Tuesday, 19 November 2019

အရှင်အာနန္ဒာ (သို့မဟုတ်) တစ်လောကလုံးကို ရွှင်ပြုံးနှစ်သက်စေသူ


အရှင်အာနန္ဒာမထေရ်ဟာ လွန်လေပြီးသော ကမ္ဘာတစ်သိန်းထက်က ပွင့်တော်မူခဲ့တဲ့ ပဒုမုတ္တရရှင်တော်ဘုရားထံတော်မှစပြီး
ဘုရားရှင်ရဲ့အမြတ်ဆုံး အလုပ်အကျွေးရာထူးကို ရည်မှန်းတောင့်တကာ ဒါန သီလ စတဲ့ ပါရမီကောင်းးမှုတွေကို
ဖြည့်ဆည်းအားထုတ်တော်မူခဲ့တာပါ။ နောက်ဆုံးဘဝမှာ မြတ်စွာဘုရားအလောင်းတော်နဲ့အတူ တုသိတာနတ်ပြည်မှ
စုတေခဲ့ပြီး အမတောဒနသာကီဝင်မင်းရဲ့ အိမ်တော်မှာ ပဋိသန္ဓေတည်နေခဲ့ပါတယ်။ ဆွေတော်မျိုးတော်အားလုံးကို ရွှင်ပြုံးနှစ်သိမ့်စေကာ
ဖွားမြင်တော်မူလာတာမို့ "အာနန္ဒာမင်းသား"လို့ နာမည်မှည့်ခေါ်ခဲ့ကြတာပါ။ အာနန္ဒာမင်းသားဟာ ရှင်တော်ဘုရားရဲ့ ဖွားဖက်တော် ရ-ဦးထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

ရှင်တော်ဘုရားရဲ့ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးနဲ့ အရှင်အာနန္ဒာရဲ့ ခမည်းတော် အမိတောဓနမင်းကြီးဟာ ညီအစ်ကိုအရင်းဖြစ်တာမို့ ရှင်တော်ဘုရားနဲ့ အရှင်အာနန္ဒာ တို့ဟာ တစ်ဝမ်းကွဲညီအစ်ကို တော်စပ်ပါတယ်။ အရှင်အာနန္ဒာဟာ
ဘဒ္ဒိယ၊ အနုရုဒ္ဓ၊ ဘဂု၊ ကိမိလ၊ ဒေဝဒတ္တ၊ ဥပါလိတို့နဲ့အတူမြတ်စွာဘုရားထံတော်မှောက် ရောက်ရှိလာ ပြီး ရဟန်းဖြစ်တော်မူခဲ့တာပါ။
အရှင်မြတ်ရဲ့ ဥပဇ္စျာယ်ဆရာဟာ အရှင်ဗေလဋ္ဌသီသ ဖြစ်တော်မူပြီး၊ မန္တာဏီပုဏေးမရဲ့ သားတော် အရှင်ပုဏထံတော်မှာ တရားနာယူကာ သောတာပန် ဖြစ်တော်မူခဲ့ပါတယ်။

အရှင်အာန္ဒာမထေရ်ဟာ ရှင်တော်ဘုရားနဲ့ အရင်းနီး အကျွမ်းဝင်ဆုံးဖြစ်သလို အရှင်သာရိပုတ္တရာ ၊ အရှင်မဟာကဿပစတဲ့
မဟာသာဝကကြီးတွေနဲ့လည်း အင်မ တန် ချစ်ကျွမ်းဝင် ရင်းနှီးတော်မူပါတယ်။ အရှင်သာရိပုတ္တရာနဲ့ အရှင်အာနန္ဒာမထေရ် တို့ဟာ အမွန်အမြတ် ပစ္စည်းကောင်းများရရင် တစ်ဦးကိုတစ်ဦး အပြန်အလှန် ပေးလှူ တတ်သလို၊ တစ်ဦးရဲ့တပည့်ကိုလည်း တစ်ဦးက ဥပဇ္စျာယ်ဆရာအဖြစ် ခံယူ စေတော် မူကြပါတယ်။ အရှင်မဟာကဿပ မထေရ်ကတော့ အသက်အရွယ်ကြီးရင့်လို့ ဆံပင်ဖြူ နေပြီဖြစ်တဲ့
အရှင်အာနန္ဒာကို " ဒီသူငယ်လေး(ဒီကိုယ်တော်လေး)ဟာ အတိုင်းအရှည် ကို မသိတတ်လေစွ"လို့ သူငယ်လေးဆိုတဲ့ အသုံးအနှုန်းနဲ့ ခေါ်ဝေါ် သုံးနှုန်းတဲ့အထိ ချစ်ကျွမ်းဝင်တော် မူပါတယ်။

