မြတ်စွာဘုရားရှင်လက်ထက်တုန်းက ဝေသာလီမြို့မှာ “သီဟာ”ဆိုတဲ့ အမျိုးကောင်းသမီးတစ်ဦး ရှိခဲ့ဖူးပါတယ်။ သီဟစစ်သူကြီးရဲ့ တူမပါ။ သီဟစစ်သူကြီးက ဒီတူမလေးကို တုန်နေအောင် ချစ်တဲ့အတွက် ဦးကြီးရဲ့ အသည်းလေးမို့ ဦးကြီးရဲ့ နာမည်အတိုင်း “သီဟာ”လို့ပဲ မှည့်ခေါ်ခဲ့ကြတာပါ။ မြန်မာလိုတော့ “မခြင်္သေ့”ပေါ့။ “ခြင်္သေ့မ”ပေါ့။
နာမည်နဲ့လိုက်အောင် ထက်မြက်တဲ့ မခြင်္သေ့ဟာ တစ်နေ့ ဦးကြီးတော်ရဲ့အိမ် ဆွမ်းကျွေးအလှူမှာ မြတ်စွာဘုရားဟောတဲ့တရားကို နာရပြီး သဒ္ဒါတရားတွေ ထက်သန်လာတဲ့အတွက် မိဘထံ ခွင့်ပန်ကာ ရဟန်းပြုလိုက်ပါတယ်။
ရဟန်းပြုပြီးတဲ့နောက် ၀ိပဿနာအလုပ်ကို ကြိုးကြိုးစားစား အားထုတ်ပေမယ့် သမာဓိ မရနိုင်ဘဲ စိတ်တွေပျံ့လွင့်နေခဲ့ပါတယ်။ ပြင်ပအာရုံအမျိုးမျိုးမှာ စိတ်တွေလျှောက်ပြေးပြီး ကိလေသာတွေ ဖြစ်နေတာပေါ့။ အထူးသဖြင့်တော့ ကာမရာဂရဲ့ နှိပ်စက်မှုဒဏ်ကို ခံနေရတာပါပဲ။
အရွယ်ရောက်ခါစ ၁၆နှစ် သမီးဘဝမှာ သာသနာ့ဘောင် ၀င်လာတာဆိုတော့ သဒ္ဒါတရားနဲ့ သံဝေဂဉာဏ် ဘယ်လောက်ပဲ အားကောင်းကောင်း၊ အရွယ်က သွေးသားတက်ကြွနေတဲ့ အရွယ်ဆိုတော့ ရာဂကိလေသာရဲ့ လှည့်စားမှုစက်ကွင်းက ဘယ်လွတ်ကင်းနိုင်ပါ့မလဲ။
“အရွယ်ကောင်းတုန်း လူပြန်ထွက်၊ ကာမဂုဏ်ခံစား၊ အသက်ကြီးမှ ရဟန်းပြန်ပြု၊ တရားအားထုတ်၊ အဲဒီလိုလုပ်ရင် ပိုကောင်းမယ် ထင်ပါရဲ့”
ဒီအတွေးက ပျိုရွယ်သူ ရဟန်း၊ ရဟန်းမတွေရဲ့ စိတ်အစဉ်ထဲ ၀င်ဝင်လာတတ်တဲ့ အတွေးပါ။ နေက္ခမ္မဓာတ်ခံက အားကောင်းနေတော့ တကယ်လူထွက်မယ်ဆိုပြန်တော့လည်း မထွက်ချင်တော့ပြန်ပါဘူး။
စိတ်အစဉ်ပေါ်လာသမျှ အာရုံတွေကို သုဘသညာ(အကောင်းထင်စိတ်)နဲ့ပဲ တုံ့ပြန်နေမိတဲ့အတွက် ရာဂကိလေသာတွေ ထကြွပြီး စိတ်အေးချမ်းခွင့် လုံးဝမရတဲ့ သီဟာထေရီမ နေ့နေ့ညည မစားနိုင် မအိပ်နိုင်နဲ့ ကြုံလှီပိန်ချုံးလာလိုက်တာ နဂိုက လှပတဲ့ရုပ်အဆင်းတွေပျောက်ပြီး ကမ္မဋ္ဌာန်းရုပ်ပေါက်လာပါတယ်။
ခုနစ်နှစ်လုံးလုံး ရာဂကိလေသာရဲ့ နှိပ်စက်မှုဒဏ်ကို မရှုမလှ ခံရလို့ စိတ်အဆင်းရဲကြီး ဆင်းရဲနေတဲ့ သီဟာထေရီမဟာ မခံစားနိုင်တော့တဲ့အဆုံး ကိစ္စတုံးစီစဉ်ဖို့ ကြိုးတစ်ချောင်းယူပြီး လူသူမနီးတဲ့ သစ်ပင်တစ်ပင်ပေါ် တက်လိုက်ပါတော့တယ်။
တရားအားထုတ်ပေမယ့် ဘာတရားမှ မရ၊ ကာမဂုဏ်ချမ်းသာလည်း ဆုံးရှုံး၊ တရားချမ်းသာလည်း လက်လွတ်၊ မဂ်ဖိုလ် မရရင် နေပါဦး၊ အနည်းဆုံး စိတ်အေးချမ်းမှုတော့ ရရမှာပေါ့။ အခုတော့ ရာဂကိလေသာနှိပ်စက်နေလို့ စိတ်အေးချမ်းမှုလေးတောင် မရဘူး။
တရားချမ်းသာ မခံစားရလို့ လူပြန်ထွက်မယ်ဆိုရင်လည်း ရှက်စရာကြီး၊ ဟင့်အင်း ..... လူပြန်ထွက်တာထက်စာရင် ကိုယ့်ကိုယ်ကို သတ်သေလိုက်တာကမှ ပိုကောင်းဦးမယ်၊ တော်ပြီ ....ငါ လူ့ဘဝကြီးထဲ မနေချင်တော့ဘူး၊ ကြိုးဆွဲချပြီး သတ်သေလိုက်တော့မယ်။
