ကျွန်တော် စာစဖတ်စအရွယ်မှာ အိမ်အနီးအနား ပတ်ဝန်းကျင်က စာအုပ်အငှားဆိုင်လေးတွေနဲ့ ကျွန်တော့်အဘိုးရဲ့ စာအုပ်စင်ကြီးဟာ ကျွန်တော့်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ စာပေဗိမာန်ကြီးတွေလို ဖြစ်ခဲ့ပါ တယ်။ စာအုပ်အငှားဆိုင်လေးတွေကတော့ ကာတွန်း တွေ၊ ပုံပြင်လေးတွေနဲ့ စာတိုပေစလေးတွေကို ဖတ်ရပြီး အဘိုးရဲ့စာအုပ်စင်ကြီးကနေတော့ ဗုဒ္ဓစာပေတွေကို အဓိကဖတ်ခဲ့ရပါတယ်။ အတွေးအခေါ်မြင့်မားလှတဲ့ ဗုဒ္ဓဒဿနတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဖတ်ပြီး မဖြစ် စလောက်ဦးနှောက်နဲ့ ဝေဖန်ရေးတွေ လုပ်မိလို့လည်း အဘိုးဆူတာကို ခဏခဏခံခဲ့ရဖူးပါတယ်။ အဲဒီလို အဘိုးနဲ့အဘိုးရဲ့ စာအုပ်စင်ကြီးတို့ ကျေးဇူးကြောင့်ပဲ ကျွန်တော်ဟာ ဗုဒ္ဓဘာသာကို မိရိုးဖလာ ယုံကြည် ကိုးကွယ်တယ်ဆိုတဲ့ အဆင့်ထက်ကျော်ပြီး နားလည် သဘောပေါက်ခွင့် ရခဲ့ပြီး တရားတော်တွေရဲ့ လမ်းပြ သွန်သင်မှုကို အတိုင်းအတာတစ်ခုအထိ ခံယူနိုင်ခဲ့ပါ တယ်။ လူငယ်တစ်ယောက်ပီပီ လောကုတ္တရာဘက်ကို ဦးစားပေးတဲ့ ဝိပဿနာလိုင်းကို သိပ်မလိုက်စားမိပေမဲ့၊ လောကီလူ့ဘဝမှာ တရားတော်နဲ့အညီ ဘယ်လိုကျင့်ကြံ ပြုမူနေထိုင်သင့်တယ်ဆိုတာတွေကို အဓိက လေ့လာ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး တပည့် သံဃာတော်ပေါင်း အထောင်အသောင်းအသိန်းရှိတဲ့ သံဃာ့အဖွဲ့အစည်းကြီး တစ်ခုကို အောင်အောင်မြင်မြင်နဲ့ တည်ထောင်ဖွဲ့စည်းပြီး အဓွန့်ရှည်အောင် ထိန်းသိမ်းအုပ်ချုပ် ဦးဆောင်နိုင်ခဲ့တဲ့ ဗုဒ္ဓမြတ်စွာဘုရားကို အနှိုင်းမဲ့ စံပြခေါင်းဆောင်ကောင်း တစ်ယောက်အဖြစ် မြင်လာခဲ့ရာကနေ ဂေါတမဗုဒ္ဓရဲ့ သံဃာအဖွဲ့အစည်းကြီးကို ဘယ်လိုဘယ်ပုံ စီမံအုပ်ချုပ် ခဲ့တယ်ဆိုတာကိုသာ ကျွန်တော်တို့တွေ စံနမူနာယူနိုင်ခဲ့ မယ်ဆိုရင် လောက လူ့အဖွဲ့အစည်းကြီးကိုလည်း အောင်မြင်ပြည့်ဝတဲ့ ခေါင်းဆောင်မှုတွေ ပေးနိုင်မှာ သေချာတယ်လို့လည်း တွေးမိခဲ့ပါတယ်။ ဗုဒ္ဓမြတ်စွာ ဘုရားဟာ ဘုရားစဖြစ်တဲ့အချိန်ကစပြီး ပရိနိဗ္ဗာန် စံတော်မူတဲ့အချိန်အထိ ဝါတော် (၄၅)ဝါပတ်လုံး ဗုဒ္ဓ သာသနာတော် ပြန့်ပွားစည်ပင် ရေးအတွက် သံဃာ တော် အမြာက်အများပါဝင်တဲ့ သံဃာ့အဖွဲ့အစည်းကြီး ကို ဘယ်ပုံဘယ်နည်းနဲ့ စီမံ ခန့်ခွဲတော်မူခဲ့တယ်ဆိုတာကို ကျွန်တော်တို့ လေ့လာသုံးသပ်ရင်း လောကီ လူ့ အဖွဲ့အစည်းအတွက် တစ်စုံတစ်ခုသော အကျိုးကျေးဇူး တွေကို ထုတ်ယူကြည့်ကြရအောင်ပါ။