        အရှင်အာနန္ဒာမထေရ်မြတ်ဟာ အကြားအမြင်များတဲ့(ဗဟုဿုတ)ရဟန်းတွေထဲမှာ၊ မြတ်စွာဘုရား စကားတော်ကို အာဂုံဆောင်စွမ်းနိုင်သော သတိရှိတဲ့(သတိမန္တ) ရဟန်းတွေ ထဲမှာ၊ မြတ်စွာဘုရား ဟောတော်မူအပ်တဲ့ ပုဒ်အားလုံးကို သိစွမ်းနိုင်တဲ့ (ဂတိမန္တ) ရဟန်းတွေထဲမှာ၊ မြတ်စွာဘုရား စကားတော်ကို သင်ခြင်း၊ ဆောင်ခြင်း၊ သရဇ္စျာယ်ခြင်း၊ မြတ်စွာဘုရားကို
ဆည်းကပ်လုပ်ကျွေးခြင်းတွေမှာ လုံးလဝီရိယရှိကြတဲ့ (ဓိတိမန္တ)ရဟန်းတွေထဲမှာ မြတ်စွာဘုရားကို ဆည်းကပ်လုပ်ကျွေးတော်မူတဲ့ (ဥပဋ္ဌာက) ရဟန်းတွေထဲမှာ အသာဆုံး၊ အလွန်ကဲဆုံး၊ အမြင့်မြတ်ဆုံးဖြစ်တာမို့ " ဗဟုဿုတ၊ သတိမန္တ၊ဂတိမန္တ၊ ဓိတိမန္တ၊ ဥပဋ္ဌာက ၊ ဧတဒဂ်"ငါးတန်နဲ့ ထူးချွန်စွာ ချီးမွမ်းခြင်း ခံယူ တော်မူရတဲ့ အရှင်မြတ်တစ်ပါး ဖြစ်တော်မူပါတယ်။

ဘုရားရှင် ဟောကြားတော်မူသမျှ သုတ်-ဂါထာ စတာတွေအားလုံးကို အရှင်အာ နန္ဒာမထေရ်ဟာ ကြားနာမှတ်သား ဆောင်ထားနိုင်ပါတယ်။ အရှင်အာနန္ဒာ ဆောင်မ ထားတဲ့သုတ္တန်ဆိုတာ တစ်ခုမျှ ရှိတော်မမူပါဘူး။ အရှင်အာနန္ဒာမထေရ်ဟာ ရှစ်သောင်း နှစ်ထောင်သော ဓမ္မက္ခန္ဓာတွေကို ရှင်တော်ဘုရားထံမှ (တိုက်ရိုက်)သင်ယူ ဆောင် ထားတော်မူပြီး အရှင်သာရိပုတ္တရာ စတဲ့ မထေရ်ကြီးတွေထံမှ တစ်ဆင့် နှစ်ထောင်သော ဓမ္မက္ခန္ဓာတွေကို သင်ယူဆောင်ထားတာမို့ စုစုပေါင်း ဘုရားရှင်ဟောကြားတော်မူတဲ့ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကို သင်ယူဆောင်ထားတော်မူ
နိုင်ခဲ့ပါတယ်။

