Thursday, 28 November 2019

ပစ္စုပ္ပန်ဘဝရဲ့ထွက်ပေါက်
ဝေလင်း(ဧရာဝတီ)
           သုံးဆယ့်တစ်ဘုံတည်း ဟူသော ဝဋ်အတွင်းမှ မလွတ်ကင်း သေးကြတဲ့ လူသားအားလုံးတို့သည် ဘဝရယ်,ခန္ဓာရယ်,ပစ္စည်းဥစ္စာရယ် လို့ ရရှိထားကြတဲ့အတွက် ဘေး အန္တရာယ် အသွယ်သွယ်များကို  တွေ့ကြုံနေကြရမည်မှာ မလွဲပေ။ ထိုသို့ တွေ့ကြုံလာတဲ့အခါ ဘဝရဲ့ ထွက်ပေါက်ရှိမှဖြစ်မယ်၊ ထွက်ပေါက် မရှိရင် နှောင်အိမ်တွင်းမှာ မိနေတဲ့ ငှက်ကလေးကဲ့သို့ ထွက်ပေါက်ကို ရှာမရဘဲ တလည်လည်နှင့် ဆင်းရဲ ဒုက္ခရောက်ကြမှာ အမှန်ပင် ဖြစ်ပါ တယ်။
          ကြုံတွေ့နိုင်တဲ့ ဘေးအန္တရာယ် များကတော့-
(၁)အသက်ရဲ့အန္တရာယ်
(၂)ပစ္စည်းဥစ္စာရဲ့အန္တရာယ်
(၃)အိမ်ထောင်ရေးအန္တရာယ်
(၄)အလိမ်အညာခံရတဲ့ အန္တရာယ်
(၅)ရူးသွပ်မေ့လျော့ခြင်းရဲ့ အန္တရာယ် တို့ ဖြစ်ပါတယ်။
          ဒီအန္တရာယ်များ တစ်ပါးပါး ကြုံတွေ့လာတဲ့အခါ ထွက်ပေါက်ရှာ နိုင်ဖို့အတွက် အခုကတည်းက ကြိုတင်ပြီး လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ထွက်ပေါက်ကို ရှာထားရမှာဖြစ်ပါတယ်။
          ကိုယ့်ကို ညှဉ်းဆဲသတ်ဖြတ်မယ့် ရန်သူများနဲ့ တွေ့ကြုံပြီး အသက်ရဲ့ အန္တရာယ် ကြုံလာတဲ့အခါ သစ္စာ ဓိဋ္ဌာန်ပြုရပါမယ်။ ဘယ်လိုပြုရမှာ လဲဆိုရင် -

၁။       ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိ ယာမိ။
                   “ငါသည် ဤသိက္ခာပုဒ် ဆောက်တည်သည့်နေ့ကစ၍ လူဇာတ်ဖြစ်သော သူ၏အသက် လူဇာတ် မဟုတ်သော သတ္တဝါများ ရဲ့အသက်တို့ကို ညှဉ်းဆဲမှု မပြုတော့ ပါ။ ဤမှန်ကန်သော သစ္စာစကား ကြောင့် အသက်ရဲ့အန္တရာယ်မှ ကင်းဝေးပါစေ၊ လွတ်မြောက်ပါစေ၊ ကင်းဝေးလွတ်မြောက်ပါစေ”လို့ သစ္စာပြုရမယ်။ အဲဒီလို သစ္စာပြုနိုင် အောင်လည်း ဘဝရဲ့ထွက်ပေါက် ဖြစ်တဲ့ ပါဏာတိပါတသိက္ခာပုဒ်ကို ဆောက်တည်ထားရမယ်။
          မြတ်စွာဘုရားရှင်သည် အလောင်းတော် ငုံးမင်းဘဝတုန်းက မွေးကင်းစအရွယ် အတောင် မပေါက်သေးတဲ့အရွယ်မှာ တောမီး များ လောင်ကျွမ်းလာတဲ့အခါ သူဟာ သူတစ်ပါးတို့လို အတောင်နဲ့ ပျံသန်းမှု မပြုနိုင်တဲ့အတွက် ဘဝရဲ့ ထွက်ပေါက်ကို သစ္စာပြုပြီး ရှာခဲ့ရ တယ်။ လွတ်လည်း လွတ်မြောက်ခဲ့ တယ်။ အဲဒီလို သစ္စာပြုနိုင်အောင် လည်း ရှေးရှေးတုန်းက သူတစ်ပါး အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ပြီး သူတစ်ပါး အသက် ကယ်ခဲ့တဲ့ ပါရမီတော်တွေကို ဆည်းပူးခဲ့တဲ့ အတွက်ကြောင့် အသက်ဘေးမှ လွတ်မြောက်ရခြင်း ဖြစ်ပါတယ်။
          တစ်ဖန် မိမိမှာရှိတဲ့ ပစ္စည်းဥစ္စာ များဟာ ရန်သူမျိုးငါးပါးနဲ့ ဆက်ဆံ နေတဲ့အတွက် ရေဘေး, မီးဘေး, သားဆိုးသမီးဆိုးဘေး, မင်းဘေး, ခိုးသူဘေးတို့နဲ့ တွေ့ကြုံလာနိုင် တယ်။ ကြုံလာတဲ့အခါ ဘဝရဲ့ ထွက်ပေါက်ဆိုတာ လိုအပ်လာပါ တယ်။ ထွက်ပေါက်မရှိရင် ဥစ္စာ ပစ္စည်းတွေ ဆုံးရှုံးသွားနိုင်တယ်။ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေ ကြုံရတတ်တယ်။ ဒါဖြင့် ထွက်ပေါက် ကို ဘယ်လိုရှာမလဲ။