ဗုဒ္ဓမြတ်စွာဘုရားဟာ သံဃာ့အဖွဲ့အစည်းကြီးရဲ့ ပထမဆုံးသောအဖွဲ့ဝင်တွေလို့ဆိုရမယ့် ပဥ္စဝဂ္ဂိီငါးပါးကို ဓမ္မစကြာတရားဦး ဟောကြားဖို့အတွက် မိဂဒါဝုန်တော ကို ြွကလှမ်းတော်မူခဲ့ပါတယ်။ အဲဒီမှာ ဗုဒ္ဓက “ရဟန်းတို့၊ ငါဘုရားသည် ကိလေသာအားလုံးမှ ဝေးကွာခဲ့ပြီဖြစ်၏။ မိမိအလိုလို ကိုယ်တော်တိုုင် ထိုးထွင်း၍ သိခဲ့၏။ ရဟန်းတို့၊ နားစိုက်၍ထားကြလော့။ ငါကိုယ်တိုင် သိမြင်ပေါက်ပိုင်ထားခဲ့သော အမတတရားကို ငါဆုံးမ မည်။ ငါတရားဟောမည်” လို့ အမိန့်ရှိ့ပြီး ပဥ္စဝဂ္ဂီငါးပါး ကို တရားနာကြဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒါကို သူတို့က သံသယတွေနဲ့ ငြင်းဆန်နေခဲ့ကြတာကြောင့် ဒုတိယ အကြိမ်မှာ ထပ်မံဖိတ်ခေါ်ပြန်ပါတယ်။ အဲဒါကိုလည်း ငြင်းဆန်မြဲငြင်းဆန်နေကြတာကြောင့် တတိယအကြိမ် မှာတော့ ဗုဒ္ဓက “ရဟန်းတို့၊ ရှေးအခါများတုန်းက ငါ ဘုရားသည် ဤသို့သော စကားများ ပြောကြားခဲ့ဖူးပါ သလား၊ သင်တို့ သတိများထားခဲ့မိကြပါသလား” လို့ မိန့်တော်မူမှ ပဥ္စဝဂ္ဂီရဟန်းတို့လည်း ယုံကြည်စိတ်ချ သွားကြပြီး တရားတော်ကို နာကြားခဲ့ကြပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ ဘာကိုတွေ့ရသလဲ ဆိုရင် မုသားမပြောသူတစ်ဦးရဲ့ နှုတ်ထွက်စကားဟာ သစ္စာအဖြစ်တည်တယ်ဆိုတဲ့ အချက်ပါ။ နောက်တစ်ခုက ယုံကြည်မူတစ်ခုကနေ ဖြစ်လာတဲ့ ကြည်ညိုသဒ္ဓါစိတ်ပါ။ ပဥ္စဝဂ္ဂီရဟန်းတို့ဟာ ဗုဒ္ဓကို သူတို့ရဲ့ ဆရာအဖြစ် သတ်မှတ်ပြီး ဗုဒ္ဓဟောကြားတဲ့ တရားတော်တွေကို နာယူဖို့ လက်ခံခဲ့ကြခြင်းဟာ ဗုဒ္ဓကို သူတို့ရဲ့ ဆရာ တင်ထိုက်တယ်၊ ခေါင်းဆောင်တင်ထိုက်တယ်ဆိုတဲ့ စိတ်တစ်ခု ဖြစ်လာလို့ပါ။ အဲဒီစိတ်ဟာ အရမ်းကို အရေးကြီးပါတယ်။ အဲဒီစိတ်ဟာ ဗုဒ္ဓသာသနာတော် ထွန်းကား စည်ပင်ဖို့အတွက် တရားတော်တွေကို လက်ဆင့်ကမ်း ဆောင်ယူ ဟောကြားပေးကြမယ့် သံဃာ့အဖွဲ့အစည်းကြီးတစ်ခုလုံးရဲ့ သန္ဓေတည်ရာ ရေသောက်မြစ်လို့တောင် ပြောလို့ရပါတယ်။ လောက လူ့အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက် အနေနဲ့လည်း