ဒီလောက်များပြားလှတဲ့ တရားတော်တွေကို သင်ယူစုဆောင်း ဆောင်ထားတော် မူနိုင်တဲ့အတွက် အရှင်အာနန္ဒာမထေရ်မြတ်ဟာ
တိပိဋကဓရ(ပိဋကသုံးပုံဆောင်နိုင်သူ) လို့ ချီးကျူးခြင်း ခံယူတော်မူရသလို၊ ဓမ္မဘဏ္ဍာဂါရိက(တရားဘဏ္ဍာတိုက်စိုး)ဆိုတဲ့ ဘွဲ့ ထူးနဲ့လည်း အထူးထင်ရှားတော်မူခဲ့ပါတယ်။ ဒီလို အရည်အချင်းတွေကြောင့်လည်း တေဝိဇ္ဇ၊ ခီဏာသ၀ ရဟန္တာပုဂ္ဂိုလ်တွေရဲ့ အရာဖြစ်တဲ့ ပတမသံဂါယနာတင်ပွဲတော်မှာ ရဟန္တာမဖြစ်သေးတဲ့ အရှင်အာနန္ဒာကို အများစုရဲ့ ဆန္ဒနဲ့ အရှင်မဟာကဿပမထေရ်
ကိုယ်တော်တိုင် ရွေးကောက်တော်မူခဲ့တာဖြစ်ပါတယ်။ ပထမသံဂါယနာတင်ပွဲမှာ အရှင် အာနန္ဒာမထေရ်ဟာ အဓိကအခန်းကဏ္ဍ ပါ၀င်တော်မူခဲ့တာဖြစ်ပြီး အရှင်မဟာကဿပ မေးတော်မူသမျှ သုတ်၊ အဘိဓမ္မာတရားတော်ဟူသမျျကို ဖြေဆိုတော်မူခဲ့တာလည်း
ဖြစ်ပါတယ်။ သံဂါယနာတင်ပွဲအပြီးမှာ မထေရ်ကြီးတွေရဲ့ တာဝန်ပေးလွှဲအပ်တော် မူချက်အရ အရှင်အာနန္ဒာမထေရ်ဟာ ဒီဃနိကာယ်ကို တပည့်အစဉ်အဆက် ဆက် လက် ပို့ချ ထိန်းသိမ်းတော်မူခဲ့ပါတယ်။

ရှင်တော်ဘုရားကို ပထမဗောဓိလို့ခေါ်တဲ့ ၀ါတော် ၂၀ အတွင်းမှာ အမြဲတမ်း ပြုစု လုပ်ကျွေးတဲ့ ရဟန်း ရှိတော်မမူသေးပါဘူး။ အရှင်နာဂသမာလစတဲ့ ရဟန်းတော်တွေ ကသာ အလျဉ်းသင့်သလို ရှင်တော်ဘုရားရဲ့ သပိတ် သင်္ကန်း
ကိုင်ဆောင်ကာ နောက် တော်ပါးက လိုက်ပါတော်မူတတ်ကြပါတယ်။ ဒါပေမယ့် နောက်တော်ပါ ရဟန်းတစ်ချို့ ဟာ ရှင်တော်ဘုရားရဲ့ စကားကို နားထောင်တော်မမူဘဲ ထင်ရာလုပ်တတ်ကြတာမို့ သက်တော်ကြီးရင့်လာပြီဖြစ်တဲ့
ရှင်တော်ဘုရားအတွက် အဆင်မပြေဖြစ်ကာ အခက် တွေ့လာရပါတယ်။

ဒီအကြောင်းကို ရှင်တော်ဘုရားဟာ သံဃပရိသတ်အလယ်မှာ မိန့်ကြားတော် မူတဲ့အတွက် အရှင်သာရိပုတ္တရာအမှုးရှိတဲ့ ရှစ်ကျိပ်သော တပည့်ကြီးတွေဟာ ဓမ္မသံဝေဂ ကြီးစွာရကြပြီး ၊ အနီးကပ်လုပ်ကျွေးပြုစုခါင့် တောင်းခံခဲ့ကြပေမယ့်
ရှင်တော် ဘုရားဟာ အားလုံးကို ပယ်ချတော်မူခဲ့ပါတယ်။ သံဃပရိသတ်ထဲမှာ အရှင်အာနန္ဒာ တစ်ပါးသာ မတောင်းခံဘဲ ခပ်ဆိတ်ဆိတ် ထိုင်နေတော်မူတယကို တွေ့ရတဲ့အခါ ရဟန်း တော်တွေက ပြုစုလုပ်ကျွေးခွင့် လျှောက်တောင်းဖို့ တိုက်တွန်းကြပါတယ်။ "ငါ့ရှင်တို့ တောင်းမှ ရတဲ့ ရာထူးဋ္ဌာနဆိုတာ ဘာလုပ်ဖို့လဲ။ တကယ်လို့ ရှင်တော်ဘုရား အလိုရှိရင် "အာနန္ဒာ ငါဘုရားကို
ပြုစုလုပ်ကျွေးစေ"လို့ မိန့်တော်မူပါလိမ့်မယ်"လို့ အရှင်အာနန္ဒာက ပြန်ကြားမိန့်ဆိုတာမို့ ရှင်တော်ဘုရားဟာ "ချစ်သား ရဟန်းတို့ အာနန္ဒာဟာ သူတစ်ပါး တိုက်တွန်းမှ ငါဘုရားကို ပြုစုလုပ်ကျွေးမယ့်သူ မဟုတ်ပါဘူး။ သူ့ဘာသာ အလိုလို သိရှိနားလည်ပြီး ငါဘုရားကို
ပြုစုလုပ်ကျွေးပါလိမ့်မယ်"လို့ လမ်းခင်းစကား မိန့်ကြား တော်မူပါတယ်။