၂။       အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
          “ငါသည် ဤသိက္ခာပုဒ် ဆောက်တည်တဲ့ နေ့မှစပြီး သူတစ်ပါး ပစ္စည်းဥစ္စာတွေကို ပိုင်ရှင် မသိဘဲ မယူလိုပါ။ ငါ ရစရာရှိတာ များကိုလည်း ငါယူလိုက်ပါက သူတစ်ပါးဘဝ ပျက်သွားနိုင်တယ် ဆိုရင် မယူသေးဘဲ စောင့်ဆိုင်းနေပါ မည်။ ဤမှန်ကန်သော သစ္စာစကား ကြောင့် ငါ၏ဥစ္စာပျက်ခြင်း၊ဘဝပျက် ခြင်းမှကင်းဝေးပါစေ။  လွတ်မြောက် ပါစေ။ ကင်းဝေးလွတ်မြောက်ပါစေ” လို့ သစ္စာပြုရမယ်။ သစ္စာပြုနိုင် အောင်လည်း ဘဝရဲ့ ထွက်ပေါက် ဖြစ်တဲ့ အဒိန္နာဒါနသိက္ခာပုဒ်ကို ဆောက်တည်ထားပြီး သူတစ်ပါး ပစ္စည်းဥစ္စာတို့ကို မတရား ရလိုမှုမှ ရှောင်ကြဉ်ရမယ်။ ခေတ်နဲ့ နှိုင်းယှဉ် ပြရမယ်ဆိုရင် တချို့ ငွေတိုးချေးစား တဲ့ ပုဂ္ဂိုလ်များ ခြံမြေအပေါင်ပေး ရခြင်း၊ ရွှေပေါင်ပေးထားရခြင်းများ ရှိကြပါတယ်။ မိမိချေးထားတဲ့ ငွေများ ပြန်မဆပ်နိုင်တဲ့အခါမှာ ခြံ သိမ်းယူခြင်း၊ အပေါင်ပေးထားတာ ကို အဆုံးထားခြင်းများ ပြုလုပ်တော့ မယ်ဆိုရင် ငါ ဒါတွေယူလိုက်တဲ့အခါ သူ့ဘဝ ဘယ်လို ဖြစ်သွားနိုင်သလဲ ဘဝပျက်သွားနိုင်သလား၊ဒါမှမဟုတ် ဘဝကို ဆက်လက်ရပ်တည်နိုင် သလား အခြေအနေကို သုံးသပ် ရမယ်။ အကယ်၍ ဘဝပျက်သွား နိုင်တယ်ဆိုရင် မသိမ်းပါနဲ့ဦး။ ခဏ စောင့်ပေးပါ၊အတတ်နိုင်ဆုံး ပြန်ဆပ် နိုင်သည့်တိုင် စောင့်ပေးပါ။ အဲဒီလို ပါရမီတွေကို ဆည်းပူးပြီး ဘဝရဲ့ ထွက်ပေါက်ကို ရှာထားရမယ်။
          ဒါမှသာ မိမိပစ္စည်းဥစ္စာများ ပျက်စီးရန် အကျဉ်းအကျပ်ကြုံလာ ခဲ့ရင် ကိုယ်ပြုခဲ့တဲ့ ဆည်းပူးခဲ့တဲ့ ပါရမီတွေနဲ့ သစ္စာပြုလို့ ရမယ်။ သာဓကနဲ့ပြရရင် ရှေးအခါက ဇောတိကသူဌေးကြီးဟာ အခုလို ပါရမီတွေကို ဘဝအဆက်ဆက်က ဆည်းပူးခဲ့တဲ့အတွက် အဇာတသတ် မင်းက သူ့စည်းစိမ်ဥစ္စာတွေကို သိမ်းပိုက်ဖို့ဆိုပြီး စစ်တပ်ကြီးချီကာ သွားရောက်တိုက်ခိုက်ပါတယ်။ ဒါပေမဲ့ မရရှိခဲ့ပါဘူး။
          ဘာကြောင့်လဲ။ ဇောတိကရဲ့ ပါရမီကြောင့်ပါ။
          နောက်တော့ ဇောတိကသူဌေး ဥပုသ်ကျောင်းက ပြန်လာတာနဲ့ လမ်းမှာဆုံတော့ အဇာတသတ်က အပြစ်ဆိုတယ်။ သင်က ခုမှ သူတော်ကောင်းယောင် မဆောင်နဲ့၊ သင့်ပစ္စည်းတွေကို ငါ သွားသိမ်းတုန်း က သင်က ငါ့ကို စစ်တပ်များစွာနဲ့ ပြန်ခုခံခဲ့တယ်လို့ စွပ်စွဲတဲ့အခါ ဇောတိကသူဌေးကြီးက “အသင် မင်းကြီး မဟုတ်ပါဘူး။ ကျွန်တော်မျိုး ရဲ့ပါရမီကြောင့်ပါ၊ ကျွန်တော်မျိုးရဲ့ ပစ္စည်းဥစ္စာကို ကိုယ်တိုင်မပေးဘဲနဲ့ ဘယ်သူကမှ သိမ်းပိုက်လို့ လုယူလို့ မရပါဘူး”ဟုဆိုကာ အသင်မင်းကြီး ကို လက်တွေ့ပြမယ်ဆိုပြီး သူ့ရဲ့ လက်မှာ စွပ်ထားတဲ့နဝရတ်လက်စွပ် တွေကို လက်တွေ့ ချွတ်ယူခိုင်းပါ တယ်။ ချွတ်ယူလို့ မရပါဘူး။ ဒါဟာ ဇောတိကသူဌေးရဲ့ သူတစ်ပါးအပေါ် မှာ ငဲ့ညှာခဲ့တဲ့ ဆည်းပူးခဲ့တဲ့ ပါရမီ တော်တွေကြောင့်ပါ။
          သုံးနံပါတ်က အိမ်ထောင်ရေး အန္တရာယ်ပါ။ မိမိက မိမိအိမ်သူ အိမ်သားအပေါ်မှာ ဘယ်လောက်ပဲ ကောင်းကောင်း တစ်ဘက်က အကောင်းမမြင်နိုင်ဘဲ အပြစ်သာ မြင်ပြီးအိမ်ထောင်ရေးကမောက်ကမ ဖြစ်လာအောင် လုပ်လာတတ်တယ်။ သူတစ်ပါးကလည်း ဝင်ရောက် သပ်လျှိုတတ်တယ်။ အဲဒီလို အိမ်ထောင်အရေး အခက်အခဲကြုံ လာရင် ဘယ်လို ထွက်ပေါက် ရှာ မလဲဆိုတော့ -

