ြမင်းမိုရ်တောင် တကယ်ရှိရဲ့လား
မိုးနန္ဒာ(ခန္တီးမြေ)
ဗုဒ္ဓမြတ်စွာသည် ခုနစ်ဝါမြောက်တွင် လူသား အလောင်းတော်ဘဝက ကျေးဇူးရှင်မွေးမိခင်ကြီးဖြစ်ခဲ့ဖူးသော တာဝတိံသာနတ်ပြည်ရှိ မယ်တော်မိနတ်သားအား ကျေးဇူးသိတတ် ကျေးဇူးပေးဆပ်သည့် အနေဖြင့် အဘိဓမ္မာတရားတော်ကို တာဝတိံသာနတ်တို့ ရွာအထိ ြွကရောက်တော်မူကာ ဝါတွင်းကာလ သုံးလတို့ပတ်လုံး ကျေးဇူးဆပ်တရားတော်ကို ဟောကြားတော် မူခဲ့ပါသည်။
ကျွနု်ပ်တို့ ဗုဒ္ဓဘာသာဝင် အတော်များများသည်လည်း ဤအဘိဓမ္မာတရားတော်များကို ကျေးဇူး ဆပ်တရားတော်အဖြစ်လည်းကောင်း၊ လူ့ရွာလူ့ပြည်ရှိ လူတို့ကို မဟောကြားဘဲ နတ်တို့ရွာမှ နတ်တို့ကိုသာ ဟောကြားခဲ့သော “ထူးကဲမွန်မြတ်လေးနက်လှသော တရားတော်များအဖြစ်”လည်းကောင်း သဘောပေါက် နားလည်ထားကြပြီးလည်း ဖြစ်ပါသည်။
တစ်နည်းအားဖြင့်ဆိုရပါလျှင် ဤအကြောင်း အရာသည် “အဘိဓမ္မာအခါတော်နေ့၊ အသံမစဲ မဟာ ပဋ္ဌာန်းပူဇော်ပွဲ”စသည် စသည် နေ့ရက်များ၊ ပွဲတော် များ ကြုံတိုင်း ကြားရဖန်များ၍ နေကြပေရာ ရိုးအီလို့ပင် နေကြပေတော့မည်။
ဤတွင် တာဝတိံသာနတ်တို့ရွာ၌ အဘိဓမ္မာ တရားတော်ကို ဟောကြားသည်ထက် ထိုတရားတော် အား ဟောကြားရန် ြွကတော်မူရာ ခရီးစဉ်အပေါ် ခေတ်လူငယ်လူရွယ်တစ်စုတို့ အမြင်မရှင်း ရင်မလင်းနိုင်အောင် သံသယဖြစ်နေကြပါသည်။
သူတို့တစ်တွေ အမြင်မရှင်းဖြစ်၍နေကြသည်မှာကား “မြင်းမိုရ်တောင်”ကိစ္စပင် ဖြစ်သည်။ လူငယ် လူရွယ်တို့ အမှန်တကယ်သိချင်နေကြသည်မှာ “မြင်းမိုရ်တောင်သည် တကယ်ရှိရဲ့လား၊ တကယ်ရှိ သည်ဟုဆိုလျှင် ဘယ်မှာလဲ၊ လက်တွေ့ပြလို့ရရဲ့လား၊ ဘုရားကော တကယ်ဟောထားခဲ့ရဲ့လား”ဟူသော လားပေါင်းများစွာတို့ဖြင့် မေးခွန်းပေါင်းများစွာတို့ကို မေးလျက်ရှိနေကြပြန်ပါသည်။
ယနေ့ခေတ် လူငယ်လူရွယ်များ ဗုဒ္ဓတရားတော်များဖြစ်သော ပိဋကတ်တော်ပါ အကြောင်းအရာ တို့အပေါ် ယခုလို မေးခွန်းများထုတ်နေကြခြင်း၊ ထုတ်လာကြခြင်းမှာ အကြောင်းအမျိုးမျိုးရှိနိုင်ပါသည်။
လူငယ်လူရွယ်တို့ မြင်းမိုရ်တောင်ကိစ္စ မည်သည့်အကြောင်းကြောင့် မေးမေး၊ စာရေးသူတို့တွင် သဗ္ဗညုတဉာဏ်ရှင်၏ ဟောကြားတော်မူထားပြီးဖြစ် သော ခိုင်လုံသောအထောက်အထားတို့ အတိအကျ ရှိထားပြီးဖြစ်ပါသည်။ ဤအမေးအတွက် အဖြေထုတ် ပေးလိုက်ရုံသာရှိပါတော့သည်။