အဲဒီတော့မှ အရှင်အာနန္ဒာက ထိုင်နေရာမှထပြီး "မြတ်စွာဘုရား ရှင်တော်ဘုရား ဟာ တကယ်လို့
(၁)အရှင်ဘုရားတို့ ရအပ်တဲ့ ကောင်းမြတ်သော သင်္ကန်းကို တပည့်တော် အား မပေးစွန့်ပါရင်၊
(၂)ကောင်းမြတ်တဲ့ဆွမ်းကို မပေးစွန့်ပါရင်၊
(၃)ဂန္ဓကုဋိကျောင်းတော်မှာ အတူနေထိုင်ခွင့် မပေးပါရင်
(၄)ဒကာ ဒကာမတွေ ပင့်ဖိတ််ရာသို့ အတူလိုက်ပါခွင့် မပေးပါရင် တပည့်တော်ဟာ
ရှင်တော်ဘုရားကို ပြုစုလုပ်ကျွေးချင်ပါတယ်။

 နောက်ပြီး ရှင်တော်ဘုရားဟာ
(၁)တကယ်လို့ တပည့်တော် ပင့်လျှောက်ဖိတ်ကြား ရာကို လိုက်ပါကြွရောက်ချီးမြှောက်တော်မူပါရင်
(၂)တိုင်းတစ်ပါးနယ်ခြားမှလာသော ပရိသတ်ကို လာရောက်တဲ့ခဏမှာပဲ တပည့်တော်အနေနဲ့ ရှင်တော်ဘုရားကို ဖူးမြင်စေ နိုင်ခွင့် ရတော်မူပါရင်
(၃)တပည့်တော်ရဲ့ သန္တာန်မှာ တရားနဲ့စပ်ပြီး ယုံမှားသံသယဖြစ်တဲ့ ခဏမှာပဲ ရှင်တော်ဘုရားထံမှောက် ကပ်ရောက် မေးလျှောက်နိုင်ခွင့် ရနိုင်ပါရင်
(၄)တပည့်တော်ရဲ့ မျက်ကွယ်မှာ ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကို တပည့်တော်အား သနားသောအားဖြင့်
ပြန်လည်ဟောပြတော်မူနိုင်ပါရင်
တပည့်တော်ဟာ ရှင်တော်ဘုရားကို လုပ်ကျွေးပါရစေ"လို့ လျှောက်ထားတောင်းပန်တော်မူပါတယ်။

အရှင်အာနန္ဒာ တောင်းဆိုတော်မူခဲ့တဲ့ ဒီဆုရှစ်ပါးဟာ ကိုယ်ကျိုးစီးပွားလို့ ထင်ရတဲ့ အခွင့်အရေး ၄-ခုကို ပယ်ရှားပြီး၊ အများအကျိုးစီးပွားကို အာမခံတာဝန်ယူနိုင်တဲ့ အခွင့် အရေး ၄-ခုကို တောင်းဆိုတာ ဖြစ်တာကြောင့်
"ပယ်လေးတန်၊ ခံလေးပါး"လို့ သာသနာ ၀င်မှာ ထင်ရှားတော်မူခဲ့ပါတယ်။

