Thursday, 28 November 2019

ခန္တီစစ်ရင် ပါရမီဖြစ်မယ်

ဖထီး၏ ခြံဝင်းထဲဝင်လိုက်သည်နှင့် အိမ်ကြီးနောက်ဘေးရှိ အဆောင်ကလေးထဲက ထွက် ပေါ်နေသော ခွေးကြီးတွေရဲ့ အစာလုရင်း မာန်ဖီသံ၊ ခွေးပေါက်စတွေရဲ့ တကိန်ကိန်အော်သံ တွေက ကြု ဆိုနေပါသည်။ အိမ်အပေါ်ထပ် ဝရံတာမှာလည်း ကြောင်ကြီး ကြောင်ငယ် မိသားစုတစ်သိုက်၏ တညောင်ညောင် အော်ဟစ်အစာ တောင်းသံတွေ ဆူညံလျက်နေ၏။
          ဖထီးအောင်လှ ဘယ်ရောက်နေပါလိမ့်ဟု ကြည့်လိုက်သောအခါ
          “ဟို ခွေးပေါက်စ၊ ကိုယ့်နေရာ မှာ မစားဘဲ သူများပန်းကန်ပြားကို ဝင်လုရသလား၊ နင်က အတော့်ကို ဗိုလ်ကျချင်တယ်။ ကဲ မှတ်ကရော့”ဟုဆိုကာ လက်ထဲက တုတ်ဖြင့် ခွေးပေါက်စ၏ တင်ပါးကို တစ်ချက် ဆော်၏။ ခွေးပေါက်စလည်း တကိန်ကိန်အော်ကာ သူ၏ အစာခွက်ရှိရာသို့ ပြေး၏။ ပန်းကန်ပြားကို ခြေဖြင့် နင်း၍ မှောက်နေသော ခွေးပေါက်စကိုလည်း တစ်ချက်ဆော်၍ “နင့် အတွက် ခွဲတမ်းကုန်ပြီ” ဟု အမိန့်ထုတ်လိုက်၏။ ဤသို့နှယ် ခွေးတစ်အုပ်ကို တုတ်စာလည်းကျွေး၊ အစာလည်း ကျွေးလိုက်သဖြင့် ခွေးအုပ်စု ငြိမ်လေပြီ။ ဖထီးတာဝန်တော့ မပြီးသေးချေ။
          အိမ်ပေါ်က ကြောင်များအတွက် စီမံပြန်သည်။ လုယက်စား သောကြောင်ကြီးများကို တုတ်သံ တဖြန်းဖြန်းပေးကာ ခြောက်လှန့်လိုက်၏။ ကြောင်တွေ စုံ မစုံကို လက်ညှိုးလေး ထိုးကာ ထိုးကာနှင့် ရေတွက်ရင်း “ငါက ခန္တီပါရမီအတွက် သည်းခံပြုစုသလောက် နင်တို့က အတော့်ကို ဆိုးလွန်းတယ်”ဟု နှုတ်က အမန်းအမှုတ်လုပ်၊ တုတ်ကိုသိမ်း၊ အစာပုံးကိုချိတ်၊ ခြံတံခါးကို ပိတ်ခဲ့ပြီးနောက်...