၃။       ကာမေသုမိစ္ဆာစာရာ
          ဝေရမဏိ သိက္ခာပဒံ
          သမာ ဒိယာမိ။
          “ငါသည် ဤသိက္ခာပုဒ် ဆောက်တည်တဲ့နေ့ကစပြီး သူတစ်ပါးအိမ်ထောင်ရေးပျက်ပြားမယ့် အမှုတွေကို မပြုတော့ပါ၊ မပြော တော့ပါ၊ မကြံတော့ပါ။ ဤမှန်ကန် သော သစ္စာစကားကြောင့် ငါရဲ့ အိမ်ထောင်ရေး အန္တရာယ်မှ ကင်းဝေးပါစေ၊လွတ်မြောက်ပါစေ၊ ကင်းဝေးလွတ်မြောက်ပါစေ”ဟု သစ္စာဓိဋ္ဌာန်ပြုရမယ်။ အဲဒီလို သစ္စာ ပြုနိုင်အောင်လည်း ဘဝရဲ့ ထွက်ပေါက်ဖြစ်တဲ့ ကာမေသု မိစ္ဆာစာရသိက္ခာပုဒ်ကို ဆောက်တည် ထားရမယ်။ ဒါမှသာ သစ္စာပြုလို့ရ မယ်။
          လောကမှာ အချို့သူတွေဟာ သူတစ်ပါး အိမ်ထောင်ရေးပျက်ပြား အောင် ဟိုကစကား ဒီပို့၊ ဒီကစကား ဟိုပို့နဲ့ အမျိုးမျိုး သွေးထိုးစကားများ ဆိုလာတတ်ကြတယ်။ အဲဒီအခါမှာ တစ်ယောက်အပေါ်မှာ တစ်ယောက် အထင်အမြင်တွေလွဲပြီး ကမောက် ကမ ဖြစ်လာတတ်တယ်။ အိမ်ထောင်ရေးအန္တရာယ် မဖြစ် အောင်ကြိုတင်ပြီး ဘဝရဲ့ထွက်ပေါက် ရှာထားရမယ်။
          လေးနံပါတ်က  အလိမ်အညာ ခံရတဲ့ အန္တရာယ်။ သူတစ်ပါး ကုန်းတိုက်လို့ မိမိ ဘဝပျက်ရတဲ့ အန္တရာယ်များလည်း ကြုံလာတတ် တယ်။အချို့ရုံးသူရုံးသားများဆိုရင် မိမိက အလုပ်အပေါ်မှာ သစ္စာရှိရှိနဲ့ တာဝန်ကျေအောင် ထမ်းဆောင်နေ သော်လည်း တစ်ဘက်က မိမိ ရာထူးကြီးတာ အထက်လူကြီးများ က ချစ်ခင်နေတာကို မနာလို ဝန်တို စိတ်တွေနဲ့ မဟုတ်တာကို အဟုတ် လုပ်ပြီး ပုံကြီးချဲ့ကာ ကုန်းစကားနဲ့ မုန်းသွားအောင် ဆိုလာတတ်တဲ့ အတွက် ဘဝပျက်သွားတာမျိုး လည်း ရှိတတ်ပါတယ်။
          ဘယ်သူမပြု မိမိမှုဆိုသလို တစ်ချိန်ချိန်က မိမိကိုယ်တိုင် သူတစ်ပါး ဘဝပျက်သွားလောက် အောင် လိမ်ခဲ့တာတွေ ညာခဲ့တာ တွေ ရှိကောင်းရှိပါလိမ့်မယ်။ အဲဒီ မိမိပြုခဲ့တဲ့ အကုသိုလ်ကံတွေက မိမိကို တစ်ဖန် ပြန်အကျိုးပေးနေ တယ်လို့ သတိသံဝေဂယူပြီး အခက် အခဲက ကျော်လွှားနိုင်အောင် ဘဝထွက်ပေါက်ကို ရှာထားရမယ်။ ဘယ်လိုရှာမလဲ -

