Friday, 22 November 2019

ဝိမုတ္တိယုဂ ပြဿနာ


မကြာမီက စာရေးသူထံ လိပ်စာတပ်၍ အမည် မဖော်လိုသော မိတ်ဆွေတစ်ဦးထံမှ စာတစ်စောင် ရောက်လာသည်။ စာမှာ တော်တော်ရှည်လျား လှပါသည်။ ယုဂ ငါးမျိုးအကြောင်းကို အကျယ်ဖော်ပြ၍ သာသနာ ၂၅၀၀ ကျော်သော ယခုအချိန်၌ အလွန်ကောင်းမြတ်သော ဝိမုတ္တိယုဂခေတ်သို့ ပြန်လည်ရောက်ရှိ လာသဖြင့် မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူစ ခေတ်နှင့် အလားတူစွာ ရဟန္တာ ပုဂ္ဂိုလ်များ ထွန်းကား လာတော့မည့် အကြောင်း ပုဂ္ဂိုလ်တစ်ဦး ဟောပြောနေသည်ကို နာယူခဲ့ရ၍ ထိုအတိုင်း ဖြစ်နိုင် မဖြစ်နိုင် မေးမြန်း ထားလေသည်။
ဤပြဿနာမှာ မကြာမကြာ ပေါ်ပေါက်နေကျ ပြဿနာ တစ်ခုပင် ဖြစ်ပါသည်။ နာမည်ကြီး ဆရာတော် ဘုရားများလည်း မကြာမကြာ ဖြေရှင်းနေရသည်ကို ကြားရ ဘူးပေသည်။ ပြဿနာကို စတင် ဖော်ထုတ်ခဲ့သော ပုဂ္ဂိုလ်တို့ ကိုယ်တိုင်က နာမည်ကျော် ပညာရှိဘွဲ့ခံ ပုဂ္ဂိုလ်ကြီးများ ဖြစ်ခဲ့၍ ရှင်းလင်း ဖြေကြားရသော ပုဂ္ဂိုလ်တို့ အဖို့လည်း တာဝန် ကြီးလှပေသည်။


ပြဿနာ၏ အထည်ကိုယ် ဖြစ်သော ယုဂငါးမျိုးနှင့် အဓိပ္ပါယ်ကို ဤ၌ဖော်ပြ သင့်သည်ဟု ထင်ပါသည်။ ယုဂငါးမျိုးကား -
(၁) ဝိမုတ္တိယုဂ၊
(၂) သမာဓိယုဂ၊
(၃) သီလယုဂ၊
(၄) သုတယုဂ၊
(၅) ဒါနယုဂ တို့တည်း။
ထိုငါးမျိုးတို့တွင် -
(၁) ဝိမုတ္တိယုဂ ဟူသည် မြတ်စွာဘုရား ပရိနိဗ္ဗာန် ဝင်စံတော် မူပြီးနောက် ရဟန္တာ ပုဂ္ဂိုလ်များ ထင်ရှားရှိနေသော ကာလကို ဆိုသည်၊ မဂ်တရား၊ ဖိုလ်တရား များကို ကျင့်ကြံ ကြိုးကုတ်၍ ရနိုင်သော ခေတ်ကောင်း ခေတ်မြတ်ကြီးပင် ဖြစ်သည်။ ပညာသိက္ခာ ထွန်းကားသော ခေတ်ဟု ဆိုလိုသည်။
(၂) ထိုရဟန္တာခေတ် ဟုဆိုသော ဝိမုတ္တိယုဂ ခေတ်ကြီး ကုန်ဆုံးကွယ်ပ သွားသောအခါ သမာဓိယုဂ ခေတ်သို့ ရောက်၍လာ၏၊ မဂ်တရား ဖိုလ်တရားများကို အားထုတ်ကြသော ခေတ်ဖြစ်၏၊ ထိုခေတ်၌ မဂ်ဖိုလ်ကို မရနိုင်တော့ဘဲ လောကီစျာန် အဘိညာဉ် တို့ကိုသာ ရနိုင် ပေတော့သည်၊ ပညာသိက္ခာ ကွယ်ပျောက်၍ သမာဓိ သိက္ခာ ထွန်းကားသော အချိန်ဟု ဆိုလို၏ ။