ကြိုးတစ်စကို သစ်ကိုင်းတစ်ခုမှာ ချည်၊ ကြိုးတစ်စကို ကွင်းလျှောလုပ်ပြီး လည်ပင်းမှာ စွပ်၊ သစ်ပင်ပေါ်က ခုန်ချဖို့ အလုပ်မှာပဲ အမြဲအားထုတ်နေကျ သတိပဋ္ဌာန်တရားက စိတ်အစဉ်မှာ ထင်ရှားလာပြီး ဖြစ်ပျက်မြင်တဲ့ ၀ိပဿနာဉာဏ်တွေ တရိပ်ရိပ် တက်လာပါတယ်။ ဉာဏ်ရင့်ချိန် ရောက်သွားတဲ့အတွက် ၀ိပဿနာဉာဏ်၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေ အဆင့်ဆင့်တက်သွားလိုက်တာ သစ်ပင်ပေါ်မှာတွင် ပဋိသမ္ဘိဒါဉာဏ်လေးပါးနှင့်တကွ ရဟန္တာဖြစ်သွားပါတယ်။ ရဟန္တာဖြစ်တယ်ဆိုရင်ပဲ သီဟာထေရီမရဲ့ လည်ပင်းက ကြိုးကွင်း အလိုလိုပြေလျှောကျသွားပါတော့တယ်။
(၂)
ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုက သီဟာထေရီမကို တရားထူးတရားမြတ်ရဖို့ တွန်းအားတစ်ခုဖြစ်သွားခဲ့ပါတယ်။ “ကံကောင်းလို့ သတ်သေချင်စိတ်ဖြစ်တာ”လို့ ပြောရတော့မှာပါပဲ။ ကြိုးဆွဲချပြီး သတ်သေဖို့သာ မကြိုးစားခဲ့ရင် အခုလို တရားထူးရချင်မှရမှာလေ။ တရားထူးရဖို့ ဇာတ်လမ်းဇာတ်ကွက် ဖန်တီးလာပုံက အင်မတန်ဆန်းကြယ်ပါတယ်။
ဒါကြောင့် ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ဖြစ်တိုင်း အဆိုးမဆိုလိုက်ပါနဲ့။ မကဲ့ရဲ့လိုက်ပါနဲ့။ “စိတ်ဓာတ်ပျော့ညံ့လိုက်တာ” လို့ အလွယ်တကူ အထင်မသေးလိုက်ပါနဲ့။ ကံကောင်းလို့ သတ်သေချင်စိတ်ဖြစ်တာ ဖြစ်ချင်ဖြစ်နေမှာလေ။ ကိုယ့်အတွက်၊ သို့မဟုတ် သူ့အတွက် ကံကောင်းခြင်းက သတ်သေချင်စိတ်နဲ့ အတူယှဉ်တွဲနေတာ ဖြစ်ချင်ဖြစ်မှာပေါ့။ တစ်ခါတစ်ရံ အဆိုးတွေဟာ ကောင်းဖို့ဖြစ်လာတာပါ။ တချို့အကောင်းတွေက အဆိုးတွေကို လမ်းခင်းပြီးမှ ရောက်လာတတ်ပါတယ်။
ပုဗ္ဗာစိဏ္ဍဝသေန ......။ သီဟာထေရီ လည်ပင်းကို ကြိုးကွင်းစွပ်ပြီးကာမှ ၀ိပဿနာရှုဖြစ်သွားတာဟာ ‘ပုဗ္ဗာစိဏ္ဍ’လို့ ခေါ်တဲ့ ရှေ့ပိုင်းအလေ့အကျက်ရဲ့ အစွမ်းကြောင့်ပါ။ ကာမရာဂစိတ်တွေ လွှမ်းမိုးနှပ်စက်နေတဲ့ကြားက မရရအောင် ကြိုးစားကြိတ်မှိတ်ပြီး ရှုမှတ်ပွားများနေခဲ့တဲ့ ရှေးရှေးနေ့တွေ၊ ရှေးရှေးလတွေ၊ ရှေးရှေးနှစ်တွေက သတိပဋ္ဌာန်အလုပ်က ဉာဏ်ရင့်ချိန်ရောက်သွားတဲ့ ကြိုးကွင်းစွပ်ပြီးချိန်မှာ လာကယ်တင်သွားတာပါပဲ။
ဒါကြောင့် ကုသိုလ်အလုပ်၊ တရားအလုပ်ဆိုတာ ပျော်ပျော်မပျော်ပျော် လုပ်နေရမှာပါ။ ကိလေသာဖြစ်နေရင်လည်း ဖြစ်နေတဲ့ကြားက ကုသိုလ်လုပ်ပါ။ တရားအားထုတ်ပါ။ ကုသိုလ်အလေ့အကျက်၊ တရားအလေ့အကျက် အားကောင်းနေရင် အခြေအနေဆိုးနဲ့ ကြုံတွေ့နေတဲ့အချိန်မှာတောင် အဲဒီကုသိုလ်၊ အဲဒီတရားက ကိုယ့်ကို ကောင်းကျိုးလာပြုပါလိမ့်မယ်။
(၃)
အယောနိသောမနသိကာရာ၊ ကာမရာဂေနအဋ္ဋိတာ .......။ သီဟာထေရီမ ကာမရာဂရဲ့နှိပ်စက်မှုဒဏ်ခံရတာဟာ ‘အယောနိသောမနသိကာရ’ ကြောင့်ပါ။ ဒါဆို ကာမရာဂရဲ့ နှိပ်စက်မှုဒဏ် မခံရချင်ရင် “ယောနိသောမနသိကာရ”ရှိရမှာပေါ့။ အတိုပြောရင် “ယောနိသော”ရှိရမှာပေါ့။
