Friday, 6 December 2019
တရားထူးရဖို့ ပါရမီလို မလိုကို လေ့လာကြည့်ခြင်း
၁။ အတိတ်ဘဝများစွာက ပါရမီ ရှိခြင်း မရှိခြင်း၊ ယခုဘဝမှာလဲ ပါရမီ ပြည့်ခြင်း မပြည့်ခြင်းတို့ကို ဘယ်လို သိနိုင်ပါမလဲ ဆိုတဲ့ မေးခွန်း၊
၂။ လူတစ်ယောက် တရားထူးရဖို့ ပါရမီလိုအပ် မလိုအပ်ဆိုတဲ့ မေးခွန်း၊
၃။ ဒီလို ဆုတ်ကပ် ကာလကြီးမှာ တရားကျင့်ရင် လူတိုင်း တရားထူး ရနိုင်ဖို့ အခွင့်အရေး ရှိပါသလား
ဆိုတဲ့ မေးခွန်း၊
၄။ တရားထူး ရနိုင်ဖို့ ဘာတွေပြည့်စုံထားရပါမလဲ မေးခွန်းမျိုး၊
စသည်အားဖြင့် လူအများစိတ်ဝင်စားတဲ့ မေးခွန်းပေါင်းစုံကို ကိုယ်တိုင်လဲ အထပ်ထပ် စဉ်းစားဖူးသလို၊ သီတင်းသုံးဖော် ရဟန်းတော်များအချင်းချင်းလဲ မကြာခဏ ဆွေးနွေးဖြစ်ခဲ့ပါတယ်၊ စာရေးသူကိုလဲ လူတော်တော်များများက ဒီမေးခွန်းတွေ ကိုပဲ ထပ်ကာ ထပ်ကာ အမေးခံခဲ့ရဖူးတယ်။ သို့သော်လည်း တိကျတဲ့ အဖြေတစ်ခုအနေနဲ့ ရှိကို ရှိရမယ် လို့ စာရေးသူ ယုံကြည်နေခဲ့တယ်။ ကိုယ်လေ့လာထားသလောက်၊ နားလည်ထားသလောက်ကို မေးခွန်းရှင်များ အားတက်လာအောင်၊ စိတ်ဓာတ်ကျနေသူများကို ရွှင်လန်းတက် ကြွလာအောင်၊ depression ဖြစ်နေသူများကို active ဖြစ်လာအောင် အားပေး စကားတွေလဲ အကြိမ်များစွာ ပြောပေးခဲ့ဖူးပါတယ်။ အခု အထက်ပါအကြောင်းအရာများကို တတ်နိုင်သလောက် ခြုံငုံမိအောင် ကိုယ်တိုင်သုံးသပ်ကြည့်လိုတဲ့ ဆန္ဒတစ်ခုဖြစ်ပေါ်လာတာကြောင့် ဒီဆောင်းပါးကိုရေးဖြစ်တာပါ။
ပါရမီလို မလိုနှင့် ပြည့်ခြင်း မပြည့်ခြင်းအတွက်
ပါရမီ ဆိုတာ မြင့်မြတ်သူတို့ရဲ့ အလုပ်ပါ၊ ကောင်းတဲ့အလုပ်တွေကို ဆက်တိုက် ဆက်တိုက် လုပ်နေတာဟာ ပါရမီဖြည့် နေတယ် လို့ ဆိုရပါမယ်၊ တကယ်တော့ အတိတ်ဘဝများစွာက ပါရမီရှိတယ် မရှိဘူး ဆိုရာမှာ ပါရမီကို တိုင်းတာနိုင်ဖို့ သာမိုမီတာ မရှိနိုင်ပါဘူး၊ mental practices စိတ်ကျင့်စဉ်ဖြစ်နေ တာကြောင့်လဲ တိုင်းတာဖို့ မဖြစ်နိုင်ပါဘူး၊
