Friday, 29 November 2019

သေချာတာကို ရွေးချယ်ပါ
မသုမေ
          “မမဆန်းရေ၊ သင်္ကြန်တွင်း မှာ ကျွန်မတို့ လူကြီးတွေအတွက် ဘာအလုပ် ဘာတာဝန်မှ မရှိတဲ့ အတူတူ ရိပ်သာသွားပြီး တရားဝင် ကြရအောင်လေ”
          “မဝင်ချင်ပါဘူးအေ၊ ငါ့ဘာ သာ အိမ်မှာပဲ နားနားနေနေ နေ စမ်းပါရစေ၊ရိပ်သာမှာဆိုရင် မနက် အစောကြီး ထရမှာအေ့၊ အချိန် နဲ့စား၊ အချိန်နဲ့ တရားထိုင်ရတာ ကြီးကို ငါက စိတ်ကျဉ်းကျပ်တယ်။ အိမ်မှာလည်း ငါက ဘုရားရှိခိုးပြီး ဆွမ်းတော်ကပ်နေတာပဲအေ၊ ရိပ် သာ မဝင်လည်း ရပါတယ်”
          “ဪသာ် . .မမဆန်းကလည်း အိမ်မှာနေရတာနဲ့၊ ရိပ်သာဝင်တာ နဲ့ ဘယ်တူနိုင်မှာလဲ။ ရိပ်သာမှာ ကတော့ ကိုယ့်အတွက် ဝီရိယနဲ့ဇွဲ နဲ့ သမာဓိ ထူထောင်ရတာလည်း လွယ်ကူတယ်။ တရားပြဆရာတော်ကလည်း ဝိပဿနာဉာဏ်စဉ်တွေ မြင့်သည်ထက်မြင့်လာအောင် နည်း မှန် လမ်းမှန်တွေနဲ့ ဆုံးမဩဝါဒ တရားတွေ ပေးပြီး အရှိန်နဲ့ တွန်းတင်ပေးလိုက်တော့ နိဗ္ဗာန်မြန်မြန် ရောက်တာပေါ့။ ကိုယ့်အိမ်မှာကျတော့ အာရုံတွေက များတယ်လေ။ ဝီရိယကလည်း ပေါ့တာတော့အမှန်ပဲ။ ဝီရိယပေါ့မှတော့ သမာဓိလည်း မတည်နိုင်ဘူး။သမာဓိအားကောင်းမှ၊ ဝိပဿနာဉာဏ်ပွင့်မှာပေါ့ မမဆန်းရဲ့”
          “ညည်းပြောတာလည်း ဟုတ်တော့ ဟုတ်ပါတယ်အေ၊ ဒါပေမဲ့ ငါကတော့ အရိမေတ္ထယျမြတ်စွာ ဘုရား ပွင့်တော်မူမှပဲ ဖူးမြော်ကျင့် ကြံအားထုတ်ပြီး ကျွတ်တမ်းဝင်ကာ နိဗ္ဗာန်မျက်မှောက်ပြုရပါလို၏လို့ ဆု တောင်းထားတာ”
          “ဟာ . .မမဆန်း လွယ်လှချည်လား၊ သေချာလို့လား။ အေးအေးဆေးဆေး ဖြည်းဖြည်းမှ နိဗ္ဗာန်ဝင်မယ်လို့ စိတ်ကူးထားတာ လား”

ကမ္ဘာကြီး၏သက်တမ်း
          “အရိမေတ္တေယျ မြတ်စွာဘုရား  ပွင့်တော်မူဖို့ အချိန်တွေ အများကြီး လိုသေးတယ် မမဆန်းရဲ့။ အခု ကျွန်မတို့နေထိုင်ကြတဲ့ ကမ္ဘာကြီး ရဲ့သက်တမ်းဟာ (၆၄) ကပ်ရှိတယ် လို့ မြတ်ဗုဒ္ဓက အဘိဓမ္မာတရား တော်ထဲမှာ ဟောကြားထားတော်မူခဲ့ပါတယ်။ ကျွန်မတို့ရဲ့ကမ္ဘာကြီး ဟာ ဘုရားငါးဆူ ပွင့်တော်မူမယ့် ဘဒ္ဒကမ္ဘာကြီး ဖြစ်ပါတယ်။ အခု (၄)ဆူ ပွင့်တော်မူပြီးသွားပါပြီ။ ကမ္ဘာကြီးရဲ့ (၁၂) ကပ် မြောက်မှာ၊ လူတို့ရဲ့သက်တမ်း အနှစ် (၁၀ဝ) တန်းမှာ ဂေါတမမြတ်စွာဘုရားရှင် ပွင့်တော်မူပါတယ်။ (၁၃)ကပ်မြောက် မှာ အရိမေတ္တေယျမြတ်စွာဘုရားရှင် ပွင့်တော်မူမယ်လို့ ဗျာဒိတ်တော် ပေးတော်မူ ခဲ့ပါတယ်။ အရိမေတ္ထယျ မြတ်စွာဘုရားရှင်ဟာ လူတို့ရဲ့ သက်တမ်း(တစ်သိန်း)တမ်းမှာ ပွင့်တော်မူမှာ ဖြစ်ပါတယ်။ ဒီတော့ မမဆန်း တွက်ကြည့်လေ။ ခုမှ ဒီ ကမ္ဘာကြီးဟာ လူ့သက်တမ်း (၇၅) နှစ်ပဲ ရှိသေးတာ”

ကမ္ဘာကြီးရဲ့တစ်ကပ်သက်တမ်း
          “ကမ္ဘာကြီးရဲ့တစ်ကပ်ဆိုတဲ့ သက်တမ်းကို တွက်ပြမယ်နော်။ ကမ္ဘာဦးအစကလူတွေဟာအကုသိုလ် တရား မရှိကြတဲ့အတွက် လူ့ သက်တမ်းဟာ မရေမတွက်နိုင် လောက်အောင် အသချေင်္ရှည်သတဲ့။ နောက်တော့ လူဦးရေတွေ များလာပြီး စားစရာ နေစရာတွေအတွက် လောဘ၊ ဒေါသ၊မောဟ တရားဆိုး တွေ ဝင်လာပြီး အကုသိုလ်တရား တွေ ပြုလုပ်လာကြတဲ့အခါမှာ လူ့သက်တမ်းဟာ လျော့ကျလာခဲ့ တယ်။ တစ်သိန်းတန်း၊ တစ်သောင်း တန်း၊တစ်ထောင်တန်း၊ တစ်ရာတန်းကနေ အကုသိုလ်တရားတွေ အားကြီးလာတဲ့အခါမှာ လူ့ သက်တမ်းဟာ (၁၀)နှစ်အထိ ထိုးကျသွားသတဲ့”
          “ဟယ် . လူ့သက်တမ်း (၁၀) နှစ်ပဲရှိတော့သလား၊ ကြောက်စရာ ကြီးပဲ”
          “ဟုတ်တယ် မမဆန်းရဲ့၊ လူတွေရဲ့ လောဘမီး၊ ဒေါသမီး၊ မောဟမီးတွေ ဟုန်းဟုန်းတောက် နေတဲ့ အကုသိုလ်တရားများကြောင့်  ကမ္ဘာကြီး ပျက်စီးလုနီးပါးဖြစ်ပြီး၊ လူ့သက်တမ်းဟာ တိုသွားတယ်။ ဒီအခါမှာ လူတွေဟာ ကြောက်လန့် ပြီး ဒါနတွေပြု၊ သီလတွေဆောက်တည်ကာ ကောင်းမှုကုသိုလ်တွေနဲ့ ထုံမွှမ်းပြီးနေလိုက်ကြပြန်တော့ (၁၀)နှစ်တန်းကနေ အနှစ် (၂၀) တန်းအထိ သက်တမ်းတိုးလာတယ်။ ကုသိုလ်ကောင်းမှုကြောင့် သက်တမ်းတိုးလာကြောင်း သိရတဲ့အခါမှာ ပိုပို တိုးတိုးပြီး ကုသိုလ်ကောင်းမှုတွေ ပြုကြပြန်တဲ့အတွက် အနှစ် (၂၀) ကနေ (၄၀)နှစ်၊ (၄၀)နှစ်ကနေ (၈၀) နှစ် စသဖြင့် သက်တမ်းတွေ တိုးသွားလိုက်တာဟာ အသချေင်္ တန်းကို ပြန်ရောက်သွားသတဲ့။ လူတွေဟာ သက်တမ်း အသချေင်္တန်းကို ပြန်ရောက်သွားတဲ့အခါမှာ တော့ သက်တမ်းရှည်တဲ့ ကိုယ့်ဘဝ ကို ခိုင်တယ် မြဲတယ်လို့ အောက်မေ့ပြီး ကုသိုလ်တရားတွေကို မေ့လျော့ပြန်သတဲ့။ အဲဒီအခါမှာ လူ့သက်တမ်းဟာ ပြန်ပြီးလျော့ကျလာ ပြန်သတဲ့။ လူတို့ရဲ့သက်တမ်း အသချေင်္ကနေ (၁၀)နှစ်တန်း၊ တစ်ခါ(၁၀)နှစ်တန်းမှသည် အသချေင်္ တန်းတို့ကို ကမ္ဘာကြီးရဲ့သက်တမ်းတစ်ကပ်လို့ ခေါ်ပါတယ်။ တိုးလာ တဲ့သက်တမ်းကို တက်ကပ်လို့ ခေါ်ပြီး လျော့ကျလာတဲ့သက်တမ်းကို ဆုတ်ကပ်လို့ ခေါ်ပါတယ်။ ဘုရားရှင်များဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားများ မြင်လွယ်တဲ့ ဆုတ်ကပ်အတွင်းမှာသာ ပွင့်ရိုးထုံးစံ ရှိကြပါသတဲ့။”

စောင့်ရဦးမည့် အချိန်ကာလ
          “အရိမေတ္တေယျ မြတ်စွာ ဘုရားဟာ (၁၃) ကပ်မြောက် ဆုတ်ကပ်ထဲက တစ်သိန်းသက်တမ်း မှာ ပွင့်တော်မူမှာပါ။ အဲဒီတော့ အခု ကျွန်မတို့ရဲ့လူ့သက်တမ်းဟာ (၇၅) နှစ်ဖြစ်ပါတယ်။ (၇၅)နှစ်ကနေ (၁၀) နှစ် သက်တမ်းအထိ လျော့ကျဦး မယ်။ နောက်တစ်ခါ (၁၀) နှစ်တန်းကနေ အသချေင်္တန်းအထိ တက်ကပ် ပြန်ဖြစ်ဦးမယ်။ အသချေင်္က နေ တစ်သိန်းတန်းကို ပြန်ကျလာ ချိန်ရောက်မှ အရိမေတ္တေယျမြတ်စွာ ဘုရားပွင့်တော်မူမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီလောက်ကြာတဲ့ ကာလတွေထဲမှာ အရိမေတ္တေယျဘုရားရှင် ကိုဖူးမြင်ကျွတ်တမ်းဝင်ရဖို့ မမဆန်း ဘယ်ဘုံဘဝကနေ စောင့်နေမှာလဲ၊ ဖူးတွေ့ရဖို့ သေချာရဲ့လား”
          “အဲဒီလိုတော့ ငါလည်း တွက်မကြည့်ဖူးပါဘူးအေ”
          “အရိမေတ္တေယျ မြတ်စွာဘုရားကို ဖူးတွေ့ခွင့်ရဖို့ လုံလောက်တဲ့ ကုသိုလ်ရိက္ခာတွေ မမဆန်းမှာ ပြည့်စုံပြီလား။ မဖြစ်စလောက် ကုသိုလ်လေးနဲ့ တရားအားထုတ်ဖို့ ပျင်းနေရင်တော့ နေရာဟောင်းကို အလွန်အောက်မေ့တာ၊ လေးဘုံ အပါယ်ရွာ လေးဘုံအပါယ်ရွာဆိုတဲ့ သီချင်းလိုဖြစ်နေဦးမယ်”
          “အောင်မယ် ညည်းက ငါ့ကို တော်တော်အထင်သေးတာပဲ”
          “အထင်သေးတာ မဟုတ်ပါဘူး မမဆန်းရဲ့၊ မမဆန်းကို ဒုက္ခ မရောက်စေချင်လို့ စေတနာနဲ့သတိပေးတာပါ၊အရေးကြီးလို့ ဒီလောက် ရှင်းပြနေတာပါ မမဆန်းရဲ့”
          “အေးပါအေ၊ ဒါဆိုရင်လည်း တို့ညီအစ်မ သင်္ကြန်တွင်းမှာ ရိပ် သာဝင်ကြတာပေါ့”
          “အဲဒီလို မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချစမ်းပါ။ ကိုယ့်ရဲ့ ဘဝသံသရာခရီးရှည်ကြီး အတွက် သေချာတာကို ရွေးချယ်တတ်မှ ဖြစ်မှာပေါ့”

အချိန်မီအခါမီ
          “ဒါနဲ့ နေစမ်းပါဦး၊ အခု တို့ အသက်က (၆၀) ကျော်နေကြပြီဆိုတော့ အခုမှတရားအားထုတ်လို့ မီ မှ မီပါတော့မလား”
          “ဪ် . .အခုတော့ ပူတတ်ပြီပေါ့လေ”
          “အေးလေ . .အရင်ကတော့ ကမ္ဘာကြီးရဲ့သက်တမ်းတွေကို သိမှမသိတာကိုးအေ့၊ အခုမှ အကျိုး အကြောင်းစုံသိရတော့ အချိန်မှမီ ပါဦးမလားလို့ စိုးရိမ်ရတာပေါ့”
          “အဲဒါကတော့ မစိုးရိမ်ပါနဲ့ မမဆန်းရယ်၊ ကျွန်မတို့က ရိပ်သာ ဝင်ပြီး တရားအားမထုတ်ဖြစ်သေးတာပဲ ရှိတာပါ၊ မြတ်ဗုဒ္ဓဟောကြားတော်မူတဲ့ မကောင်းမှုရှောင်၊ ကောင်းမှုဆောင် ဖြူအောင်စိတ်ကို ထားဆိုတဲ့တရားတော်နဲ့အညီငါးပါး သီလ လုံခြုံအောင် စောင့်ထိန်းလာခဲ့ကြသူတွေပါ။ ပြီးတော့ ဥပုသ်နေ့က စံရာအောင်မြေ ပဲနွယ်ကုန်း ဆရာတော် ဟောပြခဲ့တဲ့တရားတော်လေးကို ကြားနာလာရပြီးကတည်းက ကျွန်မမှာ အားတက်သရော ဖြစ်လာခဲ့တာ”
          “အေး-ပြောပါဦး၊ တရား တော်က ဘာတဲ့လဲ”

ဂန္ဓမထေရ်အရှင်သူမြတ်၏
ဇာတ်ကြောင်းတော်
          “တိဿမြတ်စွာဘုရားရှင် လက်ထက်တော်က ဂန္ဓမထေရ် အလောင်းအလျာဟာ မုဆိုးတစ်ဦး ဖြစ်သတဲ့။ သူဟာ စိတ်ကောင်း နှလုံးကောင်းရှိသူ ဖြစ်ပြီး မိဘကို လုပ်ကျွေးပြုစုနေသူဖြစ်တာကြောင့် တိဿမြတ်စွာဘုရားဟာ ကယ်တင်ပေးလိုတာကြောင့် မုဆိုးရှိရာ ကို ကြွလာတော်မူခဲ့သတဲ့။ အကယ် ၍ တိဿမြတ်စွာဘုရားသာ ကယ်တင်မပေးခဲ့ရင်တော့ မုဆိုးဘဝက သေလွန်တဲ့အခါ အပါယ် ၄-ဘုံကို