မှန်ပါသည်။ မြတ်ဗုဒ္ဓသည် တာဝတိံသာသို့ ကြွတော်မူရာတွင် မြင်းမိုရ်တောင်ထိပ်ပေါ်ကို ခြေတော်ဖြင့် နင်းတော်မူကာ နှစ်လှမ်း သုံးဖဝါးဖြင့် အရောက် ကြွတော်မူခဲ့ပါသည်။ မြတ်ဗုဒ္ဓ၏ တာဝတိံသာခရီးစဉ် ကို ဤ၌ အတိအကျ ထုတ်ပြပေးရဦးမည်ဆိုလျှင် အောက်ပါအတိုင်းပင် ဖြစ်ပါသည်။
ဆဋ္ဌသင်္ဂီတိပုစ္ဆက ဖြစ်တော်မူသော အဂ္ဂ မဟာပဏ္ဍိတကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီး ရေးသားစီရင်အပ်သော ဝိသုဒ္ဓိမဂ် မြန်မာ ပြန် တတိယတွဲ ဣဒ္ဓိဝိဒနိဒ္ဒေသ အဘိညာဉ်ပြဆိုချက် အခန်း၊ စာမျက်နှာ-၆၁ တွင် . . .
“မြတ်စွာဘုရားသည် ရေမီးအစုံစုံ ဖန်ဆင်းပြသော ယမိုက်ပြာဋိဟာကိုပြတော်မူ၍ ရှစ်သောင်း လေးထောင်သော သတ္တဝါတို့ကို ကိလေသာ အနှောင်အဖွဲ့မှ လွတ်စေတော်မူပြီးလျှင် “ရှေးအတိတ် မှ ဗုဒ္ဓမြတ်စွာတို့သည် ယမိုက်ပြာဋိဟာ ပြုတော်မူပြီး နောက် အဘယ်သို့ ကြွတော်မူသနည်း”ဟု ဆင်ခြင်တော်မူ၍ တာဝတိံသာနတ်ပြည်သို့ ကြွတော်မူကြောင်း မြင်တော်မူလေသည်။
ထိုသို့ မြင်တော်မူပြီးသောအခါ တစ်ဖက်သော ခြေတော်ဖြင့် မြေပြင်ပေါ်၌ နင်းတော်မူလျက် ဒုတိယ ခြေတော်ကို ယုဂန္ဓိုရ်တောင်ထက်၌ တည်စေပြီးလျှင် ရှေးခြေတော်ကို မြှောက်ချီတော်မူကာ မြင်းမိုရ်တောင် ထိပ်ကို နင်းတော်မူ၍ ထို မြင်းမိုရ်တောင်ထိပ် တာဝတိံသာနတ်ပြည်ဝယ် ပဏ္ဍုကမ္ဗလာကျောက်ဖျာထက်၌ ဝါကပ်တော်မူပြီးလျှင် တစ်သောင်းသော စကြဝဠာတိုက်မှ လာရောက် စုဝေးလျက်ရှိသော နတ်တို့အား အစမှစ၍ အဘိဓမ္မာဒေသနာကို အားထုတ်ဟောကြားတော်မူလေသည်။”ဟူ၍ တာဝတိံသာသို့ သွားပုံသွားနည်းကို ဖော်ပြထားသည် ကိုတွေ့ရှိရပါသည်။
ဤစာပိုဒ်တစ်ခုလုံး၌ပါရှိသော သံသယဖြစ်စရာများစွာတို့အနက် “မြတ်ဗုဒ္ဓ၏ရှေးခြေတော်ဖြင့် နင်းတော်မူသော မြင်းမိုရ်တောင်”သည် အဘယ်၌တည်ရှိ နေသနည်းဟူသောကိစ္စပင် ဖြစ်ပါသည်။
ဝိသုဒ္ဓိမဂ်ပါ စကားအသွားအလာကို ထောက်ဆကြည့်လျှင် မြင်းမိုရ်တောင်သည် လူ့ပြည် လူ့ရွာတို့၌ မရှိသည်မှာ သေချာပြီးဖြစ်သည်။ သို့ရာတွင် “မြင်းမိုရ်တောင်ထိပ်ရှိ တာဝတိံသာနတ်ပြည်ဝယ်”ဟူသောစကားတော်ကို အထောက်အကူအနေဖြင့် ကောက်ယူပြရမည်သာဆိုလျှင် မြင်းမိုရ်တောင် ဘယ်မှာ ရှိသည် ဆိုသည်ကိုပင် အဖြေထုတ်ပေးနေစရာ မလို လောက်အောင် ကျမ်းဂန်ပါစကားအရ ထင်ရှားပြီးဖြစ်နေလေတော့၏။