အဲဒီဘက်က မစဉ်းစားပဲနဲ့ ကိုယ်ဘာလုပ်ရမယ် ၊ ဘာလုပ်သင့်တယ် ဆိုတာကို အရင်ဆုံးလေ့လာ သင့်ပါတယ်၊ ပါရမီ ဆိုတဲ့ ပေတံနဲ့တိုင်းမနေပဲ မြတ်စွာဘုရား ဟောကြားထားခဲ့တဲ့ တရားတော်တွေအတိုင်း ကိုယ်ဘယ် လောက် လိုက်နာနိုင်နေပြီလဲ ? ကိုယ့်စိတ် ဘယ်လောက် ဖြူစင်နေပြီလဲ ? မကောင်းမှုတွေကို ဘယ်အတိုင်း အတာအထိ ရှောင်ရှား နိုင်ပြီလဲ ? စတာတွေကို အရင်သုံးသပ်ရပါမယ်၊ မြတ်စွာဘုရားဟောထားခဲ့တဲ့ စိတ္တာနုပဿနာ ကျင့်စဉ်အတိုင်း ကိုယ့်စိတ် မှာတဏှာရာဂစိတ်တွေ များနေသလား၊ ဒေါသတွေ အားကောင်း နေသလား၊ စသည်ဖြင့် အမြဲဆင်ခြင်ပြီး အကုသိုလ်တွေများနေလျင် လျော့ချနိုင်ဖို့၊ နည်းနေလျင်လည်း လုံး၀ မဖြစ်ပေါ်လာ အောင်ကြိုးစားဖို့၊ သတိလက် လွတ်ဖြစ်ပေါ်လာလျင်လည်း ထပ်ကြပ်မကွာ သိသိပြီး ပယ်ရှားနိုင် အောင် ကြိုးစားကြရမှာပါ။
ငါ့မှာ ပါရမီရှိလား မရှိဘူးလား၊ ပါရမီ ပြည့်ပြီလား မပြည့်သေးဘူးလား ဆိုပြီး တွေးနေတဲ့ သံသယတွေနဲ့ ဆို အလုပ်မဖြစ်ပါဘူး၊ အဲဒီလို စဉ်းစားနေရင် လုပ်ရမယ့် အလုပ်တွေ လစ်ဟင်းပြီးတော့ အချိန်ဖြုန်းနေတာနဲ့ အတူတူပါပဲ၊ ငါ ဒီဘ၀ အရိယာဖြစ်နိုင်လား မဖြစ်နိုင်ဘူးလား ဆိုတာကို မစဉ်းစားပဲနဲ့ ယခုလက်ရှိမှာ လုပ်သင့်လုပ်ထို်က်တာကို လုပ်နေဖို့ က အဓိကကျမယ်လို့ ယူဆမိပါတယ်။
တကယ်တော့ လမ်းကြောင်းရှိလျင် လျောက်ဖို့သာ အရေးကြီးတာပါ။ ဒီလမ်းကြောင်းက ငါသွားမယ့်နေရာ ရောက်နိုင် ပါ့မလား၊ ရောက်မှာ သေချာရဲ့လား စဉ်းစားစရာ မလိုဘူး၊ ဆိုပါဆို့ - ဆူးလေကနေ ရွှေတိဂုံ ဘုရားဆီကို သွားမယ့်လမ်း ကြောင်းက ရှိနေပြီးသား၊ အဲဒီလမ်းကြောင်းကို လျောက်ပြီး ရောက်ခဲ့သူတွေ၊ ရောက်သွားသူတွေ ကိုယ့်ရှေ့မှာ အများကြီး ရှိခဲ့ပြီ၊ ကိုယ်လဲ လျောက်ဖို့ပဲ လိုအပ်တယ်၊ အချိန်တန်ရင်တော့ ပန်းတိုင်ကို ရောက်မယ်ပေါ့၊
လမ်းကြောင်းရှိနေလျင် လျောက်သာလာခဲ့၊ ကားမတွေ့လဲ ခြေလျင်ခရီးလျောက်ခဲ့၊ ( ၂ ) နာရီကြာအောင် လျောက် ရမယ့်ခရီးကို နှစ်နာရီကြာရင် ရောက်နိုင်မှာပါ၊ ၀ီရိယစိုက်ပြီး ခပ်သွက်သွက်လျောက်ရင် မြန်မြန် ရောက်နိုင်မှာပါ၊ ချွင်းချက် အနေနဲ့ ပြန်လှည့်ပြီး မသွားဖို့၊ ရပ်ပြီးလဲ မနေဖို့တော့ လိုအပ်ပါမယ်၊ ဆက်လျောက် လာရင် လမ်းဆုံးတော့ ပန်းတိုင် ရောက်ပါလိမ့်မယ်၊ အဲဒီလိုပဲ ကျင့်စရာရှိတာ ဆက်ပြီး ကျင့်မယ် ဆိုရင် အဆုံးမှာ အောင်ပွဲရယူနိုင်မှာပါ။