          “ကဲ ဆရာရေ ထိုင်ဗျ၊တိရစ္ဆာန် လေးတွေကို မနက်စာကျွေးလို့ ပြီးပါပြီ။ ဥပုသ်နေ့ ဆရာလာမယ်ဆိုလို့ မျှော်နေတာ”
          “ခွေးတွေ ကြောင်တွေက များလှချည့်လား ဖထီးရ”
          “ဟုတ်တယ်ဆရာ၊ ဟိုခွေးမ မိနီ၊ ငယ်ငယ်တုန်းက လမ်းဘေးမှာ တွေ့ခဲ့တာ။ သူ့ဘေးမှာ ကား တိုက် ပြီး မရှုမလှသေနေတဲ့ သူ့ အမေ ခွေးအိုမကြီးပေါ့။ မအေသေလေး သနားပါတယ်ဆိုပြီး အိမ်ခေါ်လာတာ။ သူကစပြီး ပေါက်ဖွားလာတဲ့ မျိုးဆက်သစ် မျိုးဆက်ရင့် မိသားစု ကြီး ဖြစ်လာတာ။ ကြောင်တွေလည်း ထိုနည်းလည်းကောင်းပါ ဆရာ။ သနားခြင်း သမုဒယနဲ့ ယုယလိုက် တော့ မြင်တဲ့အတိုင်းပါပဲဗျာ။ တိရစ္ဆာန်လေးတွေဆိုပြီး ပစ်စလက်ခတ်မထားပါဘူး။ သူ့အချိန်နဲ့ သူစား၊ ကိုယ့်နေရာမှာကိုယ်စား၊ ကျွေးတာကို လုမစားရဘူး။စည်းကမ်းတကျပါဆရာ။ ဒီလို သည်းခံ ပြီးလုပ်တော့ ခန္တီပါရမီ ဖြစ်တာပေါ့”
          “အလိုဗျာ ဖထီးစည်းကမ်းတွေကို ခွေးတွေ ကြောင်တွေက နားလည်ကြသလား”
          “စည်းကမ်းကို နားလည်သလား၊ မလည်ဘူးလားဆိုတာတော့ မသိပါဘူး။ ခေါ်တဲ့အချိန် မလာလို့ ကတော့ တုတ်ကသူတို့ဆီ သွားလိုက်တာပဲ}}
          “အမလေးဗျာ ဒီအတိုင်းဆိုရင် ဖထီးလုပ်ရပ်က စည်းကမ်း ပြည့်ဝသော ခန္တီပါရမီဖြစ်နေပြီ”
          “သည်းခံရင် ခန္တီပါရမီဖြစ်ရောပေါ့ဆရာ၊ ဟုတ်တယ်မို့လား”
          “ဖထီး ခန္တီက ငါထားသလိုနေ၊ ငါကျွေးတဲ့အချိန်စား၊ဘာဘာညာညာ စည်းကမ်းတွေ လိုက်နာမှ သည်းခံ ကျွေးမွေးစောင့်ရှောက်တာကိုး။ ခွေးသဘာဝ အစာခွက်လုတာနဲ့ တင် တုတ်တဝင့်ဝင့် လုပ်နေတာက အစားတစ်လုတ်၊ တုတ်တစ်ချက် ဆိုရမလိုဖြစ်နေပြီ။ ခန္တီပါရမီဖြစ်စေချင်ရင် ခြွင်းချက်မထားပါနဲ့။ အရာရာကို သည်းခံရမှာ။ ကိုယ့်ဘက်က မကြည့်ဘဲ လိုအပ်သူဖြစ်စေ၊ အခွင့် အရေးရတုန်း တောင်းဆိုသူပင်ဖြစ်စေ သူတို့ အလိုဆန္ဒကို သည်းခံ ဖြည့်ဆည်းပေးရမှာ။ အဲဒါမှ ပါရမီ မြောက်တဲ့ ခန္တီဖြစ်မှာ”
          “ဆရာရေ သူတို့ကို ကျွေးမွေး ပြုစုရတာ ဖထီး မတွန့်တိုပါဘူး။ တစ်နေ့ တစ်သောင်းဆိုတဲ့ ငွေက ဖထီးအတွက် လက်ဖက်ရည်ဆိုင် ထိုင်တာ၊ ကွမ်းစား၊ ဆေးသောက် ကျပျောက်သလောက်ပဲ ရှိပါတယ်။ ဒါပေမဲ့ ဖထီးက စည်းကမ်းသမား ဆိုတော့ သူတို့တစ်တွေ ကျန်းမာအောင်၊ သန့်ရှင်းအောင် လိုအပ်သလို စည်းကမ်းလေးတွေနဲ့ ထိန်းတာပါ”