(၃) လောကီစျာန် အဘိညာဉ် ခေတ်ဟု ဆိုအပ်သော သမာဓိယုဂခေတ် ကုန်ဆုံး ကွယ်ပ ပြီးသည့်နောက် သီလယုဂ ခေတ်သို့ ရောက်လာရ၏၊ ထိုခေတ်တွင် စျာန်သမာပတ် အားထုတ်မှု မရှိတော့ဘဲ သီလကိုသာ အားထုတ် ကြရတော့၏ ။ ရဟန်း သံဃာများ ပျောက်ကွယ် မသွားသေး၊ သီလတရား အားထုတ်မှု ပျောက်ကွယ် မသွားသေးသဖြင့် စတုပါရိ သုဒ္ဓိသီလ စသော သီလတရားများ ၊ (၁၀)ပါး (၈)ပါး (၅)ပါး သီလများ ထွန်းကား နေသေးသော ခေတ်ဖြစ်၏ ။ အထူးအားဖြင့် သိက္ခာ သုံးပါးတွင် သီလ သိက္ခာသာ ကျန်ရှိတော့၍ ရဟန်းတို့ အဖို့ သီလတရား မှတပါး စျာန်တရား မဂ်တရားတို့ကို အားထုတ် ကြိုးစားခြင်း လုံးဝ မရှိတော့သော ခေတ် ဖြစ်လေသည်။
(၄) ထိုသီလယုဂခေတ် ကုန်ဆုံး သွားပြီးသည့် နောက်တွင် သုတယုဂ ခေတ် ဖြစ်ပေါ်လာ၏။ ထိုခေတ်တွင် ရဟန်းတို့သည် သီလကို စင်ကြယ်အောင် ထိန်းသိမ်းခြင်းပင် မပြုတော့ဘဲ စာပေ ကျန်းဂန် သင်အံ့ ပို့ချမှုမျှသာ ရှိတော့၏။ တနည်း ဆိုရသော် သီလ စင်ကြယ်သူ ဟူ၍ပင် မရှိ၊ စာပေ ကျန်းဂန် တတ်ကျွမ်းမှု ကိုသာ အကောင်းဆုံး ထား၍ ကိုးကွယ်ရသော ခေတ် ဖြစ်လေသည်။
(၅) နောက်ဆုံးတွင် ထိုစာပေကျန်းဂန် သင်အံပို့ချမှုပင် မရှိတော့ဘဲ ( ဝါ - သုတယုဂ ခေတ်ကြီး ကုန်ဆုံး ပျက်ပြုန်း၍ သွားသော အခါတွင်) ထိုခေတ်ပေါ် ရဟန်း သံဃာတော် တို့သည် ပစ္စည်း လာဘ်သပ္ပကာ တို့ကိုသာ ရှာမှီး၍ ဒါနပြုခြင်း တတ်နိုင်သမျှ လှူဒါန်း ပေးကမ်းခြင်း မျှကိုသာ ရဟန်း တရားအနေဖြင့် အားထုတ်ကြသော ခေတ် (ဒါန ယုဂခေတ်) သို့ ရောက်ရှိ လာရလေတော့သည်။ အကျင့် တရားဟူ၍ မည်မည်ရရ မရှိ၊ ရဟန်း အသွင်မျှသာ ကျန်ရှိနေပြီး စွန့်ကြဲ ပေးကမ်းမှု ကိုသာ အမြတ်ဆုံးတရား အနေဖြင့် အားထုတ်နေရသော ခေတ်ကြီးတည်း၊ အလှူအတန်း ပေးကမ်းစွန့်ကြဲ တတ်သော ရဟန်းကိုပင် အကောင်းဆုံး အမြတ်ဆုံး ထား၍ ကိုးကွယ်ရသော ခေတ်ဟု ဆိုလိုပေသည်။
ဖော်ပြပါ ယုဂငါးမျိုးဟု ဆိုအပ်သော သာသနာ ခေတ်ငါးမျိုးကို ထေရဂါထာ အဋ္ဌကထာ ဒုတိယအုပ် ဖုဿ ထေရဂါထာ အဋ္ဌကထာ အဖွင့်၌ အဋ္ဌကထာ ဆရာ အရှင်ဓမ္မပါလမထေရ် “ နောက်အနာဂတ် ကာလ၌ ဤ တရားဆိုးများ ဖြစ်ပေါ် လာလိမ့်မည်” ဟူသော စကားတွင် ပါသော အနာဂတ် ကာလ အဓိပ္ပါယ်ကို ဖွင့်ဆို ဖော်ပြရင်း ဖွင့်ဆိုချက် မျှသာ ဖြစ်လေသည်။ ဤနေရာမှ တပါး အခြား အဋ္ဌကထာ ဋီကာတို့၌ ဤယုဂ ငါးမျိုး ဖော်ပြထားချက် တို့ကို မတွေ့ရပေ။
ဤဖုဿ ထေရဂါထာ အဋ္ဌကထာ ၌လည်း ဖော်ပြပါ ယုဂငါးမျိုးကို အမည်မျှသာ ထုတ်ပြပြီး မည်သည့် အချိန်၌ မည်သည့်ယုဂ ဖြစ်ပေါ်၍ ယုဂတစ်မျိုး တစ်မျိုး၌ မည်မျှ ကြာနေမည် စသော စကား အရိပ်အမြွတ်မျှ မပါမရှိပေ၊ ယုဂငါးမျိုး တစ်ခုပြီး တစ်ခု ဖြစ်လာနိုင်သည် ဟူ၍သာ ဖော်ပြ ထားပေသည်။ စင်စစ်မှာ သာသနာ ကွယ်ပျောက်ရာ၌ ဤယုဂငါးမျိုး အစဉ်အတိုင်း ဖြစ်ပေါ်လာပြီး နောက်ဆုံး သာသနာ ကွယ်ပျောက် သွားနိုင်ပုံကို ဖော်ပြထားခြင်း ဟုသာ နားလည် ထားသင့်ပါသည်။
သို့သော် နောက်ဆရာတို့ကား ဤယုဂ ငါးမျိုးကို နှစ်အပိုင်းများ ဖော်ပြလျက် တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လာပြီး နောက်ဆုံးယုဂ ငါးမျိုးလုံး စုံသွားလျှင် ပထမ ဝိမုတ္တိယုဂသို့ ပြန်လှည်၍ လာရမည့် အကြောင်းဖြင့် ရေးသားဟောပြော လာလေသည်၊ မည်သည့် ကျမ်းဂန် အထောက်အထားမျှ ခိုင်ခိုင်လုံလုံ မရှိသဖြင့် အာစရိယ ပရံပရ ပရိယတ္တိ ဝိသာရဒ ပုဂ္ဂိုလ်တို့၏ ထောက်ခံမှုကို မရရှိခဲ့ပေ။