ကျရောက်ရမှာပါ။ အပါယ်၄-ဘုံကို ကျရောက်ပြီးပြီဆိုမှဖြင့် သုဂတိဘုံတွေကို ပြန်ရောက်နိုင်ဖို့ အလွန့် အလွန်ခဲယဉ်းသွားပါပြီ။ မိဘကို လုပ်ကျွေးပြုစုလိုတာကြောင့် မုဆိုး ဘဝရောက်ရရှာသူလေးကို သနား တော်မူတာကြောင့် သူ သွားလာတတ်တဲ့ နေရာကလေး တစ်ခုမှာ တိဿမြတ်စွာဘုရားရှင်ဟာ ခြေ တော်ရာ ]ညာ-ဘယ်-ညာ}သုံးဆူ ချထားတော်မူခဲ့ပါသတဲ့။ မြတ်စွာ ဘုရားရဲ့ ခြေတော်ရာဆိုတာ လူ သာမန်တို့ရဲ့ခြေရာနဲ့မတူပါဘူးတဲ့။ မြတ်စွာဘုရားဟာ ဓိဋ္ဌာန်ပြီး ခြေ တော်ရာချထားခဲ့တာကြောင့်လည်း မပျက်စီးနိုင်ပါဘူးတဲ့။ ဂန္ဓမထေရ် အလောင်းအလျာလေးဟာ မုဆိုး ဘဝကိုရောက်နေပေမဲ့ ပညာဗဟု သုတလေးက ရှိနေတော့ ]ဒါဟာ မြတ်စွာဘုရားရဲ့ခြေတော်ရာပဲ}လို့ ချက်ချင်းသိပြီး နီးစပ်ရာက ပန်း မာလာ ဆွတ်ခူးပြီး ကြည်ညိုပူဇော် သတဲ့။ နီးစပ်ရာအပေါင်းအသင်း၊ မိတ်ဆွေများကိုလည်း ညွှန်ပြတဲ့ အတွက် ဘုရားခြေတော်ရာကို ဖူးမြော်ကြည်ညိုသူများနဲ့ စည်ကားလာသတဲ့။ မုဆိုးဟာ တိဿမြတ်စွာ ဘုရားရဲ့ ခြေတော်ရာကို စတင် ဖူးမြော်ရတဲ့နေ့ကစပြီး မုဆိုးအလုပ်ကို မလုပ်တော့ဘဲ သမ္မာအာဇီဝ အလုပ်ကို ပြောင်းလုပ်ကာ မိဘကို လုပ်ကျွေးပြုစုတယ်။ အသက်ထက်ဆုံး ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တွေနဲ့ပဲ နေထိုင်သွားတော့ တယ်။ ဒါကြောင့် သေလွန်တဲ့အခါ နတ်ပြည်နတ်ရွာမှာ စံ စံလာရာက ကဿပမြတ်စွာဘုရားလက်ထက် တော်မှာ သူဌေးသားလေးဖြစ်လာ ရပြန်သတဲ့။ ရှေးရှေးဘဝက ပါရမီ အထုံကြောင့် ကဿပမြတ်စွာ ဘုရားရှင်ကို အလွန်ကြည်ညိုသတဲ့။ အခါမလပ် လှူဒါန်းပူဇော် နေရင်းနဲ့ ကြည်ညိုလွန်းတာကြောင့် ကဿပဘုရားရှင်ရဲ့ဂန္ဓကုဋီတိုက် နံရံတွေကို စန္ဒကူးနံ့သာရည်များနဲ့ သုတ်လိမ်းပြီး ကုသိုလ်ကောင်းမှုပြု သတဲ့။ အဲဒီ ကုသိုလ်ကြောင့် ဂေါတမမြတ်စွာဘုရားရှင်လက်ထက်တော်မှာ သာဝတ္ထိပြည်က ပုဏ္ဏေးမကြီးတစ်ဦးရဲ့ ဝမ်းကြာတိုက်မှာ ပဋိသန္ဓေ တည်နေတယ်ဆိုရင်ပဲ ပုဏ္ဏေးမကြီးရဲ့ကိုယ်ခန္ဓာဟာ မွှေး ပျံ့နေသတဲ့။ သတို့သားလေးကို