          “ဟုတ်ပါပြီ၊ စည်းကမ်းရှိတာ ကောင်းပါတယ်။ လက်တွေ့မှာ တိရစ္ဆာန်မဆိုထားနဲ့ လူတွေတောင် ကိုယ့်လိုဘ ကိုယ့်ဆန္ဒကိုပဲ ရှေ့တန်း တင်နေကြတာဗျ။ လူတွေရဲ့ အလို ဆန္ဒဆိုတာကလည်း ဖြည့်ပေးလို့ ပြည့်ရိုးထုံးစံမဟုတ်ပါဘူး။ အဲဒါ ကြောင့် ငါ့စည်းကမ်းကို လိုက်နာရ မယ်၊ ဘယ်လိုနေ ဘယ်လိုစားမှ လှူမယ်လို့ နှလုံးမသွင်းရပါဘူး။ တချို့ဆိုရင် ဒုက္ခသည် အထောက် အပံ့ခွဲတမ်းကို အိမ်ရှိလူကုန် တန်း စီတိုး အရယူပြီး ပြန်ရောင်းကြတာ။ ဒီလိုဆို မလှူပါဘူးလုပ်လို့ မရဘူး။ ဒါနပါရမီ ခန္တီပါရမီမြောက်အောင် လှူချင်ပါတယ်ဆိုရင် ခြွင်းချက်တွေ မပါပါစေနဲ့။ ကိုယ့်ဘက်က ကြိုတင် စည်းကမ်းကန့်သတ်ချက်တွေ ဖယ် လိုက်ပါ ဖထီးရေ့”
“ဒါဆိုလည်း လုပ်မယ့်လုပ်ရင် ပါရမီမြောက်တဲ့ ခန္တီကုသိုလ်ပဲ လုပ်ချင်ပါတယ်။ နည်းလမ်းလေးပြပါဦး ဆရာ”
          “အေးဗျာ ခန္တီပါရမီဖြည့်ရမယ့် နည်းက မြတ်ဗုဒ္ဓကျင့်တဲ့ လမ်းကြောင်းအတိုင်း လိုက်ပြီး လုပ်ရမှာ ပေါ့ ဖထီးရ”
          “ဟုတ်ပါ့မလားဆရာ၊ ဘုရား လုပ်ခဲ့သလို လုပ်ရင် ပြောစရာ ဆိုစရာများဖြစ်နေမလား”
          “အဲဒါခက်နေတာ။ ဘုရားဆု ပန်တဲ့သူမှပဲ ပါရမီဆယ်ပါးဖြည့်ရတော့မလို၊ အရိမေတ္တေယျဘုရားရဲ့ လက်ယာတော်ရံဆုကြီးပန် ပုဂ္ဂိုလ်မှပဲ ပါရမီအလုပ်ကို လုပ်ရတော့မလို ယူဆပြောဆိုတာကိုက နှလုံးသွင်း မှားနေပါတယ်။ ပါရမီဆယ်ပါး အလုပ်ဟာ မြတ်ဗုဒ္ဓညွှန်ပြထားတဲ့ ဓမ္မလမ်းစဉ်ပါ ဖထီးရ၊ ဓမ္မကို လူတိုင်းကျင့်သုံးနိုင်ပါတယ်။ သာမန် စားသောက်ဖွယ်ရာ၊ အဝတ်အထည် တွေကအစ ပစ္စည်းဥစ္စာများစွာ၊ ရာထူးအာဏာတွေပါမကျန် ရေပြည့်အိုးကို သွန်မှောက်သလို လှူဒါန်း ရင် ဓနပရိစ္စာဂအလှူ၊ သားသမီး တွေပါ စွန့်လှူရင် ပုတ္တပရိစ္စာဂအလှူ၊ ချစ်ဇနီးကိုပါ လှူလိုက်ရင်တော့ ဘရိယပရိစ္စာဂ အလှူဖြစ်မယ်။ ဒီဒါနအလှူအားလုံးက ဒါန မူလပါရမီပဲရှိသေးတယ်။ ဖထီး         ပိုင်တဲ့ ခြေ၊လက်၊နှလုံး၊ကျောက်ကပ်၊ မျက်ကြည်လွှာတွေ ထုတ်လှူရင် အင်္ဂပရိစ္စာဂအလှူဖြစ်လို့ ဒါနဥပ ပါရမီဖြစ်ပြီး ဒီထက်မက ဖထီး