လမ်းစဉ် နှင့် မျှော်လင့်ချက်
လူတစ်ချို့ကတော့ သမထယာနိက ၊ ၀ိပဿနာယာနိက ဆိုပြီး ခွဲခြားပြောကြတာတွေ ရှိတယ်၊ လမ်းကြောင်းကို လျောက် တဲ့အခါမှာ ကိုယ်က ဘယ်လမ်းကြောင်းကို ယူမလဲ၊ နှစ်သက်သလဲ ဆိုတာ ရွေးရပါမယ်၊ ကုန်းကြောင်း လျောက်သွား ချင်တာလား၊ ကားစီးသွားချင်တာလား စသဖြင့် ရွေးချယ်ပြီးမှ လမ်းစဉ်ကို လိုက်သင့်ပါတယ်၊
ဘယ်အရာမဆို ပုဗ္ဗပယောဂ experience ဆိုတာလိုအပ်ပါတယ်၊ လုပ်ခဲ့ဖူးလျင် လွယ်တယ် ၊ မလုပ်ခဲ့ဖူးလျင် ခက်တယ် ပေါ့၊ သမထ ဆိုတာကတော့ ချမ်းသာ လွယ်ကူတဲ့လမ်းမို့ စိုစိုပြေပြေ ရှိတယ်လို့ ဆိုနိုင်ပြီး ၀ိပဿနာကတော့သွေ့ခြောက် ပျင်းရိစရာ ကောင်း လှပါတယ်၊ ရုပ်နာမ် ဖြစ်ပျက်ကို အမြဲတမ်း ရှုမြင်နေရတော့ အာရုံတွေကို မခံစားချင်တော့ပဲ ငြီးငွေ့နေတာကြောင့် ပျော်ရွှင်မှု မခံစားရဘူး၊ သို့သော်လည်း အထက်ပိုင်း အဆင့်မြင့်သွားလျင်တော့ သူလဲ ငြိမ်းချမ်းပြီး ပျော်ရွှင်စရာ ကောင်းလာတတ်ပါတယ်။
ပါရမီလည်း ရှိ၊ တရားထူးလဲ ရနိုင်ဖို့ ဆိုရင်တော့ ကိုယ့်ဘက်က ပြည့်စုံသင့်တာတွေက အများသားကလား၊ ပထမဆုံး တိဟိတ် ပဋိသန္ဓေ ဆိုတဲ့ မဟာကုသိုလ် ဉာဏသမ္ပယုတ် စိတ်နဲ့ ယှဉ်ပြီး ဖြစ်တည်လာတဲ့ မဟာဝိပါတ် ဉာဏ သမ္ပယုတ်စိတ် ဖြစ်ဖို့ လိုအပ်ပါတယ်၊ အဲဒီကမှ တဆင့် အနုစိတ် ခွဲခြမ်းပြန်တော့ အလောဘဟိတ်၊ အဒေါသဟိတ် ၊ အမောဟဟိတ် ဆိုတဲ့ကုသိုလ်စိတ်တွေလဲ ပြည့်စုံရပါမယ်၊ အဓိကကတော့ အမောဟ ဆိုတဲ့ ပညာက ပဋိသန္ဓေမှာ မရှိ မဖြစ် လိုအပ်ပါတယ်၊