ယောနိသောက (၁) ဒါကို ဒီလိုတွေးခြင်းနဲ့ (၂) ဒါကို လုံး၀ မတွေးခြင်းလို့ နှစ်မျိုးရှိပါတယ်။ အကြောင်းအရာတစ်ခု၊ အဖြစ်အပျက်တစ်ခုကိုဘဲ ကိလေသာဖြစ်အောင်၊ အကုသိုလ်ဖြစ်အောင် မတွေးဘဲ ကိလေသာမဖြစ်တဲ့နည်း၊ ကုသိုလ်စိတ်တိုးပွားတဲ့နည်းနဲ့ တစ်မျိုးလှည့်တွေးတာကိုလည်း ယောနိသော (စိတ်ထားကောင်း)လို့ ခေါ်ပါတယ်။ ဒီအကြောင်းအရာ၊ ဒီအဖြစ်အပျက်ကို ကိလေသာမဖြစ်အောင်၊ ကုသိုလ်စိတ် တိုးပွားအောင် ဘယ်လိုမှ လှည့်တွေးမရတော့လို့ အဲဒီအကြောင်းအရာ၊ အဲဒီအဖြစ်အပျက်ကို လုံးဝမတွေးတော့ဘဲ မေ့ပစ်လိုက်တာ၊ တခြားအကြောင်းအရာ၊ တခြားအဖြစ်အပျက်ကိုပဲ ပြောင်းတွေးတာကိုလည်း ယောနိသော(စိတ်ထားကောင်း)လို့ ခေါ်ပါတယ်။
အာရုံအနေနဲ့ ပြောရင် (၁) ဒီအာရုံကို ဒီလိုတွေးခြင်းနဲ့ (၂) ဒီအာရုံကို လုံး၀ မတွေးခြင်းလို့ ယောနိသော နှစ်မျိုးရှိပါတယ်။ “ဒီလိုတွေး”ဆိုတာ ကိလေသာဖြစ်အောင်၊ ကုသိုလ်စိတ် တိုးပွားအောင် တွေးတာကို ပြောတာပါ။ အာရုံကို မပြောင်းဘဲ အာရုံပြုနည်းကိုပဲ ပြောင်းလိုက်တာပေါ့။ “လုံးဝမတွေး” ဆိုတာကတော့ ဒီအာရုံကို လုံး၀ အာရုံမပြုတော့ဘဲ အခြားအာရုံ အသစ်တစ်ခုကို လှမ်းအာရုံပြုလိုက်တာပါ။ အာရုံကို ပြောင်းလိုက်တာပေါ့။
ဥပမာ - ရာဂအနေနဲ့ပြောရမယ်ဆိုရင် ..... ရာဂဖြစ်စရာ အာရုံကို ရာဂမဖြစ်အောင် တွေးတာရယ်၊ ရာဂဖြစ်စရာအာရုံကို လုံးဝမတွေးတာရယ်လို့ ယောနိသော လုပ်ပုံနှစ်မျိုးရှိပါတယ်။
ကိုယ်ချစ်တဲ့သူကို သတိရတယ်၊ သူနဲ့သာယာခဲ့တာတွေ၊ သူနဲ့ သာယာရမှာတွေ တွေးပြီး ရာဂဖြစ်တယ်။ ရာဂဖြစ်မှန်းသိလိုက်တယ်။ ရာဂမဖြစ်ချင်ဘူး၊ သာယာစရာတွေ မတွေးတော့ဘဲ သူ့ကိုမေတ္တာပို့လိုက်တယ်၊ သူ့ကိုကူညီခဲ့၊ လှူဒါန်းခဲ့တာတွေ ပြန်စဉ်းစားလိုက်တယ်။ ရာဂပျောက်သွားတယ်၊ ရာဂနေရာမှာ မေတ္တာဓာတ်တွေ၊ ဒါနကုသိုလ်စိတ်တွေ ၀င်လာတယ်၊ ဆက်တွေးလေ ကုသိုလ်စိတ်ပွားလေနဲ့ သူ့ကို သတိရတိုင်း သတိရတိုင်း မေတ္တာဓာတ်တွေ၊ ကုသိုလ်စိတ်တွေ တိုးပွားသည်ထက် တိုးပွားလာပါတယ်။ ဒါဟာ ရာဂဖြစ်စရာအာရုံကို ရာဂမဖြစ်အောင် တွေးတဲ့ ယောနိသော မနသိကာရပါ။ အာရုံကို ပြောင်းမပစ်ဘဲ အာရုံပြုပုံကို ပြောင်းပစ်လိုက်တာပါ။
နောက်တစ်နည်းက ...... မေတ္တာဘယ်လိုပို့ပို့၊ ကူခဲ့၊ လှူခဲ့တာတွေ ဘယ်လောက်တွေးတွေး၊ ရာဂကငြိမ်းမသွားဘဲ သူ့အာရုံ ပေါ်လာတိုင်း ရာဂတွေပဲ တိုးတိုးလာတယ်၊ ရာဂလည်းမဖြစ်ချင်ဘူး၊ သူ့ကို လုံးဝအာရုံမပြုတော့ဘဲ ဘုရားကို အာရုံပြုလိုက်တယ်၊ ကိုယ်နဲ့အမြဲထိတွေ့နေတဲ့ ဘုရားရုပ်ပွားတော်ရဲ့မျက်နှာတော်ကို ပေါ်အောင်ဖေါ်လိုက်တယ်၊ ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား၊ သိစရာအားလုံးကို သိတော်မူသောမြတ်စွာဘုရား၊ ကိုယ်အနှစ်သက်ဆုံး ဘုရားဂုဏ်တော်ကို ပွားလိုက်တယ်၊ ရာဂငြိမ်းသွားတယ်၊ ဘုရားကို အာရုံပြုပြီး ဂုဏ်တော်ပွားတိုင်းပွားတိုင်း ဗုဒ္ဓါနုဿတိကုသိုလ်တွေ ဆက်ကာဆက်ကာ တိုးပွားသွားပါတယ်။ ဒါဟာ ရာဂဖြစ်စရာအာရုံကို လုံးဝမတွေးတဲ့ ယောနိသော မနသိကာရပါ။ နဂိုယူလက်စ ပထမအာရုံကို တခြားအာရုံအသစ်တစ်ခုနဲ့ အစားထိုးပြောင်းပစ်လိုက်တာပါ။
အာရုံတစ်ခုခုကြောင့် ကိလေသာဖြစ်၊ အကုသိုလ်ဖြစ်ပြီး စိတ်ညစ်နေရင် “ဒါကိုဒီလိုတွေး”တဲ့ ယောနိသောနဲ့ဖြစ်ဖြစ်၊ “ဒါကို လုံးဝမတွေး”တဲ့ ယောနိသောနဲ့ဖြစ်ဖြစ်၊ တနည်းပြောရင် .... အာရုံပြုနည်းပြောင်းတဲ့ ယောနိသောနဲ့ဖြစ်ဖြစ်၊ အာရုံပြောင်းတဲ့ ယောနိသောနဲ့ဖြစ်ဖြစ်၊ အဆင်ပြေရာယောနိသော(စိတ်ထားကောင်း) လိုက်ပါ။ ကိလေသာနွမ်း၊ ကုသိုလ်လွှမ်းပြီးစိတ်ချမ်းသာသွားပါလိမ့်မယ်။
(၄)
ကိလေသဒုက္ခေန ဒုက္ခိတာ .....။ ကိလေသာဖြစ်နေတယ်ဆိုတာ ဆင်းရဲဒုက္ခတစ်မျိုးကို ခံစားနေရာတာပါပဲ။ ကိလေသာခိုင်းတဲ့အလုပ်ကို မလုပ်လိုက်ရမချင်း ကိလေသာရဲ့ နှိပ်စက်မှုဒဏ် ခံနေရတာ အင်မတန်ပင်ပန်းဆင်းရဲပါတယ်။ ကိလေသာကလည်း သူခိုင်းတာ လုပ် မပေးမချင်း သူဖြစ်နေတဲ့စိတ်ကိုရော၊ သူဖြစ်နေတဲ့စိတ်ရဲ့တည်ရာ ခန္ဓာကိုယ်ကိုပါ အမျိုးမျိုးနှိပ်စက်ညှင်းပန်းတော့တာပါပဲ။
ကိလေသာအလိုလိုက်ပြီး ကိလေသာခိုင်းတဲ့အလုပ် လုပ်လိုက်ပြီးခါစမှာတော့ ခေတ္တခဏ ကိလေသာငြိမ်းပြီး စိတ်သက်သာရာ ရသွားသလို ထင်ရပေမယ့် (ခန္ဓာကိုယ်လည်း သက်သာရာ ရသွားသလို ထင်ရပေမယ့်) အဲဒီကိလေသာအလုပ်နဲ့ ဆက်စပ်နေတဲ့ တခြားဆင်းရဲဒုက္ခတွေကတော့ ပတ်ပတ်လည်ဝိုင်းပြီး နှိပ်စက်နေကြတာပါပဲ။ ခေတ္တခဏ ငြိမ်းသလိုဖြစ်သွားတဲ့ ကိလေသာကလည်း အချိန်တန်တော့ ပြန်ဖြစ်ပြီး သူခိုင်းတဲ့အလုပ် မပြီးမချင်း စိတ်ကိုရော၊ ရုပ်ကိုပါ ထိုးဆွနှိပ်စက်ပြန်တာပါပဲ။ ခေတ္တခဏ ငြိမ်းသလို ဖြစ်သွားလိုက်၊ ပြန်ပေါ်လာပြီး နှိပ်စက်လိုက်နဲ့ ကိလေသာက လူကို နည်းအမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ ညှင်းပန်းနှိပ်စက်နေပါတယ်။
စိတ္တေ အဝသဝတ္တိနီ ......။ ရာဂပဲဖြစ်ဖြစ်၊ ဒေါသပဲဖြစ်ဖြစ် ကိလေသာတစ်ခုခု နက်နက်ရှိုင်းရှိုင်းဖြစ်ပြီဆိုရင် စိတ်ဟာ ကိုယ့်ရဲ့ အလိုကို လုံးဝမလိုက်တော့ပါဘူး။ ကိုယ့်အလိုအတိုင်း မဖြစ်ဘဲ သူဖြစ်ချင်သလို ဖြစ်နေပါတယ်။ ကိုယ်က အိပ်ပျော်ချင်တယ်၊ စိတ်ကအိပ်မပျော်အောင် လုပ်တယ် .....၊ ရာဂဖြစ်နေလို့ ဒေါသဖြစ်နေလို့ အိပ်မပျော်ဘူးဆိုတာ စိတ်က ကိုယ့်အလိုကို မလိုက်တာပါပဲ။
ရာဂနှိပ်စက်နေရင်၊ ဒေါသနှိပ်စက်နေရင် ကိုယ်လုပ်ရမယ့် အလုပ်ကိုလည်း အရည်အသွေးကောင်းအောင် မလုပ်နိုင်တော့ပါဘူး။ အလုပ်ရဲ့အရည်သွေးနဲ့ အလုပ်ရဲ့ ပမာဏ နှေးကွေးသွာပါတယ်။ ကိလေသာကြောင့် စိတ်က ကိုယ့်အလိုမပါတော့ဘူးဆိုမှဖြင့် ဆုံးရှုံးမှုတွေက တသီတတန်းကြီးပါပဲ။
၀ရံ မေ ဣဓ ဥဗ္ဗန္ဓံ၊ ဃဥ္စ ဟီနံ ပုနာစရေ ........။ “လူထွက်တာထက်စာရင် ကြိုးဆွဲချပြီး ကိုယ့်ကိုယ်ကို သတ်သေလိုက်တာကမှ ပိုကောင်းဦးမယ်”လို့ သီဟာထေရီမက တွေးပါတယ်။ မြင့်မြတ်တဲ့ရဟန်းဘ၀ ရောက်ပြီးခါမှ နိမ့်ယုတ်တဲ့ လူ့ဘဝထဲ ခုန်ဆင်းတာဟာ မိုက်မဲတဲ့လုပ်ရပ်တစ်ခုပဲလို့ ယူဆဟန်တူပါတယ်။ တရားဓမ္မချမ်းသာမရနိုင်တော့လို့ ကာမဂုဏ်ချမ်းသာ ဆင်းယူတာဟာ ရှက်စရာကောင်းလွန်းလို့ အရှက်ကို အသက်နဲ့ လဲပစ်တာ အကောင်းဆုံးပဲလို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ (အခုခေတ် ဒုလ္လဘဝတ်သူတွေ လူပြန်ထွက်ခါနီး ဘယ်လိုများတွေးကြသည်မသိ။)
ပြီးတော့ ..... သူတော်ကောင်းဓာတ် အနှစ်တည်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ သဘောထားက ကိုယ့်ဆန္ဒထက် သူ့ဘဝကို ပိုပြီး ဦးစားပေးတဲ့သဘောရှိပါတယ်။ ကိုယ်စိတ်ချမ်းသာဖို့ထက် သူတစ်ပါး စိတ်ချမ်းသာဖို့က ပိုအရေးကြီးပါတယ်။ အများအကျိုးအတွက် ကိုယ့်အကျိုးကို စတေးဖို့ လုံး၀ ၀န်မလေးပါဘူး။ ကိုယ်လူထွက်လိုက်ရင် ကိုယ့်ကြောင့် ကိုယ့်မိသားစု၊ ကိုယ့်ဆွေမျိုး ပတ်ဝန်းကျင်အလယ်မှာ မျက်နှာပျက်ရမှာမျိုးကို လုံးဝမလိုလားတဲ့အတွက် လူထွက်ဖို့ လုံး၀ မစဉ်းစားတာဟာလည်း ဘာပဲဖြစ်ဖြစ်ကြည်ညိုစရာပါ။
(၅)
သတ်သေချင်စိတ် ဖြစ်ပြီးမှ တရားထူးရမယ့်သူဟာ သတ်သေချင်စိတ် ဖြစ်ကိုဖြစ်မှာပါပဲ။ သေလုဆဲဆဲကျမှ တရားထူးရမယ့်သူဟာ သေလုဆဲဆဲ အခြေအနေကို ကြုံကိုကြုံရမှာပါပဲ။ သံသရာကျင်လည်စဉ်တုန်းက သူတစ်ပါးကို သတ်သေချင်စိတ်ဖြစ်အောင် လုပ်ခဲ့မိပြီးမှ စိတ်ပြောင်းပြီး သူတစ်ပါးသေလုဆဲဆဲအချိန်မှာ သူတစ်ပါးအကျိုးသယ်ပိုးခဲ့လို့၊ သူတစ်ပါးဆန္ဒ လိုက်လျောခဲ့လို့ ဖြစ်မှာပေါ့။ ပြုခဲ့တဲ့ ကံတရားတွေက ဆန်းကြယ်တော့ အကျိုးပေးတွေကလည်း ဆန်းကြယ်တာပါပဲ။
၀ိပဿနာဉာဏ် အထွတ်အထိပ်ရောက်ဖို့ဆိုတာ တွန်းအားပြင်းထန်တဲ့ အခြေအနေတစ်ခု (သံဝေဂဖြစ်စရာ အခြေအနေ၊ သို့မဟုတ် အတွေးသစ်စရာ အခြေအနေ) မရှိမဖြစ်လိုအပ်ပါတယ်။ ပါရမီဖြည့်ခဲ့ပုံတွေ၊ ကံပြုခဲ့ပုံတွေက မတူညီကြတော့ ကြုံတွေ့ရတဲ့ တွန်းအားပြင်းအခြေအနေတွေကလည်း တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တရားထူးတရားမြတ်ကို အရယူပေးမယ့် တွန်းအားပြင်း အခြေအနေဆိုရင်တော့ ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ဖြစ်တဲ့ အခြေအနေ၊ တကယ်ကို သတ်သေနေတဲ့ အခြေအနေပင်ဖြစ်ပါစေ ..... အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးမားပါတယ်။
သတ်သေချင်စိတ်ဖြစ်တာ တစ်ခုတည်းကွက်ကြည့်ပြီး အထင်သေးလို့ မရပါဘူး။ ကဲ့ရဲ့လို့မရပါဘူး။ နောက်ဆက်တွဲရလဒ်က ကောင်းကျိုးတွေဖြစ်နေရင် သတ်သေချင်စိတ် ဖြစ်တာကိုပဲ ကျေးဇူးတင်ရပါဦးမယ်။ တရားထူးအထိ ရစေနိုင်တယ်ဆိုရင်တော့ ကျေးဇူးအထူးတင်ရမှာပေါ့။
စိတ်ပညာရှင်တွေရဲ့ သုတေသနပြုချက်အရ လူတိုင်းလူတိုင်း တစ်သက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ ကိုယ့်ကိုယ်ကို သတ်သေလိုက်ချင်တဲ့စိတ် ဖြစ်ဖူးကြတယ်လို့ဆိုပါတယ်။ ဘဝဆိုတာ စိတ်ဆင်းရဲစရာတွေ၊ စိတ်ညစ်စရာတွေ ပတ်လည်ဝိုင်းနေတဲ့အရာမို့ တစ်ခါတစ်ရံ ဒီလိုစိတ် (သတ်သေချင်စိတ်) ဖြစ်တယ်ဆိုတာ သဘာဝတော့ကျပါတယ်။