အသက်ပါ ပေးလှူရင် ဇီဝိတ ပရိစ္စာဂအလှူ အင်္ဂါရပ်နဲ့ကိုက်ညီလို့ ဒါနပရမတ္ထပါရမီ ကုသိုလ်ထူးကို ဆည်းပူးလိုက်ရပြီလို့ မှတ်ယူပါ ဖထီးရေ။ ဒီခေတ်မှာ သွေး၊ နှလုံး ကျောက်ကပ်၊ မျက်ကြည်လွှာဆိုတာ အလှူခံပုဂ္ဂိုလ်မရှားသလို လှူသူတွေလည်း ရှိပါတယ်။ ရောင်းစား တာမဟုတ်ဘဲ နိဗ္ဗာန်ကို ရည်မှန်းပြီး လွတ်လွတ်ကျွတ်ကျွတ် လှူဒါန်းတာမျိုးဖြစ်ဖို့တော့ လိုအပ်ပါတယ်”
          “ဟုတ်ပါပြီ ဆရာ၊ ဖထီးတို့က ဘယ်လောက်အထိ ကျင့်ဖို့လိုအပ်ပါသလဲ၊ တိရစ္ဆာန်လေး တွေကို ကျွေး မွေးစောင့်ရှောက်ရင်း ဒါနပါရမီလေး ပျိုးထောင်တာပါလို့ စပ်မိလို့ ပြောတဲ့အခါ တန်ရာတန်ရာ မပြောဘူးလို့ မေးငေါ့ကြတယ်ဆရာ”
          “မသိလို့ ဖြစ်ပါလိမ့်မယ်။ တစ်ခေတ်တစ်ခါကဆိုရင်လည်း  သောတာပန်ဆိုတဲ့ စကားလုံးကို တောင် မရေးရဲ မပြောရဲတဲ့ အဖြစ်မျိုးဗျ။ ကျင့်ရမယ့် ဓမ္မနဲ့ ပုဂ္ဂိုလ်နဲ့ကို ကွဲကွဲပြားပြား ခွဲခြားပြီး မသိကြ တာပါ။ ဖထီးစွမ်းအားရှိသလောက် ကျင့်နိုင်ပါတယ်။ သူတစ်ပါးရဲ့ အပြောမှာတင် အသိဉာဏ် ရပ်မနေ ပါနဲ့။
          မြတ်ဗုဒ္ဓဟာ ပါရမီဆယ်ပါး ဓမ္မလမ်းကြောင်းကို ဘုရားဖြစ်မှ ဖြည့် ကျင့်တာမဟုတ်ပါဘူး။ ပုထုဇဉ်ဘဝ တွေမှာ ဖြည့်ကျင့်ခဲ့တာပါ။ ဓမ္မကို ကျင့်ကြံဖို့ ပါရမီဆယ်ပါးကို ဖြည့်ဆည်းဖို့အတွက် သူဌေး၊ ရှင်ဘုရင် ဖြစ်ရမယ်။ ဘယ်ပါရမီကိုတော့ ဘုရားဆုပန်ပုဂ္ဂိုလ်ဖြည့်ရမယ်လို့ ပုဂ္ဂိုလ်ခွဲခြား မထားပါဘူး။ ပါရမီဆယ် ပါး၊ မူလပါရမီ၊ ဥပပါရမီ၊ ပရမတ္ထ ပါရမီဆိုပြီး ဓမ္မလှေကားထောင်ပြ ထားတာပါ။ အစွမ်းအစရှိတဲ့ ပုဂ္ဂိုလ်တိုင်း တက်နိုင်ပါတယ်။ ဖြည့်ဆည်းနိုင်ပါတယ်။
          အဲဒါကြောင့် ဘုရားအလောင်း တွေလို အသက်ကို စွန့်လှူတဲ့ ပရမတ္ထပါရမီမျိုး မမြောက်သည့်တိုင်အောင် စားဝတ်နေရေးအထောက် အပံ့ဒါနအလှူ၊ ကိုယ်ပိုင်ကိုယ်ဆိုင် ဖြစ်တဲ့ အများလည်း လက်တွေ့ လှူနေကြတဲ့ သွေးအလှူ၊ ကျောက်ကပ် အလှူ၊ နှလုံး၊ မျက်ကြည်လွှာ အစ ရှိတဲ့ ကိုယ်အင်္ဂါအလှူတွေကို အခွင့်သာလို့ လှူဒါန်းတဲ့အခါ ဒါနမူလ ပါရမီ၊ ဒါနဥပပါရမီမြောက်အောင် နိဗ္ဗာန်ကို ရည်မှန်းပြီးလှူဖို့သာ လိုပါတယ်}}