အခြေခံ source ဖြစ်တဲ့ ဉာဏ်ရည်ဉာဏ်သွေး IQ က ပါလာပါမှ ဒီဘဝမှာမျှော်လင့်နိင်ပါတယ်၊ မြန်မာစကားမှာ နဂို ရှိမှ နဂိုင်း ထွက်တယ် ဆိုတာမျိုး၊ ၀ မရှိပဲ ၀ိ- မလုပ်လို့ မရနိုင်သလိုပေါ့၊ အခြေခံ တိဟိတ် ပဋိသန္ဓေ အိုင်ကျူမကောင်း ရင် တော့ မလွယ်ပေဘူး၊ အမောဟဆိုတဲ့ ပညာမပါပဲ ဒွိဟိတ် ပဋိသန္ဓေ၊ အဟိတ် ပဋိသန္ဓေတွေ ဖြစ်နေရင်တော့ ဒီဘဝမှာ မပေါက်ရောက်နိုင်ဘူး၊ ဆိုလိုတာက အဆင့်အတန်းမြင့်မြင့်ထိ မရောက် နိုင်ဘူး၊ သို့သော် အလကား အလဟဿ ဖြစ်သလား ဆိုတော့ ဖြစ်မသွားပါဘူး၊ သူကြိုးစားသ လောက် တော့ ရောက်သွားမယ်၊
မျိုးစေ့ကိုက မကောင်းရင် အပင်လဲ မသန်နိုင်ဘူး ဆိုသလိုပေါ့၊ ပင်ကိုယ်ဓာတ်ခံ ညံ့နေသူများအတွက်တော့ အထက်တန်းကို တက်လှမ်းဖို့ ခက်ခဲတတ်ပါတယ်၊ ဒါဟာ အားငယ်စရာလား ဆိုတော့ မဟုတ်ပါဘူး။ ဥပမာအနေနဲ့ ပြရရင် ဖားနတ်သားအကြောင်းကို ပြောရပါလိမ့်မယ်၊ ဖားကလေးတကောင် မြတ်စွာဘုရားတရား တော်ကို နာယူနေတာ ဘာမှန်းတော့ နားမလည်ဘူး၊ အသံတော်ကိုပဲ အာရုံပြုနေတာ၊ ဒီအချိန်မှာ နွားကျောင်းသားလက် ချက်နဲ့ သေရရှာတယ်၊ ဖားဘဝမှာတော့ အဟိတ်တိရိစ္ဆာန်ဖြစ်ပြီး ပဋိသန္ဓေစိတ်က ညံ့နေသည့်အတွက် တရားထူးမရခဲ့ဘူး၊ သို့သော်လည်း ဒုတိယဘဝမှာ တရားကို အာရုံပြုကာ သေရတာ ကြောင့် နတ်ပြည်ရောက်ပြီး ဖားနတ်သားဘဝနဲ့ တိဟိတ်ပဋိသန္ဓေပြည့်စုံလေတော့ တရားပြန်နာ ရင်း သောတာပန် ဖြစ်သွားရတယ်၊ ဒါကြောင့် တကယ် ကျင့်မယ် ဆိုရင် အခြေခံကောင်း ရှိနေသူတိုင်း ပေါက်ေ ရာက်နိုင်သေး တယ် လို့ ယူဆမိတယ်။
ပြည့်စုံသင့်သည့့် အချက်များ
၁။ ပဋိရူပဒေသဝါသ ( ရာသီဥတု၊ အစားအစာ၊ အတူနေသူအချင်းချင်း စသည်အားဖြင့် ညီညွတ်မျှတကာ စိတ်ချမ်းသာ၊ ရွှင်ပြဖို့ လိုအပ်ခြင်း၊ )
၂။ သပ္ပုရိသူပနိဿယ - အနေနဲ့ သူတော်ကောင်း ဆရာများကို အမှီပြုကာ ဆည်းကပ်တယ်ဆိုရာမှာ ဆရာဘက်က ချို့ယွင်းချက်၊ တပည့်ဘက်က ချို့ယွင်းချက် ဆိုပြီး ရှိတတ်ပါတယ်၊ မြတ်စွာဘုရားရှင် အနေနဲ့ကတော့ ဆရာဘက်က ချို့ယွင်းတယ် ဆိုတာမရှိပေမယ့် ကိုယ့်ဘက်က လိုအပ်နေလျင်လဲ မရရှိပဲ ကြန့်ကြာနေတတ်ပါ တယ်။