၄။       မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
          “ငါသည် ဤသိက္ခာပုဒ်တော် ကို စောင့်ထိန်းသည့် နေ့မှစပြီး သူတစ်ပါး ဘဝပျက်နိုင်လောက်တဲ့ လိမ်ညာမှုတွေကို မပြုတော့ပါ၊ မပြောတော့ပါ၊ မကြံတော့ပါ။ ဤ မှန်ကန်တဲ့ သစ္စာစကားကြောင့် ငါ့ကို သူတစ်ပါး လိမ်ညာမှုတို့က ကင်းဝေး ပါစေ၊ လွတ်မြောက်ပါစေ၊ ကင်းဝေး လွတ်မြောက်ပါစေ”လို့ သစ္စာပြုရ မယ်။ သစ္စာပြုနိုင်အောင်လည်း မုသာဝါဒသိက္ခာပုဒ်ကို စောင့်ထိန်း ထားရမယ်။
          မြတ်စွာဘုရားရှင်ကို စိဥ္ဇမာန မိန်းမယုတ်က သူနဲ့ရတဲ့ ကိုယ်ဝန် ပါလို့ သူ့ဗိုက်မှာ ပျဉ်ချပ်စည်းပြီး         ကိုးကွယ်နေကြသူတွေကို ထင်ယောင်ထင်မှား ဖြစ်လာအောင် စွပ်စွဲလာပါတယ်။ ဒီအခါမှာ ဘဝ အဆက်ဆက်က မုသာဝါဒသိက္ခာပုဒ် ကို စောင့်ထိန်းလာတဲ့ ပါရမီတော် တွေကြောင့် ထိုအခက်အခဲကို ဖြေရှင်းနိုင်ဖို့တွက် သိကြားမင်း ကိုယ်တိုင် ဝင်ရောက်ဖြေရှင်းပေး ခဲ့တာကြောင့် သူတစ်ပါးစွပ်စွဲ လိမ်ညာခြင်းတို့က ကင်းဝေးသွား ခဲ့ရပါတယ်။
          နောက်ဆုံးက ယစ်မူးမေ့လျော့ တဲ့ အန္တရာယ်ပါ။ ဒါကလည်း လောကမှာ များစွာ ကြုံတွေ့တတ် ကြပါတယ်။ ယစ်မူးမေ့လျော့ဆိုတဲ့ စကားမှာ ယစ်တာရယ်၊ မူးတာရယ်၊ မေ့လျော့တာရယ်လို့ အပိုင်း သုံးပိုင်း ရှိပါတယ်။ အဲဒီမှာ သူတစ်ပါးကို ယစ်စေမယ့် မူးစေမယ့် မေ့လျော့စေ မယ့် အလုပ်တွေကို ရှောင်ကြဉ်ရ မယ်။ ဥပမာ မိမိက အရက်နဲ့ အကျိုးပေးလို့ အရက် ရောင်းမယ်၊ ဘိန်းနဲ့အကျိုးပေးလို့ ဘိန်းရောင်း မယ် ဆိုပါစို့။ မိမိရောင်းလိုက်တဲ့ အရက်တို့ ဘိန်းတို့ကို သောက်သုံး ကြတဲ့သူတွေဟာ ဘာဖြစ်လာမလဲ၊ ယစ်လာမယ်၊ မူးလာမယ်၊ မေ့လျော့ လာမယ်ဆိုရင် ကံမြောက်ပြီး “ကိုယ်ပြုသည့် ကံ ကိုယ့်ထံပြန်” ဆိုသလို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပြန်ခံရမှာပါပဲ။
          တချို့ဆိုရင် အမေ့အလျော့တွေ ထူလာတယ်။ အလုပ်လုပ်ရင် မှားမှားယွင်းယွင်းတွေ ဖြစ်လာတတ် တယ်။ အယောင်ယောင်အမှားမှား တွေ ဖြစ်လာတတ်တယ်။ ဒါဟာ မိမိကံက အကျိုးပေးနေတာပါ။ အဲဒီလိုဖြစ်လာခဲ့ရင် ဘဝရဲ့ ထွက်ပေါက်ကို ဘယ်လိုရှာမလဲ။ လွတ်မြောက်အောင် ဘယ်လိုလုပ် မလဲဆိုတော့-