အများအားဖြင့် အဲဒီလို သတ်သေချင်စိတ်က အိပ်ချိန်မှာ ပိုဖြစ်တတ်ပါတယ်။ တခြားအချိန်မှာက ဘယ်လောက်ပဲ စိတ်ဆင်းရဲ ဆင်းရဲ၊ ဘယ်လောက်ပဲ စိတ်ညစ်ညစ်၊ မလုပ်မဖြစ်တဲ့ လုပ်စရာအလုပ်တွေက လုပ်နေရတာဆိုတော့ သတ်သေချင်စိတ် သိပ်ထင်ထင်ရှားရှား မဖြစ်သာပါဘူး။ အိပ်ချိန်မှာကျတော့ ဘာအလုပ်မှ မရှိတော့ပဲ အားသွားတဲ့အတွက် စိတ်ဆင်းရဲစရာတွေ၊ စိတ်ညစ်စရာတွေ တမင်မစဉ်းစားရဘဲ အလိုလို တသီတတန်းကြီး ပေါ်လာပြီး အိပ်မပျော်နိုင်ဖြစ်၊ စိတ်ဆင်းရဲလေ အိပ်မပျော်လေ၊ အိပ်မပျော်လေ စိတ်ဆင်းရဲလေနဲ့ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကို သတ်သေလိုက်ချင်တဲ့စိတ်တွေ ဖြစ်သွားတော့တာပါပဲ။
အိပ်ရာကနိုးတော့လည်း အိပ်ရေးဝဝ၊ မဝ၀ အိပ်မပျော်ခင်က ဖြစ်ခဲ့တဲ့ သတ်သေချင်စိတ် သိပ်မရှိတော့ပါဘူး၊ သို့မဟုတ် လုံးဝမရှိတော့ပါဘူး။
ဒီသဘောကို ကိုယ်က နားလည်ထားရင် အိပ်ချိန်မှာ အပိုအတွေးတွေ လုံး၀ မတွေးမိအောင် အလေ့အကျင့် လုပ်ထားရုံပါပဲ။ အခြေအနေအရ ကိုယ်မတွေးပေမယ့် အတွေးတွေက အလိုလိုပေါ်နေတယ်ဆိုရင်လည်း ဂုဏ်တော်ပွား၊ မေတ္တာပို့၊ ၀င်လေထွက်လေ ရှုပြီး အလိုလို အတွေးပျောက်သွားအောင် ကြိုးစားရမှာပေါ့။ တချို့ကလည်း တစ်၊ နှစ်၊ သုံး၊လေး ရေတွက်ရင်း အိပ်ပျော်အောင် လုပ်ကြတာပေါ့လေ။ ဘယ်လိုပဲလုပ်လုပ် အိပ်ပျော်သွားဖို့ပဲ အရေးကြီးပါတယ်။ သိပ်လိုအပ်လာရင်လည်း အိပ်ဆေးထသောက်လိုက်ပေါ့။
အိပ်လို့ ပျော်ပျော်၊ မပျော်ပျော်၊ နိုးနေချိန်မှာ ကိုယ်လုပ်စရာရှိတာသာ လုပ်နေလိုက်ရင် သေချင်စိတ်ပျောက်သွားမှာပါ။ အရေးကြီးဆုံးက ကိုယ့်အလုပ်ကိုယ် လုပ်နေဖို့ပါပဲ။
ကိုယ်လုပ်ချင်တာ မလုပ်ရရင် တချို့က သေပစ်လိုက်ချင်ကြပါတယ်။ သေသွားရင် ဘာမှ လုပ်လို့မရတော့ပါဘူး။ မသေသေးတဲ့အတွက် လုပ်ခွင့်ရသလောက်တော့ လုပ်လို့ရပါသေးတယ်။ သေရင်ပြီးပြီ။ ဘာဆို ဘာမှ လုပ်လို့မရတော့ဘူး။ ဒီတော့ သေပစ်လိုက်မယ့်အစား ကိုယ်လုပ်ချင်တဲ့ အလုပ်တစ်ခုကို လုပ်နိုင်စွမ်းရှိသလောက် အောင်မြင်အောင် လုပ်နေရုံပါပဲ။ ကိုယ့်အတွက် သို့မဟုတ် အများအတွက် အကျိုးပြုတဲ့ အဲဒီအလုပ်အောင်မြင်မှုနဲ့ ကျေနပ်နေလိုက်ရင် သေချင်စိတ် ပေါ်မှာ မဟုတ်တော့ပါဘူး။
သေချင်စိတ်ဖြစ်တုန်းက သတ်သေလိုက်ရင် အခုဆို သေသွားပါပြီ။ ကိုယ့်ကိုယ်ကို သေသွားပြီလို့ သဘောထားလိုက်ရင် မသေချင်တော့ပါဘူး။ “ကိုယ့်ဘာသာကိုယ် သတ်မသေလည်း သူ့ဘာသူ ခဏနေ သေရင် သေသွားမှာပဲ” ......၊ “မသေမှာ မပူပါနဲ့၊ အချိန်မရွေး သေသွားနိုင်ပါတယ်၊ အချိန်မရွေး သေမှာပါ” လို့ လေးလေးနက်နက် ဆင်ခြင်လိုက်ရင်လည်း သတ်သေဖြစ်မှာ မဟုတ်တော့ပါဘူး။
ကိုယ်ပတ်ဝန်းကျင်က ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားသူတွေကို သတိရလိုက်ရင်လည်း သေချင်စိတ်ပျောက်သွားနိုင်ပါတယ်။ အခုရက်ပိုင်း ဂျာနယ်တိုင်းမှာ ပလူပျံနေအောင်ပါနေတဲ့ ဒွေးရဲ့ နာရေးသတင်းတွေကို ထပ်တလဲလဲ ဖတ်ပြီး ထပ်တလဲလဲ ဆင်ခြင်လိုက်ရင် ကိုယ့်ကိုယ်ကို သတ်သေချင်စိတ် ပျောက်သွားပါလိမ့်မယ်။