၃။ သဒ္ဓမ္မဿဝန - သူတော်ကောင်းတို့ တရားကို နာကြားခြင်း ဆိုရာမှာလည်း မြတ်ဘုရားက ရွှေပန်းထိမ် သည်သားကို ပေးတဲ့ ကမ္မဋ္ဌာန်း လို ကိုယ့်ဘက်က လိုအပ်ချက်နဲ့ သူ့ဘက်က ပေးတာ အချိန်ကိုက် ဖြစ်ဖို့ လိုအပ်ပါသေးတယ်၊ ကိုယ့်ဘက်က နာယူထားသော တရားတော်များလေလေ ဒီလမ်းစဉ် မှားသလား မှန်သလား၊ ယုတ္တိကျသလား မကျဘူး လား ဆိုတာကို ကိုယ်တိုင် ဝေဖန် ဆုံးဖြတ်နိုင်သော အသိပညာများ တိုးလာသည့်အတွက် လမ်းမှားမရောက် နိုင်တော့ ပါဘူး။
၄။ ဓမ္မာနုဓမ္မပဋိပတ္တိ - မြတ်စွာဗုဒ္ဓ ဟောထားခဲ့သည့် သတိပဋ္ဌာန်၊ မဂ္ဂင်လမ်းစဉ်များအတိုင်း လမ်းမှန်ကို လိုက်ကာ ကျင့်ကြံပါမှ မျှော်လင့်နိုင်သော အရာလည်း ဖြစ်ပါတယ်။
၅။ ပါပမိတ္တ၊ မိတ်ကောင်း ဆွေကောင်းဟာလဲ သိပ်ပြီးတော့အရေးကြီးပါတယ်၊ ကိုယ့်မှာ အခြေခံကောင်းတွေ ရှိထား သော်လည်း မိတ်ဆွေကောင်းနဲ့ မတွေ့ရင် လမ်းမှားသွားနိုင်တယ်၊ ဒီနေရာမှာ အတွင်းအကြောင်း internal source တွေ ပြည့်စုံထားသော်လည်း external condition ဆိုတဲ့ ပြင်ပအကြောင်းတွေနဲ့ ပေါင်းမိဖို့ လိုအပ်နေပါသေးတယ်၊ အဲဒီလို အတွင်း အကြောင်း၊ အပြင်အကြောင်း နှစ်ခုပေါင်းမှ အကျိုးတရားဆိုတာ ထွက်လာရမှာပါ။
မိတ်ဆွေဆိုတာ ပေါင်းရုံသက်သက်မဟုတ်ပဲ ဆရာတင်တာကိုလဲ ယူနိုင်ပါတယ်၊ ဆိုပါစို့ တရားအားထုတ် လိုသူအတွက် မှန်ကန်တဲ့ နည်းလမ်းကို မပေးပဲ မှားမှားယွင်းယွင်း နည်းလမ်းကို ပေးမိတာကိုလည်း သတိထားကြရမှာပါ၊ အဲဒီလို ပါပမိတ္တနဲ့ ပေါင်းမိလို့ မလုပ်သင့်တာတွေ လုပ်မိသွားလျင် ကို်ယ့်ရဲ့ အခြေအနေ ကောင်းတွေဟာ ပျက်စီးသွား တတ်ပြန်တယ်။
ဥပမာအနေနဲ့ အားလုံးသိကြတဲ့ အဇာတသတ်ဘုရင်ကြီးဟာ သောတာပန်ဖြစ်ဖို့ အတွင်းအကြောင်း ပဋိသန္ဓေပြည့် စုံပြီးသား ဆိုသော်လည်း လူမိုက်နဲ့ ပေါင်းမိတော့ မလုပ်သင့်တာတွေ လုပ်မိပြီး ရှိပြီးသား အခြေအနေကို ဖျက်ဆီးပစ် လိုက်တာ သနားစရာသိပ်ကောင်းလှတယ်၊ နောင်တစ်ချိန်မှာ သာမညဖလသုတ် တော်ကို နာယူရပေမယ့် ပိတုဃာတက ကံကြီးကို ကျူးလွန်ထားလေတော့ သူ့သန္တာန်မှာ အခြေအနေကောင်းက ဖျက်ဆီးထားပြီ၊ ဒီဘဝအတွက် မျိုးစေ့က ပျက်ဆီး သွားတယ်လို့ ဆိုရမယ်ပေါ့၊ ဒါဟာ ပါပမိတ္တကြောင့် ဆုံးရှုံးရတာပါ။