ထိုဆရာတို့ ရေးသား ဟောပြောပုံကား “ယုဂတစ်မျိုး တစ်မျိုးတွင် အနှစ် ၅၀၀ စီရှိသည်၊ ဘုရားပရိနိဗ္ဗာန် စံပြီးစအချိန်မှ စ၍ ဝိမုတ္တိယုဂ ခေတ် စတင်ခဲ့ရာ သာသနာ အနှစ် ၅၀၀ တွင် ဝိမုတ္တိယုဂ ခေတ်ကုန်ဆုံး သွားခဲ့ပြီးလျှင် သမာဓိယုဂ ခေတ် ဖြစ်ပေါ်လာခဲ့သည်။ ထို သမာဓိယုဂ ခေတ် သည် သာသာနာ အနှစ် ၁၀၀၀ ၌ ကုန်ဆုံးခဲ့ပြီးနောက် သီလယုဂခေတ်သို့ ရောက်ခဲ့ပြန်သည်။ သာသနာနှစ် ၁၅၀၀ တွင် သီလယုဂခေတ် ကုန်ဆုံးခဲ့ပြီး သုတယုဂ ခေတ် ထွန်းပေါ် လာပြန်၏။ သုတယုဂ ခေတ်သည် သာသနာ အနှစ် ၂၀၀၀ နှစ်၌ ကုန်ဆုံး သွားပြီးနောက် ၂၅၀၀ မှစ၍ ဝိမုတ္တိယုဂ ခေတ်ကြီး ပြန်လည် ထွန်းကား လာရလေသည်” ဟူသတည်း။
စာရေး၍ ပေးသော မိတ်ဆွေသည် အဆင်ခြင်ဉာဏ် ပြည့်စုံသည့် အတိုင်း သာသနာ ၂၅၀၀ ကျော်၍ ဝိမုတ္တိယုဂ ခေတ်ကြီး ပြန်လည် ဆန်းသစ် လာပြီဟူသော စကားကို ယုံကြည်လိုသူ မဟုတ်ပေ။ အနှစ်ငါးရာစီ ပိုင်းခြား ထားသော ဆရာတို့ အလိုအတိုင်း ဆိုက သာသနာ ၂၅၀၀ ပြည့်သော အချိန်တွင် ယုဂငါးမျိုး ကုန်ဆုံးသွားပြီ ဖြစ်ရာ အကောင်းဆုံး မှသည် အဆိုးဆုံးသို့ တဆင့်တဆင့် ကျဆင်းလာပြီး အဆိုးဆုံးမှသည် အကောင်းဆုံးသို့ ခုန်တက် ဖြစ်ထွန်းလိုက် ရမည်ဆိုခြင်းမှာ သဘာဝလည်း မကျသဖြင့် သာမန် ဆင်ခြင်ဉာဏ် ပြည့်စုံသူတိုင်းပင် ယုံကြည်ကြမည် မဟုတ်ပေ။
ထိုထက် အမှတ်(၄) ဖြစ်သော သုတယုဂ ဟူသည်မှာ ပရိယတ္တိ သာသနာ ဖြစ်သဖြင့် ထိုပရိယတ္တိ သာသနာ ကွယ်ပ သွားပြီးနောက် အမှတ်(၅) ဖြစ်သော ဒါနယုဂ ခေါ် လိင်္ဂသာသနာ အနှစ် ငါးရာ မှသည် ပဋိဝေဓ သာသနာ အစစ် ဝိမုတ္တိယုဂ ခေတ်ကြီးသို့ ခုန်တက်ဖြစ်ထွန်း ရမည်မှာလည်း မည်သည့် ယုတ္တိနှင့်မှ လျော်လျောက်ပတ်မှု မရှိပါချေ၊ ထိုကြောင့် မိတ်ဆွေ၏ မယုံကြည်မှုမှာ မှန်ကန်သော အတွေးအခေါ် ပေါ်၌ အခြေတည် နေပေသည်။
သို့သော် အမေးရှင် မိတ်ဆွေသည် “ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူ ပြီးသည်မှ အနှစ်ငါးရာ စီသော ယုဂ ငါးမျိုး အစဉ်အတိုင်း ဖြစ်ပေါ် နေခြင်းမှန်ခဲ့သော်…” ဟူသော အတွေးကိုမူ တွေးမိကောင်း တွေးမိပေလိမ့်မည်၊ ထိုသို့ တွေးမိခဲ့လျှင် အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း ခိုင်ခံသော ပါဠိတော် တို့၌ လာရှိသော စကားမဟုတ်၊ ဖုဿ ထေရအဋ္ဌကထာ အဖွင့်လာ ယုဂငါးမျိုး စကားကို ချဲ့၍ ထွင်၍ ကြံဆ ရေးသား ဟောပြောမှု မျှသာဟု ယူဆ၍ သံသယ ကင်းသင့် ပါသည်။