ကိုယ့်ရဲ့ဦးဆောင်မှုနောက်ကို လိုက်မယ့် နောက်လိုက် နောက်ပါအားလုံးရဲ့စိတ်ထဲမှာ ဒီလူဟာ ငါတို့ရဲ့ ခေါင်းဆောင် ဖြစ်ထိုက်တယ်ဆိုတဲ့ ယုံကြည် စိတ်ချမှု တစ်ခုရှိနေအောင်စွမ်းဆောင်နိုင်ရပါလိမ့်မယ်။ နောက်ပြီး ဗုဒ္ဓမြတ်စွာဘုရားဟာ ပဥ္စဝဂ္ဂီရဟန်းတို့ကို ဓမ္မစကြာတရား ဟောကြားတဲ့နေရာမှာ ရဟန်းတို့က ဗုဒ္ဓဟောသမျှကို ဇွတ်မှိတ်ယုံကြည်လိုက်ကြတာမျိုး မဟုတ်ဘဲ အပြန်ပြန်အလှန်လှန် ဝေဖန်ဆွေးနွေးခဲ့ကြ တယ်လို့ သိရပါတယ်။ အဲဒါကြောင့်လည်း အရွယ် ပမာဏအားဖြင့် အလတ်စားလောက်သာရှိတဲ့ ဓမ္မစကြာ တရားတော်ကို ငါးရက်တိုင်တိုင် ဘုရားသခင် ဟောကြား တော်မူခဲ့ရခြင်း ဖြစ်ပါတယ်။ ဒါကို နမူနာယူမယ်ဆိုရင် သုံးလောကထွတ်ထား မြတ်စွာဘုရားရှင်တောင် သစ္စာ လေးပါးတရားတော်တွေနဲ့ ပတ်သက်ပြီး ဝေဖန်ဆွေးနွေး သုံးသပ်ခွင့်ပေးခဲ့တာကို ထောက်ရှုပြီး အမှားမကင်းနိုင်တဲ့ ပုထုဇဉ်လူသားခေါင်းဆောင်တွေအနေနဲ့ ပြန်လည်ဝေဖန် ဆွေးနွေးခွင့်မပေးတဲ့ တစ်သွေးတစ်သံတစ်မိန့်ဆိုတဲ့မူကို ဘယ်လိုမှ မကျင့်သုံးထိုက်ဘူးဆိုတာ သတိပြုသင့်ပါ တယ်။
ဗုဒ္ဓမြတ်စွာဘုရားဟာ သာသနာပြုရဟန္တာပုဂ္ဂိုလ် အတော်အသင့်ရှိလာပြီးတဲ့နောက်မှာ အဆိုပါ အရှင်မြတ် တွေကို ရွာကြီး၊ ရွာငယ်၊ မြို့နယ်မရွေးဘဲ အရပ်ရပ်သော ဌာနဆီ ဒေသစာရြွီကချီတော်မူစေခဲ့ပြီး သာသနာ့အသိ၊ သာသနာ့အမြင်၊ သာသနာ့ယဉ်ကျေးမှုတွေကို ဖြန့်ဝေ စေခဲ့ပါတယ်။ အဲဒီဒေသစာရီ ြွကချီရာအရပ်တွေက ရဟန်းပြုလိုသူ ရှင်လောင်း၊ ရဟန်းလောင်းများကို အဆိုပါအရှင်သူမြတ်တွေက ဗုဒ္ဓမြတ်စွာ ဘုရားထံပါးကို ရဟန်းအဖြစ်ခံယူနိုင်ဖို့ ခေါ်ဆောင်လာကြရပါတယ်။ အဲဒီစနစ်ဟာ နောက်ပိုင်းတွေမှာ အချိန်ကြန့်ကြာမှုနဲ့ အဆင်မပြေမှုတွေ ရှိလာတာကြောင့် ဗုဒ္ဓဟာ “ရဟန်း တို့၊ယခုအခါမှစ၍ ထိုထိုသော အရပ်မျက်နှာ၊ ထိုထိုသော မြို့ရွာဇနပုဒ်တို့၌ သင်တို့ဘာဘာ ရှင်ပြုပေးကြရန်၊ ရဟန်းပြုပေးကြရန် ငါဘုရား ခွင့်ပြုတော်မူ၏”ဟု မိန့်တော်မူပြီး ရဟန်းပြုပေးပိုင်ခွင့်အာဏာတော်ကို သာဝကတွေထံ ခွဲဝေပေးခဲ့ပါတယ်။ ဒါဟာလည်း အဖွဲ့အစည်းတစ်ခုကို ခေါင်ဆောင်တဲ့နေရာမှာ မရှိမဖြစ် လိုအပ်တဲ့ အချက်တစ်ခုပါပဲ။ ရှိသမျှ လုပ်ပိုင်ခွင့်အာဏာ တွေအားလုံးကို ခေါင်းဆောင်လုပ်သူကသာ ချုပ်ကိုင် ထားမယ်ဆိုရင် အခြားမလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်လာနိုင်ပြီး နှောင့်နှေးကြန့်ကြာမှုတွေဖြစ်လာ နိုုင်ပါတယ်။ လွှဲပေးလို့ရတဲ့၊ ခွဲဝေပေးလို့ရနိုင်မယ့် ကိစ္စတွေကို ယုံကြည်စိတ်ချရသူတွေဆီ လွှဲပြောင်းခွဲဝေ ပေးထားနိုင်မှလည်း အဖွဲ့အစည်းရဲ့ ပြုဖွယ်ကိစ္စ အရပ်ရပ်ဟာ လစ်ဟာမှုတွေမရှိဘဲ အဆင်ပြေ ချောမွေ့ နိုင်မှာပါ။ ဒါပေမဲ့ တာဝန်တစ်ရပ်လွှဲပေးဖို့အတွက် ဒီလူဟာ ဒီတာဝန်နဲ့ ထိုက်တန်တဲ့ အရည်အချင်းတွေ ရှိရဲ့လားဆိုတာကို မစဉ်းစားဘဲ အခြားသော ပုဂ္ဂိုလ်ရေး ခင်မင်မှုတွေနဲ့ လူမှုရေးတွေကို စဉ်းစားတာမျိုးတော့ မဖြစ်ဖို့လိုပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားရဲ့ လက်ယာတော်ရံ အဂ္ဂ သာဝကဟာ ပညာအရာမှာ ဧတဒဂ်ရထားတဲ့ အရှင် သာရိပုတ္တရာဖြစ်ပြီး လက်ဝဲတော်ရံကတော့ တန်ခိုးတော်အရာမှာ ဧတဒဂ်ရတဲ့ အရှင်မဟာ မောဂ္ဂလာန်ဖြစ်ပါတယ်။ မြတ်စွာဘုရားရဲ့ အဆိုပါ အဂ္ဂသာဝကနှစ်ပါးဟာ အခြားသော ရာနဲ့ချီတဲ့ ရဟန်းတွေရဲ့နောက်မှ သာသနာ့ဘောင်ကို ဝင်လာခဲ့ကြ တာဖြစ်ပါတယ်။ အဲဒီလို နောက်မှရောက်လာပေမဲ့ အဆိုပါအဂ္ဂသာဝကနှစ်ပါးဟာ နောင်မှာ အဂ္ဂသာဝက ကြီးနှစ်ဦးဖြစ်လာမယ့် မင်းသားနှစ်ပါး အဝေးမှလာ သည်ကိုမြင်ကတည်းက ဗုဒ္ဓဟာ “ရဟန်းတို့ ရှုကြ လော့။ ဥပသိဿ၊ ကောလိတတို့ သူငယ်ချင်းနှစ်ယောက် လာခဲ့ကြပြီ။ သူတို့နှစ်ယောက်သည် ငါ၏ သာဝကအစုံ ဖြစ်လာလတ္တံ့တည်း”ဟုမိန့်ပြီး နောက်ပိုင်းမှာ ထိုရဟန်း နှစ်ပါးကို လက်ဝဲရံ၊ လက်ယာရံ အဂ္ဂသာဝကနှစ်ပါး အဖြစ် ထားရှိခဲ့ပါတယ်။ အရည်အချင်းရှိသူကို အရည်အချင်းရှိသလို နေရာပေးတဲ့သဘောကို တွေ့ရပါ တယ်။ ဒါဟာလည်း အဖွဲ့အစည်းတစ်ခု ရေရှည်တည်တံ့ နိုင်ဖို့အတွက် အရမ်းကိုအရေးကြီးပါတယ်။ လူ့ အဖွဲ့အစည်းတစ်ခုဟာ အမှန်တကယ် အရည်အချင်း တွေ ရှိတဲ့သူတွေကို ဘေးဖယ်ထားပြီး သူတို့ရဲ့ စွမ်းဆောင်နိုင်မှုတွေကို လျစ်လျှူရှုထားမယ်ဆိုရင် အဲဒီ အဖွဲ့အစည်းရဲ့ ရေရှည်အကျိုးစီးပွားဟာ ကောင်းလာ နိုင်စရာ မရှိပါဘူး။ ကမ္ဘာ့နိုင်ငံအရပ်ရပ်က အောင်မြင်တဲ့ခေါင်းဆောင်တိုင်းကို လေ့လာကြည့် မယ်ဆိုရင် အသီးသီးသောကဏ္ဍတွေမှာ အကောင်းဆုံး စွမ်းဆောင်နိုင်မယ်. အသင်တော်ဆုံးသောသူတွေကို ရွေးချယ် ခန့်ထားနိုင်ကြတာတွေ့ရပါတယ်။ သူ့နေရာနဲ့သူ အသုံးဝင်မယ့် အသင့်တော်ဆုံးသောသူတွေကို ရှာဖွေ နေရာပေးနိုင်ခြင်းရှိçမရှိ ဆိုတဲ့အချက်ဟာ အဖွဲ့အစည်း တစ်ခုရဲ့ ကံကြမ္မာကို အများကြီး အကျိုးသက်ရောက် စေပါတယ်။