ရှင်တော်ဘုရားဟာ အရှင်အာနန္ဒမထေရ်ရဲ့ မြင့်မြတ်တဲ့ စိတ်ထားကို ပေါ်လွင်ထင် ရှားအောင် ပရိသတ်အလယ်မှာ ဆုရှစ်ပါးတောင်းခံရခြင်းရဲ့ အကြောင်းရင်းကို မေးမြန်းစေပြီး အနီးကပ် အမြဲတမ်း ပြုစုလုပ်ကျွေးဖို့ ခွင့်ပြုတော်မူခဲ့ပါတယ်။ အရှင်အာနန္ဒာမထေရ်ဟာ အလုပ်အကျွေးရာထူးကို ရတဲ့နေ့ကစပြီး ရှင်တော်ဘုရားကို ရေပူ ရေချမ်း ကမ်းလှမ်းဆက်ကပ်ခြင်း၊
ကြီး-လတ်-ငယ်သုံးသွယ်သော ဒန်ပူတို့ကို ဆက်ကပ်ခြင်း၊ လက်တော် ခြေတော်တို့ကို ဆုပ်နယ်ပေးခြင်း၊
ရေချိုးတော်မူတဲ့အခါ ကျောတော်ကို ချေးတွန်းပေးခြင်း၊ ဂန္ဓကုဋိ ကျောင်းတော်ကို တံမြက်လှည်းခြင်း စတဲ့ ကိစ္စကြီးငယ် အသွယ်သွယ်ကို ဆောင်ရွက်တော်မူခြင်းနဲ့ ပြုစုလုပ်ကျွေးကာ "ဒီအချိန်မှာ ရှင်တော်ဘုရားအတွက် ဒီအရာဝတ္ထုကိုရမှသင့်မယ်၊ ဒီလိုအမှုကို ပြုမှသင့်မယ်" စသ ဖြင့် ဆင်ခြင်တော်မူပြီး တစ်နေ့တာပတ်လုံး ရှင်တော်ဘုရားရဲ့ အနီးအပါးမှာပဲ လှည့်လည် ကျက်စား သွားလာတော်မူပါတယ်။

 နေ့ကိုလွန်မြောက် ညအချိန်အရောက်တဲ့အခါမှာ လည်း ဆီမီးတိုင်ကို ဆွဲကိုင် တော်မူကာ ဂန္ဓကုဋိကျောင်းကို ညစဉ်ညတိုင်း ကိုးကြိမ်ကိုးပတ် လှည့်လည်တော်မူပါ တယ်။ တကယ်လို့ ငိုက်မြည်းနေရင် ရှင်တော်ဘုရားအလိုရှိလို့ ခေါ်တော်မူတဲ့အခါ ပြန် လည်မထူးနိုင် မတုန့်ပြန်နိုင်မှာကို စိုးရိမ်တော်မူကာ တစ်ညဥ့်လုံး ဆီမီးတိုင်ကို ညဥ့်ဦး ယံမှာ သုံးကြိမ်၊ ညဥ့်အလယ်မှာ ၃-ကြိမ်၊ မိုးသောက်ယံမှာ ၃-ကြိမ်အားဖြင့် တစ်ညကို ၉-ကြိမ်တိတိ ရှင်တော်ဘုရားကို ရိုသေမြတ်နိုးစွာ ရှိခိုးတော်မူတတ်ပြီး နေ့ခင်း ၉-ကြိမ် နဲ့ပါ ပေါင်းရင် အရှင်အာနန္ဒာဟာ တစ်နေ့ကို ၁၈-ကြိမ် ဘုရားရှိခိုးတော်မူပါတယ်။

အရှင်အာနန္ဒာမထေရ်ဟာ မြတ်စွာဘုရားနဲ့ ဖွားဖက်တော်ဖြစ်တာမို့ သက်တော် အားဖြင့် တန်းတူဖြစ်ပေမယ့် ရှင်တော်ဘုရားကို အစ်ကိုလိုတစ်မျိုး၊ ဖခင်လို တစ်သွယ်၊ ဆရာလိုတစ်ဖုံ အကြင်နာမျိုးစုံနဲ့ ချစ်ကြောက်ရိုသေကာ ကာယကံမေတ္တာ၊ ၀စီကံ မေတ္တာ၊ မနောကံမေတ္တာ ၊ မေတ္တာ ၃-ပါးနဲ့ အရိပ်ပမာ နောက်တော်ပါးက ထပ်ကြပ် မကွာ လိုက်ပါတော်မူပြီး ၂၅-နှစ်တာပတ်လုံး မြတ်နိုးကြင်နာစွာ ပြုစုလုပ်ကျွေး တော်မူ ပါတယ်။ ဒီလို သူမတူအောင် ပြုစုလုပ်ကျွေးတော်မူခဲ့တာကြောင့်လည်း မြတ်စွာဘုရား
ပရိနိဗ္ဗာန်ဝင်စံတော်မူခါနီးမှာ ကျောင်းတွင်းကိုဝင်ပြီး ငိုကြွေးမြည်တမ်းနေတော်မူ ခဲ့တဲ့ အရှင်အာနန္ဒာမထရ်ကို ခေါ်တော်မူကာ
တရားစကားနဲ့ နှစ်သိမ့်တော်မူပြီး "အာနန္ဒာ သင်ဟာ ငါဘုရားရဲ့ အကျိုးစီးပွားချမ်းသာကို လိုလားပြီး မျက်မှောက် မျက်ကွယ်
ခြားနားခြင်းမရှိဘဲ အတိုင်းအဆမရှိ များပြားလှတဲ့ မေတ္တာတရားနဲ့ ကြာမြင့်စွာသော ကာလပတ်လုံး မြတ်စွာဘုရားကို လုပ်ကျွေးခဲ့တယ်။ အာနန္ဒာ သင်ဟာ ပြုထားပြီးတဲ့ ကောင်းမှုများစွာရှိသူဖြစ်တယ်။ ကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်ရစ်လော့။ အလျင်အမြန် ပဲ ရဟန္တာဖြစ်လိမ့်မယ်"လို့ ရှင်တော်ဘုရားကိုယ်တိုင် ဗျာဒိတ်စကား မိန့်ကြားတော်မူ ပါတယ်။

