ခယဂုဏ်တော်။ ။ ထိုနိဗ္ဗာနဓာတ် တရားမြတ်ကို သောတာပတ္တိမဂ်ဖြင့် မြင်လိုက်သည်နှင့် တပြိုင်နက် ရာဂစသော ကိလေသာ အချို့သည်လည်းကောင်း၊ ထိုကိလေသာရှိသူတိုင်း (၇-ဘ၀ နောက်ရရှိမည့်) ရုပ်နာမ်တို့သည်လည်းကောင်း ကုန်ခန်းကြရတော့၏။ အထက်မဂ်များကို ရသောအခါလည်း ဤနည်းအတိုင်း ကိလေသာအပူတွေ ကုန်ရပေသည်။ ထို့ကြောင့် သန္တိဖြစ်သော ထိုနိဗ္ဗာန်သည် ကိလေသာတို့၏လည်းကောင်း၊ ရုပ်နာမ်တို့၏လည်းကောင်း ကုန်ခန်းကြောင်း ခယဂုဏ်နှင့် ပြည့်ပါသည်။
၀ိရာဂဂုဏ်တော်။ ။ တပ်မက်ခြင်း သဘောကို ပါဠိလို ‘‘ရာဂ’’ဟုခေါ်၏။ ထိုရာဂသည် ရုပ်နာမ်ခန္ဓာ အပေါ်၌လည်းကောင်း၊ ခန္ဓာနှင့်စပ်သော ပညတ်အပေါ်၌လည်းကောင်း ဖြစ်ရသော တရားတည်း၊ ရုပ်နာမ်တို့၏ ကုန်ကြောင်းဖြစ်သော နိဗ္ဗာန်သည် ထိုရာဂနှင့် လုံးလုံးမစပ်တော့ရကား ‘‘၀ိရာဂ- ရာဂမရှိ’’ဟူသော ဂုဏ်နှင့်လည်း ပြည့်စုံပါသည်။
အမတဂုဏ်တော်။ ။ ‘‘သေခြင်း’’ ဆိုသည်မှာ တစ်ဘဝအတွက် နောက်ဆုံးပျက်ခြင်းတည်း၊ ထိုအပျက်ဟူသည်လည်း အဖြစ်ရှိပြီးမှ ပေါ်လာ၏၊ ပျက်ဖို့ရှေးရှုနေသော (ပျက်ဖို့ပြင်နေသော) သဘောကို ‘‘အိုခြင်း, ဆွေးမြေ့ခြင်း’’ဟု ခေါ်၏။ ပါဠိလို ဇာတိ, ဇရာ, မရဏ၊ မြန်မာလို ‘‘ဖြစ်ခြင်း, ရင့်ခြင်း, (အိုခြင်း) သေခြင်း (ပျက်ခြင်း)’’ဟူသော သဘောသည် ရုပ်တရား နာမ်တရားတို့၏ သဘောဖြစ်၏၊ ရုပ်နာမ်အားလုံး ကုန်ဆုံးပြီးသော ထိုနိဗ္ဗာန်သည် သေခြင်း ‘‘မတ’’ မရှိရကား အမတဂုဏ်နှင့်လည်း ပြည့်စုံသည်။
ပဏီတဂုဏ်တော်။ ။ နိဗ္ဗာနဓာတ် တရားမြတ်သည် ရဟန္တာ ပုဂ္ဂိုလ်များအတွက် (စား၍မဝနိုင်အောင် အရသာရှိသော အစာကဲ့သို့) မကြာမကြာအာရုံပြု၍ နေချင်စရာကောင်းလောက်အောင် အရသာရှိသော တရားတော်ဖြစ်၏။ ဗုဒ္ဓမြတ်စွာသည် (ဖလသမာပတ်ကို ၀င်စားကာ) ထိုနိဗ္ဗာန်ကို အာရုံပြု၍ မကြာမကြာ သီတင်းသုံးတော်မူလေ့ရှိ၏။ တရားဟောတော်မူတုန်းမှာပင် ပရိသတ်က သာဓု သာဓုခေါ်ပြီးမှ တရားကိုဆက်၍ ဟောတော်မူ၏။ နိဗ္ဗာန်တရားတော်သည် ရဟန္တာဖြစ်ပြီး ပုဂ္ဂိုလ်အတွက် ဤမျှလောက် အရသာရှိသော တရားထူးတရားမွန် ဖြစ်သောကြောင့် ပဏီတဂုဏ်နှင့်လည်း ပြည့်စုံပါသည်။