ဤ၌ မဖြစ်မနေထုတ်၍ပြပေးရမည်ဆိုလျှင် လည်း “တာဝတိံသာနတ်ပြည်၏အောက်၌ တည်ရှိပါသည်”ဟူ၍သာ ဖြေရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မြင်းမိုရ်တောင်သည် တာဝတိံသာနတ်ပြည် ၏ဧရိယာခွင်အတွင်း၌သာ တည်ရှိပြီးဖြစ်သောကြောင့်တည်း။
တစ်ခါ လူသားတို့၏မျက်စိဖြင့် မမြင်မတွေ့ကြရသလိုပင် ယခုခေတ်၌ အဆင့်မြင့်လှသော ခေတ်မီ လေယာဉ်ပျံတို့ဖြင့်လည်းကောင်း၊ အာကာသယာဉ် အမျိုးမျိုးတို့ဖြင့်လည်းကောင်း၊ ကမ္ဘာကို အကြိမ်ကြိမ် ပတ်၍ အာကာသဝေဟင်တစ်ခွင်လုံး ပြဲပြဲစင်အောင် စူးစမ်းရှာဖွေနေကြပါသော်လည်း မြင်းမိုရ်တောင်ကိုကား မတွေ့ကြရပေ။ ယခုလည်း မတွေ့ကြရသေးသလို နောင်ကိုလည်း သာမန်ပုထုဇဉ်ဆိုသူတို့ ခေတ်ပေါ် စက်ကိရိယာတို့ဖြင့် မည်သို့ပင် စူးစမ်းရှာဖွေကြပါသော် လည်း တွေ့မြင်ဖို့အရေး ဝေး၍နေကြဦးမည်သာ ဖြစ်ပေ လိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဝိသုဒ္ဓိမဂ် မြန်မာ ပြန်စာအုပ် မှတ်ချက်ပါ စကားအရဆိုသော် “ယင်း မြင်းမိုရ်တောင်သည် နတ်တို့၏နေရာဖြစ်သောကြောင့်”တည်း။ မှန်ပါသည်။ ကျွနု်ပ်တို့သည် နတ်ပြည်နှင့် နတ်တို့ကို ရိုးရိုးမျက်စိဖြင့် ဖြစ်စေ၊ နည်းပညာများကို အခြေပြုတီထွင်ထားသော ခေတ်မီလှပါသည်ဟု ပြောနေကြသော အဝေးကြည့် အနီးကြည့် အဏုကြည့် မှန်ပြောင်းကြီးငယ်တို့ဖြင့်ဖြစ်စေ မမြင်နိုင်သကဲ့သို့ပင် လူ့မျက်စိ(လူလုပ်မျက်စိ)ဖြင့်ပင် မမြင်နိုင်လောက်အောင် သိမ်မွေ့ကြည်လင်သော ရုပ်အပေါင်းမျှသာ ဖြစ်နေသောကြောင့်တည်း။
တချို့သော ခေတ်လူသားတို့က သူတို့၏စိတ်တွင် အမြင်တစ်မျိုး အထင်တစ်မျိုး ဖြစ်နေနိုင်ပါသေး သည်။ ယခုလို ကျွနု်ပ်တို့လူသားတွေ နတ်ဘုံ၊ နတ် ဗိမာန်နှင့် မြင်းမိုရ်တောင် စသည်တို့ကို မမြင်မတွေ့ ကြရသည်မှာ အခြားဗိမာန်များက ကွယ်ထားသော ကြောင့်ဟု မှတ်ထင်နေကြ၏။ ဤသို့မဟုတ်ပေ။
“လူတို့၏နား မျက်စိတို့ဖြင့် မမြင်ကြရ၊ မကြား ကြရသည်မှာ မမြင်နိုင်ကောင်းသည့် သိမ်မွေ့သော ရုပ်များ ဖြစ်သောကြောင့်သာတည်း”ဟူသော ဝိသုဒ္ဓိ မဂ်လာ စကားတော်ကို ထောက်ထားလျှင် အဖြေမှာလည်း ရှင်းသွားနေပြီဖြစ်၍ အငြင်းပွားနေစရာ မလို တော့ပေ။