မြတ်စွာဘုရား သာသနာတော်သည် သက်တမ်း ရှည်သော ဝိပဿီ၊ သိခီ၊ ဝေဿဘူ မြတ်စွာဘုရားရှင် တို့ လက်ထက်တော်၌ ဘုရား တစ်လက်ထက်သာ သာသနာတည်သည်၊ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော် မူသွားပြီးနောက်တွင် သာသနာ ကွယ်ပတော့သည်၊ အဘယ့်ကြောင့်ဆိုသော် ထိုဘုရားရှင်တို့ လက်ထက်၌ သက်တမ်း ရှည်သည်နှင့်အမျှ၊ သမ္ဗတ္တိခေတ်ကောင်း အခါကောင်းကြီးများ ဖြစ်ကြ၍ ရဟန်းတို့ အတွက် သိက္ခာပုဒ် ဝိနည်းပညတ် ကိုလည်း ပညတ်တော် မူရန်မလို၊ တရားကို အကျယ် ဟောကြားရန်လည်း ကြောင့်ကြ မစိုက်ကြ၊ ထို့ကြောင့် ဘုရားတစ်လက်ထက်သာ သာသနာ တည်လေသည်။
သက်တမ်းတိုသော ကကုသန်၊ ကောဏာဂုဏ်၊ ကဿပနှင့် ကျွန်ုပ်တို့ ဂေါတမ ဘုရားရှင်များ လက်ထက် (ဤ၌ အနှစ် ငါသောင်း သက်တမ်းအောက်ကို သက်တမ်းတို သည်ဟူ၏၊ ဝိပဿီ ဘုရား ရှစ်သောင်းတမ်း၊ သိခီ၊ ခုနှစ်သောင်းတမ်း၊ ဝေဿဘူ ခြောက်သောင်းတမ်း ဖြစ်၍ ကကုသန် ဘုရားလေးသောင်း၊ ကောဏာ ဂုဏ်ဘုရား သုံးသောင်း၊ ကဿပ ဘုရားနှစ်သောင်းနှင့် ဂေါတမဘုရား တစ်ရာတမ်း ဖြစ်သည်) ၌ဘုရားရှင်တို့ ပရိနိဗ္ဗာန် စံဝင်တော် မူပြီးနောက်လည်း သာသနာ အရှည်တည်ရစ်ရန် လိုအပ်သည့်အတိုင်း တပည့်တို့အား တရားတော်ကိုလည်း အကျယ် ဟောတော်မူခဲ့သည်။ ထိုမြတ်စွာ ဘုရားတို့၏ သုတ်ဂေယျဗျာက ရုဏ်းဂါထာ ဥဒါန်း ဣတိဝုတ်ဇတ် အဗ္ဘုတ ဓမ္မဝေဒလ္လ ဟူသော အင်္ဂါကိုးတန် တို့လည်း ပြည့်ပြည့်စုံစုံ ကျန်ရစ်ခဲ့ကုန်၏။ ဝိနည်း သိက္ခာပုဒ် တို့ကိုလည်း အကြားမထင်အောင် ပညတ်တော် မူခဲ့ကြ၏၊ ထို့ကြောင့် ထိုဘုရားရှင် တို့၏ သာသနာတော်သည် ဘုရားရှင် လွန်တော်မူခဲ့သည့် နောက်လည်း အရှည်တည်တ့ံ၍ ကျန်ရစ် ခဲ့ရပေသည်။