ယဒဇ္ဈဂါ (ယံ +အဇ္ဈဂါ)။ ။ ထိုနိဗ္ဗာန်တရားတော်ကို ဤ သာသနာတော်၌ ဗုဒ္ဓမြတ်စွာဘုရားသည် အစဆုံး သိတော်မူ, တွေ့မြင်တော်မူရ၏၊ တွေ့မြင်ရာဌာနနှင့် ကာလကား ဘုရားဖြစ်ရာ ဗောဓိရိပ်သာ၌ ကဆုန်လပြည့်ညဉ့် အရုဏ်တက်တော့မည့်ဆဲဆဲ အချိန်အခါတည်း။
နိရောဓသစ္စာ။ ။ ထိုအချိန်ဝယ် ဗုဒ္ဓမြတ်စွာသည် ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာဟူသော သစ္စာ ၄-ပါးကို ပိုင်းခြားထင်ထင် သိမြင်တော်မူ၏။ ထိုသို့သိမြင်တော်မူရာဝယ် ‘‘နိရောဓသစ္စာ’’ဟူသည် ဤ နိဗ္ဗာနဓာတ် တရားမြတ်ပင် ဖြစ်၏။ ထိုအချိန်၌ မျက်စိအောက်သို့ ရောက်နေသော အရာဝတ္ထုကို မြင်ရကဲ့သို့ ဗုဒ္ဓမြတ်စွာသည် မဂ်ဉာဏ်ဖြင့် ခယ, ၀ိရာဂ, အမတဂုဏ်အပေါင်းနှင့် ပြည့်စုံသော နိဗ္ဗာန်ဟူသော နိရောဓသစ္စာကို ထင်ထင်ရှားရှား မြင်တော်မူပါသည်။
ဥပမာဆောင် ထင်ရှားအောင်ပြပေအံ့ -
အဏုမြူဓာတ်၏ စွမ်းအားကို ရှာဖွေကြသော လောကီ ပညာချွန်တို့သည် အလွန်ကြိုးစားသောအခါ ထို အဏုမြူအားကို တွေ့မြင်ကြရ၏။ ထိုတွေ့မြင်အပ်သော ထိုဓာတ်အားသည် သူတို့တွေ့မှ ဖြစ်သည်မဟုတ်၊ နဂိုသဘာဝအတိုင်းရှိနေသော အားဖြစ်သကဲ့သို့လည်းကောင်း၊ လေးနက်သော ကျမ်းစာ၏ အဓိပ္ပာယ်ကို အမှန်သိအောင် စဉ်းစားကြသော စာပေပညာချွန်တို့သည် ရက်ပေါင်းများစွာ အတော်ကြိုးစားသောအခါ ထိုအဓိပ္ပာယ်ကို သိရ၏။ ထိုသိအပ်သော အကြောင်းအရာ အဓိပ္ပာယ်စာသည် ထိုအချိန်မှ ဖြစ်ရသည်မဟုတ်ပဲ နဂိုသဘာဝအတိုင်းပင် ရှိနေသကဲ့သို့လည်းကောင်း၊ တရားထူး ရအောင် အားထုတ်သော ယောဂီသူမွန်သည်လည်း နိဗ္ဗာန်နှင့်တကွ သစ္စာ ၄-ပါးကို သိရအောင် တရားအားထုတ်သာအခါ အလွန့်အလွန်ကြိုးစားမှ ထိုတရားကို သိရ၏။ ထိုသိအပ်သော နိဗ္ဗာန်တရားသည် ထိုအချိန်မှ ဖြစ်ပေါ်လာသောတရားမဟုတ်၊ သဘာဝအတိုင်း ရှိနေသော သန္တိသုခတရားသာဖြစ်ပါသည်။
