Tuesday, 19 November 2019

မဟာပုည(၁) ကိလေသာ၏နောက်ကွယ်

ကောင်းကျိုးများသည် ကိလေသာဖြင့် ကွယ်နေကြသည်။


          အစ,ရာ ကို ရှာဖွေ၍မရနိုင်လောက်အောင်  အလွန်တရာရှည်လျားခဲ့ပြီးသော သံသရာအတွင်း၌ ရရှိပိုင်ဆိုင်ဖူးသော ဘဝပေါင်းများစွာက မိမိတို့တစ်တွေ ကြံစည်ပြောဆိုပြုလုပ်လာခဲ့သော ကုသိုလ်ကံ၊ အကုသိုလ်ကံများ များလှပေသည်။ သံသရာတွင်းပင် မဆိုထားလင့် လက်ရှိပိုင်ဆိုင်ထားသော အသက်တိုတောင်းလှသည့် လူ့ဘဝလေးခဏအတွင်းပင် ကုသိုလ်ကံများ ၊အကုသိုလ်ကံများသည် လက်ချိုး၍မရေတွက်နိုင်လောက်အောင် ပြုလုပ်ခဲ့ဖူးလေသည်။ 

            ကျေနပ်နှစ်သက်စရာကောင်းသော အခြေအနေများနှင့် ကြုံကြိုက်ရပါမူ လောဘကလေး ဦးစီးမိခဲ့၏။ မကျေနပ် မနှစ်သက်စရာ အာရုံများ မြင်တွေ့ရပါမူ ဒေါသလေးက ခေါင်းထောင်လိုက်ပြန်သည်။ ထိုသို့ စိတ်တို့၏မျှချေသို့ မနေနိုင် လောဘစွန်း ဒေါသစွန်းသို့ အစဉ်အမြဲ ဦးတည်မိစေရန် ၊အမှန်မမြင်နိုင်စေရန်  ဖုံးလွှမ်းကာကွယ်ထားသော မောဟမှာဆိုလျှင် ဆိုဖွယ်ရာမရှိ။ အများဆုံးပင်။ တစ်ဖန် ၃၁ဘုံတို့၏ လက်ဆုံဟုဆိုနိုင်သော လူ့ဘုံဖြစ်သည့်အားလျှော်စွာ အကုသိုလ်များရှိသလို ကုသိုလ်များတရားများ ပြုခဲ့သည်လည်းရှိကြသည်။ ဒါန ၊ သီလ ၊ ဘာဝနာ တည်းဟူသော ကုသိုလ်တရားများ မိမိတို့ တတ်စွမ်းသလောက် ပါဝင်အားဖြည့်ခဲ့ကြသည်များလည်းရှိကြသည်။

             သိ၍သော်လည်းကောင်း မသိ၍သော်လည်းကောင်း အားထုတ်ခဲ့ဖူးသော ထိုထိုကုသိုလ်ကံ၏ ဝိပါက်ဖြစ်သော ကောင်းကျိုးသုခများ၊ ထိုထိုအကုသိုလ်ကံ၏ ဝိပါက်ဖြစ်သော ဆိုးကျိုးဒုက္ခများသည် သံသရာတည်းဟူသော ဝဲဩဃအတွင်း၌ ကျင်လည်နေသမျှကာလပတ်လုံး ဘဝတိုင်း၊ ဘဝတိုင်း၌ မပြတ်အစဉ် အခွင့်အခါသင့်လျှော်စွာ အကျိုးပေးရန်စောင့်ဆိုင်းနေကြလေသည်။ 

              အကျိုးပေးသည့်အခါတွင်လည်း အမြဲတမ်းဆိုးကျိုးမပေးနိုင်သကဲ့သို့ ကောင်းကျိုးချည်းလည်း လာမည်မဟုတ်။ မိမိတို့ ဖန်တီးခဲ့သည် စိတ်၏ အစွမ်းသတ္တိအနိမ့်အမြင့် အားလျှော်စွာ အကျိုးပေးများ အမျိုးမျိုးနှင့် အဖုံဖုံ။ ထိုအကျိုးများကို ဘယ်နည်းနှင့်မျှ ရှောင်လွှဲ၍မရနိုင်၊ မလိုချင်ပါသော်လည်း ရရှိခံစားကြရမည်မှာ အမှန်ဧကန်ပင်။

             ဤကဲ့သို့ ကျင်လည်ရာ  သံသရာဝဲဩဃ၏ အပြစ်ဒုက္ခများကို သုံးသပ်ဆင်ခြင်မိပြီးလျှင် ထိုကောင်းဆိုး၊ဆိုးကျိုးများအား တတ်နိုင်သမျှလျှော့ချနိုင်ရေးဦးစားပေး စဉ်းစားကြရမည်ဖြစ်သည်။ သံသရာမှ မလွတ်မြောက်နိုင်သည့်တိုင် သံသရာတွင်းဝယ် ချမ်းချမ်းသာသာဖြင့် ဒုက္ခသက်သာနိုင်သမျှ သက်သာအောင် ပြုလုပ်ဖို့ရန် အလွန်အင်မတန်အရေးကြီးလှသည်။ 

             "ရေကန်ဆည်တာ တစ်ခုတွင် ရေများသည် ဆည်တာနှင့်မမျှတဘဲ ပြည့်လျှံတက်လာပါက ရေပိုလွှဲတံတိုင်းများဖွင့်ချ ဖယ်ရှားပေးခြင်းဖြင့် ဆည်တာအတွက် ဒုက္ခငြိမ်းအေးနိုင်သကဲ့သို့ ကောင်းကျိုး၊ဆိုးကျိုးများနှင့် ပြည့်လျှံနေသော သံသရာဝဲ၌လည်း ကောင်းကျိုးများရရှိခံစားနိုင်ရန် လက်ရှိဘဝတွင် လောဘ ဒေါသ မောဟ ဦးဆောင်သော ကိလေသာတံတိုင်းများဖယ်ထုတ်လိုက်ရမည်ဖြစ်သည်။ အထူးသဖြင့် ခေါင်းဆောင်ဖြစ်သောလောဘကို ရှေးဦးစွာ  ဖယ်ရှား ရမည်။ သို့မှသာ လောဘကိလေသာဟူသောတံတိုင်းကြီးဖြင့် ကာကွယ်ထားသော ကောင်းကျိုးတရားများသည် အရှိန်ပြင်းစွာ အကျိုးပေးလာနိုင်မည်ဖြစ်သည်။



                ဆိုခဲ့ပြီးသည့်အတိုင်း သံသရာမှ  မလွတ်မြောက်နိုင်သည့်တိုင် သံသရာတွင်ချမ်းသာစွာ ကူးခက်နိုင်ကြမည်ဖြစ်သည်။ ထိုသို့ ဖယ်ရှား လိုက်နိုင်သည့် လောဘအစရှိသော ကိလေသာ အဆိုးတရားအင်အားကြီးမားသည်နှင့်အမျှ အကျိုးပေးမယ့် ကောင်းကျိုးတရားများသည်လည်း ဒလဟောစီးဆင်းဝင်လာမည်။ ထို့နောက်တစ်ဖန် အဆုံး၌ ထိုကောင်းကျိုးများပါ ဆက်လက်ဖယ်ရှားနိုင်ကြပြီးလျှင် ကောင်းကံ ဆိုးကံများ အားလုံးချုပ်ငြိမ်းရာမှန် မြတ်နိဗ္ဗာန်သို့ လျှင်မြန်စွာ တက်လှမ်းနိုင်ကြပါစေ။


                            မဟာပုည

No comments:

Post a Comment