါတ်) ဟုခေါ်သည်။
ဂါထာတပုဒ်သာ ပါရှိသောကြောင့် ဧကနိပါတ ဟုခေါ်ခြင်း ဖြစ်သည်။
ဂါထာနှစ်ပုဒ်ပါသည်ကို ဒုကနိပါတ်၊ သုံးပုဒ်ပါသည်ကို တိကနိပါတ်၊ လေးပုဒ်ပါသည်ကို စတုက္ကနိပါတ်၊ ငါးပုဒ်ပါသည်ကို ပဥ္စကနိပါတ်၊ ခြောက်ပုဒ်ပါသည်ကို ဆက္ကနိပါတ်၊ စသည်ဖြင့် ဂါထာအရေအတွက်အလိုက် အမည်ပေးထားသည်။

အရေအတွက်အားဖြင့်
ဧကနိပါတ်တွင် ဇာတက (၀တ္ထု) ၁၅၀-ပါရှိသည်။
ဒုကနိပါတ်၌ ၁၀၀။
တိကနိပါတ်၌ ၅၀။
စတုက္ကနိပါတ်၌ ၅၀။
ပဥ္စကနိပါတ်၌ ၂၅။

ဆက္ကနိပါတ်၌ ၂၀။
သတ္တကနိပါတ်၌ ၂၁။
အဋ္ဌကနိပါတ်၌ ၁၀။
နဝကနိပါတ်၌ ၁၂။
ဒသကနိပါတ်၌ ၁၆။

ဧကာဒသကနိပါတ်၌ ၉။
ဒွါဒသကနိပါတ်၌ ၁၀။
တေရသကနိပါတ်၌ ၁၀။
ပကိဏ္ဏကနိပါတ်၌ ၁၃။
၀ီသတိနိပါတ်၌ ၁၄။
တိံသနိပါတ်၌ ၁၀။

စတ္တာလီသနိပါတ်၌ ၅။
ပဏ္ဏာသနိပါတ်၌ ၃။
သဋ္ဌိနိပါတ်၌ ၂။
သတ္တတိနိပါတ်၌ ၂။
အသီတိနိပါတ်၌ ၅။
မဟာနိပါတ်၌ ၁၀-ပါရှိသည်။
စုစုပေါင်း ဇာတက ၅၄ရ ဖြစ်သည်။

ထို ၅၄၇-ဘဝတွင် နုစဉ်ဘဝပေါင်း ၅၃၇-ဘဝနှင့် အရင့်အမာဘ၀ ၁၀-ဘ၀ ပါ၀င်သည်။ ဤသည်တို့ကိုပင် စုပေါင်းကာ မှတ်သားရ လွယ်ကူစေခြင်းငှာ နုမာငါးရာ ရင့်မှာတကျိပ်-ဟု ပြောစမှတ်ပြုခဲ့ကြခြင်း ဖြစ်သည်။ အမှန်အားဖြင့် ဇာတ်တော်ငါးရာ့ငါးဆယ် မပြည့်ဘဲ ၅၄၇-သာရှိသည်။ ထိုဇာတ်တော်များသည် မြန်မာမှုနယ်ပယ်၌ ဇာတ်တော် ၅၅၀-နှင့် ဇာတ်တော်ကြီး ၁၀-ဘွဲ့ဟု ထင်ရှားသည်။

တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ၀ိ၊ ေ၀ ဟု အစီအစဉ်အလိုက်ဖြစ်အောင် အတိုကောက်မှတ်သားကြလေ့ရှိသည်။
ဇာတ်တော်ဘွဲ့တို့၏ အမည်အပြည့်အစုံ  ရေးသားသူနှင့် ပြီးစီးခုနှစ်မှာ-
( ဇာတ်တော်အစဉ် )
၁။ (တေ) တေမိယဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ) ကောဇာ-၁၁၄၈-ခုနှစ်၊ တပို့တွဲလ၊

၂။ (ဇ) မဟာဇနကဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၇-ခုနှစ်၊ နယုန်လ၊

၃။ (သု) သုဝဏ္ဏသာမဇာတ် (ဦးပညာတိက္ခ) ကောဇာ-၁၁၈၈-ခုနှစ်၊ နယုန်လ၊

၄။ (နေ) နေမိဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၈-ခုနှစ်၊ ၀ါဆိုလ၊

၅။ (မ) မဟောသဓာဇာတ်(ပ၊ဒု) (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၆-ခုနှစ်၊ တန်ဆောင်မုန်းလ၊

၆။ (ဘူ) ဘူရိဒတ္တဇာတ် (ရှင်နန္ဒမေဓာ)ကောဇာ-၁၁၄၈-ခုနှစ်၊ နတ်တော်လ၊

ရ။ (စန်) စန္ဒကုမာရဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ ပြာသိုလ၊

၈။ (နာ) နာရဒဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ တပေါင်းလ၊

၉။ (၀ိ) ဝိဓူရဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ ၀ါခေါင်လ၊

၁၀။ (ဝေ) ဝေဿန္တရာဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ တပေါင်းလ၊


(ကျမ်းပြီးခုနစ် အစဉ်)
စန္ဒကုမာရဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ ပြာသိုလ၊
နာရဒဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ တပေါင်းလ၊
ဝိဓူရဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ ၀ါခေါင်လ၊
ဝေဿန္တရာဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ တပေါင်းလ၊
မဟောသဓာဇာတ်(ပ၊ဒု) (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၆-ခုနှစ်၊ တန်ဆောင်မုန်းလ၊
 မဟာဇနက္ကဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၇-ခုနှစ်၊ နယုန်လ၊
နေမိဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၈-ခုနှစ်၊ ၀ါဆိုလ၊
ဘူရိဒတ္တဇာတ် (ရှင်နန္ဒမေဓာ)ကောဇာ-၁၁၄၈-ခုနှစ်၊ နတ်တော်လ၊
တေမိယဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ) ကောဇာ-၁၁၄၈-ခုနှစ်၊ တပို့တွဲလ၊
သုဝဏ္ဏသာမဇာတ် (ဦးပညာတိက္ခ) ကောဇာ-၁၁၈၈-ခုနှစ်၊ နယုန်လ၊



တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ၀ိ၊ ဝေ-ဟူသော စကားကြီးဆယ်လုံးသည် ဗုဒ္ဓမြတ်စွာ၏ ဘဝဖြစ်စဉ် ဇာတ်တော်ဆယ်ဘွဲ့ကို ဖော်ပြသည့် အတိုကောက်များ ဖြစ်ကြသည်။

No comments:

Post a Comment