ဗုဒ္ဓဘုရားရှင်ဟာ သံဃာအဖွဲ့အစည်းကြီး အဓွန့်ရှည်တည်တံ့ပြီး သာသနာတော်ပြန့်ပွားရေးကို စဉ်ဆက်မပျက် ဆောင်ရွက်နိုင်ဖို့အတွက် ဝိနည်း ပညတ်ချက်တွေကို အလျဉ်းသင့်ရင်သင့်သလို ထုတ်ပြန် ချမှတ်တော်မူခဲ့ပါတယ်။ ဒါပေမဲ့ ဗုဒ္ဓမြတ်စွာဘုရားဟာ ထုတ်ပြန်ချမှတ်ထားခဲ့တဲ့ အချို့သော ပညတ်ချက်တွေကို ကာလဒေသအခြေအနေနှင့်လိုက်ပြီး လျော့လွန်းသည် များကို တင်းပေးပြီး တင်းလွန်းနေသည်များကို လျော့ပေါ့ ခွင့် ပေးတော်မူခဲ့တာတွေ ရှိပါတယ်။ ဒါဟာလည်း သံဃာ့အဖွဲ့အစည်း ရေရှည်အကျိုးကို ချင့်ချိန်မျှော်တွေး ပြီး လုပ်ခဲ့တာတွေပါ။ ဥပမာတစ်ခုအနေနဲ့ ပြောရမယ် ဆိုရင် ဗုဒ္ဓဘုရားရှင်ဟာ ရဟန်းတို့အနေနဲ့ ဆယ်ဝါ တိုင်တိုင် မိမိရဲ့ ဥပဇ္စျာယ်ဆရာများထံ နိဿယည်း ယူကြ၍ ဆယ်ဝါပြည့်ပြီးမှ မိမိက နိဿယည်းပြန်ပေးရန် ပညတ် တော်မူခဲ့ပါတယ်။ နောက်ပိုင်းမှာ ရဟန်းတွေဟာ အဆိုပါ သိက္ခာပုဒ်ကို ပျက်မှာစိုးတဲ့အတွက် ဘုရားရှင် ဒေသစာရီ လှည့်လည်တဲ့အခါတွေမှာ လိုက်ပါဖို့ကို ငြင်းဆန်ကြပါ တယ်။ အဲဒီအခါမှာ ဗုဒ္ဓက “ရဟန်းတို့၊ တတ်သိ နားလည်သောရဟန်းသည် ငါးဝါမျှသာ နိဿယည်းယူ၍ နေရမည်။ တတ်သိနားလည်သူ မဟုတ်လျှင်ကား ရာသက်ပန် နိဿယည်းယူ၍နေရ မည်”ဟု မိန့်တော်မူပြီး သိက္ခာပုဒ်ကို ပြင်ဆင်တော်မူခဲ့ ပါတယ်။ ဒါဟာ သူ့အဖွဲ့အစည်းထဲက လူသား ခေါင်းဆောင်တွေအနေနဲ့ အင်မတန်ကို နမူနာယူစရာ ကောင်းတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ အဖွဲ့အစည်း တစ်ခုကို ဖွဲ့စည်းတည်ထောင်ပြီး အုပ်ချုပ်တဲ့နေရာမှာ အခိုင်အမာ ဆုပ်ကိုင်ကျင့်သုံးနေရမယ့် မူဝါဒတွေရှိရ မယ်ဆိုတာမှန်ပေမဲ့ အခြားလိုက်နာအပ်တဲ့ စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်တွေနဲ့ အခါအားလျော်စွာ ချမှတ်တဲ့ အမိန့်ထုတ်ပြန်ချက်တွေ ကိုတော့ ကာလဒေသနဲ့အညီ လိုအပ်လျှင် လိုအပ်သလို အလျှော့အတင်း လုပ်ပေးနိုင်ဖို့ လိုပါတယ်။ ဖြစ်နေတဲ့ အခြေအနေနဲ့ အချိန်အခါတွေကို အကောင်းဆုံး သုံးသပ်ပြီး