သမံ နတ္ထိ။ ။ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်း လေးထောင် ဟူသော ပရိယတ်တရား၊ ကိလေသာတို့ကို သူ့နည်းသူ့ဟန်ဖြင့် ပယ်နိုင်သော စျာန်တရား၊ မြေလျှိုးမိုးပျံ ပုံသဏ္ဌာန်အမျိုးမျိုးကို ဖန်ဆင်းနိုင်ခြင်း စသောတန်ခိုးရှိသော အဘိညာဉ်တရား၊ ဆိုင်ရာကိလေသာကို အကြွင်းအကျန်မရှိအောင် ပယ်နိုင်သော မဂ်တရားဖိုလ်တရားတို့သည် ဆိုင်ရာအကျိုး အမျိုးမျိုးကို ပေးနိုင်ကြသော်လည်း၊ နိဗ္ဗာန်နှင့်တန်းတူသော တရားတစ်ပါးမျှ မရှိပါချေ။
ဒိဋ္ဌဓမ္မိက နိဗ္ဗာန်။ ။ ပရိနိဗ္ဗာန်စံတော်မမူမီ ဖလသမာပတ်ဝင်စားသောအခါ ဗုဒ္ဓမြတ်စွာ၏ စိတ်တော်၌ မကြာမကြာ ထင်ပေါ်နေသော နိဗ္ဗာန်ကို မျက်မှောက်ဘဝ၌ အာရုံပြုရသောကြောင့် ‘‘ဒိဋ္ဌဓမ္မိက နိဗ္ဗာန်’’ဟု ခေါ်၏။ ၀ိပါက်စိတ်များနှင့် ကမ္မဇရုပ်များကို “ဥပါဒိ”ဟုခေါ်၏။ ထို ဥပါဒိ ရှိစဉ်အခါ၌ အာရုံပြုရသောကြောင့် “သဥပါဒိသေသနိဗ္ဗာန်”ဟုလည်း ခေါ်သည်။
သမ္ပရာယိက နိဗ္ဗာန်။ ။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူပြီးသောအခါ တည်ရှိရစ်သော ထိုနိဗ္ဗာန်ကိုပင် “သမ္ပရာယိက နိဗ္ဗာန်”ဟု ခေါ်၏။ ၀ိပါက်နာမက္ခန္ဓာနှင့် ကဋတ္တာရုပ်ဟူသော ကမ္မဇရုပ် အကြွင်းအကျန် မရှိသောကြောင့် “မနုပါဒိသေသနိဗ္ဗာန်”ဟုလည်း ခေါ်သည်။ ထို့ကြောင့် “ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတော်မူပြီးသော်လည်း ဗုဒ္ဓမြတ်စွာ သိတော်မူအပ်ပြီးသော အသင်္ခတနိဗ္ဗာနဓာတ်သည်ကား ယနေ့တိုင်အောင် တည်ရှိနေသည်”ဟု မှတ်ပါ။ (ဣတိ၀ုတ္တကဋ္ဌကထာ ဒုက၊ ဒုဝဂ်၊ နိဗ္ဗာနဓာတုသုတ်အဖွင့်)
သုခ ၂-မျိုး။ ။ သုခသည် ဝေဒယိကသုခ, သန္တိသုခဟု နှစ်မျိုးရှိ၏။ ယခုခေတ်လူအများတို့ မြင်ရ, ကြားရ, နမ်းရ, စားသောက်ရ, တွေ့ထိရသောအခါ ဖြစ်ပေါ်လာသော ကိုယ်ချမ်းသာခြင်း၊ စိတ်ချမ်းသာခြင်းကို “ဝေဒယိတသုခ”ဟုခေါ်သည်၊ ထိုသို့ ခံစားမှုမရှိပဲ ဒုက္ခခပ်သိမ်း ငြိမ်းအေးခြင်းသဘောကို “သန္တိသုခ”ဟု ခေါ်သည်။