လောကကြီးသည် ဆန်းကြယ်၏။ ထို လောက အတွင်းရှိ အကြောင်းအရာတို့သည် ပို၍ပို၍(သာမန် လူတို့ မယုံကြည်နိုင်လောက်အောင်ပင်) ဆန်းကြယ် ပြီးရင်း ဆန်းကြယ်လျက် ရှိနေကြ၏။ လောကနှင့် လောက၏အတွင်းအပြင်ရှိ အကြောင်းအရာတို့နှင့် ဖြစ်စဉ်အချို့တို့သည်ကား လူသားတို့အနေဖြင့် ယုံကြည် နို်င်ရန် လက်ခံနိုင်ရန် တစ်ခါတစ်ရံ အခက်တွေ့ရတတ်ပါသည်။ အဘယ်ကြောင့်ဆိုသော် လူသားတို့၏အမြင်အာရုံ၊ အကြားအာရုံများမှာ အကန့်အသတ်ဖြင့် ဘောင်သတ်မှတ်ထားသလို နယ်ပယ်တို့မှာ အလွန်ပင် ကျဉ်းမြောင်းလျက်ရှိပါသည်။
ထိုကဲ့သို့ အမြင်အာရုံ အကြားအာရုံတို့ ဘောင်ခတ်ထားသလိုဖြစ်ကာ နယ်ပယ်ကျဉ်းမြောင်း လှသောကြောင့် သိပ္ပံပညာရှင်တို့၏နည်းပညာများကို အသုံးပြုပြီးလူသားတို့၏အမြင်နယ်ပယ်၊အကြားနယ်ပယ် အသီးသီးတို့အား ခေတ်မီသိပ္ပံပစ္စည်းအကူအညီ များဖြင့် စွမ်းအားရှိသလောက်၊ ဉာဏ်အမြင်နှင့် အသိဉာဏ် ကျယ်သလောက် ချဲ့ပြီးရင်း ချဲ့ထွင်နေကြရခြင်းပင် ဖြစ်ပါသည်။
သို့သော် မြင်ကြရသော ထိတွေ့ကြရသောအရာတို့ကား လက်သည်းခွံပေါ်က သဲမှုန့်ထက် မြေကြီးပေါ်ရှိ သဲမှုန့်တို့က နှိုင်းဆမရလောက်အောင် ပို၍များပြားနေ ကြသကဲ့သို့ပင် ဖြစ်ပါသည်။
ထိုနည်းတူစွာပင် လွန်ခဲ့သော ရှေးနှစ်ပေါင်း (၂၅၀ဝ) ကျော်ကာလတစ်ခုဆီက မြတ်ဗုဒ္ဓကိုယ်တော် တိုင်ဟောကြားတော်မူထားခဲ့သော ပိဋကတ်တော်ပါ ဓမ္မဒေသနာတော်အချို့တို့၌ပါရှိနေကြသော အကြောင်း အရာအချို့တို့သည် ပုထုဇဉ်လူသားတို့၏သာမန် နား မျက်စိတို့ဖြင့် သဗ္ဗလုံးစုံကို အကုန်အစင်သိမြင်နိုင်ကြ ဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
ဤတွင် ကျွနု်ပ်တို့ ဓမ္မသခင် တရားပိုင်ရှင် အစစ်ဖြစ်တော်မူသော ဗုဒ္ဓဘုရားရှင်အား ပကတိအရှိ အတိုင်း မြင်အောင် ကြိုးစားကာ သိရှိထားဖို့ လိုပေလိမ့်မည်။ ဗုဒ္ဓဘုရားရှင်သည် လူသာမန်မဟုတ်သလို လောကတစ်ခွင်၌ အနှိုင်းမဲ့သူ၊ အတူမရှိ အတုမရှိသူ ဟူ၍ ချီးကျူးပူဇော်ရလောက်အောင် ဘုန်းတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ ကံတော်အနန္တ၊ စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကြိုးမျှ တန်ခိုးတော်အနန္တတို့ဖြင့် ပြည့်စုံတော် မူပြီးဖြစ်သော သဗ္ဗညုတဘုရားတစ်ဆူ ဖြစ်တော်မူပါ သည်။