၅။သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာ ပဒံ သမာဒိယာမိ။
          “ငါသည် သိက္ခာပုဒ်တော်ကို စောင့်ထိန်းသည့်နေ့မှစပြီး သူတစ်ပါး တို့ ယစ်မူးမေ့လျော့စေမယ့်အရာ တွေကို မပြုတော့ပါ၊ မပြောတော့ပါ၊ မကြံစည်တော့ပါ”လို့ သစ္စာပြုရမယ်။ သစ္စာပြုနိုင်အောင် သုရာမေရယ သိက္ခာပုဒ်တော်ကို ဆောက်တည် ထားရမယ်။ ဒါမှသာ ဘဝရဲ့ ထွက်ပေါက်ကို ရပြီး စိတ်ချမ်းသာမှု၊ ကိုယ်ချမ်းသာမှု ရနိုင်မှာဖြစ်ပါတယ်။
          ဤဆောင်းပါး ဖတ်ရှုရသော သူအပေါင်းတို့သည်  ပြဆိုလမ်းညွှန် ခဲ့တဲ့အတိုင်း ဘဝရဲ့ထွက်ပေါက်ကို ရှာနိုင်ကြပါစေ၊ ရှာတဲ့အတိုင်းလည်း လွတ်မြောက်နိုင်ကြပါစေလို့ ဆုတောင်းရင်းဖြင့်  . .... . .

ဝေလင်း (ဧရာဝတီ)

No comments:

Post a Comment