၆။ ကိရိယာ ပရိဟာနိ -ဆိုတာ လုပ်သင့်တာကို မလုပ်ပဲနေပြီး အချိန်ကုန် ခံနေတာကို ဆိုလိုတယ်၊
လူတွေ တော်တော် များများဟာ အခြေအနေကောင်းတွေ ပါလာခဲ့တာများပါတယ်၊ ရှေးကံတွေ ကောင်းခဲ့ကြလို့ ပြည့်စုံတဲ့ ဘဝမှာ ရောက်နေကြသော်လည်း ၀ီရိယမရှိပဲ ပျင်းနေကြလို့၊ ဇွဲမကောင်းကြလို့ နောက်ပြီး ဖြစ်ချင်တဲ့ စိတ်ဆန္ဒ အားနည်းနေလို့ အဓိပတိမတပ်လို့ မဖြစ်မြောက်တာ များနေကြတာပါ၊
လုပ်ရမယ့်အလုပ်ကို လုပ်ဆောင်မှုမရှိတာ၊ လစ်ဟင်းတာကတော့ ကိုယ်တိုင်နဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်၊ ဘယ်အလုပ်မဆို အတိုင်းအတာ တစ်ခုအထိ သတ်မှတ်ထားတဲ့ ဒီဂရီ degree ဆိုတာ ရှိပြီးသားပါ၊ အချို့ တိဟိတ်ပုဂ္ဂိုလ်တွေ ရှိကောင်း ရှိနိုင်ပါတယ်၊ အများကြီးလည်း ရှိနိုင်တယ်လို့ ထင်မိပါတယ်၊ သို့သော်လည်း လုပ်သင့်တဲ့ အလုပ်ကို မလုပ်ကြဘူး၊ လုပ်ပြန်တော့လဲ ဇွဲမရှိပဲ နောက်ဆုတ် နောက်ဆုတ်သွားကြတော့ degree မပြည့်မှီသေးဘူးပေါ့၊
ကျမ်းဂန်များမှာတော့ မီးပွတ်ယောကျာ်း နဲ့ ဥပမာပေးကြတယ်၊ ရှေးခေတ်က သိပ္ပံပညာမထွန်း ကားသေးတော့ မီးပွင့်လေးတွေ ရလာဖို့ သစ်သား နှစ်ချောင်းကို အချင်းချင်း ပွတ်ရတယ်၊ မီးပွင့်လေးပေါ်လာမှ ၀ါဂွမ်းလေးနဲ့ တို့ယူရတယ်၊ ပွားရတယ်၊ အဲဒီ မီးပွတ်ယောကျ်ားဟာ ပွတ်လိုက်တာ၊ အားစိုက်ပြီး ပွတ်တယ်၊ ၀ီရိယထည့်ပြီး ပွတ်တယ်၊ ပွတ်တာ ကြာပြီး မောလာတော့ နားနေပြန်ရော ၊ နောက်တစ်ခါ ပြန်ပွတ်တယ်၊ မောတော့ နားထားပြန်တယ်၊ ဒီလိုနဲ့ ပူလာခါနီး မီးပွင့်ခါနီးမှ ခဏနားလိုက်ဦးမယ် ဆိုပြီး နားနေတော့ အေးအေး သွားပြန်တယ်၊ ဒီလိုပါပဲ တရားအားထုတ်ကြတဲ့ သူများဟာလဲ ရခါနီးကျလျင် ပြန်ပြန်လျှော့ထား လိုက်ရင်းနဲ့ အသစ် အသစ်ပဲ ပြန်ဖြစ်သွားတယ်၊ ဇွဲကောင်းဖို့ သိပ်လိုတယ်လို့ ဆိုရပါမယ်၊