စာရေးသူတော့ ဒွေးသေတာကြည့်ပြီး ကိုယ်မလုပ်ချင်တဲ့ အလုပ်တွေ ဘာမှ မလုပ်ချင်တော့ပါဘူး။ ဒွေးလည်း သရုပ်ဆောင်အလုပ်က နားချင်ပေမယ့် ပရိတ်သတ်ကို ငဲ့ပြီး မနားခဲ့ရဘူးလေ။ သေမှပဲ နားလိုက်ရတော့တာ။ ဒွေးက အသက် (၄၁)မှာ သေသွားတယ်။ စာရေးသူက အခု အသက်(၄၀) ....။ တော်ပါပြီ ....... ကိုယ်မလုပ်ချင်ဘဲ ပရိတ်သတ်ကို ငဲ့ပြီး လုပ်နေရတဲ့အလုပ်တွေ နားလိုက်တော့မယ်၊ ကျေးဇူးအများကြီးတင်ပါတယ် ကိုသားကြီးရေ .......။
ကိုယ့်ကိုယ်ကို သေသွားပြီလို့ သဘောထားလိုက်ရင် လုပ်ချင်သလောက်လေးပဲ လုပ်နေရတာ၊ လုပ်နိုင်သလောက်လေးပဲ လုပ်နေရတာအပေါ် ကျေနပ်အားရမှာပါ။ တိုတောင်းလှတဲ့ ဘဝလေးမှာ ကိုယ်လုပ်ချင်တာလေးလုပ်ပြီး စိတ်အေးချမ်းစွာ နေသွားရဖို့က အဓိကပါပဲ။
ကိုယ်မလုပ်ချင်တဲ့ အလုပ်တွေ၊ ကိုယ်မလုပ်နိုင်တဲ့ အလုပ်တွေနဲ့ မနိုင်ဝန်ထမ်းပြီး ပင်ပန်းမနေသင့်ပါဘူး။ မနိုင်ဝန်ထမ်းရင် စိတ်ဖိစီးမှု များပြီး သတ်သေချင်စိတ်ဖြစ်သွားပါလိမ့်မယ်။ အလုပ်လောဘ မကြီးဖို့၊ ကုသိုလ်လောဘ မကြီးဖို့အရေးကြီးပါတယ်။ ကုသိုလ်လောဘ မကြီးဖို့ဆိုတာက “ဒါလည်း ကုသိုလ်ပဲ” ဆိုပြီး အကုန်လိုက် မလုပ်ဖို့ ပြောတာပါ။ ကုသိုလ်အလုပ်ကတော့ အမြဲလုပ်နေရမှာပါပဲ။ ကုသိုလ်စိတ်ကတော့ အမြဲဖြစ်နေရမှာပါပဲ။
နောက်ဆုံးပေါ့လေ ..... ဘယ်လိုမှ စိတ်မထိန်းနိုင်တော့လို့ သတ်သေတော့မယ်ဆိုရင်လည်း “သေခါနီးလေး ၀ိပဿနာတော့ အားထုတ်လိုက်ဦးမယ်” ဆိုပြီး ကိုယ်ရှုမှတ်နေကျနည်းနဲ့ တရားလေးတော့ အားထုတ်ကြည့်လိုက်ပါဦး။ သီဟာထေရီမလို လူမသေဘဲ ကိလေသာသေပြီး ရဟန္တာဖြစ်မသွားဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ ရဟန္တာမဖြစ်လည်း သောတာပန်ပေါ့။ သောတာပန် မဖြစ်လည်း ဖြစ်ပျက်ဉာဏ်ပေါ့။ ဖြစ်ပျက်ဉာဏ်မရလည်း စိတ်အေးချမ်းမှုပေါ့။
တရားအရသာတွေ့ပြီး စိတ်အေးချမ်းသွားပြီဆိုရင် သေချင်စိတ်ရှိမှာ မဟုတ်တော့ပါဘူး။ စိတ်အေးချမ်းနေပါလျက်နဲ့ “ဆုံးဖြတ်ပြီးသား၊ မပြင်တော့ဘူး” ဆိုပြီးတော့ တကယ် မသေချင်ဘဲ အတင်းမသေလိုက်ပါနဲ့နော်။ ရခဲတဲ့ လူ့ဘ၀ နှမြောစရာကြီး။ ပြီးတော့ ပါဏာတိပါတ အကုသိုလ်လည်း ဖြစ်ဦးမယ်လေ။ သူများကို သတ်မှ ပါဏာတိပါတ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို သတ်လည်း ပါဏာတိပါတနော်။
တကယ်တော့လည်း လူသေဖို့ထက် ကိလေသာသေဖို့က ပိုအရေးကြီးပါတယ်။ ကိလေသာ သေရင် လူလည်း မသေချင်တော့ပါဘူး။ ကိလေသာ မသေလို့သာ လူက သေချင်နေတာပါ။
တကယ်ဆို ကိလေသာ သေရင် လူမသေချင်တော့တာတောင် မဟုတ်ပါဘူး။ ကိလေသာ သေရင် လူမသေတော့တာပါ။ အရင်ဘဝက ကိလေသာတွေကြောင့် ဒီတစ်ဘဝတော့ သေဦးမယ် ....၊ ဒါပေမဲ့ နောင်ဘဝမရှိတော့တဲ့အတွက် သေစရာ “လူ” ဆိုတာကို မရှိတော့လို့ လူမသေတော့ပါဘူး။ ကိလေသာ သေရင် ရဟန္တာဖြစ်၊ ရဟန္တဖြစ်တော့ နောင်ဘ၀ မရှိ၊ နောင်ဘ၀ မရှိတော့ ဘယ်တော့မှ မသေ.......၊ ကိလေသာ သေလို့ နောင်ဘ၀ မဖြစ်တော့ရင် ဘယ်တော့မှ မသေရတော့ပါဘူး။ သေခြင်းတရားက အပြီးတိုင် လွတ်မြောက်သွားပါပြီ။