လုပ်သင့်တာတစ်ခုကို ရဲရဲဝံ့ဝံ့ လုပ်လိုက်ရတော့မယ့်အခါမှာ စည်းတွေ၊ ဘောင်တွေက ကိုယ့်ကို ပြန်လည် ချုပ်နှောင်နေတာမျိုးတွေ ခဏခဏ ဖြစ်တတ်ပါတယ်။ အဲဒီလိုအချိန်မျိုးတွေမှာ ကိုယ့်ရဲ့ စိတ်နှလုံးက သန့်စင်မှု ရှိçမရှိ ဆိုတဲ့အချက်က အဓိက ကျသွားပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အထက်ပါ ဖြစ်ရပ်ကို လေ့လာကြည့်မယ်ဆိုရင် သာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ဖို့အတွက် မိမိကိုယ်တိုုင် ချမှတ်ခဲ့တဲ့ ပညတ်ချက်တွေကိုတောင် မငဲ့ကွက်ဘဲ အမြဲမပြတ် ဖြည့်စွက်နေတယ် ဆိုတဲ့အချက်က ထင်ရှားပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုမှာလည်း ခေါင်းဆောင်တွေ အနေနဲ့ အခြေအနေ အရပ်ရပ်ကို စနစ်တကျ ကိုင်တွယ် ဖြေရှင်းနိုင်ဖို့အတွက် မိမိရဲ့ စိတ်ထဲက အယူဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ငါစွဲ အတ္တစွဲတွေကို ဖယ်ထားနိုင်ဖို့နဲ့ မိမိရဲ့ စိတ်ကို ဒီ လူ့အဖွဲ့အစည်းရဲ့ တိုးတက်အောင်မြင်မှု တစ်ခုတည်းကိုပဲ ရှေးရှုထားနိုင်ဖို့ ကြိုးစားကြရပါ လိမ့်မယ်။ ဒီနေရာမှာ တစ်ခုသတိထားရမှာက သူက ငါ့အမျိုးမို့လို့၊ သူက ငါအပေါ်ကျေးဇူးရှိလို့၊ သူဟာ ငါနဲ့ရင်းနှီးလို့ စတဲ့ လူမှုရေးဆိုင်ရာ ခင်မင်မှုတွေ အတွက် စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်၊ဥပဒေတွေကို လိုသလို အတင်းအလျှော့ လုပ်နေတာမျိုး ဖြစ်မနေဖို့ပါ။
ဗုဒ္ဓမြတ်စွာဘုရားဖြစ်ပြီး ကိုးဝါမြောက်အချိန်မှာ ဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင်က “ရဟန်းသံဃာသည် သင်းကွဲခဲ့လေပြီတကား၊ ရဟန်းသံဃာသည် သင်းကွဲ ခဲ့လေပြီတကား”ဟု နှစ်ကြိမ်တိုင်တိုင် ရေရွတ်တော် မူခဲ့ရတဲ့ အရေးကိစ္စတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ သုတ္တန်ဆောင်ပုဂ္ဂိုလ်ရဟန်းတစ်ပါး ကုဋီတက်ရာမှာ ရေဆေးခွက်ထဲကရေကို ကုန်အောင်မသုံးမိဘဲ ရေ ချန်ထားခဲ့တာကို ဝိနည်းဆောင်ပုဂ္ဂိုလ်ရဟန်းက အာပတ်သင့်တယ်လို့ အဆိုပြုရာကနေ စခဲ့တဲ့ပြဿနာ ဖြစ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် သူမှားတယ် ငါမှန် တယ် ဝေဖန်ပြောဆိုကြရင်း ရဟန်း ပရိသတ်အသီးသီး စုဆောင်းကြရာကနေ ဝစီကံမြောက် ကာယကံမြောက် ခိုက်ရန် ဒေါသဖြစ်ကြတဲ့ အဆင့်အထိကို ရောက်ခဲ့ရ ပါတယ်။ နောက်ဆုံး ဒေါသ မာနတွေ ဖုံးလွှမ်းနေကြတဲ့ သံဃာတွေကို စကားအရာနဲ့ ဘယ်လိုမှ ပြောဆိုဆုံးမလို့ မရတော့တာကြောင့် ဗုဒ္ဓဘုရားရှင်ဟာ ဘယ်သူ့ကိုမှ အသိမပေးဘဲ သင်္ကန်းပရိက္ခရာ အစုံအလင်နဲ့ တစ်ပါး တည်း ထွက်ခွာတော်မူခဲ့ပါတယ်။ အဲဒီလို ဘုရားရှင်ကို ထွက်ခွာအောင်ပြုခဲ့ကြတဲ့ ရဟန်းတွေကို ဒကာ၊ ဒကာမတွေက ခရီးဦးကြိုမှု မပြုတော့ခြင်း၊ ရိုသေ လေးမြတ်မှုမပြုတော့ခြင်း၊ ဆွမ်းလောင်းလှူမှု မပြု တော့ခြင်း စတဲ့အပြုအမူတွေနဲ့ ပြန်လည် ဒဏ်ခတ်ခဲ့ ကြပါတယ်။ နောက်ဆုံးမှာတော့ ရဟန်းတွေလည်း သတိသံဝေဂ ရသွားကြပြီး ဘုရားရှင်ကို ပြန်လည် ပင့်ဆောင်ပေးဖို့ အရှင်အာနန္ဒာကို လျှောက်ထား တောင်းပန်ကြပါတော့တယ်။
အဲဒီမှာ အရှင်အာနန္ဒာလည်း ဘုရားရှင်ကို ပြန်လည်ပင့်ဆောင်ဖို့အတွက် အဖော်ရဟန်းတွေနဲ့အတူ ပါလိလေယျကတောအုပ်ကို ထွက်ခွာခဲ့ပါတယ်။ပါလိလေယျကတောအုပ်မှာ မြတ်စွာဘုရားက အရှင် အာနန္ဒာနဲ့ အဖော်ရဟန်းတွေကို အောက်ပါအတိုင်း ဟောကြားတော်မူခဲ့ပါတယ်။
“ရဟန်းတို့၊ အဖော်မမှီး တစ်ကိုယ်တည်းနေခြင်း သည် မြတ်၏။ လူမိုက်အပေါင်းထောင်သောင်းမက ရှိသော်လည်း ပေါင်းသင်းထိုက်သူ တစ်ယောက်မျှမရှိ၊ နက်လှစွာသော တောကြီးအလယ်၌ စွယ်စုံဆင်ပြောင် ကြီးသည် စိတ်လွတ်ကိုယ်လွတ် ကျက်စားနေဘိသကဲ့သို့ အဖော်မမှီး တစ်ပါးတည်းနေရာ၏။ မပြုထိုက်သော ဒုစရိုက်အမှုများကိုလည်း မိမိစိတ်ကို ပြုချင်လာအောင် သွေးဆောင်နှိုးဆော်မှု မပြုသောအားဖြင့် ရှောင်ကြဉ်ရာ၏”
လူ့လောကအဖွဲ့အစည်းမှာလည်း တစ်ခါတစ်ခါ အဲဒီလို အဖြစ်မျိုးတွေ ကြုံရနိုင်ပါတယ်။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်နဲ့ ကိုယ့်ရဲ့အဖွဲ့အစည်း အဝန်းအဝိုင်း အတွင်းမှာ လူဆိုးလူမိုက်တွေ ထောင်သောင်းမက ရှိနေပြီး ပေါင်းသင်းထိုက်သူ တစ်ဦးတစ်ယောက်မျှမရှိဘဲ ကိုယ်ကလည်း ဘယ်လိုမှ နားချဖျောင်းဖျပေးလို့ မရနိုင် တော့တာ သေချာရင် အဲဒီအရပ်က အနှေးနဲ့အမြန် စွန့်ခွာကျောခိုင်းဖို့ပဲ စဉ်းစားကြရမှာ ဖြစ်ပါတယ်။ ကိုယ့်စိတ်ကို မကောင်းမှုတွေက သွေးဆောင်နှိုးဆော် လာခြင်း မဖြစ်ရလေအောင် ဝေးဝေးက ရှောင်ကြဉ်သင့် ပါတယ်။ နောက်ပြီး မကောင်းမှုပြုသူတွေကို ဘယ်လိုမှ ပြောဆိုဆုံးမလို့ မရတော့တဲ့အခါ ဥပေက္ခာတရားနဲ့ လူ့အဖွဲ့အစည်းထဲကနေ တညီတညွတ်တည်း ခဏတာ ဖယ်ထုတ်ထားလိုက်ခြင်းဟာ သူတို့ကို ပေးနိုင်တဲ့ အကောင်းဆုံးသင်ခန်းစာတစ်ခုပါပဲ။