ထိုသဗ္ဗညုတ ဉာဏ်ပိုင်ရှင် ဘုရားရှင်သည် မိမိ၏ဉာဏ်တော်ကွန်ယက်ကို အစွမ်းကုန်ဖြန့်ကျက်ကာ ဟောကြားတော်မူထားသော ဓမ္မဒေသနာအချို့တို့အပေါ် အသိဉာဏ် တစ်ထွာတစ်မိုက်မျှ ရှိ၍နေကြသော ပုထုဇဉ်ငမိုက်သားတို့က စရိုက်တုံးတုံးဖြင့် မိုက်လုံးထွားကာ မိမိတို့မျက်စိဖြင့် မမြင်ရ၍မယုံ၊ မိမိတို့ နားတို့ဖြင့် ကိုယ်တိုင်မကြားရ၍ မယုံဟုဆိုပြီး သာမန်ဝေဖန်ရုံမျှ မကတော့ဘဲ သဗ္ဗညုတဉာဏပိုင်ရှင် ဘုရားသခင်ကိုပါ ဝေဖန် လေကန်ရင်း ပြစ်တင်ကဲ့ရဲ့စကား ဆို၍နေကြသည်မှာ အဆင်ခြင်ဉာဏ်နှင့် အသိဉာဏ်မဲ့သူတို့ အနေဖြင့် ကိုယ့်မိုက်တွင်း ကိုယ်တူးနေကာ ကိုယ့်ငရဲ ကိုယ်ရှာနေကြခြင်းသာ ဖြစ်ပါသည်။
ကျွနု်ပ်တို့ဗုဒ္ဓဘာသာအကြောင်းကို လေ့လာ မည်ဆိုလျှင် ကျမ်းဂန်စာပေများကို နှံ့စပ်အောင်နှင့် ထဲထဲဝင်ဝင် စူးစူးစိုက်စိုက် အတွင်းကျကျ နှိုက်ယူနိုင် သည်အထိ ကြိုးပမ်းအားထုတ်ဖို့ လိုပေသည်။ ကျမ်း တစ်စောင်၊ စာတစ်ပိုဒ် ကောက်ဖတ်မိရုံဖြင့် ပိဋကတ် တော်တစ်ခုလုံးကို သုံးမရအောင် ဝေဖန်ပြောဆိုခြင်းမျိုး သည် ပညာရှင် ပညာရှိဟူသော သူတော်ကောင်းတို့၏ အလုပ်မျိုးပင် မဟုတ်ပေ။
မြတ်ဗုဒ္ဓ ဓမ္မဒေသနာတော်တို့တွင် သာမန် လူတို့ နားလည်သိမြင်နိုင်ရန် မလွယ်ကူသော၊ ကြားသိ ဖတ်သိ နာသိ ဟူသော တစ်ဆင့်အသိမျိုးတို့ဖြင့် ချဉ်းကပ်လေ့လာခြင်းဖြင့် မသိမမြင်နိုင်သော၊ ထူးကဲ နက်နဲ သိမ်မွေ့လွန်းလှသော အဘိဓမ္မာသဘောတရားတို့ အဆန်းတကြယ် ပါဝင်လျက် ရှိနေရကား ဤတွင် အကျင့်စရဏကို အခြေခံပြီးမှ သိခွင့်ရ၊ သိနိုင်ခွင့်ရှိ သောအရာအချို့ကို အဘယ်ပုထုဇဉ်လူသားသည် စာသိ,နာသိ,သညာသိတို့ဖြင့် သိနိုင်လိမ့်မည်မဟုတ်ပေ။
သိမြင်နားလည်မှုတို့တွင်လည်း သူ့အဆင့်နှင့် သူ့အသိ ဟူ၍ ရှိပါသည်။ မူလတန်း ကလေးငယ်တစ်ဦးသည် အလယ်တန်း၊ အထက်တန်းသင်ခန်းစာများကို နားမလည်နိုင်သကဲ့သို့ပင် အကျင့်စရဏကို အခြေပြု၍ အသိဉာဏ်တို့ကိုရရှိသည်ဟု ဆိုရာတွင်လည်း သောတာပန်အဆင့်ရှိနေသူသည် သောတာပန် အသိလောက်ကိုသာ သိနိုင်ပြီး သောတာပန်အဆင့်ထက် မြင့်နေသော သကဒါဂါမ်၊အနာဂါမ်အစရှိသော အဆင့် တို့ရှိ အသိကို သိမြင်နိုင်လိမ့်မည်မဟုတ်ပါ။