(၆)
Death is not the greatest loss in life. The greatest loss is what dies inside us while we live. (Norman Cousins)
“ဘဝမှာ သေခြင်းဆိုတာ အကြီးကျယ်ဆုံး ဆုံးရှုံးမှု မဟုတ်ပါဘူး။ အသက်ရှင်နေစဉ်မှာ အတွင်းက စိတ်ဓာတ်သေနေတာကမှ အကြီးကျယ်ဆုံးသော ဆုံးရှုံးမှု ဖြစ်ပါတယ်”
အပ္ပမာဒေန သမ္ပာဒေထ။
ဖြည့်စွက်။ ။ သေချင်ရင် သေလိုက်ပါ။ သေချင်စိတ်ဖြစ်နေရင် အခုပဲ သေလိုက်ပါ။ “သေလိုက်ပါ” ဆိုတာ တကယ်သတ်သေဖို့ ပြောတာမဟုတ်ပါဘူး။ “ငါသေသွားပြီ” လို့ စိတ်ထားလိုက်ဖို့ ပြောတာပါ။ “ငါသေသွားပြီ” ဆိုတာ သေလိုက်တာပဲပေါ့။ “ငါသေသွားပြီ .... ငါသေသွားပြီ” လို့ အကြိမ်ကြိမ် ဆင်ခြင်နှလုံးသွင်းနေလိုက်ပါ။ အရာအားလုံး အဆင်ပြေသွားပါလိမ့်မယ်။ အရာအားလုံး ပျော်စရာ ကောင်းသွားပါလိမ့်မယ်။
ဒီအတိုင်း ဆင်ခြင်ရုံနဲ့ အားမရရင် အိပ်ရာပေါ်၊ သို့မဟုတ် ကြမ်းပြင်ပေါ် ပက်လက်လှန်၊ ခါးဆန့်၊ လက်ဘေးချပြီး လူသေကောင်လို စန့်စန့်ကြီးနေလိုက်ပါ။ “ငါသေသွားပြီ၊ သေသွားပြီ၊ ငါမရှိတော့ဘူး၊ မရှိတော့ဘူး” လို့ အကြိမ်ကြိမ် ဆင်ခြင်နှလုံးသွင်းနေလိုက်ပါ ......။
သေပြီးရင်တော့ ပြန်မထဘဲ မနေနဲ့နော်။ စိတ်ရှင်းသွားရင်ပြန်ထပါ။ “စိတ်ညစ်နေတဲ့ ငါ မရှိတော့ဘူး၊ သတ်သေချင်စိတ်ဖြစ်နေတဲ့ ငါ မရှိတော့ဘူး၊ အခု ငါက လူအသစ်ဖြစ်သွားပြီ၊ အရင်ကဟာတွေ ငါနဲ့ ဘာမှ မဆိုင်တော့ဘူး” ဆိုတဲ့ ခံစားချက်လေး ထင်ရှားသွားပြီဆိုရင် စိတ်အေးချမ်းသွားပါလိမ့်မယ်။ လူသစ်၊ စိတ်သစ်နဲ့ လုပ်စရာရှိတာတွေ ဆက်လုပ်ပါတော့။
စိတ်ညစ်နေလား ... ..? သေလိုက်။ “ငါသေသွားပြီ” လို့ ဆင်ခြင်လိုက်။ စိတ်ညစ်တာတွေ ပျောက်သွားပါလိမ့်မယ်။
“ငါသေသွားပြီ” ဆိုမှတော့ ငါ့မှာရှိတဲ့ စိတ်ညစ်စရာတွေ၊ စိတ်ဆင်းရဲစရာတွေလည်း ငါနဲ့အတူ သေဆုံးသွားခဲ့ပြီပေါ့။ “ငါ” သေသွားပြီလို့ ယူရင်လည်း “ငါ”ဆိုတာ မရှိတော့တဲ့အတွက် ငါ စိတ်ညစ်တယ်၊ ငါ စိတ်ဆင်းရဲတယ်၊ ငါ့မှာ ဒီလိုဒုက္ခတွေရှိတယ်၊ ငါ့မှာ ဒီလိုအခက်အခဲတွေရှိတယ်ဆိုတာ ဘယ်မှာရှိပါတော့မလဲ။ “ငါသေသွားပြီ” လို့ ဆင်ခြင်ပြီး နောက်ပိုင်းကြုံတွေ့ရသမျှ ပျော်စရာအားလုံး၊ ပြုလုပ်ဖြစ်သမျှ အလုပ်အားလုံး အမြတ်တွေချည်းပါပဲ။ ဘာပျော်စရာမှ မကြုံတွေ့ရ၊ ဘာအလုပ်မှ မပြုလုပ်ဖြစ်ရင်လည်း အရှုံးလုံး၀ မရှိပါဘူး။
အဆိုးဆုံးကို လက်ခံနိုင်သူအတွက် နောက်ထပ်ကြုံတွေ့စရာ “အဆိုး” ဆိုတာ မရှိနိုင်တော့ပါဘူး။
အပ္ပမာဒေန သမ္ပာဒေထ။
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(အလင်းတန်းဂျာနယ်၊ စက်တင်ဘာ ၂၄၊ အောက်တိုဘာ ၁၊ ၂၀၀၇)
No comments:
Post a Comment