နောက်ပိုင်းမှာ အဆိုပါရဟန်းတွေက သူတို့ရဲ့ အမှားကို ဆင်ခြင်သိမြင်ကြပြီး ဝန်ချတောင်းပန်တဲ့ အခါမှာ ဗုဒ္ဓက ကရုဏာတော်မပျက်ဘဲ ခွင့်လွှတ်တော် မူခဲ့ပါတယ်။ အဲဒီအချက်ဟာလည်း အဖွဲ့အစည်းတစ်ခု အတွက် အရမ်းအရေးကြီးတဲ့ လိုအပ်ချက် တစ်ခုပါပဲ။ အမှားပြင်ဆင်ခွင့်နဲ့ နောက်ထပ်တစ်ခါ ထပ်ကြိုးစားပိုင် ခွင့်တွေဟာ အမှားမကင်းနိုင်တဲ့ လူသားတွေနေတဲ့ လူ့အဖွဲ့အစည်းတစ်ခုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ မမှားသော ရှေ့နေ မသေသောဆေးသမား ဆိုတဲ့ စကား အတိုင်းပါပဲတဲ့။ မှားမိခြင်းဟာ ပြင်လို့မရနိုင်တဲ့ အပြစ် အနာအဆာ မဟုတ်ပါဘူး။ မှားယွင်းမှုတွေမှာ သာယာ ပြီး ပြင်ဆင်ဖို့ စိတ်ကူး မရှိတော့တာမျိုးကသာ လူ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ ခွင့်မပြုသင့်တဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားဟာ လေးဆယ့်ငါးဝါပတ်လုံး သာသနာ့ရောင်စဉ်ကို အစဉ်ထွန်းလင်းစေမယ့် သံဃာ့ အဖွဲ့အစည်းကြီးတစ်ခုကို အောင်အောင်မြင်မြင်နဲ့ ဖွဲ့စည်းအုပ်ချုပ် ပျိုးထောင်တော်မူခဲ့ပါတယ်။ မူဝါဒတွေ၊ ပညတ်ချက်တွေ၊ သိက္ခာပုဒ်တွေ ပြုဖွယ်ဝတ္တရားတွေစတဲ့ အမျိုးမျိုးသော စည်းအကွပ်တွေနဲ့ သံဃာ့အဖွဲ့အစည်း ကြီးတစ်ခုလုံးကို စုစည်းကျစ်လျစ်နေအောင် ခေါင်းဆောင်တော်မူနိုင်ခဲ့ပါတယ်။ သံဃာတော်တွေ အချင်းချင်းရဲ့ ဆက်ဆံရေးကို တစ်လှမ်းသွားစနစ်မဟုတ် ဘဲ အကြီးနဲ့အငယ် အထက်နဲ့အောက် အပြန်အလှန် ကူညီရိုင်းပင်းကြတဲ့ မိသားစု စိတ်ဓာတ်အသွင် ဖြစ်နေ အောင် သွန်သင်လမ်းပြဆုံးမတော်မူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ လောကီလူသားတွေအားလုံးလည်း ဗုဒ္ဓမြတ်စွာဘုရားရဲ့ စံပြခေါင်းဆာင်မှု စွမ်းရည်တွေကို စံနမူနာယူကြပြီး လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးကို အကောင်းဆုံး ခေါင်းဆောင်မှုတွေ ပေးနိုင်ကြပါစေလို့ မျှော်လင့်ချက်ကြီးကြီးနဲ့ ဆုတောင်းနေမိပါတယ်။
နေဘုန်းလတ်
No comments:
Post a Comment