ယခုလည်း ဤနည်းကိုမှီး၍ ပုထုဇဉ် လူသာမန်တို့၏အသိသည် ဘဝချင်း အသိချင်း နှိုင်းယှဉ်ပြ ၍ မဖြစ်လောက်အောင် ခြားနားလွန်းလှသော မြတ်ဗုဒ္ဓ ၏ဉာဏ်အရာ အသိအရာတို့အပေါ် တစ်ထွာတစ်မိုက်မျှသော အသိဉာဏ်လေးဖြင့် ထပ်တူပြုဝေဖန်နေခြင်း သည်ကား အကျိုးမဲ့ကို ပြုနေခြင်းသာဖြစ်ကြောင်း စဉ်းစားဆင်ခြင်မှုဖြင့် အသိဝင်ကာ သတိဖြင့် ပြုပြင် သင့်ပါသည်။
ဤတွင် ဘုရားရှင်တို့၏ တန်ခိုးပြာဋိဟာ အကြောင်း ကြားညှပ်တင်ပြပေးလိုပါသည်။
“ပဋိ = ဆန့်ကျင်ဘက်ကို + ဟရ = ဆောင် သွားတတ်၊ ပယ်ရှားတတ်သည် = ပဋိဟရ-ပါဋိဟာ ရိယ=ဆန့်ကျင်ဘက်ကို ပယ်ရှားတတ်သောအမှု”ဟူ၍ ဖြစ်ပါသည်။ ထို ပါဋိဟာရိယ ကို ပြာဋိဟာ ဟု မြန်မာပြန်ကြသည်။
ယင်း ပါဋိဟာရိယ-ပြာဋိဟာသည်
၁။ ဣဒ္ဓိပါဋိဟာရိယ = တန်ခိုးပြာဋိဟာ
၂။ အာဒေသနာပါဋိဟာရိယ = တင်ကြိုဟော၊
အတတ်ဟော ပြာဋိဟာ။
၃။ အနုသာသနီပါဋိဟာရိယ = ဆုံးမညွှန်ကြားမှု ပြာဋိဟာ ဟူ၍ သုံးပါး အပြားရှိ၏။ ဤတွင် အမှတ်(၁) ဣဒ္ဓိပါဋိဟာရိယ= တန်ခိုးပြာဋိဟာအကြောင်း ဆက်လက်ဖော်ပြပေးလို ပါသည်။
ရှေးအခါက ဤတန်ခိုးပြာဋိဟာမျိုးကို ရှေး အတိတ်က ဗုဒ္ဓမြတ်စွာတို့လည်း ပြုတော်မူခဲ့ကြသလို ပင် ကျွနု်ပ်တို့၏ဂေါတမဗုဒ္ဓမြတ်စွာဘုရားသည်လည်း ပြုဖူးပါသည်။ ပြုပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
“အနာထပိဏ်သူဌေး၏သမီးဖြစ်သူ စူဠသုဘဒ္ဒါ က ပင့်လျှောက်အပ်သည် ဖြစ်၍ ဝိသကြုံနတ် ဖန်ဆင်း အပ်သော ငါးရာသော ပြာသာဒ်ဆောင်(ယာဉ်ပျံ) ကျောင်းတို့ဖြင့် သာဝတ္ထိမြို့မှ ခုနစ်ယူဇနာ ဝေးကွာ သော သာကေတမြို့သိုြွကတော်မူသောအခါ သာကေတ မြို့နေလူတို့က သာဝတ္ထိမြို့နေလူထုကို မြင်အောင်၊ သာဝတ္ထိမြို့နေလူထုကလည်း သာကေတမြို့နေလူထုကို မြင်အောင် အဓိဋ္ဌာန်ပြုတော်မူလေသည်။ သာကေတ မြို့အလယ်၌ သက်ဆင်းတော်မူပြီးလျှင် မြေကြီးကို နှစ်ဖြာခွဲ၍ အဝီစိတိုင်အောင် မြင်စေတော်မူ၏။ ကောင်းကင်ကိုလည်း နှစ်ဖြာရှဲစေ၍ ဗြဟ္မာ့ပြည်တိုင် အောင် မြင်စေတော်မူ၏။” ဖြစ်ပါသည်။
ထို့ကြောင့် သိမ်မွေ့သော ရုပ်ဝတ္ထုတို့ကို လူတို့ မြင်နိုင်အောင် အဓိဋ္ဌာန်ပြု(တန်ခိုးပြာဋိဟာကိုပြု)တော်မူမှသာ အဓိဋ္ဌာန်စိတ်နှင့်တစ်ပြိုင်နက် အဓိဋ္ဌာန်သည့် အတိုင်းပင် ဖြစ်ပါသည်။