          “ဒီလိုဆိုတော့လည်း ပါရမီ အလုပ်က အားရစရာကြီး။ ဖထီး လုပ်နေတဲ့ ခန္တီပါရမီကိုလည်း စိစစ်ပြပါဦးဆရာ၊ သဒ္ဓါတရားတွေ ထက်သန်လာလို့ပါ”
          “ခန္တီက အဓိပ္ပာယ် အလွန် ကျယ်ပြန့်ပါတယ်။ အရာဌာနကို လိုက်ပြီး ဖွင့်ဆိုထားတဲ့ အဓိပ္ပာယ် တွေလည်း အများအပြားပါပဲ။ ပါရမီ ဆယ်ပါးဖြည့်ကျင့်ရာမှာ ဖထီးလုပ် နေတဲ့ ခန္တီပါရမီက အဓိက ခေါင်း ကိုင်ပါရမီလို့ မှတ်ယူပါ။ သည်းခံမှု ခန္တီသာမပါရင် ဒါနလည်း မမြောက်၊ သီလလည်း မထိန်းနိုင်၊ ဝီရိယတွေ လည်း ပျက်ပြားပြီး ပါရမီကျင့်စဉ် တစ်ခုလုံး လမ်းဆုံးမရောက်ဘဲ ပျက် စီးသွားနိုင်တယ်။
          အဲဒါကြောင့် အဘိဓမ္မာဆရာ ကြီးဦးကျော်ထွတ်က ခန္တီရဲ့အဓိပ္ပာယ်ကို အရာရာမှာ ပညာနဲ့ဆင်ခြင်ပြီး သည်းခံခြင်းလို့ ဖွင့်ဆိုပါတယ်။ ဆရာကြီးရည်ညွှန်းတဲ့ အရာရာဆို တာ ဗဟိဒ္ဓပြင်ပကိစ္စတွေကို သည်းခံခြင်း၊ တိတိက္ခခန္တီနဲ့ အဇ္စျတ္တိက အတွင်းကိစ္စတွေကို သည်းခံခြင်း အဓိဝါသနခန္တီတွေပဲဖြစ်ပါတယ်။ အရာရာကိုသည်းခံပြီး ဆောင်ရွက်ရင် ပါရမီဆယ်ပါးဖြည့်ကျင့်တဲ့      အလုပ် အောင်မြင်ပါတယ်”
          “ဖထီးစွမ်းအား ရှိသလောက် ပြုစုနေတဲ့ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တွေမှာ ခန္တီပါတယ်ပေါ့”
          “ပါ ပါတယ်ဗျာ၊ စားဖွယ် သောက်ဖွယ် အာဟာရဒါနလေး လုပ်နိုင်ဖို့အတွက် အသုံးစရိတ်ကို ချွေတာရတယ်။ တစ်နေ့သုံးကြိမ် လက်ဖက်ရည်ဆိုင်ထိုင်တာ လျှော့ပြီး တစ်ကြိမ်ပဲထိုင်တော့ နှစ်ထောင် လောက်ပိုလာတယ်မဟုတ်လား”
          “ဟုတ်လိုက်လေ ဆရာ၊ ကိုယ် ကြိုက်လှချည့်ဆိုတဲ့ လက်ဖက်ရည်ကို သည်းခံပြီး နှစ်ခွက်စာလျှော့၊ တစ်ခွက်ပဲသောက်တာရယ်၊ တခြား စရိတ်တွေ လျှော့တာရယ်ကြောင့် ခုလို ဒါနလေးတွေ လုပ်နိုင်တာပါ”
          “သီလ စောင့်ထိန်းရာမှာလည်း သည်းခံခြင်း ခန္တီလိုအပ်တယ်။ လက်ဖက်ရည်တစ်ခွက်၊ ထမင်းတစ်နပ်စာအတွက် ဆာလောင်မှုကို သည်းခံပြီး မစားဘဲ နေမှ ဝိကာလဘောဇနာသိက္ခာပုဒ်ကို လုံခြုံအောင် စောင့်နိုင်ပါတယ်။ တီဗီရှေ့မှာ ထိုင်ပြီး၊ လိုင်းပေါင်းစုံက လွှင့်သမျှ အစီအစဉ်တွေကို မျက်စိအရသာ၊ နားအရသာခံပြီး ကြည့်မနေဘဲ သည်းခံရှောင်ရှားနိုင်မှ နစ္စ၊ ဂီတ၊ ဝါဒိတသိက္ခာပုဒ်တွေ ကို လုံခြုံအောင် ထိန်းနိုင်မှာပါ။ ဖထီး ရေ့ အဲဒါကြောင့် ဒါနသီလ ဘာပဲပြုပြု ခန္တီဆိုတဲ့သည်းခံမှုနဲ့ မလုပ် ရင် မအောင်မြင်နိုင်ပါဘူး။ သည်းခံခြင်းခန္တီပါရမီနဲ့ တွဲဖက်ပြီး ဆောင်ရွက်ရင်တော့ လောကီအကျိုးစီးပွားလည်း အောင်မြင်၊ လောကုတ္တရာ လမ်းကြောင်းအတွက် ပါရမီကုသိုလ်လည်း စုမိပြီပေါ့”
          “ကိုယ်လုပ်နေတဲ့ အလုပ်၊ ပါရမီမြောက်တယ်ဆိုတာသိရတော့ ဝမ်းသာတယ်။ လုပ်ရတာလည်းအား ရှိတယ်ဆရာရဲ့။ ဖထီး အာစိဏ္ဏကံံ မြောက်အောင် ဝိပဿနာရှုမှတ်တာလည်း ခန္တီက အဓိကဖြစ်ရမှာ ပေါ့နော်”
          “သည်းခံမှု အလိုအပ်ဆုံး အလုပ်ပါပဲဗျာ။ ခန္ဓာအရှိ ဖြစ်ပျက်ကို ဉာဏ်နဲ့မြင်ဖို့အတွက် ခန္ဓာကိုယ်ထဲက ဖောက်ပြန်မှုတွေကို စောင့်ကြည့်တဲ့အခါ ပူမှုအေးမှု၊ တောင့်တင်း ကိုက်ခဲချွေးတွေ ရွှဲလာတဲ့အခါ ငါပဲ သူပဲဆိုတဲ့ အစွဲတွေပြုတ်၊ ရူပကာယ အစုအဖွဲ့ဟာ ဓာတ်လေးပါး အစုအဝေး သက်သက်ပဲလို့ ဉာဏ်မှာမြင်ရင် သက္ကာယဒိဋ္ဌိပြုတ်ပြီ၊ နာကျင် ပူအေး ဝေဒနာအစုအဝေးလည်း ပေါ်ချည်း ပျောက်ချည်းဖြစ်နေတာကို ဉာဏ်နဲ့စိစစ်ကြည့်တော့ ဖြစ်လာတာ၊ ပေါ်လာတာကိုမြင်ရင် ဥစ္ဆေဒဒိဋ္ဌိ ပြုတ်ပြီ၊ ပျက်သွားတာ ဝေဒနာတွေ လျှော့ပါးသွားတာကို မြင်ရင် သဿတဒိဋ္ဌိ ပြုတ်ပြီ။
          အဲဒါကြောင့် ဉာဏ်အမြင်မှာ ဒိဋ္ဌိကွာဖို့အတွက် ကိုယ့်ခန္ဓာကပြတဲ့ ကိုယ့်ဝေဒနာကို သည်းခံပြီး စောင့် ကြည့်ဖို့ လိုအပ်ပါတယ်။ သူတစ်ပါး ခန္ဓာအပြနဲ့ သူတစ်ပါး အပြောအဟောကို နာယူရုံနဲ့တော့ ဒိဋ္ဌိလည်း မကွာနိုင်သလို၊ ဝိပဿနာလည်း မဖြစ်ပါဘူး။ ကိုယ့်ခန္ဓာက ပြတာကိုပဲ သည်းခံပြီး စောင့်ကြည့်ပါလို့ မှာပါရစေ”
          “ကျေးဇူးပါပဲဆရာ၊ ဒါန သီလ ဝိပဿနာ ဘာဝနာအလုပ်ကို ခန္တီပါရမီနဲ့တွဲပြီး ရဲရဲဝံ့ဝံ့ လုပ်နိုင်ပါပြီ”            
“သာဓုပါ ဖထီးရေ၊ ဒီနေ့က စပြီး ဒါန၊သီလ၊ ဝိပဿနာကုသိုလ်ထူးတွေကိုလုပ်တဲ့အခါ အသက်ကိုပါ စွန့်တဲ့ ပရမတ္ထပါရမီအဆင့်မျိုး မလုပ်နိုင်သော်လည်း ဒါနပြုတဲ့အခါ ဘယ်လိုပုဂ္ဂိုလ်၊ ဘယ်လို ပရဟိတ လုပ်မှ၊ ဘယ်လို လေးလှူရမှဆိုတဲ့ စည်းကမ်းတွေ ကြိုတင်မသတ်မှတ်ပါနဲ့။ ဘယ်လိုနေ ဘယ်လိုစားရမှ သည်းခံပြီး သီလစောင့်မယ် မလုပ်ပါ နဲ့။ ြွခင်းချက်မပါတဲ့ ခန္တီပါရမီနဲ့တွဲပြီး ဒါနမူလပါရမီ၊ ဒါနဥပပါရမီ၊ သီလ မူလပါရမီ၊ သီလဥပပါရမီမြောက်အောင် နိဗ္ဗာန်ကိုသာ ရည်မှန်းပြီး လုပ်ပါ။ ပါရမီဆယ်ပါးရဲ့ အညှာ ခန္တီစစ်ရင် လုပ်သမျှကုသိုလ်တွေ ပါရမီ  ဖြစ်ပါတယ် ဖထီးရေ့၊ ကြိုးစားလိုက်စမ်းပါ”