အနှစ်လေးသောင်း သုံးသောင်း နှစ်သောင်းတမ်း သက်တမ်းရှည်သော ကကုသန် ကောဏာဂုဏ် ကဿပဘုရား တို့သည်ပင် သက်တမ်းတိုသော အနေဖြင့် ဘုရားရှင် ပရိနိဗ္ဗာန် ဝင်စံပြီးနောက် သာသနာ တည်ရစ် စေရသေးသည်၊ သက်တမ်း ၁၀၀ ၌ပွင့်တော်မူသော ဤဘုရားရှင် လက်ထက်၌ကား နှစ်အနည်းငယ်မျှသာ သာသနာတည် ရစ်ရမည် ဟုဆိုလျှင် လွန်လွန်းလှချေ၏ ဟုသာ ဆိုရပေမည်။
အမှန်အားဖြင့် ဂေါတမ ဘုရားမြတ်စွာသည် သက်တမ်း အလွန်တိုသော ကာလ၌ ပွင့်တော်မူရသည် နှင့်အညီ သာသနာ အရှည်တည်ရစ်ရန် ဝိနည်းပညတ် တို့ကိုလည်း အပြည့်အစုံ ထားတော်မူခဲ့သည်၊ နိကာယ်ငါးရပ် ပိဋိက သုံးဖြာ ဓမ္မက္ခန္ဓာ ရှစ်သောင်း လေးထောင်အထိ အင်္ဂါကိုးဖြာ တရားဒေသနာတော် တို့ကိုလည်း ထားတော်မူခဲ့သည်။ ထားတော်မူ ခဲ့သည့်အတိုင်းလည်း ယခုတိုင် သင်ကြား ပို့ချ ဟောပြရထားလျက် ထင်ထင်ရှားရှား တည်ထွန်း၍ နေသေးသည်၊ သို့နှယ် ပရိယတ္တိ သာသနာတော်ကြီး ဓမ္မက္ခန္ဓာ အစုအဝေးတော်ကြီး ထင်ရှား တည်နေသေးသမျှ ပဋိပတ္တိ သာသနာ၊ ပဋိဝေဓ သာသနာတော်ကြီး တို့သည်လည်း တည်ရှိနေဦးမည်သာ ဖြစ်သည်၊ ဤနည်းမခြား ကြိုးစား၍ ပရိယတ္တိ သာသနာတော်ကြီးကို ရဟန်း ရှင်လူအားလုံး ထောက်ပံ့ မြှောက်ချီး၍ ပွားစီးသည်ထက် ပွားစီးအောင် ပြုစုနေခဲ့လျှင် သာသနာနှစ်သည် အချိန်ကြာမြင့်စွာ တည်နေဦးမည်သာ ဖြစ်ပါ၏။
အချုပ်အားဖြင့်ကား မဂ်လေးပါး ၊ ဖိုလ်လေးပါး ဖြစ်သည့် ပဋိဝေဓ သာသနာတည်း ဟူသော အသီးအပွင့် ၊ ဝိပဿနာ ဘာဝနာ ပဋိပတ္တိ သာသနာတည်း ဟူသော ပင်စည် ကိုင်းခက်တို့သည် ပိဋိက သုံးတန် သင်အံပို့ချခြင်း၊ ပရိယတ္တိ သာသနာတည်း ဟူသော ရေသောက်မြစ်၌ အခြေစိုက် အားပြုရသည် ဖြစ်၍ လက်ရှိ ပရိယတ္တိ သာသနာတော်ကြီး တည်တ့ံ နေသမျှ ကာလပတ်လုံး ဝိမုတ္တိယုဂ ခေတ်ကြီးသည်လည်း တည်တ့ံ နေဦးမည်သာ ဖြစ်ကြောင်း သိစေလိုပါသတည်း။

No comments:

Post a Comment