ဤမျှလောက်ဆိုပါလျှင် သာမန်ပုထုဇဉ်တို့ မြင်းမိုရ်တောင် ရှာမတွေ့ဖြစ်နေရသည်ကို သဘော ပေါက်ရိပ်စားမိလောက်မည်ဟု ထင်ပါသည်။
ကျွနု်ပ်တို့၏ မြတ်ဗုဒ္ဓသည် စကြဝဠာ တည်ရှိ မှုနှင့် ပတ်သက်၍ သဗ္ဗညုတဉာဏ်တော်ဖြင့် “စကြဝဠာအနန္တ”ဟူ၍ လွန်ခဲ့သောနှစ်ပေါင်း (၂၅၀ဝ)ကျော် လောက်ကတည်းက ဟောကြားတော်မူထားခဲ့ပြီးဖြစ် ပါသည်။ ပုထုဇဉ်လူသားများ ဖြစ်နေကြသော သိပ္ပံ ပညာရှင်လူသားတို့သည်ကား ထိုစကြဝဠာအနန္တတို့ထဲမှ စကြဝဠာ(ဂြိုဟ်) ဘယ်နှလုံးအထိ တွေ့အောင် ရှာဖွေ နိုင်ကြပါသနည်း။
တွေ့ကား တွေ့၍နေကြပါ၏။သို့သော် လက်သည်းခွံပေါ်မှ သဲပွင့်ပမာဏထက်ပင် မပိုဟု ဆိုရပေလိမ့်မည်။ ယခုလည်း ဩစတြေးလျနိုင်ငံ UNSW-ရူပဗေဒကျောင်းမှ သုတေသီများနှင့်နိုင်ငံတကာ သိပ္ပံပညာရှင်များ ပါဝင်သောအဖွဲ့တို့က ကမ္ဘာမှ အလင်း နှစ်(၁၆)နှစ်သို့ ကွာဝေးသောနေရာတွင် ကမ္ဘာနှင့် အလားတူသော ဂြိုဟ်သစ်တစ်လုံး တွေ့ရှိခဲ့ကြောင်း ဇွန်လ (၂၈)ရက်နေ့က ထုတ်ပြန်ကြေညာသွားပါသည်။
ဤတွင် စကြဝဠာအနန္တတို့အနက်မှ သိပ္ပံပညာရှင်တို့၏ ကြိုးပမ်းမှုကြောင့် ဂြိုဟ်သစ်တစ်လုံး ဖြစ်သည့် ရုပ်ဝတ္ထုတစ်ခုကို သွားတွေ့လိုက်ခြင်း ဖြစ်ပါသည်။ သိပ္ပံပညာ၏ သဘောသဘာဝကို လေ့လာကြည့်သောအခါတွင်လည်း “သိပ္ပံပညာသည် ရုပ်ဝတ္ထု ပစ္စည်းတို့၏တည်ရှိမှုနှင့် ယင်းတို့၏သဘောသဘာဝများကိုပါ လေ့လာစူးစမ်း၍ ရုပ်သဘာဝဖြစ်စဉ်အချို့လောက်ကိုသာ သိမြင်နားလည်နိုင်သော ပညာရပ်တစ်မျိုးသာ ဖြစ်သည်။” ထို့ကြောင့် သိပ္ပံပညာဟူသည်မှာ မှန်ကန်ပါသည်ဟု လက်တွေ့ပြနိုင်သော အကြောင်း အရာအချို့ကိုသာ အမှန်ဟူ၍ ယူဆနေသောလောကီ နည်းပညာအမြင်တစ်မျိုးသာဖြစ်သည်။
ဗုဒ္ဓကျမ်းစာ အဘိဓမ္မာသဘောတရားတို့မှာ ရုပ်ဝတ္ထုပစ္စည်းတို့တွင် အလွန်အင်မတန် ကိုင်တွယ် ထိတွေ့ရခက်သော သိမ်မွေ့နူးညံ့လွန်းသော ရုပ်ဝတ္ထုတို့အပြင် နာမ်သဘောသဘာဝတို့၏ဖြစ်စဉ်နှင့် စွမ်းအင်များကိုပါ အနုစိတ် ဝေဖန်သုံးသပ်တင်ပြထားသော ဘာသာ တရားဖြစ်ပေသည်။ သို့ဖြစ်၍ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓအဘိဓမ္မာကို လေ့လာသုတေသနပြုမည်ဆိုလျှင် ရုပ်နှင့်အတူ နာမ်ကိုပါ ပူးတွဲလေ့လာနိုင်ကြမှသာလျှင် အမှန်တရား နှင့်နီးစပ်နိုင်မည် ဖြစ်သည်။
ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒသည် “ရုပ်နှင့်နာမ်”နှစ်မျိုးစလုံး ‘WELCOME” = ဧဟိပဿိက ဟူ၍ အမြဲတမ်း ဖိတ်ခေါ်လျက်ရှိသည့်အပြင် သန္ဒိဋ္ဌိက၊ အကာလိက ဂုဏ်တို့နှင့်ပါ ပြည့်စုံနေသော ဘာသာတရား ဖြစ်ပါသည်။
ဗုဒ္ဓဘာသာသည် ရုပ်တရားလောက်ကိုသာ ခွဲခြမ်းစိပ်ဖြာနိုင်သော သိပ္ပံပညာထက် သာလွန်သော ရုပ်ကိုရော နာမ်တရားတို့ကိုပါ အနုစိပ် ခွဲခြမ်းဝေဖန် ပြနိုင်သော ဘာသာတရားဖြစ်ပေရာ ရုပ်တရားတစ်ခု တည်းသာ ပိုင်နိုင်ရုံမျှဖြင့် ဗုဒ္ဓဘာသာကို လေ့လာပြီး ဝေဖန်မှုပြုမည်ဆိုလျှင် ထိုသူ၏အမြင်သည် တစ်ခြမ်းပဲ့ အမြင်သာ ဖြစ်သောကြောင့် ပြီးပြည့်စုံသည့် သစ္စာထိုက်သောအဖြေကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ပေ။
သို့ဖြစ်၍ မြင်းမိုရ်တောင်ကို တွေ့ချင်၍ ရှာဖွေ လိုသူများသည် သိပ္ပံပညာရှင်များ၏ ရုပ်ဝတ္ထုပစ္စည်း လောက်အပေါ်၌သာ အခြေမပြုကြဘဲ နာမ်ပိုင်းဆိုင်ရာ သဘောသဘာဝကိုပါ အခြေခံကျကျ ဆည်းပူးသင်ယူ လေ့လာမှုပြုကြပြီးမှသာ (ရုပ်နှင့်နာမ်တို့၏ အညမည ဖြစ်စဉ်ကို နားလည်သဘောပေါက်ကြပြီးမှသာ) မြင်းမိုရ် တောင် ဘယ်မှာရှိသည်ဆိုသည်ကို ရှာဖွေသင့်ပါသည်။
ဆိုသင့်၍ ဆိုရဦးမည်ဆိုလျှင် သိပ္ပံပညာရှင် ပုထုဇဉ်လူသား အိုင်စတိုင်း၏ဦးနှောက်နှင့်အသိဉာဏ် မျှကိုပင် အလှမ်းမမီနိုင်ကြသော ယနေ့ သာမန်လူသား တို့၏ ဦးနှောက်နှင့် အသိဉာဏ်သည်ကား မြတ်ဗုဒ္ဓ၏ ကံအရာ ဉာဏ်အရာများအပေါ် သိမြင်နားလည် နိုင်ရေးမှာ လွယ်ကူသောကိစ္စ မဟုတ်ပါပေ။ လူသာမန်တို့ထက် အဆပေါင်းများစွာ ကုဋေကုဋာမက စူးရှ ထက်မြက်လှသော မြတ်ဗုဒ္ဓ သဗ္ဗညုတဉာဏ်တော်ဖြင့် ဘဝနှင့်လောကအကြောင်းကို ဟုတ်တိုင်းမှန်စွာ သိမြင် တော်မူခဲ့သည့်အတိုင်း ဟောကြားတော်မူထားခဲ့သည့် အပေါ် ယနေ့လူသားတို့ ယထာဘူတကျကျ ရှုမြင်တတ် အောင်သာ ကြိုးပမ်းကြဖို့နှင့် ထိုသဗ္ဗညုတ ဘုရားရှင်၏ အနန္တဉာဏ်တော်အား ဖူးမြော်ကြည်ညိုတတ်သော အဆင့်မြင့်လူသား(ကလျာဏပုထုဇဉ်) တစ်ယောက် ဖြစ်နိုင်ကြပါစေဟူ၍သာ ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ရပေသတည်း။
မိုးနန္ဒာ (ခန္တီးမြေ)
No comments:
Post a Comment