ရှင်တော်ဘုရား ချီးကျူးတော်မူခဲ့သလိုပါပဲ အရှင်အာနန္ဒာမထေရဟာ အသိလိမ္မာ နဲ့ ပြည့်စုံပြီး အမြင့်မြတ်ဆုံးသော အလုပ်အကျွေးရဟန်းဖြစ်တော်မူပါတယ်။ ပွင့်တော် မူပြီးတဲ့ ဘုရားရှင်တွေမှာပါ အရှင်အာနန္ဒာထက်သာလွန်တဲ့ အလုပ်အကျွေးရဟန်း ဆို တာ မရှိခဲ့ပါဘူး။ မရှိနိုင်ပါဘူး။ အားလုံးဟာ အရှင်အာနန္ဒာမထေရနဲ့ ဂုဏ်ရည်ချင်း တန်းတူသာ ဖြစ်တေယ်မူနိုင်ကြပါတယ်။ အရှင်အာနန္ဒာ မထေရ်ရဲ့နှလုံးရည်ဟာ ဤမျှ လောက်မြင့်မြတ်တော်မူပါတယ်။

 အရှင်အာနန္ဒာမထေရ်မြတ်ဟာ မိမိကိုယ်တိုင်ကတော်ပြီး သူတစ်ပါးတွေကိုလည်း တော်စေလိုသူ၊ မိမိကိုယ်တိုင်က ကောင်းပြီး
သူတစ်ပါးတွေကိုလည်း ကောင်းစေလိုသူ "သူတော်ကောင်း"ပုဂ္ဂိုလ်အစစ်အမှန် ဖြစ်တော်မူပါတယ်။ အရှင်မြတ်ရဲ့ နှလုံးသာ လက်ယာဘက်ခြမ်းဟာ သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာ စတဲ့ သူတော်ကောင်း တရားတွေနဲ့ ပြည့်ဝတော်မူပြီး
လက်ဝဲဘက်ခြမ်းကတော့ မေတ္တာ၊ကရုဏာ၊ မုဒိတာ။ ဥပေက္ခာ စတဲ ဗြဟ္မဝိဟာရတရားတွေနဲ့ ပြည့်လျှံနေပါတယ်။

 စိတ်နှလုံး နူးညံ့သိမ်မွေတော်မူတဲ့ အရှင်အာနန္ဒာမထေရ်ဟာ အားနွဲ့သူ အမျိုး သမီးတွေဘက်က ရပ်တည်တော်မူတတ်ပြီး အမျိုးသမီးတွေကို ငဲ့ညှာစာနာတော်မူကာ ဦးစားလည်း ပေးတော်မူတတ်ပါတယ်။ အမျိုးသမီးတွေ ရှင်တော်ဘုရားရဲ့ သာသနာ တော်မှာ ရဟန်းပြုခွင့်ရဖို့ ကြိုးစားအားထုတ်တော်မူခဲ့သလို ရှင်တော်ဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူခါနီးမှာလည်း အမျိုးသမီးပရိသတ်ကို ဦးစွာရှိခိုးပူဇော်ခွင့် ပေးတော်မူခဲ့ပါ တယ်။ ယခုအခါ အနောက်တိုင်းမှာ ကျင့်သုံးနေတဲ့ (Lady first=အမျိုးသမီးပထမ)စနစ် ဟာ အရှင်အာနန္ဒာမထေရ် စတင်ကျင့်သုံးဆော်မူခဲ့တဲ့ အရှေ့တိုင်းရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခုသာ ဖြစ်ပါတယ်။
အရှင်အာနန္ဒာမထေရ်ဟာ အမျိုးသမီးပရိသတ်တွေ အတွက် သားတော်လိုတစ်သွယ်၊ အကိုတော်လိုတစ်မျိုး၊ ဆရာလိုတစ်ဖုံ နည်းလမ်းမျိုးစုံ နဲ့ ချစ်ခင်ကြည်ညိုအားကိုးရာ ဖြစ်တော်မူခဲ့ပါတယ်။