နောက်တစ်မျိုးအနေနဲ့ ခြေလှမ်းပေါင်း ( ၅၀၀၀ ) လှမ်းမှ ရောက်ရမယ့်ခရီးကို အလှမ်းငါးထောင် မပြည့်သေးပဲ ရပ်ရပ် ထားလေတော့ အသစ်အသစ် တာထွက်နေရာကပဲ ပြန်စရသလို ဖြစ်နေပါတယ်၊ တောင်ထိပ်ကို တက်လှမ်းသူဟာ ကုန်းလျောကို ဆင်းသူတွေလောက်တော့မလွယ်ကူသလို ရေစုန်ကို မျှောလိုက်ရတာ လွယ်ကူသော်လည်း ရေဆန်ကို ဖြတ်ကူးဖို့ကျတော့ ဇွဲကောင်းဖို့ ၀ီရိယရှိဖို့ သတိ သမာဓိအားကောင်းဖို့ လိုအပ်နေပြန်တယ်။
ဒါကြောင့် မကောင်းမှုကို ပြုတယ် ဆိုတာ ရေစုန်လမ်းကို မျှောလိုက်ရသလို လွယ်ကူတာကြောင့် လူတိုင်းမှာ အခြေအနေ ကောင်း များ ရှိနေသော်လည်း ကိရိယာပရိဟာနိ - ဆိုတဲ့ လုပ်သင့်တာတွေကို လွှတ်ထားမိ လေတော့ ကမ်းကို မတက်နိုင်ပဲ ဖြစ်ေ နကြပါ တယ်၊ သတ်မှတ်ထားတဲ့ degree ကို မပြည့်သေးဘူး ဆိုလျင်တော့ failure of action ဖြစ်ပြီး ဆက်လက် ကူးခတ်နေကြရဦးမှာပါ။
အားလုံးကို ခြုံငုံသုံးသပ်ကြည့်တော့ စာရေးသူအပါအဝင် အားလုံးဟာ အချက်အလက်တော်တော် များများ လိုအပ်နေ သေးတာ သတိထားမိတယ်၊ ဆရာသမားကောင်းကောင်း၊ နည်းမှန်လမ်းမှန်၊ ကုသိုလ်ကောင်းမှုတွေ မပြတ်တိုက်တွန်း နေတတ်တဲ့ မိတ်ဆွေကောင်းနဲ့ လုပ်သင့်တာတွေကို ဇွဲကောင်းကောင်းနဲ့ လုပ်မိစေဖို့ လိုအပ်ပါလိမ့်မယ်။
ဒီလို အတွင်း အပြင် အကြောင်းတရားတွေ အားလုံးပေါင်း ဆုံမိပြီ ဆိုလျင်တော့ energy of mind စိတ်စွမ်းအား တွေတိုးပွားလာပြီး မီးပွင့်လာမှာ မလွဲဧကန်ပါပဲ၊ energy ဆိုတာ တစ်ခုနဲ့ တစ်ခုပေါင်းမှ ဖြစ်ပေါ်လာတတ်တာ မဟုတ်လား၊ တစ်ခုထဲနဲ့တော့ မရနိုင်ဘူးလေ၊ဒါကြောင့်ပါရမီဆိုတာကိုစဉ်းစားမနေပဲလမ်းကြောင်းအတိုင်းမှန်မှန်လျောက်နေဖို့သာအဓိကမို့ လျောက်ဖြစ်အောင် လျောက်ကြပါစို့ ဟူ၍ အားပေးတိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါသည်။
စာညွှန်း။ ။ အဂုင်္တ္တိုရ်ပါဠိတော်နှင့် ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိ၀ံသ ၏ ဓမ္မရေး ရာ အမေးအဖြေများမှ ကိုးကားဖော်ပြပါသည်။
မေတ္တာဖြင့် -
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Date.3.Sep.2011
Subscribe to:
Post Comments (Atom)
No comments:
Post a Comment