ဝေဒယိတသုခ။ ။ ခံစားမှုဟူသော ဝေဒယိတသုခသည် ခံစားစံစား၍ ကုန်ကုန်သွားသည့်အတွက် အသစ် အသစ် ရအောင် ပစ္စည်းဥစ္စာရှာရခြင်းစသော ဒုက္ခဖြင့် ထူထောင်ရ၏။ ထို အသစ် အသစ်ရအောင် ထူထောင်ရသော ဒုက္ခကား ခံစားရသော သုခနှင့် အဆမတန်ချေ၊ ထိုသို့ ဒုက္ခဖြင့် ထူထောင်ပြီးနောက် ပေါ်ပေါက်ရရှိသော သုခကလေးဖြင့် တင်းမတိမ်နိုင်ကြသောကြောင့် အပိုအမိုအကြွေးယူကာ မတရားထံစားမှုအတွက် အပါယ်သွား၍ သုခကြွေးတွေကို အတိုးနှင့်တကွ ဒုက္ခဖြင့် ဆပ်ကြရလေသည်။
သန္တိသုခ။ ။ ထိုကဲ့သို့ ခံစားမှုနှင့် မရောသော သန္တိသုခသဘောကား ရုပ်နာမ် သင်္ခါရတို့ ချုပ်ငြိမ်းသဖြင့် အေးမြငြိမ်းချမ်းခြင်း သဘောတည်း။ ထင်ရှားစေအ့ံ- လောကီအာရုံကာမဂုဏ်တွေ ပြည့်စုံလှသော သူဌေးတစ်ယောက်သည် နှစ်ခြိုက်စွာ အိပ်ပျော်နေစဉ် ခံစားဖို့ အာရုံများကို ပြင်ဆင်၍ အစေခံတို့က နှိုးလာသောအခါ “အအိပ်ဖျက်ရမည့်လား”ဟု ကြိမ်းဝါးမောင်းမဲမည်သာ၊ ထိုသူ၏ အိပ်နေစဉ်အခါ၌ ခံစားမှု အထင်အရှားမရှိ၊ သို့ပါလျက် နှစ်ခြိုက်စွာ အိပ်ရမှုကိုပင် ခံစားမှုသုခထက် နှစ်သက်၍ “အိပ်ရကောင်းလိုက်တာ”ဟု အမွှန်းတင်ကြသေး၏၊ ရုပ်နာမ်အားလုံးကင်း၍ ငြိမ်းချမ်းခြင်း သန္တိသုခကား “မည်မျှလောက် ကောင်းလိမ့်မည်”ဟု မှန်းဆသင့်တော့သတည်း။
နိရောဓသမာပတ်ဝင်စားခြင်း။ ။ စိတ်စေတသိက်နှင့် စိတ်ကြောင့်ဖြစ်သော ရုပ်များ၏ အသစ် မဖြစ်ပဲ ချုပ်ငြိမ်းနေအောင်ပြုနိုင်သော သမာပတ်ကို “နိရောဓသမာပတ်”ဟု ခေါ်၏။ အနာဂါမ် ရဟန္တာဖြစ်ပြီး စျာန်အကုန်ရပြီးပုဂ္ဂိုလ်သာ ထိုသမာပတ်ကို ၀င်စားနိုင်၏။ အနာဂါမ်, ရဟန္တာအရှင်မြတ်တို့သည် ရုပ်နာမ်ခန္ဓာကြီးကို လေးလံလှစွာသော ၀န်ထုပ်ကြီးကဲ့သို့ မှတ်ထင်တော်မူကြကုန်၏။ ထို့ကြောင့် ရုပ်နာမ်ခန္ဓာမှ ကင်းနိုင်သမျှကင်းဖို့ရာ နိရောဓသမာပတ်ကို ၀င်စားတော်မူကြ၏။ ထို သမာပတ်အတွင်း၌ ခံစားမှုလုံးဝမရှိ၊ နာမ်တရားနှင့် အချို့ရုပ်များ အသစ်မဖြစ်ပဲ ရပ်စဲနေခြင်းသာတည်း၊ ထိုရပ်စဲခြင်းသည်ပင် ချမ်းသာသေးလျှင် ရုပ်နာမ်အားလုံး ချုပ်ငြိမ်းနေသော နိဗ္ဗာန်သည် အဘယ်မှာ မချမ်းသာပဲ ရှိအံ့နည်း။
ထင်ရှားရှိသောနိဗ္ဗာန်။ ။ ထို သန္တိသုခ နိဗ္ဗာနဓာတ် တရားမြတ်သည် ဘာမျှမရှိသော (အဘာဝ) ပညတ်မဟုတ်ပါ၊ အများဆိုင် ဘုံပစ္စည်းကဲ့သို့ တစ်ပါးတည်းလည်း မဟုတ်ပါ၊ ကိုယ့်နိဗ္ဗာန်နှင့်ကိုယ် အသီးသီးရှိကြပါသည်။ ထို့ကြောင့်ပင် ရဟန္တာအရှင်တို့သည် ခန္ဓာကိုယ်ထင်ရှားရှိစဉ် မိမိသိအပ်သောနိဗ္ဗာန်ကို အာရုံပြုလျက် ဖလသမာပတ်ဝင်စား၍ နေလေ့ရှိကြပါသည်။ ထိုသမာပတ်ဝင်စားခိုက်၌ နိဗ္ဗာန်ကို အာရုံပြု၍နေရသည်မှာ အလွန်သုခ ရှိပါသည်တဲ့၊ ထို့ကြောင့်ပင် ထေရာထေရီ အလီလီတို့ ရွှေပြည်နိဗ္ဗာန်ဝင်စံခါနီးဝယ် ဥဒါန်းကျူးကာ ရုပ်နာမ်ခန္ဓာဝန်ကြီးကို အပြီးသတ် ပစ်ချတော်မူကြပါသည်။
အမရပူရ မဟာဂန္ဓာရုံဆရာတော်
အရှင်ဇနကာဘိ၀ံသ၏
အခြေပြုပဋ္ဌာန်းတရားတော်မှ
ရတနသုတ်ပါဠိတော်
ခယံ ၀ိရာဂံ အမတံ ပဏီတံ၊
ယဒဇ္ဈဂါ သကျမုနိ သမာဟိတော။
န တေန ဓမ္မေန သမတ္ထိ ကိဉ္စိ၊
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
သန္တံ၊ ဖြစ်ပျက်မစပ် အငြိမ်းဓာတ်ဖြင့် မပြတ်ပုံသေ အေးမြပေထသော။ ခယံ၊ ရုပ်နာမ်ဆူဆူ အပူခပ်သိမ်း ကုန်ငြိမ်းကြောင်းလည်း ဖြစ်ပေထသော။ ၀ိရာဂံ၊ ရုပ်နာမ်အဆက် အကုန်ပျက်သဖြင့် မတပ်မက်ကြောင်းလည်း ဖြစ်ပေထသော။ အမတံ၊ ဇရာမရဏ ရှာမရအောင် ကာလပုံသေ အမြူတေလည်း ဖြစ်ပေထသော။ ပဏီတံ၊ အရသာရှိ စားဖွယ်၏သို့ သိ၍မ၀ မွန်မြတ်ပေထသော။ ယံ ဓမ္မံ၊ အသင်္ခတ နိဗ္ဗာနဓာတ် အကြင်တရားတော်မြတ်ကို။ သမာဟိတော၊ ဘာဝနာကမ္မဋ္ဌာန်း လွန်ကြိုးပမ်းသဖြင့် စိတ်စွမ်းတည်ဘိ သမာဓိရှိတော်မူသော။ သကျမုနိ သာကီနွယ်ဖွား ငါတို့ဘုရားသည်။ အဇ္ဈာဂါ၊ ဗောဓိအောင်မြေ ပလ္လင်ဗွေ၌ လေးထွေသစ္စာ သိသောအခါ၀ယ် ကောင်းစွာလှလှ ရတော်မူခဲ့လေပြီ။
တေန ဓမ္မေန၊ အသင်္ခတ နိဗ္ဗာနဓာတ်သို့ ထို တရားတော်မြတ်နှင့်။ သမံ၊ တန်းတူထား၍ ရှုစားလောက်သော။ ကိဉ္စိ၊ တစ်မျိုးတစ်ခြား တရားဆိုင်ရာ တစ်စုံတစ်ခုသော ရတနာသည်။ န အတ္ထိ၊ လူ့ဘုံနတ်ရောက် အကုန်ပေါက်အောင် မွှေနှောက်ရှာဖွေ မရှိပါချေ။ ဓမ္မေ၊ အသင်္ခတ နိဗ္ဗာနဓာတ် တရားမြတ်၌။ ပဏီတံ၊ တရားများစွာ ရတနာထက် ကဲသာမြတ်မွန် တုဘက်လွန်သော။ ဣဒမ္ပိ ရတနံ၊ ရတနာဖြစ်ကြောင်း ကောင်းထက်ကောင်းသည့် ဂုဏ်ပေါင်းကိုခြုံ ဤ ခယဝိရာဂစသော ဂုဏ်တော်သည်။ အတ္ထိ၊ စင်စစ်ဧကန် အမှန်မသွေ ရှိပါပေ၏။ ဧတေန သစ္စေန၊ မှန်ကန်လှစွာ ဤ ၀စီ သစ္စာကြောင့်။ ပါဏီနံ၊ ဘေးရန်ခပ်သိမ်း အေးငြိမ်းကြလို များလူဗိုလ်တို့အား။ သုဝတ္ထိ၊ တင့်တယ်ဖို့ရန် အတန်တန်ဖြင့် ဘေးရန်ခပ်သိမ်း အေးငြိမ်းခြင်းသည်။ ဟောတု၊ စင်စစ်မသွေ ဖြစ်ပါစေသတည်း။
(အကျယ်ကို နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓတွင် ရှုပါ)
မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိ၀ံသ၏ သံဝေဂလင်္ကာ
၁။ ငါတို့နေရာ, ဤကမ္ဘာ, တဏှာအုပ်စိုးသည်။
၂။ တဏှာစေရာ, မနေသာ, ဖွေရှာ ဆက်ရသည်။
၃။ ရသည့်ဥစ္စာ, ချစ်သူပါ, စွန့်ခွာ သွားရမည်။
၄။ တကဲ့အရေး, တကဲ့ဘေး, ဘယ်သွေး ဘယ်သား မကယ်ပြီ။
၅။ ငါနှင့်ရွယ်သူ, ငါ့အောက်လူ, ကြီးသူသေကြ, များလှပြီ။
၆။ ခဏမစဲ, အိုစမြဲ, ကိုယ်လဲသေဘက် နီးခဲ့ပြီ။
ရ။ ဇရာမီးတောင်, ကိုယ်ထည်းလောင်, သေအောင်မြိုက်တော့သည်။
ဂ။ မသေရခင်, သွားလမ်းစဉ်, ကြိုတင်ပြင်သင့်ပြီ။
၉။ ဒါနသီလာ, ဘာဝနာ, လမ်းသာ ထွင်လိမ့်မည်။
၁၀။ မဂ္ဂင်ယာဉ်ကြီး, အမြန်စီး, ခရီးထွက်တော့မည်။
ဆရာတော် ပျံလွန်တော်မူခါနီး ရေးသွားသည်ဟု ထင်ရပါသည်။
အာသီသ
စိရဋ္ဌိတတ္ထံ ဓမ္မဿ၊ ကရောန္တေန မယာ ဣမံ။
သဒ္ဓမ္မဗဟုမာနေန၊ ယဉ္စ ပုညံ သမာစိတံ။
သဗ္ဗဿ အာနုဘာဝေန၊ တဿ သဗ္ဗေပိ ပါဏိနော။
သဒ္ဓမ္မရသသေဝိနော၊ ဘဝန္တု ဓမ္မရာဇဿ။
ဓမ္မဿ၊ ဘုရားဟော်ဖော် တရားတော်၏။ စိရဋ္ဌိတတ္ထံ၊ ကြာမြင်စွာ တည်ခြင်းအကျိုးငှာ။ ဣမံ၊ ဤဓမ္မဒါနကောင်းမှုကို။ (ဤ အနန္တသဗ္ဗညုတဉာဏ်တော်ကြီးနှင့် အတုမဲ့ချမ်းသာမြတ် နိဗ္ဗာနဓာတ် တရားတော်မြတ်ကို ဉာဏ်မှီသမျှ အာရုံရပါစေခြင်း အကျိုးပြုစီမံအားထုတ်ရသော ကုသိုလ်ကို)။ ကရောန္တေန၊ ပြုသော။ မာယာ၊ ငါသည်။ သဒ္ဓမ္မဗဟုမာနေန၊ သူတော်ကောင်းတရား၌ များစွာမြတ်နိုးခြင်းရှိသည်။ (ဟုတွာ၊ ဖြစ်၍။) ယဉ္စ ပုညံ၊ အကြင် ပရဟိတအကျိုး သည်ပိုးဆောင်ကြောင်း ကောင်းမှု ကုသိုလ်ကိုလည်း။ သမာစိတံ၊ ကောင်းစွာ ဆည်းပူးအပ်ပေပြီ။ သဗ္ဗဿ၊ အလုံးစုံသော။ တဿ (ပုညဿ)၊ ထိုကောင်းမှုကုသိုလ်၏။ အာနုဘာဝေန၊ တန်ခိုးရှိန်စော် အာနုဘော်ကြောင့်။ သဗ္ဗေပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။ ပါဏိနော၊ လူ, နတ်, ဗြဟ္မာ သတ္တဝါ တို့သည်။ ဓမ္မရာဇဿ၊ တရားမင်း ဘုရား၏။ သဒ္ဓမ္မရသသေဝိနော၊ သူတော်ကောင်းတရား၏ အရသာ သုံးဖြာသော ဗောဓိဉာဏ်တွင် ထိုက်တန်သော ဗောဓိဉာဏ်ကို မှီဝဲနိုင်ကြကုန်သည်။ ဘဝန္တု၊ ဖြစ်ပါစေကုန်သတည်း။
စိရံ တိဋ္ဌတု သဒ္ဓမ္မော၊ ကာလေ ၀ဿံ စိရံ ပဇံ။
တပ္ပေတု ဒေဝေါ ဓမ္မေန၊ ရာဇာ ရက္ခတု မေဒိနိံ။
သဒ္ဓမ္မော၊ ရှင်တော်ဘုရား ဟော်ဖော်ထားသည့် တရားတော်မြတ် ပိဋကတ်သည်။ စိရံ၊ ကျင့်သူရှိသော် ထောင်သောင်းကျော်အောင်။ တိဋ္ဌတု၊ ပါဠိအနက် မပျက်စုံညီ လဇ္ဖီပုဂ္ဂိုလ်တို့ သန္တာန်၌ တည်ပါစေသတည်း။ ဒေဝေါ၊ မိုးသည်။ ကာလေ၊ သင့်လျော်လျောက်ပတ် ကောင်းမြတ်သော အခါ၌ ၀ဿံ၊ ရွာဖြိုးလျက်။ စိရံ၊ ကြာမြင့်စွာ။ ပဇံ၊ သတ္တဝါအပေါင်းကို။ တပ္ပေတု၊ ၀မ်းသာရွှင်ပျို့နှစ်မြို့ပါစေသတည်း။ ရာဇာ၊ တိုင်းပြည်စောင့်ကြပ် မင်းဟု သမုတ်အပ်ကုန်သော အုပ်ချုပ်သူအပေါင်းသည်။ မေဒိနိံ၊ တမြေပြင်လုံးကို (၀ါ) မြေပြင်ထက်နေ လူဗိုလ်ခြေကို၊ ရက္ခတု၊ အမြဲချီးမြှောက် စောင့်ရှောက်နိုင်ပါစေသတည်း။
ဗုဒ္ဓမြတ်စွာ၏ အဆုံးအမသာသနာတော်မြတ်ကြီးကို အမှီပြုလျက် သူတော်ကောင်းတရား တည်မြဲပျံ့နှံ့၍ သတ္တဝါအပေါင်း ချမ်းသာစေကြောင်းကြိုးစား အားထုတ်လျက်ရှိကြသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့သည် မိမိတို့ ကြိုးစားသလောက် ပြီးမြောက် အောင်မြင်ကြပါစေသတည်း။
အမရပူရ မဟာဂန္ဓာရုံဆရာတော်
အရှင်ဇနကာဘိ၀ံသ၏
(အခြေပြုပဋ္ဌာန်းတရားတော်မှ)
အတုမဲ့ချမ်းသာမြတ် နိဗ္ဗာနဓာတ်, နိဗ္ဗာန်နှင့်ပတ်သက်၍ သံသယကင်းရှင်းစေခြင်းအကျိုးငှာ ရည်သန်၍ ဖော်ပြလိုက်ပါသည်။
No comments:
Post a Comment