အရှင်အာနန္ဒမထေရ်ဟာ အမျိူးသမီးပရိသတ်များသာမက ရဟန်း၊ ဥပါသကာ၊ ဥပါသိကာမ ပရိသတ်လေးမျိုးလုံးရဲ့ ချစ်ခင်မြတ်နိုးရာ "နှလုံးအိမ်"ဖြစ်တော်မူပါတယ်။ အရှင်အာနန္ဒာကို ဖူးမြော်လိုတဲ့ ပရိသတ်တွေဟာ အရှင်အာနန္ဒာမထေရ်ကို ဖူးတွေ့ရရုံနဲ့ နှစ်သက်ဝမ်းမြောက်ကြပါတယ်။ တကယ်လို့ အရှင်အာနန္ဒာမထေရ်က ဆုံးမစကား ပြောကြားတယ်ဆိုရင် အဲဒီတရားစကားကြောင့်လည်း လွန်စွာ ကျေနပ်ဝမ်းမြောက်ကြပါ တယ်။ နောက်ဆုံး အရှင်အာနန္ဒာမထေရ်မြတ်က
ဘာမှမပြောတော့ဘဲ ဆိတ်ဆိတ်နေ တော်မူတဲ့တိုင်အောင် အရှင်မြတ်ကို သဘောကျကြည်ညိုတော်မူနိုင်ကြပါတယ်။
ဒီ အကြောင်းတွေကို ရှင်တော်ဘုရားကိုယ်တိုင် မဟာပရိနိဗ္ဗာနသုတ်မှာ အရှင်အာနန္ဒာ မထေရ်ရဲ့ အံ့ဖွယ် ၄-ပါးအနေနဲ့ အတိအလင်း ဟောကြားတော်မူခဲ့တာပါ။

အရှင်အာနန္ဒာမထေရ်ဟာ အရှင်မဟာကဿပမထေရ် ဦးစီးတော်မူတဲ့ ပထမ သံဂါယနာတင်ပွဲမှာ သူမတူအောင် ထူးချွန်ထက်မြက်အောင် ဆောင်ရွက်နိုင်ခဲ့ပေမယ့် သံဂါသနာတင်ပွဲအပြီးမှာ တချို့သော မထေရ်ကြီးတွေရဲ့ မြတ်စွာဘုရား သက်တော် ထင်ရှား ရှိတော်မူစဉ်က "ပယ်ဖျက််နိုင်တဲ့ သိက္ခာပုဒ် အငယ်စားတွေဆိုတာ ဘာလဲလို့ မေးမြန်းလျှောက်ထားမှု မပြုခဲ့ခြင်း၊ ရှင်တော်ဘုရားကို အာယုကပ်ပတ်လုံး တည်အောင် နေတော်မူပါလို့ မလျှောက်ထား မတောင်းပန်ခြင်း၊ ရှင်တော်ဘုရားရဲ့
မိုးရေခံသင်္ကန်းကို ခြေနဲ့နင်းပြီး ချုပ်ခြဲု့ခင်း၊ အမျိုးသမီးတွေကို သာသနာတော်တွင်း သွက်သွင်းခွင့်ရအောင် လျှောက်ထားခဲ့ခြင်း"စတဲ့
အချက်တွေနဲ့ ပတ်သက်ပြီး ပြစ်တင်ဝေဖန်မှုကို အရှင်မြတ် အနေနဲ့ အပြစ်လို့ မယူဆပေမယ့် မထေရ်ကြီးတွေကို ကြည်ညိုလေးစားတဲ့အနေနဲ့ အပြစ်လို့ဝန်ခံပြီး တောင်းပန်တော်မူခဲ့ပါတယ်။