မွေးဖွားတဲ့အခါမှာတော့ သာဝတ္ထိ တစ်မြို့လုံးကို မွှေးကြိုင်စေသတဲ့။ ဒါကြောင့် ဒီကလေးဟာ သူ့ရဲ့ အမည်ကို ယူဆောင်လာသူပဲရယ် လို့ ဂန္ဓသတို့သားလို့ အမည်ပေး လိုက်သတဲ့။ အနည်းငယ်ကြီးပြင်း လာတဲ့အခါမှာတော့ အိမ်ကို ဆွမ်းခံကြွလာတဲ့ မဟာသေဠရဟန္တာ အရှင်မြတ်ကိုကြည့်ပြီး အားကျတာ ကြောင့် မိဘများကို ရဟန်းဝတ်ခွင့်ပြုဖို့ ခွင့်ပန်ကာ လိုက်ပါရဟန်း ပြုရာက (၇)ရက်အတွင်းမှာ ရဟန္တာ ဖြစ်သွားခဲ့ရပါသတဲ့။”

နှိုင်းဆတွေးမြင် သတိယှဉ်
          “ဒီတရားတော်ကို နာကြားပြီး တဲ့အခါမှာ ကျွန်မက ဒီလိုတွေးမိတယ်။ ဂန္ဓသတို့သားဟာ တိဿ ဘုရားရှင်လက်ထက်တော်က သူ့ရဲ့ ဘဝတစ်ဝက်ဟာ အကုသိုလ်အလုပ် လုပ်တဲ့ မုဆိုးဘဝပဲ။ ဒါပေမဲ့ တိဿ ဘုရားရှင်ရဲ့ခြေတော်ရာကို ဖူးမြင်ရပြီးနောက်ပိုင်းမှာ မုဆိုးဘဝကို စွန့်ကာ ကုသိုလ်ကောင်းမှုတွေနဲ့ချည်း ထုံမွှန်းလာတဲ့ အချိန်ကစပြီး ဘဝပေါင်းများစွာ အထက်တန်းဘဝတွေ ကို ရခဲ့တယ်။
          ကဿပ မြတ်စွာဘုရားရှင် လက်ထက်မှာလည်းပဲ ဗုဒ္ဓဘာသာ ကို ကြည်ညိုကိုင်းရှိုင်းသူ ဖြစ်ပြီး ဘုရားရှင်ကို စန္ဒကူးနံ့သာတွေလှူ ဖြစ်ခဲ့တယ်။ အဲဒီကုသိုလ်အထုံပါရမီတော်တွေကြောင့် ဂေါတမဘုရား ရှင်ကိုဖူးတွေ့ခွင့်ရပြီး အရဟတ္တမဂ် အရဟတ္တဖိုလ်ကို အလွယ်တကူ ရရှိ ခံစားကာ နိဗ္ဗာန်ကို ရရှိကျွတ် တမ်းဝင်နိုင်ခဲ့တယ်။ ကျွန်မတို့လည်းပဲ အခုကစပြီး ကုသိုလ်ကောင်းမှုတွေနဲ့ချည်း ထုံမွှမ်းနေမယ်၊ နည်းမှန် လမ်းမှန်နဲ့ သတိပဋ္ဌာန်တရား တော်တွေကို ကြိုးကြိုးစားစား အားထုတ်မယ် ဆိုရင် အနှေးနဲ့ အမြန် တော့ နိဗ္ဗာန်သောင်ကမ်းကိုဆိုက် ရောက်ရမှာ အမှန်ပဲ မဟုတ်ဘူးလား။ အဟုတ်တကယ် ကြိုးစား အားထုတ်ရင် အရိမေတ္ထယျဘုရား ကို မဖူးမြော်ရသေးခင် ကျွတ်တမ်း ဝင်နိုင်ပါသေးတယ်နော်”
          “အေး . .အေး၊ ငါ အားရှိသွားပြီ။ ရိပ်သာသွားဖို့ ပစ္စည်းလေးတွေ စီစဉ်လိုက်ဦးမယ်”


စိတ်ချမ်းသာ၍ ကိုယ်ကျန်းမာကြပါစေ
မသုမေ

No comments:

Post a Comment