          “ဟုတ်ကဲ့ပါ ဆရာ၊ ဆရာမပြ နည်းမရဖြစ်နေတာ၊ ပါရမီဆယ်ပါးလို့ ကြားရင်ပဲ ပြောရလုပ်ရမှာကို မဝံ့မရဲဖြစ်ဖြစ်သွားတယ်။ ငါလုပ်နေတဲ့ သတိပဋ္ဌာန်အလုပ်ပဲ ရပ်လိုက်ရ တော့မလိုလို တွေးမိပါတယ်။ ခုတော့ ဉာဏ်ပွင့်ပါပြီ။ ကိုယ်လုပ်နေကြ ဒါန သီလ ဘာဝနာစတဲ့ ကုသိုလ်အလုပ်ကို ရပ်စရာမလို၊ ပြောင်းစရာမလိုဘဲ ကိုယ်ကျိုးစီးပွားကို ဖယ်ရှား အများအတွက်ကို ရည်ရွယ်ချက် ထား၊ နိဗ္ဗာန်ကိုသာ ရည်မှန်းပြီး လုပ်လိုက်ရုံနဲ့ ပါရမီကုသိုလ်မြောက်သွားတာ သဘောပေါက်ပါပြီ”
          “ကောင်းလိုက်တဲ့ နှလုံးသွ်း ဗျာ၊ ဖထီး တကယ်လုပ်ကြည့်တော့ ဓမ္မအလုပ်က ဆွဲဆောင်သွားမှာပါ။ ဖထီးတို့ ကျွန်တော်တို့မှာ ဘဝများစွာက ပါရမီမျိုးစေ့ပါသည်ဖြစ်စေ၊ မပါခဲ့သည်ဖြစ်စေ ကိစ္စမရှိပါဘူးဗျာ။ ယခုဘဝ သာသနာတွင်းကုသိုလ်ထူးတွေ ပြုခွင့်ရတဲ့အချိန်မှာ ပါရမီ မျိုးစေ့ကို မဖြစ်မနေချရမှာပါ။သံသရာခရီးကို လျှောက်၊ နိဗ္ဗာန်ကို ဆိုက်ရောက်ဖို့အတွက် ပါရမီ ကုသိုလ်ကသာ အားကိုးရပါတယ်။
          ပါရမီကုသိုလ်စုံညီဖို့ကလည်း ခန္တီဆိုတဲ့ အညှာပါရမီကိုသာ အမိ အရဆွဲရင် ပါရမီဆယ်ပါး တစ်တွဲလုံး ပါပါတယ်။ အဲဒါကြောင့် မိမိတို့ နေ့စဉ် ပြုလုပ်နေကြ ဘုရား ဆွမ်းတော်လှူ၊ ပန်းလှူ၊ သံဃာ တော်တွေ ဆွမ်းလောင်းတာကအစ ဒါန၊ သီလ၊ ဘာဝနာအလုပ်တွေ အားလုံး ပါရမီကုသိုဘ် ဖြစ်စေဖို့ အတွက် ငါကောင်းစားရေးဝါဒ တဏှာ မာနဒိဋ္ဌိနဲ့ မလုပ်မိအောင် သည်းခံ၊ နိဗ္ဗာန်ကိုသာရည်မှန်းပြီး ပြုလုပ်ဖို့လိုကြောင်းကို ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီးက တိုက်တွန်းနှိုးဆော်ခဲ့ပါ ကြောင်း အသိပေးရင်း နိဂုံးချုပ်ပါရစေ}}
          “ကျေးဇူးကမ္ဘာ၊ ကျေးဇူး အနန္တပါ ဆရာရေ”
ပါရမီ ကုသိုလ်၊ ဖြစ်စေလို နိဗ္ဗာန်ကိုသာ ဆုပန်ပါ။
ဇနက (တောင်ငူ)

No comments:

Post a Comment