သက်တော်ရှည်တော်မူတဲ့ အရှင်အာနန္ဒာမထေရ်မြတ်ဟာ သက်တော် ၁၂၀ အရောက်မှာ ရောဟိဏီဖြစ်လယ်ခေါင် ထန်းပင်ခုနှစ်ဆင့် အမြင့်ရှိတဲ့ ကောင်းကင်မှာ ကိုယ့်ခန္ဓာကို ကိုယ့်ဘာသာ စိတ်အဘိညာဉ်တန်ခိုးနဲ့ မီးရှိုးတော်မူကာ ကြွင်းကျန်တဲ့ သရီရဓာတ်တော်တွေကို ရောဟိဏီမြစ်ရဲ့ ဟိုဘက်သည်ဘက် ကမ်းပါးနှစ်ဖက်စလုံးရှိတဲ့ ကျေးဇူးများကြသူ ဒကာ ဒကာမတွေ
အညီအမျှ ပူဇော်ခွင့်ရဖို့ ကိုယ်ခန္ဓာကို အလည်တည့်တည့်မှ နှစ်ပိုင်းကွဲကာ မြစ်ကမ်းနှစ်ဖက်မှာ ကျရောက်အောင် အဓိဋ္ဌာန် တော်မူခဲ့ပါတယ်။ အရှင်မြတ်ရဲ့ ရုပ်ကလာပ်တော်ဟာ အဓိဋ္ဌာန်တော်မူတဲ့အတိုင်း ကမ်းပါးနှစ်ဖက်မှာ အညီအမျှ
ကျရောက်တော်မူတာမို့ ဒကာ ဒကာမတွေဟာ ၀မ်းနည်း ၀မ်းသာ မြည်တမ်းငိုယိုကြတာဟာ ရှင်တော်ဘုရား ပရိနိဗ္ဗာန်ဝင်စံစဉ်ကထက်တောင် သနားစဖွယ် ကောင်းတယ်လို့ ဆိုကြပါတယ်။

အရှင်အာနန္ဒာမထေရ်မြတ်ဟာ ဘွဲ့တော်နဲ့ လိုက်ဖက်ညီအောင် အင်မတန် နှစ် သက်ကြည်ညိုစရာ ကောင်းလှပါတယ်။ ဖွားမြင်တော်မူစက ဆွေတော်မျိုးတော်တွေကို သာ နှစ်သက်ရွှင်ပြုံးစေနိုင်ပေ မယ့် အများအကျိုး၊ လောကအကျိုး၊ သာသနာတော် အကျိုးကို သယ်ပိုးထမ်းဆောင်ရင်း ရှင်တော်ဘုရားနဲ့တကွ တစ်လောကလုံးရဲ့ နှစ်သစ် ၀မ်းမြောက်မှုကို ဆောင်ကြဉ်းတော်မူနိုင်တဲ့ အရှင်မြတ်ဟာ နောက်ဆုံး ပရိနိဗ္ဗာန် ၀င်စံ ချုပ်ငြိမ်းချိန်မှာတောင်မှ အများပြည်သူရဲ့ ချစ်ကြည်ဖြူမှုကို ဆွတ်ယူသွားတော်မူနိုင် ခဲ့ပါတယ်။ "ကမ္ဘာကြေတာတောင် ဥဒါန်းမကြေနိုင်ဘူး"ဆိုတာလို သူတော်ကောင်းနှလုံး သားနဲ့ ရှင်သန်နေထိုင်သွားတော်မူတဲ့ အရှင်အာနန္ဒာမထေရ်မြတ်ရဲ့ အမည်နာမတော် ဟာ ရှင်တော်ဘုရားရဲ့ ဘွဲ့တော်ဂုဏ်ဒြပ်နဲ့အတူ ကမ္ဘာတွေ အသင်္ချေ ကြေပျက်သွားပြီးတဲ့ နောက်မှာတောင်မှ ၀င်းလက်တောက် ပစွာ ဥဒါန်းတွင် ကျန်ရစ်တော်မူမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။


သူတော်ကောင်းရာဇဝင်မှာ သမိုင်းတွင်တော်မူခဲ့တဲ့ အရှင်အာနန္ဒာမထေရ်ကို ဒီဆောင်းပါးတို ကလေးနဲ့ပဲ ဦးနှိမ်ချိုးပြီး ရိုသေစွာ ရှိခိုးကန်တော့ လိုက်ပါတယ်။

No comments:

Post a Comment